အခန်း ၁၄၀
Vol. 14 Ch. 140
Ch-140
"ရတာပေါ့၊ အရမ်းကောင်းတာပဲ"
အမြတ်အစွန်းကို ဤမျှလောက်အာရုံစိုက်တတ်သည့် ဖိုခုန်းမှဝေစုကို ပိုကမ်းလှမ်းလာလိမ့်မယ်ဟု သူမတစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
'မှိုဆော့စ်က သူ့အတွက် ပိုကြီးမားတဲ့ အကျိုးအမြတ်တွေ ယူဆောင်လာပေးလို့ပဲ ဖြစ်ရမယ်'
ဖိုခုန်းက အမြတ်ကိုတစ်ဝက်စီခွဲရန် စတင်ကမ်းလှမ်းလာသဖြင့် လင်းယွဲ့လည်း ငြင်းဆန်မည်မဟုတ်ဘဲ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ဖိုခုန်းကလည်း မည်သို့နေထိုင်ဆက်ဆံရမည်ကိုသိလေသည်။ တချို့လူများဆိုလျှင် အကျိုးအမြတ်များရရှိပြီးနောက်တွင်ပင် ဘာမှပြောမည်မဟုတ်ပေ။ အထူးသဖြင့် စာချုပ်ချုပ်ဆိုပြီးသားဖြစ်ပြီး သူလုပ်နေသည်မှာလည်း ဘာမှ မမှားသောကြောင့်ဖြစ်သည်။
'ဖိုခုန်းက လောဘကြီးပေမဲ့ လူကောင်းတစ်ယောက်ဘဲ’
လင်းယွဲ့ စိတ်ထဲမှတိတ်တဆိတ် တွေးလိုက်မိသည်။ သူမစိတ်ထဲတွင် ချက်ချင်း တွက်ချက်ကြည့်လိုက်၏။ လဝက်လျှင် ပုလင်း ၂၀၀ပို့ရမည်ဆိုပါက တာ့ကွမ်ဘုန်းကြီးကျောင်းမှ တစ်လလျှင် ငွေ ၄ တေးရရှိမည်ဖြစ်သည်။ ထို့ပြင် ပုလင်း ၂၀၀ကိုပြင်ဆင်ဖို့ သူမအတွက် နှစ်ရက်သာအချိန်ယူရမည် ဖြစ်သည်။
‘ဒီစီးပွားရေးက အကျိုးအမြတ်များတာပဲ’
ဖိုခုန်းပြုံးလိုက်ပြီး ကိုရင်များကပစ္စည်းများကိုချပြီးနောက် သူက ငွေ ၂ တေးကို လင်းယွဲ့ထံသို့ ကမ်းပေးလိုက်၏။
‘ဘယ်လောက်တောင် ရှင်းလင်းပြတ်သားလိုက်သလဲ’
လင်းယွဲ့က သူမလက်ထဲရှိငွေများကို အလေးချိန်ခန့်မှန်းကြည့်ပြီး အင်္ကျီထဲသို့ ထည့်လိုက်သည်။ ငွေများကို ဘယ်နှကြိမ်ပဲ ကိုင်တွယ်ရပါစေ သူမ အမြဲတမ်း အလွန်ကျေနပ်ပျော်ရွှင်နေမိသည်။ အကယ်၍ တစ်နေ့နေ့ ဆော့စ်များကို ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ သို့မဟုတ် ကုန်သွယ်ရန်ခရီးဝေးများ သွားစရာမလိုဘဲ ငွေရှာနိုင်ခဲ့လျှင်၊ တောက်ပနေသောငွေတုံးကြီးများက သူမလက်ထဲသို့ စီးဝင်လာခဲ့လျှင် သူမ ဘယ်လောက်တောင် ပျော်ရွှင်ရတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာမလဲဟု စိတ်ကူးယဥ်နေမိသည်။
ကံမကောင်းစွာဖြင့် သူမမှာစုဆောင်းနေဆဲ အဆင့်တွင်သာရှိသေးသဖြင့် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လက်ခံထားရပြီး လုံရှီးခရိုင်သို့လားလှည်းဖြင့် ခရီးဆက်သွားရလေသည်။ ပြီးခဲ့သည့်အကြိမ်က သူမ ဆော့စ်ပုလင်း ၁၀၀၀ပို့ခဲ့ပြီး အရန်အနေဖြင့် အထူးပိုယူလာခဲ့ခြင်း ဖြစ်သည်။
‘အဲဒါတွေ ဘယ်လောက်တောင်ရောင်းကောင်းခဲ့လဲ မသိဘူး’
ဒီတစ်ကြိမ်လည်း သူမက ပုလင်း ၁၀၀၀ယူလာခဲ့ရာ ၎င်းက သူမကို အလွန်ပင်ပန်းနွမ်းနယ်စေခဲ့သည်။ အခုတလော ကုလင်မှာ ညတိုင်း သူမဆိုင်သို့ လာတတ်သဖြင့် ညဉ့်နက်သည်အထိ စောင့်နေခဲ့ရသည်။ သူမက ထိုအချိန်ကို ဆော့စ်များကြော်ရန် အသုံးပြုလိုက်ခြင်းဖြစ်သည်။
ညဘက်တွင် ကုလင်ကိုလုပ်အားပေးအဖြစ် အသုံးပြုကာ ဆော့စ်များကို ထုပ်ပိုးခိုင်းရသည်မှာလည်း အဆင်ပြေလေသည်။ ညဉ့်နက်သည်အထိ ဟင်းချက်သည့်မီးခိုးများနှင့် မွှေးရနံ့များ ထွက်ပေါ်နေဆဲဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိနေထိုင်သူများ၏ စနောက်ခြင်းကို မကြာခဏခံရလေသည်။ သူတို့က သူမသည် ညဉ့်နက်ပိုင်းတွင်လူများကို အမြဲသွေးဆောင်နေပြီး ညဘက် သူမဆိုင်ထဲသို့ပြေးဝင်ကာ ကောင်းကောင်းမွန်မွန် စားသောက်ချင်စိတ်ပေါက်သွားကြောင်း ပြောကြလေ၏။
ဤအကြောင်းကြောင့်ထင်သည်။ အနီးအနားရှိအိမ်များမှ အိမ်နီးချင်းများက ဆော့စ်လာဝယ်ရန် မကြာခဏ စောစောလာတတ်ကြပြီး တစ်ညလုံး သွေးဆောင်ခံထားရသဖြင့် ကောင်းကောင်းပင် မအိပ်ခဲ့ရကြောင်း ပြောကြလေသည်။ ဤအကြောင်းကြောင့် လင်းယွဲ့ဝင်ငွေမှာလည်း သိသိသာသာတိုးလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ နေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းများအားလုံးနီးပါးက သူမတို့ မိသားစုဆော့စ်များကို ဝယ်ယူခဲ့ကြလေ၏။
လားလှည်းက *ခလောက် ခလောက်*အသံမြည်ရင်း လမ်းတစ်လျှောက်လုံး ရှေ့သို့ဆက်သွားနေလေသည်။ နေဝင်သွားပြီး တောင်စောင်းပေါ်သို့ နေဝင်ဆည်းဆာ အလင်းရောင်များကျဆင်းလာချိန်တွင် နောက်ဆုံး၌ လားလှည်းမှာ လုံရှီးခရိုင်ထဲသို့ ဖြည်းညင်းစွာဝင်ရောက်သွားလေသည်။ စိုက်ပျိုးရေးလုပ်ငန်းများ နားချိန်ဖြစ်သဖြင့် လမ်းမများပေါ်တွင် လူများဖြင့်စည်ကားနေ၏။
လူများက နှစ်ယောက် သုံးယောက် အုပ်စုဖွဲ့ကာ နေ့စဉ်ကိစ္စများကို စကားပြောဆိုနေကြသည် သို့မဟုတ် လမ်းများနှင့် လမ်းသွယ်များတစ်လျှောက် အလျင်စလိုသွားလာနေကြလေသည်။ လမ်းများစွာထဲတွင် ကျီဝေ့လန်ရှိသောလမ်းမှာ အစည်ကားဆုံးနှင့် အသက်ဝင်ဆုံးဖြစ်လေသည်။ လမ်းတစ်လျှောက်တွင် ဆိုင်ခန်းများ တန်းစီနေပြီး ဈေးသည်များ၏ အော်ဟစ်သံများက အတက်အကျဖြစ်နေလေသည်။
လမ်းဘေးဈေးဆိုင်များတွင် ကုန်ပစ္စည်းမျိုးစုံပြည့်နှက်နေသဖြင့် မျက်စိနောက်လုမတတ်ပင်ဖြစ်သည်။ လမ်းသွားလမ်းလာများမှာ ပခုံးချင်း တိုက်မိလုနီးပါးဖြစ်နေပြီး ရယ်မောသံများနှင့် ဈေးဆစ်သံများကို အခါအားလျော်စွာကြားနေရ၏။ ကုန်စုံဆိုင်ကို ဖြတ်သွားစဉ် လင်းယွဲ့အထဲတွင် လူအများအပြား ပြည့်ကျပ်နေသည်ကို မြင်လိုက်ရပြီး သူတို့ထဲမှ အတော်များများက ကျုံးဟွာဆော့စ်ကိုကိုင်ထားကြလေသည်။
လမ်းသွားလမ်းလာ အများအပြားကလည်း ကျုံးဟွာဆော့စ်ကို သယ်ဆောင်လာကြလေသည်။ ဤကျေနပ်မှုခံစားချက်မှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင် ဖြစ်လေသည်။ လက်ဖက်ရည်ဆိုင်မှ ပုံပြင်ပြောပြသူ၏အသံက အပြင်သို့ ထွက်ပေါ်လာပြီး တိုက်ဆိုင်စွာပင် ကျီဝေ့လန်၏ပင်လယ်ပြင်ရှိ စွန့်စားခန်းများနှင့် ပင်လယ်ဘီလူးများကို သူ သတ်ဖြတ်ခဲ့သည့် အကြောင်းများကို ပြန်လည်ပြောပြနေ၏။ လက်ဖက်ရည်ဆိုင်ထဲတွင် လူအများအပြားစုရုံးနေကြဆဲ ဖြစ်သည်။
"ဒီကျုံးဟွာဆော့စ်ကို ကျီဝေ့လန်က ပင်လယ်ထဲကနေ ပြန်ယူလာတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ အရင်က ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ ဒီလို အစပ်မျိုးက ဘယ်မှာမှမရှိခဲ့ဖူးဘူး"
"ငါ့မှာ ပိုက်ဆံအလုံအလောက်မရှိတာ နှမြောစရာပဲ မဟုတ်ရင် အဲဒီ ငရုတ်သီးဆော့စ်ကို တကယ်ဝယ်ချင်တယ်၊ အဲဒီလို ဖောက်ထွင်းမြင်ရတဲ့ဖန်ပုလင်းမျိုးအကြောင်း ငါ တစ်ခါမှမကြားဖူးဘူး"
"မင်းတို့ သိကြလား၊ မြို့တော်မှာ တစ်ယောက်ယောက်က ဒီပုလင်းကို ရောင်းလိုက်တာ ရွှေတစ်တေးတိတိ အမြတ်ရသွားတယ်တဲ့"
"ဘုရားရေ တစ်ကယ်လို့ ငါသာ မြို့တော်ကို နည်းနည်းဝယ်သွားရင် ငါ ချမ်းသာသွားမှာမဟုတ်ဘူးလား"
လင်းယွဲ့က လမ်းများနှင့်လမ်းသွယ်များရှိ ဆွေးနွေးပြောဆိုမှုများကို နားထောင်လိုက်ရာ အများစုမှာ ကျုံးဟွာဆော့စ် သို့မဟုတ် ကျီဝေ့လန်အကြောင်းကိုသာ လည်ပတ်နေလေသည်။ ကျုံးဟွာဆော့စ်သည် မကြာသေးမီက လုံရှီးခရိုင်တွင် အလွန်ရေပန်းစားလာခဲ့ပုံရသည်။ ကုန်စုံဆိုင်အများအပြားတွင် ခေတ်သစ် ကြော်ငြာတစ်ခု အရွယ်အစားခန့်ရှိသော အနီရောင်စက္ကူပိုစတာကြီးတစ်ခုပင်ရှိပြီး ကျုံးဟွာဆော့စ်၏ပရိုမိုးရှင်း ပုံရိပ်ကို ပြသထားလေ၏။
‘တကယ်ကို သေချာစဉ်းစားပြီးလုပ်ထားတာပဲ’
လင်းယွဲ့က သူမမျက်နှာတွင် အပြုံးတစ်ခုဖြင့် လားလှည်းပေါ်သို့ပြန်တက်လိုက်သည်။ ကုလင်က သူမကိုလှမ်းကြည့်လာ၏။
"အရမ်းပျော်နေတာလား၊ မင်းက စီးပွားရေးလုပ်ရတာကို တကယ် သဘောကျပုံရတယ်"
"ပိုက်ဆံရှာရတာက သေချာပေါက် ကောင်းတာပေါ့"
လင်းယွဲ့က ကုလင်ကို စိုက်ကြည့်လိုက်၏။ လွန်ခဲ့သောရက်အနည်းငယ်က သူမဝယ်ပေးထားသော ဂွမ်းအင်္ကျီကို သူဝတ်ထားလေသည်။ ထိုစဉ်က သူမသည် အတန်ဆုံးဖြစ်မည့် ဂွမ်းအင်္ကျီကိုဝယ်ခဲ့ခြင်းဖြစ်ပြီး အပြင်ဘက်တွင် ခေတ်ဟောင်းအပြာရောင်ထည်ဖြင့်ပြုလုပ်ထားကာ အထဲတွင် ဝါဂွမ်းများ ဖြည့်ထားခြင်းဖြစ်သည်။
ဖောင်းကားနေသော ဝါဂွမ်းများက သူ့ကိုယ်လုံးကိုယ်ထည်ကို ကြီးမားပုံပေါက်စေသင့်သည်။ သို့သော် ကုလင်မှ ဤဂွမ်းထိုးအင်္ကျီကိုဝတ်၍ ခါးပတ်ပတ်လိုက်သောအခါ သူ့ကိုယ်လုံးမှာကြီးမားပုံမပေါက်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် အနည်းငယ်သွယ်လျပြီး ခံ့ညားသော အသွင်အပြင်ကို ရရှိနေလေသည်။ သူ့လည်ပင်းမှာ အလွန်ဖြူဝင်းပြီး နီလာကျောက်စိမ်းဝါးတစ်ဆစ်ကဲ့သို့ ဖြောင့်တန်းနေသဖြင့် ဂွမ်းအင်္ကျီကို တောကျကျပုံမပေါက်စေဘဲ ကျက်သရေရှိမှု အနည်းငယ်ကိုပင်ထပ်ပေါင်းထည့်ပေးထားလေသည်။
သူ လှမ်းကြည့်လိုက်သောအခါ ရှည်လျားပြီး ရောယှက်နေသော မျက်တောင်များဖြင့် မျက်ဝန်းအစုံမှာအင်မတန်လှပလေ၏။ ကြမ်းတမ်းသောလျှော်အဝတ်များကို ဝတ်ထားစဉ်မှာပင် ဤမျှကြည့်ကောင်းနေပါက အကယ်၍ သူသာ ဝမ်စုန်းရှင်းကဲ့သို့သော အဝတ်အစားများကို ဝတ်ဆင်ပါက မည်သို့ရှိမည်နည်း။
"အဲဒါ အမှန်ပဲ၊ ဒါပေမဲ့ ခယ်မလေးမှာက အရင်းရှင်တစ်ယောက်ရဲ့ အရည်အသွေးနည်းနည်း ရှိတယ်နော်"
သူ့မျက်လုံးများထဲတွင် အပြုံးတစ်ခုဖြင့် နောက်ပြောင်ကာပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခယ်မလေး ကျွန်တော့်ကိုအားအင်ကုန်ခမ်းလုမတတ်ခိုင်းခဲ့တာ၊ ညဘက်ဆို သိပ်တောင်မနားရဘူး"
သူသမ်းဝေလိုက်သည်။
"အရမ်းအိပ်ချင်တာပဲ"
ကုလင် ပါးစပ်ဟလိုက်သောအခါ မြင့်မြတ်ပြီး လမင်းနှင့်တူသော အသွင်အပြင်မှာ ပျောက်ကွယ်သွားပြီး သူ့ကိုထိုးကြိတ်ချင်စိတ်သာကျန်တော့ကြောင်း လင်းယွဲ့ ခံစားလိုက်ရသည်။
"ရှင် ဒီလောက်စကားများနေမှာကိုတားဖို့ အဲဒီတုန်းက ရှင့်အဝတ်အစားတွေထဲကို ကောက်ရိုးတွေထည့်ပေးလိုက်သင့်တာ"
ကုလင် ရယ်မောလိုက်သည်။
"တစ်ကယ်လို့ ကျွန်တော်အအေးမိသွားရင် ခယ်မလေးက ကျွန်တော့်ကိုကုဖို့ ပိုက်ဆံပိုကုန်ရမှာလေ"
"အစေခံဆီ ပေးလိုက်ပါ"
သူတို့လားလှည်း ကျီဝေ့လန်၏ ကုန်သွယ်ရေးဆိုင်အပြင်ဘက်တွင် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် အစေခံတစ်ဦးက လားလှည်းကိုဆွဲယူသွားလေသည်။ အိမ်တော်ထိန်းက လင်းယွဲ့ကို ဆွေးနွေးရန် သီးသန့်ခန်းသို့ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။ ပြီးခဲ့သည့်အကြိမ်က လင်းယွဲ့ ဤကဲ့သို့ယဉ်ကျေးသောဆက်ဆံမှုကို မရရှိခဲ့ပေ။
လင်းယွဲ့က အိမ်တော်ထိန်းနောက်သို့ လိုက်ကာ ဆိုင်၏ဒုတိယထပ်သို့ သစ်သားလှေကားများမှတစ်ဆင့် ဖြည်းညင်းစွာ တက်သွားလေသည်။ အခန်းထဲသို့ သူမခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူမရှေ့ရှိမြင်ကွင်းဆီသို့ အကြည့်များက ချက်ချင်းဆွဲဆောင်ခံလိုက်ရ၏။ သူမမျက်လုံးထဲသို့ ပထမဆုံးဝင်လာသည်မှာ တစ်တန်းလုံးရှိနေသော သေသပ်လှပသည့် ရှေးဟောင်းပစ္စည်းစင်များပင် ဖြစ်သည်။
အရည်အသွေးမြင့် နှင်းဆီသစ်သားဖြင့် ထွင်းထုထားသော ဘီရိုများအတွင်း၌ အံ့အားသင့်ဖွယ်ရတနာများကို ပြသထားလေသည်။ အသက်ဝင်လှသော ကျောက်စိမ်းရုပ်တုများက နွေးထွေးသော အရောင်အဝါကို ထုတ်လွှတ်နေလေ၏။ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်များမှာ ခံ့ညားတည်ကြည်ပြီး ငြိမ်းချမ်းကာ သဟဇာတဖြစ်နေလေသည်။
မှန်စီရွှေချပန်းအိုးများမှာ ပို၍ပင် အရောင်အသွေးစုံလင်ပြီး အိပ်မက်တစ်ခုကဲ့သို့ လှပနေလေသည်။ ရှေးဟောင်းပစ္စည်းတိုင်းမှာ အလွန် သေသပ်လှပနေသဖြင့် လင်းယွဲ့ကို မျက်စိကျိန်းစေကာ သူမတိတ်တဆိတ် မချီးကျူးဘဲမနေနိုင်အောင်ပင် ဖြစ်သွားလေသည်။ တစ်ချိန်တည်းမှာပင် နူးညံ့သောရနံ့က လွင့်ပျံ့လာပြီး အခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ ဤရနံ့က လူတစ်ယောက်ကို လန်းဆန်းတက်ကြွသွားစေလေသည်။
မကြာမီတွင် သူမက နူးညံ့သော မြေခွေးဖြူသားမွေးဖြင့် ဖုံးအုပ်ထားသည့် ခုံတစ်ခုပေါ်ထိုင်ရန် ဖိတ်ခေါ်ခံလိုက်ရ၏။ သူမထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တိမ်တိုက်များထဲတွင် ရောက်နေသကဲ့သို့ သက်သောင့်သက်သာရှိသော ခံစားချက်တစ်ခုက သူမခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။ ဆောင်းရာသီ၏အေးစက်ပြီး မာကျောသော သာမန်ကုလားထိုင်များနှင့်မတူဘဲ ဤခုံမှာ နူးညံ့ပြီး နွေးထွေးသဖြင့် လင်းယွဲ့ကို အအေးဒဏ်ကြောင့် မသက်မသာဖြစ်မှု မခံစားရစေပေ။
ထိုအချိန်တွင် လိမ္မာပါးနပ်သော အစေခံမလေးတစ်ဦးက အမြန် ရှေ့ထွက်လာပြီး သေးငယ်သေသပ်သော လက်နွေးအိုးလေးတစ်ခုကို လင်းယွဲ့လက်ထဲသို့ ထည့်ပေးလိုက်၏။ လက်နွေးအိုးလေးထံမှ ထွက်ပေါ်လာသော နွေးထွေးမှုက သူမလက်ချောင်းထိပ်များဆီသို့ ပျံ့နှံ့သွားလေသည်။ ချက်ချင်းပင် အခြားအစေခံမလေးတစ်ဦးက လင်းယွဲ့ကိုအရိုအသေပေးလိုက်ပြီးနောက် ရေနွေးငွေ့များထွက်နေသော ဂျင်းလက်ဖက်ရည်တစ်ခွက် တည်ငြိမ်စွာကိုင်ကာ ဆက်သလာသည်။
"သခင်မလေး အအေးဒဏ်ကိုကာကွယ်ဖို့ ဂျင်းလက်ဖက်ရည်လေးသောက်ပါဦး"
အစေခံမလေးက ညင်သာစွာပြောလိုက်သည်။ လင်းယွဲ့ပြုံးရင်း လက်ဖက်ရည်ပန်းကန်လုံးကို ယူလိုက်ရာ ခွက်နံရံမှ အနည်းငယ်သောနွေးထွေးမှုကိုသာ ခံစားလိုက်ရ၏။ သူမက ဂရုတစိုက်တစ်ငုံသောက်ကြည့်လိုက်ရာ ခွက်ထဲရှိ ဂျင်းလက်ဖက်ရည်၏ အပူချိန်မှာ ကွက်တိဖြစ်နေကြောင်း တွေ့လိုက်ရသည်။
၎င်းက အရမ်းအပူလွန်ကဲမနေဘဲ လုံလောက်သော အပူဓာတ်ကို ထိန်းသိမ်းထားလေသည်။ အရသာခံကြည့်သောအခါ ခပ်ဖျော့ဖျော့ဂျင်းအစပ်ဓာတ်က အချိုဓာတ်အနည်းငယ်နှင့် ရောနှောနေသဖြင့် အရသာကို အလွန်ကောင်းမွန်စေကာ ဂျင်းကို အထူးတလည်မကြိုက်သော လင်းယွဲ့ပင်လျှင် မထိန်းနိုင်ဘဲ နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်သောက်လိုက်မိလေသည်။ လက်ဖက်ရည်ခွက်ကို ချပြီးနောက် လင်းယွဲ့က သူမပတ်ဝန်းကျင်ကို သေချာစတင် အကဲခတ်လိုက်၏။
အခန်းအတွင်းရှိ စားပွဲများနှင့် ကုလားထိုင်များ အားလုံးကို အရည်အသွေးမြင့် ဟွမ်ဟွာလီ သစ်သားဖြင့် ပြုလုပ်ထားပြီး ရှင်းလင်းချောမွေ့သော သစ်သားအကြောများနှင့် နူးညံ့ချောမွေ့သော အထိအတွေ့များ ရှိလေသည်။ အလှဆင်ရန် နေရာအနှံ့ထားရှိသော ပန်းအိုးများနှင့် အလှဆင်ပစ္စည်းများမှာ ဒီဇိုင်းပိုင်းတွင်ဖြစ်စေ လက်မှုပညာပိုင်းတွင်ဖြစ်စေ အားလုံးက သေချာစွာ ရွေးချယ်ထားသော ပစ္စည်းများဖြစ်ပြီး ၎င်းတို့၏ မြင့်မားသော တန်ဖိုးကို ချက်ချင်း သိသာစေလေသည်။
အခန်း၏ညာဘက်အောက်ထောင့်ကို ကြည့်လိုက်ရာ မီးသွေးမီးဖိုတစ်ခု တောက်လောင်နေလေသည်။ ဤမီးသွေးမီးဖိုတွင် မည်သည့်စူးရှသော မီးခိုးငွေ့မျှမရှိဘဲ စင်ကြယ်နွေးထွေးမှုတစ်ခုသာ လွင့်ပျံ့နေလေသည်။ ၎င်းမှာ အကောင်းဆုံး သစ်သားများဖြင့် ပြုလုပ်ထားသော အရည်အသွေးမြင့် မီးသွေးဖြစ်ကြောင်း သိသာလေသည်။
‘ကျီဝေ့လန်က ဘယ်လိုကစားပွဲမျိုးကို ကစားနေတာလဲ၊ ဘာလို့ သူကဒီနေ့ သူမကို ဒီလောက်တောင် ကောင်းကောင်းမွန်မွန်ဆက်ဆံနေရတာလဲ’