အခန်း ၁၄၁
Vol. 15 Ch. 141
Ch-141
"ညီမလေးယွဲ့ နောက်ဆုံးတော့ ရောက်လာပြီပေါ့"
သူမ လူကိုမမြင်ရခင်မှာပင် အသံက အရင်ထွက်ပေါ်လာလေသည်။ ကျီဝေ့လန်၏လှိုက်လှဲသော ရယ်မောသံများက သူတို့ဆီသို့ အရင်ရောက်ရှိလာ၏။ လင်းယွဲ့က သူ့မျက်နှာကို မြင်လိုက်ရသောအခါ အထင်ရှားဆုံးအရာမှာ ပျော်ရွှင်နေသော အပြုံးပင်ဖြစ်လေသည်။
"ညီမလေးယွဲ့ မတွေ့ရတာကြာပြီနော်"
လင်းယွဲ့က သူ့ကိုနှုတ်ဆက်ရန် အမြန် မတ်တတ်ရပ်လိုက်ရာ ကျီဝေ့လန်က ပြေးလာပြီး သူမလက်မောင်းများကို ကိုင်ကာပြောလိုက်သည်။
"ထိုင်ပါ ထိုင်ပါ၊ ညီမလေးနဲ့ အစ်ကိုနဲ့ကြားမှာ ဘာလို့ဒီလောက်လိုမှာလဲ၊ ညီမလေးက အစ်ကို့သားရဲ့ အသက်သခင် ကျေးဇူးရှင်ဖြစ်ရုံသာမကဘဲ အစ်ကို့ရဲ့ အကောင်းဆုံးစီးပွားရေး လက်တွဲဖော်လည်းဖြစ်တယ်၊ ညီမလေးလာမယ့်အချိန်ကို အစ်ကို မျှော်နေတာကြာပြီ၊ ဒါပေမဲ့ ညီမလေးဘယ်မှာနေလဲဆိုတာကို အစ်ကိုမသိလို့ မဟုတ်ရင် အစ်ကိုကိုယ်တိုင်လိုက်ရှာမိမှာ၊ ကျုံးဟွာဆော့စ်လက်ကျန်လည်း သိပ်မကျန်တော့ဘူး၊ ကံကောင်းလို့ ဒီနေ့ ညီမလေး ရောက်လာတာ မဟုတ်ရင် အစ်ကို ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး"
လင်းယွဲ့ ထိုင်လိုက်ပြီးနောက် ကျီဝေ့လန်က ဆက်ပြောသည်။
"ညီမလေးရဲ့ ကျုံးဟွာငရုတ်သီးဆော့စ်က တစ်မူထူးခြားပြီး အရသာရှိတယ်ဆိုတာ အစ်ကို သိပါတယ်၊ ပြီးတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားလောက်တယ်လို့လည်း အစ်ကိုခန့်မှန်းထားပြီးသားပါ၊ ဒါပေမဲ့ ဒီလောက်တောင် နာမည်ကြီးသွားမယ်လို့ ဘယ်သူထင်မှာလဲ၊ အခုဆိုရင် လုံရှီးခရိုင်က လူတိုင်းပြောနေကြတာက ဒီကျုံးဟွာဆော့စ်ရဲ့အရသာရှိမှု အကြောင်းချည်းပဲ"
လင်းယွဲ့ပြုံးရင်း ပြောလိုက်သည်။
"အဲဒါ အစ်ကိုကြီးကျီရဲ့စူးရှတဲ့အမြင်ကြောင့်ပါ"
"ဒါကြောင့် သံပူတုန်းရိုက်ချင်တဲ့အနေနဲ့ ဒီကျုံးဟွာဆော့စ်ကို မြို့တော်အထိပို့ပြီး ရောင်းချင်တယ်၊ နှစ်သစ်ကူးကလည်း နီးလာပြီဆိုတော့ အဲဒီအချိန်ကျရင် ကုန်ပစ္စည်းတွေက ဝယ်လိုအား အရမ်းကောင်းမှာ၊ အဲဒါကျုံးဟွာဆော့စ်ကို မိတ်ဆက်ဖို့ အကောင်းဆုံးအချိန်ပဲ၊ တိုက်ဆိုင်လိုက်တာက အရင်အချိန် အစ်ကိုတို့ညီအစ်ကိုတွေ သင်္ဘောအုပ်စု တစ်ခုဖွဲ့ပြီး မြို့တော်ကိုကုန်ပစ္စည်းတွေ ပို့ရောင်းဖို့ စီစဉ်ထားတာရှိတယ်၊ အစ်ကို့မှာ သင်္ဘောနှစ်စင်းရှိပြီး ကုန်တင်ခန်းတစ်ခုက အလွတ်ဖြစ်နေတယ်၊ အဲဒါ ညီမလေးယွဲ့ရဲ့ကျုံးဟွာဆော့စ်အတွက်ကွက်တိပဲလို့ အစ်ကိုထင်တယ်"
“မြို့တော် ဟုတ်လား”
လင်းယွဲ့မျက်လုံးများ အရောင်လက်သွားလေသည်။ အကယ်၍ကျုံးဟွာဆော့စ်သာ မြို့တော်တွင်အရောင်းသွက်ပါက နေရာအနှံ့အပြားတွင် လူကြိုက်များလာမည်ဖြစ်သည်။ အကယ်၍ လူအနည်းငယ်က ၎င်းကို ချီးမွမ်းသည့်ကဗျာများပင် ရေးစပ်လိုက်ပြီး ၎င်းအား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားမည်ဆိုလျှင် သူမသည် လက်ထဲသို့ ငွေတုံးများအထပ်လိုက် စီးဝင်လာမည့်ဘဝမျိုးကို နေထိုင်နိုင်တော့မည်ပင်။ သို့သော် အတွေးတစ်ခုက လင်းယွဲ့၏စိတ်လှုပ်ရှားမှုကို ရုတ်တရက် အေးခဲသွားစေသည်။
‘အဲဒါက ကုန်ကြမ်းဖြစ်တဲ့ငရုတ်သီးတွေပဲ’
ရေခဲသေတ္တာကြောင့် သူမနေ့စဉ် ငရုတ်သီးများစွာကို အသစ်ပြန်လည် ရရှိနိုင်လေသည်။ သို့သော် ဤငရုတ်သီးများမှာ နေ့စဉ်ကျုံးဟွာဆော့စ် ချက်ပြုတ်ရန်အတွက်သာ လုံလောက်လေသည်။ အကယ်၍ သူမသာ မြို့တော်အတွက် သင်္ဘောတစ်စင်းစာ ကုန်ပစ္စည်းများကိုပြုလုပ်ရမည်ဆိုပါက သေချာပေါက် လုံလောက်မည် မဟုတ်ပေ။
နောင်တွင် မြို့တော်နှင့် အခြားနေရာများ၌ လူကြိုက်များလာပါက ကျုံးဟွာဆော့စ်များ ပို၍ပင်လိုအပ်လာမည် ဖြစ်သည်။ ကျုံးဟွာဆော့စ်ပြုလုပ်ရန် သူမ တစ်ယောက်တည်းနှင့် လုံလောက်မည်မဟုတ်ပေ။ ချက်ပြုတ်ရန် လူအနည်းငယ်ထပ်ရှာနိုင်သည်။ သူမက လျှို့ဝှက်လုပ်နည်းကို ကိုင်တွယ်ထားသရွေ့ ၎င်းကကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။
ကျုံးဟွာဆော့စ် ထုတ်လုပ်ရန်အတွက် ကုန်ထုတ်လုပ်မှုလိုင်းတစ်ခုကိုပင် သူမ တည်ဆောက်နိုင်သေးသည်။ သို့သော် ငရုတ်သီးမလုံလောက်ပါက သူမက ၎င်းတို့ကိုမျက်လှည့်ပြပြီး ဖန်တီးယူရန် အလွန်ခက်ခဲပေလိမ့်မည်။ လင်းယွဲ့၏ဒုက္ခရောက်နေသော အမူအရာကို မြင်သောအခါ ကျီဝေ့လန်၏စိတ်လှုပ်ရှားမှုမှာ အနည်းငယ် ငြိမ်ကျသွားပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"ညီမလေးယွဲ့ အခက်အခဲတစ်ခုခုများ ရှိနေလို့လား"
ယခင်အကြိမ်က ယန်ပန်း၏ဇနီးက သူမကို ရွှေဆံထိုးတစ်ခုပေးခဲ့ရာ ၎င်းကို ရေခဲသေတ္တာကစုပ်ယူသွားခဲ့သည်ကို လင်းယွဲ့ ပြန်လည်သတိရလိုက်သည်။ ထို့နောက်ရေခဲသေတ္တာ၏ ပြန်လည်အသက်ဝင်ချိန်မှာ ၆ နာရီမှ ၃ နာရီသို့ ပြောင်းလဲသွားခဲ့သည်။ အကယ်၍ ရေခဲသေတ္တာကသာ ရွှေများကို ပိုမိုစုပ်ယူပါက အသက်ပြန်ဝင်ချိန်မှာ ပိုတိုတောင်းသွားမည်ပင်။
ပြန်လည်စတင်ချိန်က လုံလောက်စွာ တိုတောင်းသွားသရွေ့ ငရုတ်သီးများမှာ သေချာပေါက်လုံလောက်လာမည် ဖြစ်သည်။ သို့မဟုတ်ပါက အခြားနည်းလမ်းတစ်ခု ရှိသေးသည်။ ငရုတ်သီး စိုက်ပျိုးခြင်းပင် ဖြစ်သည်။
သူမကိုယ်တိုင် ငရုတ်သီးမစိုက်တတ်လျှင်တောင် အတွေ့အကြုံရှိသော လယ်သမားကြီးများကို စိုက်ခိုင်းပြီး အများသိအောင် ဖြန့်ဝေပေးလိုက်လျှင် ငရုတ်သီးမှာ သူမ၏ကျုံးဟွာဆော့စ်အတွက် အရေးအကြီးဆုံးနှင့် အဓိကကျသော တစ်မူထူးခြားသည့် လျှို့ဝှက်ကုန်ကြမ်းဖြစ်နေပြန်၏။ မျိုးစေ့ဆိုသည်မှာခိုးယူရန် အလွယ်ကူဆုံးဖြစ်ရာ အကယ်၍ တခြားသူများသာ ငရုတ်သီးကိုရရှိသွားပါက သူမ၏ကျုံးဟွာဆော့စ်အတုများ သေချာပေါက် အဆက်မပြတ် ထွက်ပေါ်လာမည် ဖြစ်သည်။
‘ငရုတ်သီးက ကန်စွန်းဥ ဒါမှမဟုတ် အာလူးတွေနဲ့ မတူဘူးလေ’
ကန်စွန်းဥနှင့် အာလူးများက လူများ၏ဆာလောင်မှုကို ဖြေရှင်းပေးနိုင်သဖြင့် ၎င်းကကြီးမြတ်သောအရာတစ်ခုဖြစ်ပြီး အခြားသူများကို မျိုးစေ့များနှင့် စိုက်ပျိုးနည်းများပေးရန် သူမဆန္ဒရှိလေသည်။ သို့သော် ငရုတ်သီးများမှာ ထိုမျှ အရေးမကြီးပေ။ ၎င်းတို့က တစ်မူထူးခြားသော ဟင်းခတ်အမွှေးအကြိုင်သာဖြစ်သည်။
ထို့ပြင် ငရုတ်သီးများမှာ လက်ရှိတွင် သူမ၏အသက်မွေးဝမ်းကျောင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ သူမ အပြည့်အဝအောင်မြင်မှုမရသေးခင်မှာ သူမ၏အဓိကအရင်းအနှီးကို ပေးကမ်းပစ်လောက်အောင်အထိ သူမက သဘောမကောင်းသေးပေ။ လင်းယွဲ့ တွေးတောနေစဉ် ကျီဝေ့လန် မတ်တတ်ရပ်လိုက်ပြီး လင်းယွဲ့လက်ထဲသို့ တစ်ခုခုထည့်ပေးလိုက်သည်။
၎င်းက အေးစက်နေပြီး လင်းယွဲ့ကို ချက်ချင်းလန့်ဖျပ်သွားစေသည်။ သူမက ငုံ့ကြည့်လိုက်ရာ တောက်ပနေသော ရွှေတုံးက သူမမျက်လုံးများကို ကျိန်းစပ်သွားစေသည်။ လင်းယွဲ့ရုတ်တရက် မော့ကြည့်လိုက်ပြီး ကျီဝေ့လန်ထံ ဇဝေဇဝါဖြင့်စိုက်ကြည့်လိုက်၏။ သူက ပျော်ရွှင်စွာပြုံးနေလေသည်။
"ညီမလေးယွဲ့၊ ဒါပြီးခဲ့တဲ့ ကျုံးဟွာဆော့စ်အသုတ်ကနေရတဲ့ အမြတ်ဝေစုပဲ၊ ညီမလေးသာဆန္ဒရှိရင် ငါတို့က အဆတစ်ရာ၊ အဆနှစ်ရာ၊ ဒါမှမဟုတ် အဆတစ်ထောင်လောက်အထိတောင် ပိုရှာနိုင်သေးတယ်"
ကျီဝေ့လန်၏မျက်လုံးများတွင် အလင်းရောင်များ ပြည့်နှက်နေလေသည်။ အချိန်တိုအတွင်းမှာပင် ကျုံးဟွာဆော့စ်က လုံရှီးခရိုင်တွင် နာမည်ကြီးလာခဲ့ပြီး ထိုအထဲတွင် ပုန်းကွယ်နေသော ကြီးမားလှသည့် စီးပွားရေးအခွင့်အလမ်းကို သူ ချက်ချင်း မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ယခင်က တစ်ခါမှမမြင်ဖူးခဲ့သော အရသာတစ်ခု သို့သော် အလွယ်တကူ လက်ခံနိုင်သောအရာဖြစ်သည်။
ယခင်ခေတ်များက ငရုတ်ကောင်း တစ်တန်လျှင် ရွှေတစ်တေးတန်ဖိုးရှိခဲ့သကဲ့သို့ပင်။ အကယ်၍ ဤစီးပွားရေးလုပ်ငန်းသာ ကျယ်ပြန့်လာပြီး အောင်မြင်သွားပါက သူ့နောင်လာနောက်သားများ အမှတ်ရနေမည့် ချမ်းသာကြွယ်ဝသောကုန်သည်ကြီးတစ်ဦးပင် ဖြစ်လာနိုင်လေသည်။ သို့သော် သူ့စီးပွားရေးလုပ်ငန်း အောင်မြင်နိုင်မနိုင်မှာ လင်းယွဲ့၏ဆုံးဖြတ်ချက်အပေါ် မူတည်နေကြောင်း ကျီဝေ့လန်သိလေသည်။
သူမကသာ ထိုတစ်မူထူးခြားသော ကျုံးဟွာဆော့စ်ကို ထုတ်လုပ်နိုင်သူ ဖြစ်သည်။ လင်းယွဲ့၏အရေးပါမှုကို နားလည်ပြီးနောက် ပထမဆုံး သူ့အတွေးမှာ လျှို့ဝှက်လုပ်နည်းကိုလုယူရန် သို့မဟုတ် အကျိုးအမြတ်များကို လက်ဝါးကြီးအုပ်ရန်မဟုတ်ပေ။ သူက သူ့ကိုယ်သူ သဟဇာတဖြစ်မှုကို အဓိကထားသော ကွန်ဖြူးရှပ်ကုန်သည်တစ်ဦးအဖြစ် သတ်မှတ်ထားသည်။
နှစ်ဖက်စလုံးက ငွေရှာနိုင်သရွေ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်ရန် ခက်ခဲလိမ့်မည်။ ထို့ပြင် လင်းယွဲ့က ယုံကြည်မှုကို သစ္စာဖောက်မည့်လူမျိုး မဟုတ်ကြောင်း သူမြင်တွေ့ထားလေရာ ကျီဝေ့လန် ပြုံးရင်း ပြောလိုက်သည်။
"ညီမလေးယွဲ့က နောက်ထပ်လဝက်အတွင်းမှာ သင်္ဘောတစ်စင်းစာ ကျုံးဟွာဆော့စ်ကိုထပ်ပို့ပေးနိုင်သရွေ့ ဒါက ဘာမှမဟုတ်ပါဘူး"
ဘာမှမဟုတ်ဘူး ဟုတ်လား။ လင်းယွဲ့ သူမလက်ထဲရှိ ရွှေတုံးကိုပွတ်သပ်လိုက်ရာ သူမရင်ထဲတွင် ပူနွေးလာလေသည်။ ဤရွှေက နှစ်တေးလောက်အလေးချိန် ရှိလောက်သည်။ ပွတ်သပ်နေရင်း လင်းယွဲ့လက်ထဲတွင် ရုတ်တရက် ဟာလာဟင်းလင်းဖြစ်သွားလေသည်။
‘ငါ့ရဲ့ရွှေက ဘယ်ရောက်သွားတာလဲ၊ ငါနွေးအောင်တောင်မကိုင်ရသေးတဲ့ ငါ့ရဲ့ ရွှေလေး
မစစ်ဆေးကြည့်ဘဲနှင့်ပင် ရေခဲသေတ္တာက တိတ်တဆိတ်စုပ်ယူသွားခြင်းဖြစ်ကြောင်း လင်းယွဲ့သိလိုက်သည်။ လင်းယွဲ့က ရေခဲသေတ္တာထဲတွင် ဘာတွေပြောင်းလဲသွားသလဲဆိုတာကို အလျင်စလို သွားကြည့်လိုက်ရာ ပြန်လည်စတင်ချိန်မှာ ၁ နာရီဖြစ်သွားကြောင်းတွေ့လိုက်ရ၏။ ထို့ပြင် သူမက ရေခဲသေတ္တာထဲရှိ အစားအစာများကို လွတ်လပ်စွာလှီးဖြတ်နိုင်ကြောင်း ခံစားလိုက်ရသည်။
ဥပမာအားဖြင့် သူမက ဝက်သားတစ်တုံးကို အတုံးများစွာဖြစ်သွားအောင် သူမအသိစိတ်ဖြင့် လှီးဖြတ်နိုင်ပြီး အပြင်သို့ထုတ်ယူလိုက်သောအခါ အတုံးများစွာ ဖြစ်နေမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူမအနေဖြင့် အရာရာကို ပင်ပင်ပန်းပန်းလှီးဖြတ်ပြင်ဆင်နေစရာ မလိုတော့ပေ။ လင်းယွဲ့မှာ အိမ်ပြန်ပြီး ဤလုပ်ဆောင်ချက်အသစ်ကို စမ်းသပ်ကြည့်ရန် မစောင့်နိုင်အောင်ပင် ဖြစ်နေလေသည်။
သို့သော် ယခုအချိန်တွင်မူ ရေခဲသေတ္တာ၏ပြန်လည်စတင်ချိန်မှာ နှစ်နာရီတိတိတိုတောင်းသွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။ ဤသင်္ဘောတစ်စင်းစာငရုတ်သီးများမှာ ယခုဆိုလျှင် ဖြစ်နိုင်သွားပြီဖြစ်၏။ လင်းယွဲ့ မယုံနိုင်စွာဖြင့် ပြောလိုက်သည်။
"ကျွန်မ အရမ်းအံ့ဩသွားလို့ အခုမှပဲ သတိပြန်ဝင်လာတော့တယ်၊ မြို့တော်မှာ ကျုံးဟွာဆော့စ်ကို တကယ်ရောင်းလို့ရပြီပေါ့"
ကျီဝေ့လန် ညင်သာစွာခေါင်းညိတ်လိုက်သည်။
"ညီမလေး၊ ညီမလေးက ကျုံးဟွာဆော့စ်ကို ကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးနိုင်သရွေ့ ငါတို့တွေ ငွေရှာလို့ရပြီပဲ"
လင်းယွဲ့က သင်္ဘောကုန်တင်စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ကျီဝေ့လန်က လင်းယွဲ့ကို စရန်ငွေအဖြစ် ငွေတုံးတစ်တုံးပေးလိုက်ရာ ငွေတေးနှစ်ဆယ် တိတိဖြစ်လေသည်။ လင်းယွဲ့က ငွေကို အင်္ကျီရင်ဘတ်ထဲသို့ ပျော်ရွှင်စွာထည့်လိုက်ပြီးနောက် ကုလင်မှရေရွတ်လိုက်သည်ကို ကြားလိုက်ရလေသည်။
"ဒီလောက်သေးငယ်တဲ့ ကျုံးဟွာဆော့စ်ပုလင်းလေးက ဒီလောက်တောင် အကျိုးအမြတ်များနိုင်မယ်လို့ ကိုယ်တစ်ခါမှမထင်ထားခဲ့ဘူး"