← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

Ch-143

စုရွေ့မျက်ရိပ်ပြလိုက်ရာ လူသန်ကြီးတစ်ယောက်က ရှေ့ထွက်လာပြီး သူ၏ ဓားဖြင့် လင်းယွဲ့ငွေအိတ်ကို ကော်ယူကာ လက်ထဲတွင် မြှောက်ဆော့လိုက်ပြီးနောက် စုရွေ့ထံသို့ပစ်ပေးလိုက်သည်။ စုရွေ့က မျက်မှောင်ကြုတ်လိုက်၏။

"ဒီလောက်ပဲလား၊ ထပ်ရှာကြစမ်း"

ကောက်ကျစ်သောအပြုံးတစ်ခုဖြင့် လူသန်ကြီးတစ်ယောက်က လင်းယွဲ့ထံသို့ လျှောက်လာပြီးပြောလိုက်သည်။

"ငါ ကြည့်လိုက်မယ်၊ ဒီမိန်းမငယ်လေးရဲ့အရသာကိုလည်း ငါမြည်းစမ်းကြည့်ဦးမယ်"

ထိုလူက လူကောင်သေးသော်လည်း တစ်လှမ်းချင်း ချဉ်းကပ်လာပြီး သူဓားကို ထုတ်ယူလိုက်သောအခါ လင်းယွဲ့မှာ မထိန်းနိုင်ဘဲ တုန်ယင်သွားလေသည်။ သူမက မသိစိတ်မှနောက်သို့ ဆုတ်သွားကာ ကုလင်အနောက်တွင် ပုန်းကွယ်ရင်း သူ့အင်္ကျီလက်စကို ဆုပ်ကိုင်ထားလိုက်သည်။

"အဲဒီလောက်ပါပဲ၊ ဒါက ကျွန်မရဲ့ တစ်လုံးတည်းသောငွေအိတ်ပါ၊ ငွေတွေ ဖွက်ထားဖို့တောင် ကျွန်မမှာအချိန်မရလိုက်ပါဘူး"

"ကျီဝေ့လန်က ဒီလောက်ငွေနည်းနည်းလေးအတွက် မင်းနဲ့ စီးပွားရေးလုပ်မယ်ပေါ့"

စုရွေ့မျက်နှာမှာ မည်းမှောင်သွားလေသည်။

"ရှာစမ်း"

‘သူတို့က ငါ့နောက်ကိုလိုက်နေခဲ့တာပဲ’

လင်းယွဲ့ စိတ်ထဲမှ တွေးလိုက်သည်။ သူမ အလုပ်နားသည်မှာ တစ်ရက်သာ ရှိသေးချိန်တွင် ဤလူက သူမကျီဝေ့လန်နှင့် စီးပွားရေးအရောင်းအဝယ် လုပ်နေကြောင်းကို သိရုံသာမက သူမအတွက် တမင်သက်သက် ထောင်ချောက်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

‘ဒါက တိုက်ဆိုင်မှုသက်သက်လား ဒါမှမဟုတ် သူငါ့နောက်ကို အချိန်အတော်ကြာကတည်းက လိုက်နေခဲ့တာလား’

လင်းယွဲ့ သေချာအကဲခတ်ကြည့်လိုက်ရာ ဓားပြများမှာ ယေဘုယျအားဖြင့် တောင်တန်းများကို သူတို့အိမ်အဖြစ် သတ်မှတ်လေ့ရှိပြီး တိုက်ခိုက်ရန် ပိုမိုခက်ခဲသောနေရာမျိုးဆိုလျှင် ဓားပြများ ပိုမိုရှိတတ်ကြောင်း သူမ သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က အစိုးရကိုရှောင်ရှားရန် တောင်တန်းများ၏သဘာဝ အကာအကွယ်များကို အသုံးပြုကြသောကြောင့် ဖြစ်သည်။ သို့သော် မျက်စိတစ်ဆုံးကြည့်မည်ဆိုပါက ဤဒေသမှာအများစုက လွင်ပြင်များ ဖြစ်လေသည်။

ဤကိုင်းတောလေးသာ လူတချို့ကို ဖုံးကွယ်ထားနိုင်လေသည်။ အကယ်၍ သူတို့သာ ဤနေရာတွင် ဓားပြတကယ်လုပ်ချင်ပါက အစိုးရ၏နှိမ်နင်းမှုကို အချိန်တိုအတွင်း ခံရပေလိမ့်မည်။ ထို့ပြင် ကျီဝေ့လန်နှင့် သူမ၏စီးပွားရေးလုပ်ငန်းများအကြောင်း သူတို့သိရှိနေခြင်းက သူမနောက်မှနေ လုံရှီးခရိုင်သို့ဝင်ရောက်ခဲ့သောကြောင့်ဟု ညွှန်ပြနေလေသည်။

လုံရှီးခရိုင်သို့ဝင်ရောက်ရန် ခရီးသွားခွင့်လက်မှတ်လိုအပ်ပြီး ၎င်းက သူတို့၏မည်သူမည်ဝါဖြစ်ကြောင်းမှာ တရားဝင်ဖြစ်ကြောင်း သက်သေပြနေလေသည်။ ဤလူကိုးယောက်မှာ ခန္ဓာကိုယ်တောင့်တင်းသန်မာခြင်းမရှိသော်လည်း လယ်သမားအများစုထက် အခြေအနေ အများကြီးပိုကောင်းလေသည်။ ခေါင်းဆောင်ဖြစ်သူမှာ ဓားပြတစ်ယောက်ကဲ့သို့ အငွေ့အသက်မရှိဘဲ အိမ်တော်ထိန်းတစ်ယောက်နှင့် ပိုတူလေသည်။

"ရှင်တို့က စုဟိုင်ဘက်ကလူတွေလား"

"မင်း ဘယ်လိုသိတာလဲ"

လူသန်ကြီးက အံ့အားသင့်စွာမေးလိုက်ပြီးနောက် စုရွေ့ကိုအမြန်ကြည့်လိုက်သည်။

"ဆရာ သူတို့ကိုသတ်ပစ်လိုက်ပြီးမှ ပိုက်ဆံရှာကြရအောင်"

"မဖြစ်ဘူး"

စုရွေ့က သူ့ဘေးရှိလူတစ်ယောက်ထံမှ ဓားကိုလုယူကာ လင်းယွဲ့ထံသို့ လျှောက်သွားပြီး အသံတိုးတိုးဖြင့်ခြိမ်းခြောက်လိုက်သည်။

"ဆော့စ်ရဲ့လျှို့ဝှက်လုပ်နည်းကို ငါ့ကို ပြောပြ၊ ဒါဆိုရင် မင်းကိုမသတ်ဘူး"

"စုဟိုင်က အဲဒါကိုလိုချင်တာလား"

လင်းယွဲ့မယုံကြည်ပေ။ အကယ်၍ သူတို့သာ ဆော့စ်ကိုပေးလိုက်လျှင်လည်း ဘာကြောင့်မသတ်ဘဲ နေမည်နည်း။ လင်းယွဲ့ပြောလိုက်သည်။

"ကျွန်မက ခရိုင်ဝန်ကိုသိတယ်၊ ပြီးတော့ သခင်လေးဝမ်နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုတာ စုဟိုင် ရှင်းရှင်းလင်းလင်း သိတယ်၊ တစ်ကယ်လို့ ကျွန်မသေသွားရင် ရှင်တို့အားလုံးလည်း ရှင်သန်နိုင်မှာမဟုတ်ဘူး၊ စုဟိုင်က ရှင်တို့ကို သေတွင်းထဲတွန်းပို့ဖို့ ကြိုးစားနေတာ ရှင်းနေတာပဲ"

သူမနောက်ရှိ လူသန်ကြီးတုံ့ဆိုင်းသွားသည်ကို လင်းယွဲ့မြင်လိုက်သော်လည်း စုရွေ့မှာ သူ့ရပ်တည်ချက်ကို မပြောင်းလဲဘဲ လင်းယွဲ့လည်ပင်းပေါ်သို့ ဓားတင်လုနီးပါးဖြစ်လာလေသည်။

‘သူမခွန်အားများကို စုစည်းကာ ဝက်သားတစ်တုံးကိုအသုံးပြုပြီး ဓားအား ခုခံနိုင်မည်လား ဒါမှမဟုတ် ကုလင်ကိုဆွဲပြေးပြီး ဤဘေးဒုက္ခမှ လွတ်မြောက်ရန် သူတို့ထံပစ္စည်းများ ပစ်ပေါက်နိုင်မလား’

လင်းယွဲ့တွေးတောနေလေသည်။

‘ထိုင်ပြီးသေမယ့်အချိန်ကို စောင့်နေတာထက်စာရင် ပိုကောင်းတာပေါ့’

အလင်းရောင်တစ်ချက်က လင်းယွဲ့မျက်လုံးကို ဖမ်းစားသွားလေသည်။ ရုတ်တရက် ဝက်ခြေထောက်တစ်ခုက သူမလက်ထဲတွင်ပေါ်လာပြီး သူမက ၎င်းကိုကိုင်ကာ ဓားဆီသို့တွန်းပို့လိုက်၏။ တစ်ချိန်တည်းမှာပင် ကုလင်က စုရွေ့လက်ကိုကန်ဖယ်လိုက်ပြီးနောက်လှည့်ကာ စုရွေ့မျက်နှာကိုကန်ချလိုက်သည်။

"ဘုန်း"ကနဲအသံနှင့်အတူ စုရွေ့မှာ မြေကြီးပေါ်သို့ လဲကျကာသတိလစ်သွားလေသည်။

"သွား၊ သူတို့ကိုသတ်"

ကုလင်၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် လူသန်ကြီးများလန့်ဖြန့်သွားကြလေသည်။ ရှေ့ဆုံးမှလူက အော်လိုက်ပြီးနောက် အခြားလူများမှာ ဇဝေဇဝါဖြစ်မှုမှ နိုးထလာကြပြီး ဓားများ ဆွဲထုတ်ကာ ကုလင်ထံသို့ ချက်ချင်းပြေးဝင်သွားကြလေသည်။ မြန်ဆန်သော ခြေလှမ်းနှင့် ချိတ်ဆက်မှုတစ်ခုဖြင့် ကုလင်မှာ ဓားကိုသူ့လက်ထဲသို့ ရောက်ရှိသွားစေသည်။

လူတစ်စုပြေးလာသဖြင့် သဲမှုန့်များ ထောင်းခနဲထသွားပြီး လျင်မြန်စွာ ပြန်လည်ငြိမ်သက်သွားလေသည်။ ကုလင်က ဓားကိုပေါ့ပေါ့ပါးပါးကိုင်ထားပြီး ဂရုမစိုက်သည့်ပုံပေါက်နေလေသည်။ သို့သော် လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် ခေါင်းဆောင်လုပ်သူ၏လည်ပင်းတွင် သွေးကြောင်းတစ်ခု ပေါ်လာလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် သွေးများပန်းထွက်လာ၏။

ကုလင်မျက်နှာပေါ်သို့ သွေးများစင်သွားသော်လည်း သူ မျက်တောင်တစ်ချက်ပင်မခတ်ပေ။ သူက လျင်မြန်စွာ တိုက်ခိုက်ကာ လျှပ်စီးကဲ့သို့ရောက်ရှိလာပြီး လူသန်ကြီးတစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် ခုတ်ချလိုက်လေသည်။ လူသန်ကြီးလေးယောက်မှာ လှုပ်ရှားမှုမလုပ်နိုင်ခင်မှာပင် ကုလင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

ကျန်လေးယောက်မှာ ကြမ်းတမ်းလှသော တိုက်ပွဲအခြေအနေကြောင့် အလွန်တရာကြောက်လန့်သွားကြပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ တစ်ကိုယ်လုံး တုန်ယင်လျက် မတ်တတ်ရပ်နေကြလေသည်။ သို့သော် ကုလင်ကမရပ်တန့်ပေ။ သူ့လှုပ်ရှားမှုများက မြန်ဆန်ပြီး သွက်လက်လေသည်။

ထက်မြိသော ဓားသွားမှ သွေးများစီးကျနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူသုံးယောက်လဲကျသွားလေသည်။ နောက်ဆုံးကျန်နေသော လူသန်ကြီးမှာ အလွန်ကြောက်လန့်နေပြီး မီတာဒါဇင်ပေါင်းများစွာ အဝေးသို့ပြေးသွားနှင့်ပြီ ဖြစ်၏။ ညာဘက်လက်တွင် ဓားကို ကိုင်ထားသော ကုလင်က ဘယ်ဘက်လက်ဖြင့် တွန်းလိုက်ရာ ဓားမှာ နောက်ဆုံးလူသန်ကြီး၏ရင်ဘတ်ဆီသို့ တည့်တည့်လွင့်ထွက်သွားလေသည်။

ထိုအခါမှသာ ကုလင်က သူ့မျက်လွှာကိုချကာ မျက်နှာပေါ်ပေနေသော သွေးများကို သုတ်လိုက်သည်။ ဤလူများက အလွန်အားနည်းလွန်းသဖြင့် သူ့အထူးစွမ်းရည်များကို အသုံးပြုစရာမလိုဘဲ အားလုံးကို သူရှင်းလင်းနိုင်ခဲ့သည်။ သူ လင်းယွဲ့ထံလှည့်ကြည့်ကာ သဘောတကျရယ်မောလိုက်၏။

"မင်းမှာနေရာလွတ်စွမ်းရည် တကယ်ရှိနေတာပဲ"

လင်းယွဲ့ကလည်း သူ့ထံမော့ကြည့်လိုက်ရာ သူတို့မျက်လုံးများဆုံသွားသောအခါ တစ်ယောက်၏မည်သူမည်ဝါဖြစ်ကြောင်းကို ကျန်တစ်ယောက်က နားလည်လုနီးပါးဖြစ်သွားကြလေသည်။ ကုလင်က သူ့လက်ကို မြှောက်ကာ လက်ချောင်းများဖြင့် သေနတ်ပုံစံဟန်ဆောင်လုပ်ပြီး လင်းယွဲ့ဆီသို့ သူ့လက်ညှိုးကို ချိန်ရွယ်လိုက်၏။ သူ့လက်ညှိုးက သေနတ်ပြောင်းဝအဖြစ် ပြောင်းလဲသွားပြီး အမည်းရောင်ပြောင်းဝက သူမဆီသို့ချိန်ရွယ်ထားသည်ကို လင်းယွဲ့မြင်လိုက်ရသည်။

“ဒါက ဘာလဲ”

လင်းယွဲ့တံတွေးမြိုချလိုက်သည်။

"ကျွန်မ ရှင့်ကိုကယ်ခဲ့တာလေ၊ ရှင် ဘာလိုချင်လို့လဲ"

*ဒိုင်း*

ကျည်ဆန်က လင်းယွဲ့မျက်နှာကို ရှပ်ထွက်သွားပြီး လေအဟုန်ကြောင့် သူမနားရွက်နားရှိ ဖရိုဖရဲဆံပင်များလွင့်ဝဲသွားလေသည်။ သူမက ကုလင်ကို ကြောက်ရွံ့စွာကြည့်လိုက်၏။ ထို့နောက် သူပြုံးရင်း ပြောလိုက်သည်။

"ကိုယ့်ရဲ့စွမ်းအားက သေနတ်တွေနဲ့ သက်ဆိုင်တယ် ဆိုလိုတာက ကိုယ့်ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကိုမဆို သေနတ်အဖြစ် ပြောင်းလဲလို့ရတယ်"

‘ကြွားလုံးထုတ်တာလား ဒါမှမဟုတ် တစ်ခုခုကို ထုတ်ဖော်ပြသတာလားဆိုတာကို ငါမသိဘူး’

သို့သော် ထိုအချိန်တွင် လင်းယွဲ့အရှင်းလင်းဆုံး ခံစားလိုက်ရသည်မှာ သူ့ခြိမ်းခြောက်မှုပင် ဖြစ်သည်။

‘သေနတ်နဲ့ပတ်သက်တဲ့ စွမ်းအားတွေ ဟုတ်လား ဘာတွေလဲ၊ သူလည်း အချိန်ခရီးသွားတစ်ယောက်ပဲလား၊ ဘယ်ကနေ ရလာတာလဲ၊ ကမ္ဘာပျက်ကပ်က အရာတစ်ခုလိုစွမ်းအားတွေ’

လင်းယွဲ့က ကုလင်ကိုစိုက်ကြည့်နေမိကာ သူမမျက်လုံးများတွင် ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်နေပြီး စိတ်ထဲတွင် အတွေးများပြေးလွှားနေသော်လည်း တစ်ချိန်တည်းမှာပင် လုံးဝ ဗလာကျင်းနေသကဲ့သို့ ခံစားနေရလေသည်။ ကုလင်က သူမထံသို့ ဖြည်းညင်းစွာချဉ်းကပ်လာကာ သူမတစ်ကိုယ်လုံးတွင် ကြက်သီးများမထိန်းနိုင်အောင်ထလာပြီး ရင်ခုန်သံများမြန်လာလေသည်။ ကုလင်ပြုံးကာ ပြောလိုက်၏။

"ဘာလဲ၊ မင်း ကိုယ့်ကိုပြန်မပြောရဲတော့ဘူးလား၊ မင်းရဲ့ နေရာလွတ်စွမ်းရည် လေ့ကျင့်မှုက အဆင့်မမီသေးဘူးထင်တယ်"

လင်းယွဲ့က သူ့ကိုဟန်ဆောင်ဇဝေဇဝါဖြင့်ကြည့်လိုက်သော်လည်း အမှန်တကယ်တော့ သူပိုပြောပြလာမည်ကို မျှော်လင့်နေလေသည်။ ကုလင်က တကယ်ပင် ဆက်ပြောလာသည်။

"နေရာလွတ်စွမ်းရည်ဆိုတာ ပစ္စည်းသိမ်းဆည်းဖို့ သက်သက်မဟုတ်ဘူး၊ နေရာလွတ်ဖြတ်တောက်ခြင်း၊ နေရာလွတ်ဖိသိပ်ခြင်းနဲ့ နေရာလွတ်လွှဲပြောင်းခြင်းတွေလည်း ပါဝင်တယ်"

သူရယ်မောရင်း ပြောလိုက်သည်။

"ဒါပေမဲ့ မင်းကိုကြည့်ရတာ မင်းလုပ်တတ်တာက ပစ္စည်းတွေသိမ်းဖို့ပဲရှိပုံရတယ်"

လင်းယွဲ့ သူပြောသည်များကိုမကျေနပ်သည့်အလား ခေါင်းငုံ့ထားလိုက်သည်။ ထို့နောက် ကုလင်ကလေအဟုန်ကြောင့် ဖရိုဖရဲဖြစ်နေသော ဆံပင်တစ်စုကို လင်းယွဲ့နားနောက်သို့ သပ်တင်ပေးလိုက်သည်။ ကုလင်၏လက်ချောင်းများမှာ နွေးထွေးနေသော်လည်း လင်းယွဲ့မှာအေးစိမ့်သွားသလို ခံစားလိုက်ရ၏။

"အဲဒီလောက်တောင် ကြောက်သွားတာလား"

ကုလင်က ဒူးတစ်ဖက်ထောက်ထိုင်ကာ သူမကို စိုက်ကြည့်ရင်းမေးလိုက်သည်။

"အရင်တုန်းက မင်းစကားပြောအရမ်းကောင်းတယ် မဟုတ်ဘူးလား၊ ကိုယ့်ကို အလုပ်တွေလုပ်ခိုင်းပြီးတောင် အမြတ်ထုတ်ခဲ့သေးတယ်"

ကုလင်၏စကားများတွင် ခန့်မှန်းရခက်သောအပြုံးတစ်ခု ပါဝင်နေလေသည်။

‘သူက ငါ့ကိုသတ်စရာ အကြောင်းပြချက်မရှိပါဘူး’

လင်းယွဲ့က သူမကိုယ်သူမအတင်းတည်ငြိမ်အောင် ထိန်းချုပ်ကာတွေးလိုက်သည်။ သူတို့၏မည်သူမည်ဝါဖြစ်ကြောင်းများမှာ တန်းတူထူးခြားနေပြီး နှစ်ယောက်စလုံးတွင် လျှို့ဝှက်ချက်များရှိနေကြ၏။ ထို့ပြင် သူက သူမဆီသို့ပြန်လာပြီး တည်းခိုနေသော တပ်ပြေးတစ်ယောက်ဖြစ်သည်။

ဆိုလိုသည်မှာ သူ့တွင်သွားစရာနေရာမရှိဘဲ သူမကိုအားကိုး၍ အသက်မွေးဝမ်းကျောင်းပြုချင်နေကြောင်း ရှင်းလင်းနေလေသည်။ လင်းယွဲ့ ပို၍ခွဲခြမ်းစိတ်ဖြာလေလေ သူမ ပို၍တည်ငြိမ်လာလေလေဖြစ်၏။

"မင်း ကြောက်သွားတာလား"

လင်းယွဲ့ အချိန်အတော်ကြာတိတ်ဆိတ်နေသည်ကိုမြင်သောအခါ ကုလင်က သူမအနားသို့ပိုတိုးသွားပြီး အသံကို အနည်းငယ်တိုးကာ ချော့မော့လိုက်သည်။

"ကိုယ် နောက်နေတာပါ"

သို့သော် လင်းယွဲ့က သူ့လေသံမှ အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်လိုက်သည်။ ယခုလေးတင် သူမခံစားခဲ့ရသော ကြောက်ရွံ့ထိတ်လန့်မှုများ အားလုံးကို လွှတ်ချလိုက်ရာ ရေကာတာကျိုးပေါက်သွားသကဲ့သို့ သူမခံစားချက်များစီးဆင်းလာပြီး မျက်ရည်များ ကျဆင်းလာလေ၏။ သူမမော့ကြည့်ရင်း မျက်တောင်ခတ်လိုက်ရာ မျက်ရည်များကျဆင်းလာပြီး ပါးပြင်ပေါ်သို့ကျကာ ဖြည်းညင်းစွာစီးဆင်းသွားလေသည်။

"မင်းကို ကိုယ်နောက်နေတာပါ၊ ဘာလို့ ငိုနေတာလဲ"

ကုလင်ရင်ထဲတွင် တုန်လှုပ်သွားပြီး သူ ဘာပြောရမှန်းမသိဖြစ်သွားလေသည်။

"မင်း တကယ်ငိုနေတာလား"

လင်းယွဲ့ တိတ်ဆိတ်နေသော်လည်း သူမတွင် ဖော်ပြစရာမကျေနပ်ချက်များ များစွာရှိနေသည့်အလား ပုလဲလုံးလေးများကဲ့သို့ မျက်ရည်များ အဆက်မပြတ်ကျဆင်းနေပြီး သူမ၏ ဖြူစင်နူးညံ့သော မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများ ကျန်ရစ်နေသည်ကို သူမြင်လိုက်ရ၏။ ကုလင်၏နောက်ပြောင်နေသော အမူအရာ ပျောက်ကွယ်သွားလေသည်။ သူ ဤမျှလောက်အထိ တစ်ခါမှပျာယာမခတ်ခဲ့ဖူးပေ။

အတိတ်က သူဇွန်ဘီများကိုသာ ရင်ဆိုင်ခဲ့ရသည်။ အကယ်၍ သူသာသူတို့ကို အနိုင်ယူနိုင်ပါက သူအသက်ရှင်မည်။ အကယ်၍ မနိုင်ပါက သူ သေမည် ဖြစ်သည်။

သူက ကြမ်းတမ်းပြီးပြတ်သားကာ မည်သည့် လှည့်ကွက် သို့မဟုတ် အကြံအစည်မျှမပါဘဲ ခွန်အားကိုသာ အားကိုးခဲ့သူဖြစ်သည်။ သို့သော် လင်းယွဲ့က သူ့လက်ထဲတွင် နူးညံ့ပြီး စေးကပ်နေသောကောက်ညှင်းလုံးလေး တစ်လုံးနှင့် တူနေသည်ဟု သူခံစားလိုက်ရပြီး ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်။

"နောက်တစ်ခါ မင်းကိုမခြောက်တော့ပါဘူး"

ကုလင်ဩရှရှအသံဖြင့် ပြောလိုက်သည်။

"အင်း ကျွန်မက သတ္တိကြောင်တယ်"

လင်းယွဲ့မြေကြီးပေါ်ရှိ အလောင်းများကို ကြည့်ကာပြောလိုက်သည်။

"ဒီလူတွေကို ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ"

ကုလင်ပြောလိုက်သည်။

"ဒီကမ္ဘာမှာ လူတွေကသေလုမြောပါး အလောင်းတစ်လောင်းကို သေချာစုံစမ်းစစ်ဆေးချင်မှ စစ်ဆေးကြပေမဲ့ သူတို့က စုမိသားစုရဲ့အစေခံတွေဖြစ်နေတယ်၊ ပြီးတော့ စုဟိုင်က မင်းကိုတမင်သက်သက်ပစ်မှတ်ထားနေတာ၊ တစ်ကယ်လို့ သူတို့ပြန်မလာဘူးဆိုတာကို စုဟိုင်သိသွားရင် သူက ရုံးတော်ကိုတိုင်ကောင်းတိုင်လိမ့်မယ်၊ ဒီအလောင်းတွေကိုတွေ့သွားတဲ့အခါ စစ်ဆေးရေးမှူးတွေက ကိုယ်တို့ဆီကိုချက်ချင်း အာရုံစိုက်လာကြလိမ့်မယ်"

"ဒါဆို ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ"

"ဒါမှမဟုတ် မင်းရဲ့နေရာလွတ်ထဲမှာ ဒီအလောင်းတွေကို အရင်ထည့်ထားပြီး တောထဲရောက်မှ သူတို့ကိုပစ်ချလိုက်မလား"

Ch-143{1}

လင်းယွဲ့ ခေါင်းခါလိုက်သည်။

"ကျွန်မရဲ့ နေရာလွတ်က ဒီလူတွေကိုမဆန့်ဘူး၊ အစားအစာတွေပဲ ထည့်လို့ရတာ"

"ဟမ် ခြေနှစ်ချောင်းသိုးတွေက အစားအစာ မဟုတ်ဘူးလား"

ကုလင်စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းယွဲ့မျက်လုံးများ ယုန်လေးတစ်ကောင်ကဲ့သို့ အနည်းငယ် ပြူးကျယ်သွားပြီး နောက်သို့ တိတ်တဆိတ် အနည်းငယ်ဆုတ်သွားသည်ကို သူမြင်လိုက်ရ၏။

‘သူမ ကြောက်နေတယ်၊ သူမ ဒီလောက် သတ္တိကြောင်မှန်း ငါဘာလို့ အရင်က သတိမထားမိခဲ့တာလဲ’

"ကိုယ် နောက်နေတာပါ"

ကုလင် ခေါင်းကုတ်လိုက်သည်။

"လူသားတစ်ယောက်ကို ကိုယ်တစ်ခါမှ မစားဖူးပါဘူး"

"အဲဒါ ရယ်ရလို့လား"

လင်းယွဲ့တွင် နူးညံ့ပြီးအားနည်းသောအသွင်အပြင်ရှိနေဆဲဖြစ်သည်။ ဤအသွင်အပြင်က ကုလင်၏အားနည်းချက်ဖြစ်ပုံရကြောင်း သူမ သဘောပေါက်လိုက်၏။ သူမက ညင်သာပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

"ဟာသဆိုတာ ရယ်ရမှဟာသဖြစ်တာပါ"

သို့သော် ကုလင်က ထုံးစံအတိုင်းပြန်မချေပဘဲ မတတ်သာသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ"

"ဒီအလောင်းတွေကို ကိုယ်တို့ဘယ်လိုလုပ်ကြမလဲ"

ကုလင် တွေးတောလိုက်ပြီး လက်တစ်ဖက်ဖြင့် လင်းယွဲ့မျက်လုံးများကို အုပ်ထားကာ ကျန်လက်တစ်ဖက်ဖြင့် အလောင်းများဆီသို့ ချိန်ရွယ်လိုက်၏။ သူ့လက်မောင်းက အမြောက်တစ်ခုအဖြစ် ရုတ်တရက်ပြောင်းလဲသွားပြီး အလောင်းကိုးလောင်းဆီသို့ ပစ်ခတ်လိုက်လေသည်။

ကျယ်‌လောင်သော ပေါက်ကွဲသံကြီးက ကိုးကြိမ်ဆက်တိုက်ထွက်ပေါ်လာပြီး လင်းယွဲ့မှာ အလွန်တရာကြောက်လန့်သွားသဖြင့် ကုလင်ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမနားများကို ပိတ်ထားလိုက်လေသည်။ ဗုံးကြဲမှုများပြင်းထန်လာသည်နှင့်အမျှ လူကိုးယောက်မှာ အပိုင်းပိုင်းအစစပေါက်ကွဲသွားပြီး သွေးမိုးများကဲ့သို့ ကျဆင်းလာလေသည်။ မြင်ကွင်းက အလွန်တရာထိတ်လန့်စရာကောင်းလှသည်။ ခုနက လင်းယွဲ့၏ကြောက်လန့်နေသော အမူအရာကိုတွေးမိပြီး ကုလင်က ခေါင်းငုံ့ကာ သူမနားနားသို့ တီးတိုးပြောလိုက်သည်။

"မျက်လုံးမှိတ်ထား မဖွင့်နဲ့နော်"

သူက လားကိုထူပေးပြီး ပြတ်သွားသော ကြိုးကို တင်းကျပ်စွာချည်နှောင်ကာ မောင်းနှင်သွားလေသည်။ သူက လင်းယွဲ့ကို လှည်းထဲသို့ဆွဲသွင်းလိုက်၏။ သူမမျက်လုံးများကို တင်းတင်းကျပ်ကျပ်မှိတ်ထားပြီး မမြင်ရသဖြင့် သူ့နောက်သို့ တစ်လှမ်းချင်းလိုက်ရုံသာ တတ်နိုင်လေသည်။ မီတာရာပေါင်းများစွာ လမ်းလျှောက်လာပြီး သွေးမိုးများမတွေ့ရတော့သောအခါ ကုလင်ပြောလိုက်သည်။

"မျက်လုံးဖွင့်လိုက်တော့"

သို့သော် လင်းယွဲ့က သူစကားပြောပြီးသည့်တိုင်အောင် မျက်လုံးမဖွင့်သေးပေ။ ကုလင်ပြုံးရင်း သူမခေါင်းကို ပုတ်ပေးလိုက်သည်။

"မကြောက်ပါနဲ့၊ မျက်လုံးဖွင့်လိုက်ပါ"

ထိုအခါမှ လင်းယွဲ့မျက်လုံးများကို ဖွင့်လိုက်ပြီး သူမရှေ့ရှိစိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေများကိုမြင်သောအခါ သက်ပြင်းချလိုက်လေသည်။

"အိမ်ပြန်ရအောင်"

ကုလင်ပြောရင်း လားကိုကြိမ်ဖြင့်တို့ကာ အိမ်သို့ခပ်သုတ်သုတ်မောင်းသွားလေသည်။ သို့သော် လင်းယွဲ့တွေးနေမိသည်။

‘စုဟိုင်က အရမ်းရက်စက်တာပဲ၊ ဘာကိုမှမကြောက်ဘဲ လူသတ်ဖို့ သူ့အစေခံတွေကို တိုက်ရိုက်အမိန့်ပေးတယ်၊ သူ့ဆီမှာ ဘာလှည့်ကွက်တွေကျန်နေသေးလဲ၊ ကုလင်က တိုက်ခိုက်ရေးမှာ ဒီလောက်ကျွမ်းကျင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး’

ထို့ပြင် မနေ့ကပို့ဆောင်မှုက တစ်ရက်လုံး ကြာခဲ့လေသည်။

‘ဒီနေ့ပြန်ရောက်ရင်လည်း ဝိုင်ချက်ချင်သေးတာဆိုတော့ ငါ ဆိုင်ကို နောက်တစ်ရက်ပိတ်ရလောက်မယ်’ သူမထိုသို့တွေးလိုက်သည်။

လားလှည်းက ခလောက်ခလောက်မြည်ရင်း မကြာမီအိမ်သို့ ရောက်ရှိလာလေသည်။ လင်းယွဲ့က သူမအိမ်ထဲသို့ လျှောက်ဝင်သွားသည်။ ရင်းနှီးနေသော စားပွဲများနှင့် ကုလားထိုင်များအပြင် သူမစီစဉ်ထားသော အရာအားလုံးက သူမကိုရေထဲတွင်ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ အလွန်တရာ သက်သောင့်သက်သာဖြစ်စေလေသည်။ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာလျက် တာ့ယာက လင်းယွဲ့ကိုစိုက်ကြည့်ကာ အမြောက်ဆန်တစ်ခုကဲ့သို့ပြေးလာပြီး လင်းယွဲ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

"အစ်မ နောက်ဆုံးတော့ပြန်ရောက်လာပြီပေါ့"

သူတို့ မတွေ့ရတာလဝက်ရှိပြီဖြစ်ပြီး တာ့ယာက လင်းယွဲ့ကိုအရမ်းလွမ်းနေခဲ့ခြင်းဖြစ်သည်။

“အရမ်းကို လွမ်းနေခဲ့တာ”

လင်းယွဲ့က တာ့ယာကိုနှစ်သိမ့်ရန် သူမပခုံးကို ပုတ်ပေးလိုက်သော်လည်း သူမ မော့ကြည့်လိုက်သောအခါ ထောင့်တွင် ကြောက်ရွံ့တုန်လှုပ်စွာ မတ်တတ်ရပ်နေပြီး သူမကို လွမ်းဆွတ်စွာစိုက်ကြည့်နေသော သူတောင်းစားလေးကို တွေ့လိုက်ရ၏။ သူက ဂွမ်းအင်္ကျီကိုဝတ်ထားပြီး ဆန့်ထုတ်ထားသော သူ့လက်များမှာ မည်းနက်ပြီး ပိန်လှီနေဆဲဖြစ်သော်လည်း ယခင်ကထက်အများကြီး ပိုမိုတက်ကြွနေပုံရလေသည်။ လင်းယွဲ့ လက်ယပ်ခေါ်လိုက်ရာ သူကချီတုံချတုံဖြင့် အနည်းငယ်ရှေ့တိုးလာပြီး နောက်ဆုံးတွင် သူမဘေး၌ရပ်ကာ သူမထံ ရိုးသားစွာကြည့်ရင်းပြောလိုက်သည်။

"အစ်မ ကျေးဇူးတင်ပါတယ်"

‘အရင်နှစ်ပတ်က ငါစိတ်ကူးယဉ်ဖူးတာထက် ပိုကောင်းတဲ့ဘဝရခဲ့တယ်၊ ငါ့မှာ ဝတ်စရာ အနွေးထည်တွေရှိတယ်၊ စားစရာတွေ အများကြီးရှိတယ်၊ ပြီးတော့ အိပ်ဖို့လုံခြုံတဲ့နေရာတစ်ခု ရှိတယ်၊ ကုလင်က ငါ့ကိုသိုင်းပညာတောင် သင်ပေးသေးတယ်"

သို့သော် သူက အမြဲတမ်းသတိဝီရိယရှိနေခဲ့သည်။ ဤဘဝမှာ ခိုးယူထားသော ရတနာတစ်ခုကဲ့သို့ခံစားရပြီး ဤအတိုင်း ဘယ်လောက်ကြာကြာနေနိုင်မည်လဲဟု တွေးနေမိသည်။ လင်းယွဲ့က သူ့မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုကို မြင်သောအခါ သူ့ခေါင်းကိုပုတ်ပေးလိုက်၏။ လင်းယွဲ့လက်များမှာ သေးငယ်ပြီး ၎င်းတို့ထံမှနွေးထွေးမှုတစ်ခုကို သူခံစားလိုက်ရသဖြင့် သူ၏မှီခိုလိုစိတ်ကို ပိုမိုနက်ရှိုင်းသွားစေသည်။

သို့သော် သူကဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပြီး တခြားသူများကို ဒုက္ခမပေးနိုင်ပေ။ သူအတင်းပြုံးကာ ပြောလိုက်သည်။

"အစ်မ ကျွန်တော်သက်သာတာနဲ့ ချက်ချင်းထွက်သွားပါ့မယ်၊ ဒီအချိန်အတွင်း အစ်မရဲ့ကျေးဇူးကြွေးကို ကျွန်တော် မှတ်ထားမှာပါ၊ အခွင့်အရေး ရတဲ့အခါ သေချာပေါက်ကျေးဇူးဆပ်ပါ့မယ်"

‘ဒီလောက်ငယ်ငယ်လေးနဲ့ အသိဉာဏ် ရှိလိုက်တာ’

လင်းယွဲ့တွေးလိုက်ပေသိ သူတောင်းစားလေးက တောင်းရမ်းစားသောက်ပြီး ကြီးပြင်းလာခဲ့ရသည်ကိုပြန်သတိရလိုက်မိသည်။

‘သူ ဒီလောက်တွက်ချက်တတ်တာ အံ့ဩစရာမဟုတ်ပါဘူး’

သူမက မတတ်သာသည့်ဟန်ဖြင့်ပြောလိုက်သည်။

"လောလောဆယ် ဒီမှာပဲနေပါ၊ နားနားနေနေပဲနေ အရမ်းကြီးမတွေးပါနဲ့"

ကုလင်ပြောလိုက်သည်။

"မင်း နေသင့်တယ်၊ မင်းမှာ သာမန်ထက်လွန်ကဲတဲ့ ခွန်အားတွေရှိတယ်၊ ဒါပေမဲ့ မင်းကငယ်ငယ်ကတည်းက အစားအသောက်နဲ့ အဝတ်အစားတွေ ချို့တဲ့ခဲ့လို့ မင်းကိုယ်ခန္ဓာဖွဲ့စည်းပုံက ပျက်စီးလုနီးပါးဖြစ်နေပြီ၊ ဒီအချိန်လေးကိုသုံးပြီး ပြန်နာလန်ထူနိုင်အောင်လုပ်ပါ၊ နောက်ကျရင် ငါ မင်းကိုသိုင်းပညာ သင်ပေးမယ်"

သာမန်ထက်လွန်ကဲသောခွန်အားဖြင့် မွေးဖွားလာသူများမှာ ရှားပါးကြောင်း ကုလင် စိတ်ထဲမှတွေးလိုက်သည်။ ထို့ပြင် ဤကာလအတွင်း နည်းဗျူဟာပိုင်းဆိုင်ရာပုံပြင်များကို သူတမင်သက်သက်ပြောပြနေခဲ့ခြင်း ဖြစ်သည်။ သူတောင်းစားလေးမှာ အလားအလာရှိသော အရည်အချင်းရှိသူတစ်ဦးဖြစ်ကြောင်း သူခံစားနိုင်လေသည်။

တာ့ယာက မကြာသေးမီ၌ဖြစ်ပျက်ခဲ့သော အကြီးအသေးကိစ္စရပ်များကို လင်းယွဲ့အား ကြွားလုံးထုတ်ရင်းမျှဝေနေလေသည်။ ထို့နောက် လင်းယွဲ့လက်ဆေးပြီး နေ့လယ်စာပြင်ဆင်လေ၏။ မကြာသေးမီက သူမတို့အဆင်ပြေစေရန် ဝက်သားနီချက်ကို မကြာခဏစားနေခဲ့သည်။ သူမက တခြားတစ်ခုခုကို စမ်းကြည့်ချင်နေလေသည်။

"အိုး ဒါနဲ့ အဲဒီသစ်သားစည်ပိုင်းကို ကျွန်မအတွက် ဆေးပေးလို့ရမလား"

လင်းယွဲ့က ထောင့်ရှိစည်ပိုင်းကို လက်ညှိုးထိုးပြကာ ကုလင်ကိုခိုင်းစေလိုက်သည်။ ထိုအရာက လက်သမားတစ်ယောက်ကို အထူးမှာယူကာလုပ်ခိုင်းထားသော အရက်ချက် သစ်သားစည်ပိုင်းဖြစ်၏။ စည်ပိုင်းအပေါ်ဘက်မှာ သစ်သားပြားတစ်ခု တပ်ဆင်ထားပြီး သစ်သားပြားအစွန်းတစ်ဖက်က အပြင်သို့ထွက်နေပြီး ဝါးနှင့်အုပ်ထားခြင်းဖြစ်သည်။ သစ်သားစည်ပိုင်းအပေါ်တွင် သံအိုးတစ်လုံးကို တင်ထားပြီး ထိုအိုးထဲတွင်ရေအေးများ အမြဲထည့်ထားလေ၏။

ဤလုပ်ငန်းစဉ်တွင် ဝိုင်မှာသစ်သားစည်ပိုင်းထဲ၌ အငွေ့ပျံသွားပြီးနောက် အပေါ်ရှိ အေးစက်နေသောအိုးနှင့်ထိတွေ့ကာ ငွေ့ရည်ဖွဲ့သွားပြီး သစ်သားပြားများပေါ်သို့ ရေစက်များ ကျဆင်းလာ၍ နောက်ဆုံးတွင် လျှောကျသွားခြင်းဖြစ်သည်။ ဤငွေ့ရည်ဖွဲ့သည့် လုပ်ငန်းစဉ်က ဝိုင်၏အရက်ပါဝင်မှုနှုန်းကို တိုးမြင့်စေလေသည်။

"မင်း ကိုယ့်ကိုခိုင်းနေပြန်ပြီ"

ကုလင်ပြုံးရင်း ပြောလိုက်ရာ သူ့လေသံတွင် နောက်ပြောင်နေသည့် အရိပ်အယောင်တစ်ခုပါဝင်နေလေသည်။ လင်းယွဲ့က သူ့ကိုအပြစ်ကင်းစင်သောမျက်နှာလေးဖြင့်ကြည့်ကာ မေးလိုက်သည်။

"ကျွန်မက ရှင့်ကိုဒုက္ခမပေးသင့်ဘူးလား"

ကုလင်၏ရင်ခုန်သံတစ်ချက် ရပ်တန့်သွားလေသည်။ သူခေါင်းကုတ်လိုက်ပြီး မျက်လွှာချကာ လင်းယွဲ့မျက်လုံးများကို တိုက်ရိုက်မကြည့်ရဲတော့ပေ။ သူ ပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ၊ ကိုယ် အရှုံးပေးပါတယ်"

‘လင်းယွဲ့က ငါ့ကိုအဲဒီလိုကြည့်နေတာကလည်း ထူးဆန်းတယ်လို့ ငါခံစားနေရတယ်’

သူ့ရင်ထဲ တင်းကျပ်သွားကာ သူမနှင့် ဆက်မငြင်းချင်တော့ပေ။ ကုလင်က သစ်သားစည်ပိုင်းကို လိမ္မာစွာသွားဆေးလေသည်။ ထို့နောက် လင်းယွဲ့က ရေခဲသေတ္တာ၏အဆင့်မြှင့်ထားသော လုပ်ဆောင်ချက်အသစ်များဖြစ်သည့် အစားအစာများအား လွတ်လပ်စွာ လှီးဖြတ်ခြင်းကို စမ်းသပ်ကြည့်လေသည်။

ရေခဲသေတ္တာထဲရှိ အရာအားလုံးကို သော့ဖွင့်ထားသဖြင့် သူမစားချင်တာ အကုန်စားနိုင်ပြီဖြစ်သည်။ အချိန်တိုလေးအတွင်းမှာပင် လင်းယွဲ့ ဘာစားရမလဲဆိုသည်ကို ဆုံးဖြတ်လိုက်၏။ ပြည်ကြီးငါးကြော်၊ ကုန်းဖောင်ကြက်သား၊ ပုစွန်စပ်ကြော်နှင့် ကဏန်းဆန်မုန့်ကြော်တို့ ဖြစ်သည်။

'ကြက်သားမစားရတာကြာပြီဆိုတော့ နေရာလွတ်ထဲမှာ ကြက်သားတွေအများကြီး စုဆောင်းမိနေပြီ၊ နည်းနည်းလောက်ဖြုန်းလိုက်ကြတာပေါ့’

လင်းယွဲ့က ကြက်ပေါင်သားအားလုံးကို အတုံးသေးသေးလေးတွေလှီးဖို့ တွေးလိုက်ရာ သူမစိတ်ထဲထွက်လာသည်မှာ လေးထောင့်ပုံကြက်သားတုံးလေးများ ဖြစ်သည်။

‘အလုပ်ဖြစ်တယ်’

လင်းယွဲ့ကကြက်သားတုံးများကို ရေဆေးလိုက်ပြီး သူမအာရုံစိုက်လိုက်သည်နှင့် မုန်လာဥနီနှင့်ပြောင်းဖူးတို့မှာလည်း အတုံးလေးများအဖြစ် လှီးဖြတ်ပြီးသားဖြစ်ကာ ရေဇလုံထဲသို့ကျဆင်းသွားလေသည်။ လင်းယွဲ့မှာ ဝမ်းသာအားရအံ့အားသင့်သွားလေ၏။ ဤနည်းဖြင့် သူမကပါဝင်ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းစရာမလိုတော့ဘဲ ဒုက္ခများစွာကို သက်သာသွားစေလေသည်။

ပုံမှန်အားဖြင့် သူမက ဝက်သားလှီးခြင်းနှင့် ကြက်သားတုံးခြင်းကဲ့သို့သော ပျင်းစရာကောင်းသည့်အလုပ်များတွင် အချိန်အများစုကို ဖြုန်းလေ့ရှိ၏။ ဤလုပ်ဆောင်ချက်ဖြင့် သူမက ပါဝင်ပစ္စည်းများကို စိတ်ဖြင့်လှီးဖြတ်ကာ ရေဆေးလိုက်ရုံဖြင့် အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီပင်။

All Chapters