အခန်း ၁၄၄
Vol. 15 Ch. 144
Ch-144
ဟင်းလျာများ ကျက်သွားသောအခါ စားပွဲပေါ်တွင် ခင်းကျင်းထားလိုက်သည်။ ကုန်းဖောင်ကြက်သားမှာ နူးညံ့ပြီး အရသာရှိကာ ပြည်ကြီးငါးကြော်မှာ ဝါးလို့ကောင်းပြီး အစပ်အရသာရှိလေ၏။ ကဏန်းဆန်မုန့်ကြော်ကို အိမ်တွင် အများဆုံးကြော်လေ့ရှိသော နည်းလမ်းဖြင့် ပြုလုပ်ထားရာ ဆန်မုန့်များမှာ နူးညံ့နေပြီး ကဏန်းမှာ မွှေးကြိုင်ကာ လတ်ဆတ်လေသည်။ ပုစွန်စပ်ကြော်မှာ ပို၍ပင် ခံတွင်းမြိန်စေလေသည်။
သူမ၏ဟင်းချက်စွမ်းရည်များ ကျဆင်းမသွားဘဲ အမှန်တကယ် ပိုမို တိုးတက်လာကြောင်း တွေ့ရသဖြင့် လင်းယွဲ့မှာ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေလေသည်။ တဖျတ်ဖျတ် မြည်သံများနှင့်အတူ စားပွဲပေါ်တွင် လှုပ်ရှားမှုများ ရှုပ်ယှက်ခတ်နေပြီး ဟင်းဖတ်တိုင်းကို တူများဖြင့် အလုအယက် ကော်ယူနေကြသည်ကို သူမ တွေ့လိုက်ရ၏။ သူတောင်းစားလေး ယန်ယိုထျန်းနှင့် ကုလင်တို့မှာ မြေတူးစက်များကဲ့သို့ အများဆုံးနှင့် အမြန်ဆုံး လုယူနေကြပြီး တူတစ်ချက်ကော်လိုက်တိုင်း ဟင်းပွဲ၏သိသာထင်ရှားသော ပမာဏတစ်ခု ပါသွားလေသည်။
သူတို့ပါးစပ်များမှာ ပြည့်ကျပ်နေပြီး မျက်လုံးများက တောက်ပနေကာ 'ပန်းကန်ထဲကဟာ စားရင်းနဲ့ အိုးထဲကဟာကို ကြည့်နေတယ်' ဆိုတဲ့ စကားပုံကို ကွက်ကွက်ကွင်းကွင်း ပုံဖော်နေကြလေသည်။ တာ့ယာမှာ သူတို့နှင့် မယှဉ်နိုင်သဖြင့် ကျန်ဟင်းလျာများကိုသာ စားနေပြီး သူမပန်းကန်လုံးထဲရှိ ထမင်းကိုပင် ဂရုမစိုက်နိုင်တော့ပေ။ လင်းယွဲ့က သူမလက်ကို မြှောက်ကာ ကုလင်၏လက်မောင်းအပြင်ဘက်ကို ညင်သာစွာ ဖိလိုက်သည်။
ကုလင်က သူမကိုလှည့်ကြည့်လိုက်ရာ သူ့ပါးစပ်ထဲတွင် ထမင်းများပြည့်ကျပ်နေပြီး ဟမ်းစတားလေးတစ်ကောင်နှင့် တူနေလေသည်။ သူ့မျက်လုံးများ ပြူးကျယ်နေပြီး အနည်းငယ် ဇဝေဇဝါဖြစ်နေကာ ယခင်က ပြတ်သားပြီး ရက်စက်သော သူ့အသွင်အပြင်၏ အရိပ်အယောင်လေးပင် မတွေ့ရတော့ပေ။ အထူးသဖြင့် သူ့တူများက လုံးဝမရပ်တန့်ဘဲ မျက်လုံးတစ်ဖက်က လင်းယွဲ့ကိုကြည့်နေပြီး အခြားတစ်ဖက်က ပုစွန်စပ်ကြော်ကို ကြည့်နေလေသည်။
"ဖြည်းဖြည်းစားပါ"
အမှန်တော့ သူက ဟင်းလျာအများစုကို စားပစ်လိုက်ပြီဖြစ်ရာ လင်းယွဲ့မှ သူ့ကို လျှော့စားရန် ပြောချင်နေခဲ့ခြင်း ဖြစ်သည်။
"အရမ်းအရသာရှိလွန်းလို့ အရှိန်လျှော့လို့ မရဘူး"
ကုလင်၏အရှိန်မှာ ပို၍ပင်မြန်လာလေသည်။
"ရှင်က ကလေးကျနေတာပဲ၊ ဘာလို့ သူတို့နဲ့လုစားနေတာလဲ၊ သူတို့က ကြီးထွားဖို့ လိုသေးတယ်လေ"
ကုလင်က အရှက်မရှိဆက်စားနေသည်ကို မြင်သောအခါ လင်းယွဲ့မှာ မတတ်သာဘဲ တိုက်ရိုက်ပင်ပြောလိုက်ရလေသည်။
"ကိုယ်လည်း ကြီးထွားဖို့လိုသေးတယ်လေ"
ကုလင်ပြုံးလိုက်ရာ သူ့မျက်လုံးများ ကွေးကျသွားပြီး အလွန်တရာကျေနပ်နေပုံ ရလေသည်။
"မနေ့ညက ချင်းဖုန်းနားနေဆောင်ရဲ့ အစားအသောက်တွေက မင်းလုပ်တဲ့ ဝက်သားနီချက်ထက် နည်းနည်းပဲညံ့တယ်လို့ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေ့ မင်းလုပ်တဲ့ဟင်းလျာတွေက ချင်းဖုန်းစားသောက်ဆိုင်ကဟာတွေထက် အများကြီး ပိုအရသာရှိတယ်"
ဤကဲ့သို့ချီးကျူးခံရတော့ လင်းယွဲ့မှာ ပျော်ရွှင်သွားလေသည်။ သို့သော် သူမက အပြုံးကို ဖိနှိပ်ထားကာ ပြောလိုက်၏။
"စားနေတုန်း အိပ်နေတုန်းစကားမပြောနဲ့လေ၊ စကားမပြောခင် ပါးစပ်ထဲက အစားအစာတွေကို အရင်မျိုချလိုက်ဦး"
ကုလင်က သူ့မျက်လုံးများတွင် အပြုံးတစ်ခုဖြင့် ပါးစပ်ထဲရှိ အစားအစာများကို မျိုချလိုက်ပြီးနောက် လင်းယွဲ့နားနားသို့ တိုးကပ်ကာ ပြောလိုက်သည်။
"ဘာလဲ၊ ကိုယ့်ကိုမကြောက်တော့ဘူးလား"
လင်းယွဲ့က သူမလက်ဖဝါးကို မြှောက်ကာ ကုလင်၏အသက်ရှူရာမှ ထွက်လာသောလေနွေးနွေးလေးကို ပိတ်ဆို့လိုက်သည်။
"ရှင်က ကျွန်မရဲ့အစားအစာတွေကို စားတယ်၊ ကျွန်မရဲ့သောက်စရာတွေကို သောက်တယ်၊ ပြီးတော့ ကျွန်မရဲ့အိမ်မှာ နေတယ်၊ ရှင့်ကို ဘာလို့ကြောက်ရမှာလဲ"
စားပြီးနောက် လင်းယွဲ့က အရက်ချက်ရန် မလောသေးဘဲ အရင်ဆုံး ခဏတစ်ဖြုတ်အိပ်ရန် စီစဉ်လိုက်သည်။ သူမအခန်းသို့ ပြန်ရောက်သောအခါ အသိုက်သို့ပြန်လာသော တိရစ္ဆာန်ငယ်လေးတစ်ကောင်ကဲ့သို့ လင်းယွဲ့ အလွန် သက်သောင့်သက်သာ ဖြစ်သွားလေသည်။ သူမစောင်အောက်သို့ တိုးဝင်ကာ ကောင်းကောင်း အိပ်စက်ရန် ပြင်ဆင်လိုက်၏။
သို့သော် သူမ၏ရနံ့မဟုတ်သော လတ်ဆတ်ပြီး နေရောင်ခြည်ကဲ့သို့သော ရနံ့တစ်ခုက သူမနှာခေါင်းထဲသို့ လွင့်ပျံ့လာလေသည်။ ဤရနံ့က ကုလင်မျက်နှာကို သူမစိတ်ထဲတွင် လျှပ်တစ်ပြက်ပေါ်လာစေသည်။ သူသည် အခြားအိပ်စရာနေရာမရှိသဖြင့် သူမအခန်းထဲ၌ အိပ်ခဲ့ပုံရ၏။
‘မဖြစ်ဘူး၊ ဒီလိုဆိုအဆင်မပြေဘူး၊ နောက်ကျရင် သူ့ကိုစားပွဲပေါ်မှာပဲ အိပ်ခိုင်းရမယ်၊ ဒီရနံ့က အရမ်းနီးကပ်လွန်းတယ်၊ သူ့ရင်ခွင်ထဲမှာ အနားယူနေရသလိုမျိုးပဲ’
လင်းယွဲ့ စောင်ကို အနည်းငယ်အောက်သို့ ဆွဲချကာ ဝေးဝေးသို့ရွှေ့လိုက်ပြီးနောက် ဖြည်းညင်းစွာ အိပ်ပျော်သွားလေသည်။ နေ့လယ်ပိုင်းတွင် လင်းယွဲ့က အပျင်းကြောဆန့်ကာ ခြံဝင်းထဲသို့ လျှောက်လာလေ၏။ ကုလင်နှင့် ယိုထျန်းတို့ရှိနေသဖြင့် သူမက သူတို့ကို ဝန်ထုပ်ဝန်ပိုးမရှိဘဲ ခိုင်းစေနိုင်လေသည်။
ပြီးခဲ့သည့်အကြိမ်က ကန်စွန်းဥပြုတ်ရန် အသုံးပြုခဲ့သော ယာယီမီးဖိုမှာခြံဝင်းထဲတွင် ရှိနေဆဲ ဖြစ်သည်။ လင်းယွဲ့က ကုလင်ကို မီးဖိုချောင်မှ သံအိုးကိုယူကာ မီးဖိုပေါ် တင်ခိုင်းပြီးနောက် အထဲသို့ ရေထည့်ကာ ပွက်ပွက်ဆူအောင် တည်ခိုင်းလိုက်၏။ ထို့နောက် သစ်သားစည်ပိုင်းထဲတွင် တစ်လကြာအောင် ကစော်ဖောက်ထားသော ကန်စွန်းဥများကို ယူလာရန် ကုလင်ကို သူမခိုင်းလိုက်သည်။
စည်ပိုင်းကို ယူလာသည်နှင့် တစ်ပြိုင်နက် ယိမ်းယိုင်မှုနှင့်အတူ အချိုရနံ့နှင့် အရက်ရနံ့များလွင့်ပျံ့လာလေသည်။ မူလက ပျစ်နှစ်နေသော ကန်စွန်းဥဆန်ပြုတ်နှင့်တူသည့် အရာမှာ ယခုအခါ ကစော်ပေါက်သွားပြီဖြစ်ပြီး အရည်နှင့် အဖတ်ခွဲထွက်သွားကာ ဟင်းချိုနှင့် ပိုတူနေလေသည်။ လင်းယွဲ့က ကန်စွန်းဥများကို အထူးမှာယူထားသော သစ်သားစည်ပိုင်းထဲသို့ လောင်းထည့်ကာပေါင်းရန် သံအိုးထဲသို့ ထည့်လိုက်၏။
ထို့နောက် ရေအေးများဖြည့်ထားသောအိုးကို သစ်သားစည်ပိုင်းအပေါ်တွင် တင်လိုက်ပြီး ၎င်းမှာ အငွေ့ရည်ဖွဲ့ရန် သီးသန့်ဖြစ်လေသည်။ အထက်သို့ တက်လာသော ရေနွေးငွေ့များက အေးစက်နေသောအိုးနှင့် ထိတွေ့သောအခါ ၎င်းတို့က အရည်အဖြစ်ငွေ့ရည်ဖွဲ့သွားပြီး သစ်သားစည်ပိုင်းထဲတွင် အလျားလိုက်ထားရှိသော သစ်သားပြားပေါ်သို့ကျဆင်းကာ အပြင်သို့စီးထွက်သွားခြင်းဖြစ်သည်။
ထို့ကြောင့် အချက်နှစ်ချက်ကို သေချာစေရန်လိုအပ်သည်။ အိုးထဲတွင် အပူရှိန် လုံလောက်စွာရှိရမည်ဖြစ်ပြီး အအေးအိုးထဲရှိရေမှာ အမြဲတမ်းအေးစက်နေရမည်ဖြစ်သည်။ အပူရှိန်လုံလောက်စေရန်အတွက် လင်းယွဲ့ကအိုးနှင့် သစ်သားစည်ပိုင်းကြားရှိ ကွက်လပ်များထဲသို့ အဝတ်စတစ်လွှာကို ထိုးသိပ်လိုက်ပြီး ရေဆူနေသောသံအိုးထဲသို့ စပါးခွံများ ထည့်လိုက်၏။
ငွေ့ရည်ဖွဲ့လာသော အရက်များကို ဝါးပြွန်တစ်ခုမှတစ်ဆင့် ဇကာပါရှိသောပုံးတစ်ခုထဲသို့ စီးဝင်စေသည်။ အစောပိုင်းထွက်လာသော အရက်များတွင် အညစ်အကြေးများ များလွန်းပြီး နောက်ပိုင်းထွက်လာသော အရက်များမှာ အရသာအင်မတန်ပေါ့လွန်းသဖြင့် နှစ်မျိုးစလုံးကို စွန့်ပစ်ရမည်ဖြစ်ရာ ပေါင်းခံခြင်း၏အစနှင့် အဆုံးကိုဖြတ်တောက်ရမည်ဖြစ်သည်။ ပေါင်းခံလိုက်သည်နှင့်အမျှ ကြည်လင်သောအရက်များက ပုံးထဲသို့ကျဆင်းလာပြီး အရက်ရနံ့က ခြံဝင်းတစ်ခုလုံးကို ပြည့်နှက်သွားလေသည်။
ကုလင်မျက်လုံးများမှာ ပို၍ပင် တောက်ပလာလေသည်။ သူ အရက်မသောက်ရသည်မှာ ကြာပြီဖြစ်သည်။ သူ့သိုင်းပညာစွမ်းရည်ဖြင့် ကမ္ဘာပျက်ကပ်တွင် အရက်ရှာရန်မှာမခက်ခဲပေ။ သို့သော် ကမ္ဘာပျက်ကပ်တွင် နေရာတိုင်း၌ အန္တရာယ်ရှိနေသဖြင့် သူ့ကိုယ်သူ အရက်မူးခွင့်မပေးရဲခဲ့ပေ။
သို့သော် ယခုအခါမှာတော့ ကွာခြားသွားပြီဖြစ်သည်။ ကမ္ဘာပျက်ကပ်၏ အမြဲတမ်းအန္တရာယ်ရှိနေမှုမျိုးမဟုတ်သလို နယ်စပ်ရှိ ဖုန်ထူသောလေပြင်းမျိုးလည်းမဟုတ်သည့်အပြင် ဆွေ့ခရိုင်၏ ကြီးလေးသောစိုးရိမ်ပူပန်မှုမျိုးရှိနေသည်လည်းမဟုတ်ပေ။ သူ ဤနေရာသို့ရောက်ရှိနေသည်မှာ အချိန်တိုမျှသာရှိသေးသော်လည်း ငြိမ်းချမ်းမှုနှင့် ရောင့်ရဲမှုခံစားချက်ကိုရရှိနေပြီ ဖြစ်သည်။
ဝမ်းဗိုက်ကိုဖော်၍ နေပူဆာလှုံနေသော ကျားတစ်ကောင်၏ ပျင်းရိပျော်ရွှင်ဖွယ်ကျေနပ်မှုမျိုးနှင့် တူလှပေသည်။ ဤလုံခြုံမှုခံစားချက်ကပင် သူ့အာရုံကြောများကို ပြေလျော့သွားစေပြီး အရက်မူးချင်စိတ်ကိုဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။ ကုလင်က ပန်းကန်လုံးတစ်လုံးထဲသို့ အရက်အနည်းငယ်အမြန်ခပ်ယူကာ တစ်ငုံသောက်လိုက်၏။
အရက်က သူ့ပါးစပ်ထဲသို့ ဝင်ရောက်သွားသောအခါ အချိုဓာတ် အနည်းငယ်ပါဝင်သော ခပ်ဖျော့ဖျော့ ရနံ့နှင့် နူးညံ့သောအရက်အရသာက သူ့ခံတွင်းထဲ ပျံ့နှံ့သွားလေသည်။ သူ မျိုချလိုက်သောအခါ လည်ချောင်းမှာ လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ အရက်မသောက်ရသည်မှာကြာပြီဖြစ်သဖြင့် အနည်းငယ်စပ်ရှသည်ဟု မထိန်းနိုင်ဘဲ ခံစားလိုက်ရသည်။ လင်းယွဲ့က သူ့ကိုစူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"ဘယ်လိုနေလဲ"
"အရသာရှိတယ်"
ကုလင် ခေါင်းညိတ်လိုက်ပြီး ကျန်သည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"ဒါဆိုရင် ကောင်းတာပေါ့"
ယခင်ဘဝက လင်းယွဲ့သည် သစ်သီးဝိုင်များကိုသာ ကြိုက်နှစ်သက်ပြီး အရက်ဖြူကိုပင် သစ်သီးဖျော်ရည် သို့မဟုတ် အခြား အဖျော်ယမကာများနှင့် ရောစပ်ကာ သောက်လေ့ရှိသည်။ ဆော့စ်ရနံ့၊ ရနံ့ဖျော့၊ ရနံ့ပြင်း သို့မဟုတ် ဖီးနစ်ရနံ့စသည့်အမျိုးအစား မတူညီသည်တို့ကို သူမ မခွဲခြားတတ်ပေ။
သို့သော် ဤအရက်၏ရနံ့မှာ အဝေးကြီးအထိ လွင့်ပျံ့သွားလေသည်။ မကြာမီမှာပင် လီရှောင်လျန်ကို ဆွဲဆောင်သွားပြီး သူမကတံခါးကိုခေါက်ကာ ပြောလိုက်သည်။
"ညီမယွဲ့ ဘာတွေချက်နေတာလဲ၊ ဘာလို့ အရက်ချိုရနံ့ ရနေတာလဲ"
လီရှောင်လျန်ကို မတွေ့ရသည်မှာ လဝက်ခန့်ရှိပြီဖြစ်ရာ သူမမှာ အနည်းငယ် ပိုပြည့်လာပြီး သူမချီထားသော ကလေးလေးမှာလည်း အတော်လေး ကြီးထွားလာလေသည်။ သူမဆီမှနို့ရနံ့လေးသင်းပျံ့နေပြီး ကြင်နာတတ်သော မိခင်မေတ္တာအငွေ့အသက်များ ပါရှိကာ ယေဘုယျအားဖြင့် အများကြီးပိုမို နူးညံ့သွားပုံရ၏။
"ညီမ အရက်ချက်နေတာ၊ နည်းနည်း သောက်ကြည့်ပါဦး"
လင်းယွဲ့က စည်ပိုင်းထဲမှ အရက်ဖြူ အနည်းငယ်ကို ခပ်ယူကာ လီရှောင်လျန်ကိုတစ်ခွက် ပေးလိုက်သည်။ လီရှောင်လျန်က အနံ့ခံကြည့်လိုက်ရာ သူမမျက်လုံးများ အရောင်လက်သွားလေသည်။
"အရမ်း မွှေးတာပဲ၊ စောစောက ညီမ ပြန်လာတာတွေ့လိုက်လို့ ခရီးပန်းလာမှာပဲဆိုပြီး လာမနှောင့်ယှက်တာ၊ ဒါပေမဲ့ ခုနလေးတင် ဒီအရက်ရနံ့ကိုရလိုက်တော့ အစ်မဗိုက်ထဲက အစားမက်တဲ့ ကောင်လေးတွေ အကုန်လုံးတောင်နိုးလာပြီ"
လီရှောင်လျန်သည် တစ်ချိန်က ပြည့်တန်ဆာအိမ်တွင်နေခဲ့ဖူးသဖြင့် သဘာဝကျကျပင် အရက်များစွာကို သောက်သုံးဖူးပြီး အရက်သမားများကိုလည်း အဖော်ပြုပေးခဲ့ဖူးသည်။ သူမက အရသာခံကြည့်ရုံဖြင့် အရက်ကောင်းမကောင်းကို ခွဲခြားနိုင်လေသည်။ သူမက အရင်ဆုံးလေကို အသာခပ်ကာ အရက်၏ရနံ့ကို ရှူရှိုက်လိုက်၏။
ကန်စွန်းဥ၏ခပ်ဖျော့ဖျော့ရနံ့ကို သူမရလိုက်ပြီး ထို့နောက် သူမလက်သန်းကို အမြန်နှစ်ကာ အနည်းငယ်မြည်းစမ်းကြည့်လိုက်သည်။ အရက်မှာ ပေါ့ပါးပြီး မွှေးကြိုင်သော်လည်း မပြင်းကြောင်း သိလိုက်ရ၏။ ၎င်းကကြည်လင်သော စမ်းရေလို အရသာရှိပြီး လည်ချောင်းထဲတွင် ချောမွေ့ကာ ချိုမြိန်ပြီးအလွန် စင်ကြယ်လေသည်။
"အရက်ကောင်းပဲ၊ အစ်မမြည်းစမ်းဖူးတဲ့ ချိုးလုပိုင်ထက်တောင် မညံ့ဘူး၊ ပြီးတော့ ကန်စွန်းဥနဲ့ ချက်ထားတဲ့ ဒီအရက်က တစ်မူထူးခြားတဲ့အရသာရှိတယ်၊ ဖော်ပြလို့မရတဲ့ အချိုဓာတ်လေးပါတယ်"
လီရှောင်လျန်၏မျက်လုံးများ တောက်ပသွားလေသည်။
"ညီမ၊ ညီမရဲ့လက်ရာက တကယ်ကို အံ့မခန်းပဲ၊ ဒီနှစ်သစ်ကူးကျရင် တို့တွေ ကောင်းကောင်း စားရုံတင်မကဘဲ သောက်စရာ အရက်လည်းရှိနေပြီထင်တယ်၊ ပျော်စရာ နှစ်သစ်ကူးလေးဖြစ်တော့မှာပဲ"
"အိုး ဟုတ်သားပဲ၊ ပိုက်ဆံ"
လီရှောင်လျန်က သူမအင်္ကျီလက်စထဲမှ ကြေးပြားအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။
"ဒါ မနေ့က တာ့ကွမ်ဘုန်းကြီးကျောင်းကရတဲ့ ဝေစု၊ ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ညီမဆီကချေးထားတဲ့ ငွေတချို့ကိုပြန်ဆပ်ဖို့ အပိုပြား၁၀၀ပါပါတယ်"
လင်းယွဲ့ကပြည့်နေသော အိတ်ကိုယူလိုက်သည်။
"ငွေပြန်ဆပ်ဖို့ မလောပါနဲ့၊ ဘဝအတွက် အရင်အာရုံစိုက်ပါ"
"အခြေအနေတွေက အများကြီးပိုကောင်းလာပါပြီ"
လီရှောင်လျန်က သူမရင်ခွင်ထဲရှိ ကလေးလေးကိုလွှဲရင်း ပြုံးလိုက်ရာ သူမမျက်လုံးများ ကွေးကျသွားလေသည်။
"ညီမရဲ့အရက်က ကောင်းတာပဲကို ရွာက လူအများစုက ဒီနှစ်ကန်စွန်းဥ ရောင်းပြီး အပိုငွေနည်းနည်းရခဲ့ကြလို့ သေချာပေါက် နှစ်သစ်ကူးကို ကောင်းကောင်း ဖြတ်သန်းချင်ကြမှာပဲ၊ ပြီးတော့ ညီမက အခုရှီထိုင်ခရိုင်မှာ ရောက်နေပြီလေ၊ တစ်ကယ်လို့ ညီမရဲ့ အရက်ကို အစ်မဆီရောင်းခွင့်ပြုမယ်ဆိုရင် အစ်မဘဝက ပိုပြီးတောင် ကောင်းလာဦးမှာ"
လင်းယွဲ့ ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့၊ အစ်မ ရောင်းလို့ရပါတယ်"
Ch-144{1}
သို့သော် ဤပျော်ရွှင်ဖွယ်ကောင်းသော အငွေ့အသက်မှာ အချိန်ကြာကြာမခံလိုက်ပေ။ တစ်ယောက်ယောက်က လင်းယွဲ့ကိုလာခေါ်ပြီး ရွာသူကြီးက အစည်းအဝေးခေါ်နေကြောင်း ပြောလေသည်။
"နောက်တစ်ခါလား၊ ဘာအကြောင်း ဖြစ်မလဲ"
လီရှောင်လျန်၏မျက်နှာမှာ မကောင်းတော့ပေ။ ရွာသူကြီး၏အစည်းအဝေးများက သတင်းကောင်း ဘယ်တော့မှ မယူလာတတ်ချေ။ ထိုသူက ခေါင်းခါရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ရွာသူကြီးရဲ့မျက်နှာမကောင်းတာ တွေ့လိုက်ရတယ်၊ ဒါကြောင့် ကောင်းတဲ့ကိစ္စတော့မဖြစ်နိုင်ဘူး"
"တခြား ဘာဖြစ်နိုင်ဦးမှာလဲ၊ ငါတို့ ဆောင်းဦးအခွန်တွေကို ပေးပြီးပြီလေ၊ အရင်ပေးခဲ့တာထက်တောင် နှစ်ဆပေးပြီးပြီ မဟုတ်ဘူးလား၊ လင်းယွဲ့ပေးတဲ့ကန်န်စွန်းဥတွေသာမရှိရင် ဒီဆောင်းရာသီကို ဘယ်လိုဖြတ်သန်းရမလဲတောင် ငါတို့သိမှာမဟုတ်ဘူး၊ အစိုးရက အခုဘာပြဿနာတွေထပ်ရှာနေပြန်ပြီလဲ"
လီရှောင်လျန်၏ခံစားချက်များက လှုပ်ရှားလာပြီး ကြင်နာတတ်သော မိခင်မေတ္တာသဘာဝမှာ လုံးဝပျောက်ကွယ်သွားလေသည်။
"ဟူး ဘယ်သူပြောနိုင်မှာလဲ၊ လုပ်အားပေးမဖြစ်ဖို့ပဲ မျှော်လင့်ရတာပဲ မဟုတ်ရင် ငါတို့နှစ်သစ်ကူးတောင် ကောင်းကောင်းဖြတ်သန်းရမှာ မဟုတ်ဘူး"
ထိုသူက ဤသို့ပြောလိုက်သောအခါ လင်းယွဲ့ဦးရေပြားမှာ ထုံကျဉ်သွားလေသည်။ ကျီဝေ့လန် မနေ့ကမှ လုပ်အားပေးအကြောင်း သူမကိုပြောပြခဲ့ပြီး ယနေ့တွင် ရွာသူကြီးက ထိုအကြောင်းကိုပြောပြမည်ဖြစ်နိုင်၏။ ကုလင်နှင့် ဝမ်တာ့ကျန်းတို့အခေါ်ခံရပြီး လင်းယွဲ့နှင့် လီရှောင်လျန်တို့မှာ အိမ်တွင်စောင့်နေခဲ့ကြသည်။ လီရှောင်လျန်မှာ ဂနာမငြိမ်ဖြစ်နေလေသည်။
"တကယ်လို့ လုပ်အားပေးသာဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ၊ အဲဒါက ဆယ်ယောက်သွားရင် ကိုးယောက်သေတဲ့ အလုပ်ပဲလေ၊ ငါတို့ကလေးတွေက အခုမှ မွေးခါစပဲရှိသေးတာ"
လင်းယွဲ့က လီရှောင်လျန်၏ပခုံးကို ပုတ်ပေးလိုက်သော်လည်း သူမကို ဘယ်လိုနှစ်သိမ့်ပေးရမည်မှန်း မသိပေ။ တာ့ယာနှင့် ယန်ယိုထျန်းတို့မှာလည်း တင်းမာနေသောအငွေ့အသက်ကို ခံစားရပုံပေါ်ပြီး စကားမပြောရဲကြဘဲ ရေအေးအိုးထဲရှိ ရေအေးများကိုလဲလှယ်ပေးခြင်းနှင့် ထင်းထည့်ခြင်းတို့ကိုသာ တိတ်တဆိတ်ကူညီပေးနေကြလေသည်။ ညနေစောင်းသောအခါ လင်းယွဲ့သည် ကစော်ဖောက်ထားသော ကန်စွန်းဥလေးစည်ကို အရက်အဖြစ် ပေါင်းခံပြီးသွားပြီဖြစ်သည်။
အရက်ကျင်း၂၀၀ခန့် ရရှိမည်ဖြစ်ပြီး အရက်ပါဝင်မှု ၃၀%ခန့် ရှိမည်ဟု သူမ ခန့်မှန်းလိုက်သည်။ လတ်လတ်ဆတ်ဆတ် ပေါင်းခံထားသောအရက်မှာ အရက်ပါဝင်မှုပိုများပြီး နောက်ပိုင်းတွင် ငွေ့ရည်ဖွဲ့လာသော အရက်များမှာ အရက်ပါဝင်မှု လျော့နည်းသွားလေသည်။ အကယ်၍ အညစ်အကြေးများကို လျှော့ချပြီး အရက်ပါဝင်မှုကို တိုးမြှင့်လိုပါက ၎င်းကို နောက်တစ်ကြိမ် ထပ်မံပေါင်းခံနိုင်လေသည်။
သို့သော် လင်းယွဲ့မြည်းစမ်းကြည့်ရာ အရသာကောင်းသည်ဟုထင်သဖြင့် အရင်ဆုံး စမ်းရောင်းကြည့်ရန်ဆုံးဖြတ်လိုက်၏။ ကုလင်က ကုတန်နှင့်အတူ အိမ်ပြန်ရောက်လာသည်။ ကုလင်၏အမူအရာမှာ ယခင်အတိုင်း ဂရုမစိုက်သည့်ပုံပေါက်နေသော်လည်း ကုတန်မျက်နှာမှာ လေးနက်နေလေသည်။
"ဘာဖြစ်လို့လဲ"
လီရှောင်လျန်က အနောက်တွင်ပါလာသော ဝမ်တာ့ကျန်းကို အလျင်စလို ပြေးကြိုလိုက်သည်။ သူမ၏အလျင်စလို လုပ်ရပ်ကြောင့် ရင်ခွင်ထဲရှိ ကလေးငယ်မှာ လန့်နိုးသွားပြီး ကျယ်လောင်စွာငိုလေတော့သည်။
"အိမ်ရောက်မှ ပြောကြတာပေါ့"
သူ့ခွန်အားများ အားလုံးစုပ်ယူခံလိုက်ရသည့်အလား အသက်မပါသောလေသံဖြင့် ဝမ်တာ့ကျန်းပြောလိုက်၏။ လီရှောင်လျန်၏ရင်ထဲတွင် လေးလံသွားလေသည်။ လင်းယွဲ့သတိပေးမှသာ အရက်ကိုယူရန် သူမသတိရသွားပြီး သူတို့အိမ်သို့ အမြန်ပြန်လာခဲ့ကြသည်။
"သူတို့ဘာပြောလဲ"
ကုလင် ပြောလိုက်သည်။
"လုပ်အားပေးနဲ့ စစ်မှုထမ်းရမယ်တဲ့၊ လုပ်အားပေးကို ငွေငါးတေးနဲ့ အစားထိုးလို့ရတယ်၊ စစ်မှုထမ်းဖို့ကတော့ အိမ်တစ်အိမ်ကို ယောကျ်ားတစ်ယောက်ထောက်ပံ့ပေးရမယ်"
"စစ်မှုထမ်း ဟုတ်လား၊ ကျီဝေ့လန်က ဘာလို့ ဒီအကြောင်းမပြောခဲ့တာလဲ"
မည်သို့ပင်ဆိုစေ လုပ်အားပေးနှင့် စစ်မှုထမ်းခြင်းက သူမအိမ်ထောင်စုနှင့် သက်ဆိုင်မည်မဟုတ်ပေ။ သူမတို့အိမ်တွင် အရွယ်ရောက်ပြီးသောယောကျ်ား မရှိပေ။ သူမ ကုလင်ကိုကြည့်ကာ ဘေးသို့ဆွဲခေါ်သွားပြီး တီးတိုးပြောလိုက်သည်။
"ကျွန်မကို အမှန်အတိုင်းပြော၊ ရှင်က ကုလင်ဟုတ်တယ် မဟုတ်လား၊ ကုလင် သေသွားပေမဲ့ ရှင်ကကူးပြောင်းလာတာလေ၊ အမြွှာတို့ ပြန်ပေးဆွဲခံရတယ်တို့ ဆိုတာတွေ အားလုံးက ရှင်လီဆယ်ထားတဲ့အလိမ်အညာတွေပဲ မဟုတ်လား"
ကုလင် ရယ်မောလိုက်သည်။
"မင်း သိသွားတာကြာပြီ မဟုတ်ဘူးလား၊ မင်းက ကိုယ့်ကိုလူလိမ်တစ်ယောက်ကိုကြည့်သလိုမျိုး အမြဲတမ်း သတိထားနေခဲ့တာပဲ"
"ရှင့်မှာသန်းခေါင်စာရင်းမရှိဘူး၊ ဒီလုပ်အားပေးနဲ့ စစ်မှုထမ်းကိစ္စကို ရှင် ဘယ်လိုလုပ်မလဲ"
ကုလင် ပြောလိုက်သည်။
"ခုနက ရွာသူကြီးပြောတာ ဒီလုပ်အားပေးနဲ့ စစ်မှုထမ်းကိစ္စမှာ မိသားစုတိုင်းက လူတစ်ယောက်စီပေးရုံတင်မဟုတ်ဘူးတဲ့၊ စစ်မှုထမ်းဖို့အတွက် မာယန်ရွာကနေ ယောကျ်ားသား ၈၀လည်း စုပေးရမယ်တဲ့၊ ကိုယ်တို့ရွာမှာ အိမ်ခြေ ၈၀တောင်မရှိတာကို လိုနေတဲ့ အရေအတွက်ကို သူတို့ ဘယ်လို ဖြည့်မလဲ၊ ကိုယ်တို့ သန်းခေါင်စာရင်းမှာ အရွယ်ရောက်တဲ့ ယောကျ်ားမရှိဘူး၊ ဒါပေမဲ့ ကိုယ်ဒီမှာရှိနေတယ်၊ လူမလုံလောက်ရင် သူတို့ ကိုယ့်ကို အရင်လာရှာလောက်တယ်"
"ဒါဆို ရှင့်ရဲ့သန်းခေါင်စာရင်းကရော"
"အဲဒါအတွက် ကိုယ့်မှာဆင်ခြေတစ်ခု အသင့်ရှိပြီးသားပါ၊ ပြီးခဲ့တဲ့အကြိမ်က ဓားပြတွေ ခိုးသွားတယ်လို့ပြောလိုက်မယ်၊ ပြီးတော့ လူမလုံလောက်ရင် သူတို့ကအရေအတွက်ပြည့်ဖို့လောက်ပဲ လိုချင်မှာ၊ လူတစ်ယောက်က စာရင်းမဝင်ဘူးဆိုတာကို သူတို့ဂရုစိုက်မှာ မဟုတ်ဘူး"
လင်းယွဲ့ရင်ထဲတွင် လေးလံသွားလေသည်။ ယခုလေးတင် သူမက ကုလင်၏သိုင်းပညာကို မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် အခြေအနေများ ရှုပ်ထွေးလာပါက သူရှိနေခြင်းမှာ သူတို့လုံခြုံရေးကို အနည်းဆုံးတော့ သေချာစေမည်ဟု တွေးခဲ့ခြင်းဖြစ်သည်။
‘ပြီးတော့ စုဟိုင်လည်း ရှိသေးတယ်၊ အရင်သူသတ်ခဲ့တဲ့လူတွေ အားလုံးက ပြဿနာတွေ အများကြီးလို့ဆိုလိုတာပဲ၊ ဒါပေမဲ့ သူက ဘာလို့စစ်သားထပ်လုပ်ရမှာလဲ’
လင်းယွဲ့မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး သူမနှုတ်ခမ်းထောင့်များက အနည်းငယ်အောက်သို့ ကွေးကျသွားလေသည်။ သူမမျက်နှာတစ်ခုလုံးက မပျော်ရွှင်မှုကိုဖော်ပြနေလေသည်။ ကုလင်က သူမပါးကိုဆွဲညှစ်လိုက်၏။
"ဘာလဲ၊ မင်း ကိုယ်နဲ့မခွဲနိုင်ဘူးလား"
လင်းယွဲ့က သူ့ကိုအေးစက်စက်ဖြင့်သာစိုက်ကြည့်လိုက်သည်။
"ဒီလုပ်အားပေးက ဆယ်ယောက်သွားရင် ကိုးယောက်သေတဲ့အလုပ်ပဲလေ၊ မင်း ကိုယ့်ကိုမစိုးရိမ်ဘူးလား"
ကုလင် သက်ပြင်းချလိုက်သည်။
"သေဆုံးမှုပိုများတဲ့ စစ်မှုထမ်းဖို့ကိစ္စတော့ ပြောစရာတောင်မလိုတော့ပါဘူး"
"ဘာလို့ စစ်မှုထမ်းရပြန်တာလဲ၊ ရွာသူကြီးကပြောသေးလား"
"မပြောဘူး"
ကုလင် ခေါင်းခါလိုက်သည်။
"နယ်စပ်ကိုကာကွယ်ဖို့ ဒါမှမဟုတ် ကျန်းရှခရိုင်က ပုန်ကန်မှုကိုနှိမ်နင်းဖို့ ဖြစ်လောက်တယ်"
ထိုအချိန်တွင် ကုတန် ရုတ်တရက်ပြေးလာပြီး ကုလင်ကိုဖက်ကာ မျက်ရည်များ စီးကျနေလျက်ပြောလိုက်သည်။
"အစ်ကို၊ အစ်ကိုကြီးကလည်း စစ်မှုထမ်းဖို့နဲ့ သေသွားတာမကြာသေးဘူးလေ၊ အစ်ကို့ကိုလည်း ကျွန်တော်မသွားစေချင်ဘူး"
တာ့ယာလည်း နောက်ဆုံးတွင် အခြေအနေကိုနားလည်သွားပြီး ကုလင်ကို ကြောက်ရွံ့စွာဖက်ထားလေသည်။ ကုလင်က ကုတန်နှင့် တာ့ယာတို့၏ခေါင်းများကို ပုတ်ပေးလိုက်၏။ လင်းယွဲ့မျက်နှာ မကောင်းသည်ကိုမြင်သောအခါ နောက်ပြောင်ချင်နေသော အတွေးများကို ရုပ်သိမ်းပြီးပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ကိုယ်ဘာမှမဖြစ်ပါဘူး"
ကုလင် ပြောလိုက်သည်။
"စစ်မှုထမ်းဖို့ကိစ္စက လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဖြစ်လာမယ်လို့ ရွာသူကြီးကပြောတယ်၊ ပြီးတော့ ကိုယ့်ကို ရွာထဲကမထွက်ဖို့လည်း သူပြောတယ်၊ တစ်ကယ်လို့ ကိုယ်ထွက်သွားရင် ကလေးသုံးယောက်နဲ့မင်းတို့ ခရိုင်မြို့တော်မှာနေတာ အကောင်းဆုံးပဲ"
"ကျွန်မ စဉ်းစားပါရစေဦး"
လင်းယွဲ့စိတ်ထဲတွင် ရှုပ်ထွေးနေလေသည်။ ဆိုင်နောက်ရှိအခန်းမှာ သေးငယ်လွန်းသဖြင့် သူတို့လေးယောက်လုံး ဘေးချင်းယှဉ်အိပ်ရန် အင်မတန်ကျပ်တည်းလွန်းပေမည်။ လင်းယွဲ့၏စိတ်အခြေအနေနှင့်မတူဘဲ ကုလင်မှာ စိတ်ထဲမှတိတ်တဆိတ်ဝမ်းသာနေလေသည်။
သူက တာဝန်တစ်ခုဖြင့်လာခဲ့ခြင်းဖြစ်ပြီး ရှီထိုင်ခရိုင်နှင့် လုံရှီးခရိုင်တို့၏ ကာကွယ်ရေးစနစ်ကို သူအပြည့်အဝ နားလည်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ ပုန်ကန်ရန် အခွင့်အရေးမရှိသဖြင့် သူ စိုးရိမ်နေစဉ်မှာပင် အစိုးရကသံလွင်ခက်ကမ်းလှမ်းလာလေသည်။ အခွန်များကြီးလေးစွာကောက်ခံပြီးနောက် စစ်မှုထမ်းခြင်းနှင့် လုပ်အားပေးခြင်းတို့က ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီဖြစ်သည်။
ဤသည်မှာ ပြည်သူလူထု၏ဒေါသကို လှုံ့ဆော်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်လေသည်။ ကုလင်က မြေပဲလှော်အနည်းငယ်ဖြင့် သူ့အရက်ကိုမျိုချလိုက်၏။ သူ တစ်ခွက်၏တစ်ဝက်ပင် မကုန်သေးခင်မှာပင် မျက်နှာမှာ နီရဲနေပြီဖြစ်သည်။ ထိုနေ့ ညစာစားပြီးနောက် လင်းယွဲ့က သတင်းနားထောင်ရန် ရွာထိပ်ရှိ ဂျင်ဂိုပင်အောက်သို့သွားခဲ့သည်။
ဂျင်ဂိုပင်မှာ အရွက်များအားလုံး ကြွေကျနေပြီဖြစ်ပြီး မီးခိုးရောင် သစ်ကိုင်းများသာ ကျန်ရစ်ကာ အထီးကျန်ဆန်သော အငွေ့အသက်ကို ထုတ်လွှတ်နေလေသည်။ သစ်ပင်အောက်တွင်ထိုင်နေကြသော ရွာသားများမှာ စိုက်ပျိုးရေးလုပ်ငန်းများ နားချိန်တွင်ရရှိတတ်သော အားလပ်ချိန်မျိုးမရှိကြတော့ဘဲ လူတိုင်းမျက်နှာတွင် စိုးရိမ်ပူပန်မှုများပြည့်နှက်နေလေသည်။
"ငါတို့ ဘာလုပ်နိုင်မှာလဲ၊ ဒီနှစ်တော့ နှစ်သစ်ကူးကို ကောင်းကောင်းဖြတ်သန်းနိုင်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဆောင်းဦးအခွန်နှစ်ဆ၊ လုပ်အားပေး၊ ပြီးတော့ စစ်မှုထမ်းတာတွေနဲ့ဆိုတော့ သူတို့က ငါတို့ကိုအသက်မရှင်စေချင်ဘူးပဲ"
"သူတို့မနှစ်ကမှ လူသစ်စုခဲ့တာလေ၊ ဘာလို့ထပ်လုပ်ရပြန်တာလဲ၊ နယ်စပ်က ရှုံးနိမ့်နေတယ်လို့ ငါကြားတယ်၊ ပြီးတော့ သိမ်းပိုက်ခံရတဲ့မြို့တွေက မီးရှို့၊ အသတ်ခံ၊ လုယက်ခံရပြီး သေကြေဒဏ်ရာရသူတွေ အများကြီးပဲတဲ့၊ အဲဒီ စစ်သူကြီးတွေက အသုံးမကျဘူးလား"
"လုပ်အားပေးအတွက်ဆို ငါတို့က ကိုယ်ပိုင်အစားအသောက်တွေယူသွားရမယ်၊ ဒါပေမဲ့ ကန်စွန်းဥက ရေဓာတ် အများကြီးပါပြီး လေးတော့ ငါတို့ ဘယ်လိုလုပ်သယ်သွားရမှာလဲ"
"သနားစရာ ငါ့ယောကျ်ားလေး၊ ဘာလို့ သူ ဒီလောက်တောင်ဒုက္ခရောက်နေရတာလဲ၊ သူက လုပ်အားပေးကိုရှောင်လို့ရပေမဲ့ စစ်မှုထမ်းဖို့ကိုတော့မရှောင်နိုင်ဘူး"
ခွန်အားမဲ့မှုခံစားချက်တစ်ခုက လင်းယွဲ့ရင်ထဲတွင် ပျံ့နှံ့သွားလေသည်။ ရွာသားများ၏ဝမ်းနည်းနေသော မျက်နှာများကိုမြင်သောအခါ သူမလည်း မသေချာမရေရာသော အနာဂတ်၏နာကျင်မှုကို ခံစားလိုက်ရ၏။ သို့သော် သူမတတ်နိုင်သော အခန်းကဏ္ဍမှ ပါဝင်ကူညီလိုသေးသည်။
လုပ်အားပေးနှင့် စစ်မှုထမ်းခြင်းတို့ကြောင့် လူများက ခရီးဆုံးသို့မရောက်မီ သူတို့ကိုယ်ပိုင် အစားအစာများနှင့် ဟင်းချက်စရာပစ္စည်းများကို ယူဆောင်သွားရမည်ဖြစ်သည်။ သို့သော် ခရီးစဉ်မှာ ယေဘုယျအားဖြင့် ရှည်လျားပြီး ပင်ပန်းနေပြီဖြစ်ရာ လေးလံသော အစားအစာများကို သယ်ဆောင်ရန်မှာ ဆိုဖွယ်ရာမရှိတော့ပေ။ ကန်စွန်းဥတွင် ရေဓာတ်အများအပြား ပါဝင်သဖြင့် ကြီးမားပြီး လေးလံလေသည်။
သို့သော် အကယ်၍ ၎င်းတို့ကို ကန်စွန်းဥကစီမှုန့်အဖြစ် ပြုလုပ်ပါက ပါးလွှာသော ကိတ်မုန့်များအဖြစ်ဖြန့်ကျက်ကာ တိုက်ရိုက်စားသည်ဖြစ်စေ ခေါက်ဆွဲအဖြစ်ပြုလုပ်ကာ ခရီးသွားစဉ်အတွင်း အိုးထဲတွင်ချက်စားသည်ဖြစ်စေ အလွန်အဆင်ပြေပေမည်။ ထို့ပြင် ဤကာလအတွင်း ကောက်ပဲသီးနှံဈေးနှုန်းများ မြင့်မားနေဆဲဖြစ်သဖြင့် ကန်စွန်းဥကို ကောက်ပဲသီးနှံများဖြင့် လဲလှယ်ခြင်းမှာ တွက်ချေမကိုက်ပေ။ ၎င်းတို့ကို ကန်စွန်းဥကစီမှုန့်အဖြစ် ပြုလုပ်ခြင်းက ပိုကောင်းလေသည်။
ဆုံးဖြတ်ပြီးနောက် လင်းယွဲ့အိမ်ပြန်ပြီး အရင်ဆုံး စမ်းလုပ်ကြည့်ရန် စီစဉ်လိုက်၏။ လုပ်ငန်းစဉ်ကို ရိုးရှင်းအောင် ပြုလုပ်ပြီးနောက် သူမကရွာသားများကို ပြောပြမည်ဖြစ်သည်။