← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

Ch-145

ကန်စွန်းဥ ကစီမှုန့်ပြုလုပ်ရသည်မှာ အလွန်လွယ်ကူသည်။ ရေဆေး၊ ကြိတ်၊ ရေဖြင့်စစ်၊ ခြေမွ၊ ဖြန့်ကျက်ပြီး အခြောက်လှန်းရုံသာ ဖြစ်သည်။ လင်းယွဲ့က လားကို အနှစ်များကြိတ်ခိုင်းစဉ် လီရှောင်လျန်ကိုလည်း ၎င်းအားမည်သို့ပြုလုပ်ရမည်ကို ပြောပြနေလေသည်။ သို့သော် အချိန်က ခုနစ်နာရီထိုးနေပြီဖြစ်ပြီး မှိန်ပျပျဖယောင်းတိုင်အလင်းရောင်က ကျောက်ကြိတ်ဆုံကို သီသီလေးသာလင်းထိန်ပေးနိုင်လေသည်။ လင်းယွဲ့က သူမအဝတ်အစားများကိုဆွဲစိလိုက်၏။

အချိန်မလုံလောက်သဖြင့် သူမက ကန်စွန်းဥ တစ်စိတ်တစ်ပိုင်းကိုသာ ကြိတ်ခဲ့လေသည်။ အိမ်သို့ယူသွားပြီးနောက် ၎င်းတို့ကိုပိတ်ပါးစများတွင် ထည့်၍ ကြိုးဖြင့်လေထဲတွင် တွဲလောင်းချည်ကာ ကစီမှုန့် အနည်ထိုင်စေရန် ရေထည့်လိုက်လေ၏။ သို့သော် လီရှောင်လျန်၏မျက်နှာမှာ ဝမ်းနည်းမှုများဖြင့်ပြည့်နှက်နေပြီး သူမစိတ်က အနှစ်ကြိတ်ခြင်းအပေါ်တွင်မရှိဘဲ တွေဝေငေးမောနေလေသည်။

"ဒီလိုဖြစ်မယ်မှန်းသိရင် ငါတို့မိသားစု ခွဲမှာမဟုတ်ဘူး၊ ဒါဆိုတာ့ကျန်း စစ်မှုထမ်းဖို့ သွားစရာမလိုလောက်ဘူး၊ ငါ့ကလေးက အခုမှမွေးခါစပဲရှိသေးတာကို သူက ထွက်သွားရတော့မယ်၊ ငါတို့ ဘယ်လိုဆက်အသက်ရှင်ရမလဲ၊ ဒီစစ်မှုထမ်းရမယ့်ကာလက သုံးနှစ်တောင်ကြာမှာတဲ့၊ သုံးနှစ်တဲ့နော်"

သူမမျက်ရည်များ ရုတ်တရက် စီးကျလာလေသည်။

"စစ်မြေပြင်ဆိုတာ ဆယ်ယောက်သွားရင် ကိုးယောက်သေတဲ့နေရာလေ၊ ပြီးတော့ သူက သိုင်းပညာလည်းမတတ်ဘူး၊ သူ့အတွက် ဘာတွေဖြစ်လာမလဲ၊ ပြီးတော့ နန်းတွင်းရဲ့စစ်ဘက်ဆိုင်ရာ ရိက္ခာတွေ နည်းပါးနေပြီလို့ ငါကြားတယ်၊ တစ်ကယ်လို့ သူတို့ဗိုက်ဝအောင်တောင်မစားရရင် ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ"

"ကျူးကျူးလေးက ဒီလောက်ငယ်သေးတာ၊ တာ့ကျန်းရဲ့လက်ကိုကိုင်ပြီး 'ဖေဖေ'လို့ ခေါ်နေတာကြည့်ရင်း ငါ တကယ်ကို...."

လင်းယွဲ့က လက်ကိုင်ပဝါတစ်ထည်ကို တိတ်တဆိတ် ကမ်းပေးလိုက်သည်။ ဤကိစ္စမှာ အသက်အန္တရာယ်နှင့် သက်ဆိုင်နေသဖြင့် သူမနှစ်သိမ့်မှုမှာ အသက်မပါဘဲ ခွန်အားမဲ့နေလေ၏။

"ကောင်းတဲ့လူတွေကို ကောင်းကင်ဘုံက ကောင်းချီးပေးမှာပါ"

သူမ ထိုသို့သာပြောနိုင်လေသည်။ သို့သော် လီရှောင်လျန်က သူမမျက်ရည်များကိုသုတ်ကာ အတင်းပြုံးလိုက်သည်။

"ထားလိုက်ပါတော့၊ ဒီအကြောင်းတွေ နင့်ကို ဘာလို့ပြောနေမိတာလဲ၊ တာ့ကျန်း ရှေ့တန်းကိုဗိုက်ပြည့်ပြည့်နဲ့ သွားနိုင်အောင် အနည်းဆုံးတော့ ကန်စွန်းဥကစီမှုန့်ဘယ်လိုလုပ်ရမလဲဆိုတာကို မှတ်မိအောင် ကြိုးစားတာပိုကောင်းပါတယ်"

လင်းယွဲ့က စကားတစ်ခွန်းမျှမပြောဘဲ သူမပခုံးကို ပုတ်ပေးလိုက်သည်။ ကန်စွန်းဥကစီမှုန့် လုပ်ပြီးသွားသောအခါ လင်းယွဲ့မှာ အင်မတန်ပင်ပန်းနွမ်းနယ်နေလေ၏။ ထိုအချိန်တွင် ကုလင်က သူမခြေထောက်စိမ်ရန်အတွက် ရေနွေးယူလာပေးသည်။

"ခြေထောက် စိမ်လိုက်ဦး"

သူမနှင့် တာ့ယာက ဇလုံတစ်လုံးကို အတူသုံးကြပြီး ယိုထျန်းနှင့် ကုတန်က နောက်တစ်လုံးကို အတူသုံးကြကာ ကုလင်က တစ်လုံးသီးသန့်သုံးလေသည်။ မှိန်ပျပျမီးအလင်းရောင်အောက်တွင် သူတို့ငါးယောက် ခြေထောက်စိမ်နေကြရာ မိသားစု၏နွေးထွေးမှုခံစားချက် အစစ်အမှန်တစ်ခုကို ဖန်တီးပေးနေလေသည်။ တာ့ယာက လင်းယွဲ့ခြေထောက်ကို အသာနင်းကာ ညစ်တစ်တစ်ပြုံး၍ ပြောလိုက်သည်။

"အစ်မရဲ့ခြေထောက်ကို နင်းထားတော့ သိပ်မပူတော့ဘူး"

"အစ်ကို ပုံပြင်ပြောပြပါဦး"

တာ့ယာက ကုလင်ကိုအမြန်လှမ်းကြည့်လိုက်ပြန်သည်။ ကုလင်က သူတို့ခြေဆေးဇလုံများထဲသို့ ရေနွေးအနည်းငယ် ထပ်ထည့်ပေးရင်း ပြုံးကာပြောလိုက်၏။

"ဒါဆို ဒီနေ့ အိုးခွက်တွေကိုခွဲပြီး လှေတွေကို မြှုပ်ပစ်တဲ့အကြောင်း ပုံပြင်ပြောပြမယ်"

ကုလင်၏ကြည်လင်ပြီး နူးညံ့သော အသံဖြင့်ပြောပြနေစဉ် လူတိုင်းကို ပုံပြင်ထဲသို့ ဆွဲသွင်းသွားလေသည်။ သူ ပြောပြီးသွားသောအခါ ကုတန်က သဘောပေါက်သွားသည့်ဟန်ဖြင့်ပြောလိုက်သည်။

"ဆန္ဒရှိရင် နည်းလမ်းရှိတယ်ဆိုတဲ့ပုံစံပဲ၊ သေချင်တဲ့ ဆန္ဒရှိသရွေ့ အရာရာတိုင်း အောင်မြင်နိုင်တယ်၊ အရင်တုန်းက တာ့ယုံမင်းဆက်တည်ထောင်စမှာ စစ်အင်အားမတောင့်တင်းဘဲ ဘဏ္ဍာရေးလည်း မကြွယ်ဝပေမဲ့ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ယူမယ်ဆိုတဲ့ တည်ထောင်သူဧကရာဇ်ရဲ့ သန္နိဋ္ဌာန်ကြောင့် ဟန်တွေကိုအကြိမ်ကြိမ်အနိုင်ယူပြီး ဝေးလံခေါင်သီတဲ့နေရာတွေဆီ မောင်းထုတ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ တာ့ယုံက နယ်စပ်စစ်သူကြီးတွေ အာဏာအရမ်းကြီးလာမှာကို သံသယရှိပြီး တင်းကောမြို့စားကြီးကို သတ်ပစ်လိုက်တယ်၊ အဲဒါကြောင့် သူ့ရဲ့တင်းကောတပ်မတော်ကြီးက တခြားတပ်တွေထဲကိုခွဲထုတ်ခံလိုက်ရပြီး အင်အားတွေ ဆုံးရှုံးသွားခဲ့တယ်၊ ဟန်တွေပြန်လာတဲ့အခါ တာ့ယုံမှာ ရည်မှန်းချက်မရှိတော့ဘဲ ငြိမ်းချမ်းရေးသာလိုလားပြီး လုံခြုံရေးအတွက် လက်ဆောင်ပဏ္ဏာတွေ ဆက်သခဲ့ရတယ်၊ ဒီလိုလုပ်တာက ဟန်တွေရဲ့ အလိုရမ္မက်နဲ့ စစ်အင်အားကို ပိုကြီးထွားလာစေပြီး နယ်စပ်တွေကို အကြိမ်ကြိမ်နှောင့်ယှက်လာစေတယ်၊ တာ့ယုံရဲ့နိုင်ငံတော်အင်အားက အားနည်းပြီး ဘဏ္ဍာတိုက်က ဟာလာဟင်းလင်းဖြစ်နေတာကိုသိလို့ သူတို့က တာ့ယုံရဲ့တစ်စိတ်တစ်ပိုင်းကို ကိုက်ဖြတ်ချင်တာ ဒါမှမဟုတ် တာ့ယုံတစ်ခုလုံးကိုတောင် မြိုချချင်နေကြတာ"

ကုလင်က ကုတန်ခေါင်းကိုပုတ်ပေးလိုက်သည်။

"မင်းက တော်တော်ထက်မြက်တာပဲ၊ ဒီနိုင်ငံရေးကိစ္စတွေကို ဘယ်လိုလုပ်သိနေတာလဲ"

"ကျွန်တော် စာဖတ်ရတာ ဝါသနာပါတယ်"

ကုတန်က နှုတ်ခမ်းကိုဖိကိုက်ကာ ပြုံးလိုက်ရင်း ကုလင်၏ ချီးကျူးမှုကြောင့် အနည်းငယ် ရှက်သွားလေသည်။

"ကျွန်တော် စာဖတ်ဝါသနာပါတာကို သခင်လေးဝမ်က သိတယ်၊ နန်းတွင်း စာမေးပွဲတွေက စာအုပ်တွေထဲက အသိပညာတွေကိုသာမက ရှေးဟောင်းနဲ့ ခေတ်သစ်အကြောင်းတွေကိုလည်း နားလည်ဖို့လိုတယ်လို့ ပြောပြီး သူက ကျွန်တော့်ကိုဖတ်ဖို့ စာအုပ်တချို့ပေးထားတယ်"

"သခင်လေးဝမ် ဟုတ်လား"

ကုလင်က လင်းယွဲ့ကိုလှမ်းကြည့်လိုက်သည်။

"သူက တော်တော်သဘောကောင်းတာပဲ"

"အစ်ကိုလည်း အဲဒီလိုထင်တာပဲလား"

ကုတန်က ပျော်ရွှင်စွာဖြင့်အော်ပြောလိုက်ရာ သူ့မျက်လုံးများ တောက်ပနေလေသည်။

"သခင်လေးဝမ်က တကယ်ကို နူးညံ့တဲ့ စိတ်သဘောထားရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ပါ၊ ဒီလောက် ဗဟုသုတများပြီး နူးညံ့သိမ်မွေ့တဲ့သူမျိုးကို ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူး၊ သူနဲ့သိတာ အချိန်တိုလေးပဲရှိသေးပေမဲ့ သူက ကျွန်တော့်ရဲ့ အတွေးတွေကို နားလည်နေပြီဖြစ်ပြီး လူတွေကိုလည်း ရိုးရိုးသားသား ဆက်ဆံတယ်"

ကုတန်က လက်သီးကိုဆုပ်ထားကာ သူ့အကြည့်များက ခိုင်မာနေလေသည်။

"ကျွန်တော် အနာဂတ်မှာ သခင်လေးဝမ်လိုလူမျိုးဖြစ်ချင်တယ်"

ကုလင်က ကုတန်ကိုဖြတ်ခနဲကြည့်လိုက်ပြီး သူ့ပေါင်ပေါ်သို့ ပဝါတစ်ထည်ပစ်ပေးလိုက်သည်။

"သုတ်လိုက်တော့"

ကုတန်က အကြောင်းရင်းကိုနားမလည်သော်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် ကုလင်က ပဝါအသစ်တစ်ထည်ကို လက်ထဲတွင်ကိုင်ကာ လင်းယွဲ့ကိုကြည့်လိုက်၏။

"မင်းရဲ့လက်တွေ အေးနေပြီ၊ မင်းရဲ့ ခြေထောက်တွေကို သုတ်လိုက်"

လင်းယွဲ့က သူ့ကိုကြည့်လိုက်သည်။ သူလည်း လင်းယွဲ့ကို စိုက်ကြည့်ရင်း ပဝါကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ့ဒူးကို လက်ညှိုးထိုးပြလိုက်၏။

"မင်းရဲ့ခြေထောက်တွေကို ဒီပေါ်တင်လိုက်"

"ကျွန်မကိုပဲ ပေးလိုက်ပါ"

လင်းယွဲ့က ရှေးခေတ်လူတစ်ယောက် မဟုတ်သလို ခြေထောက်များကို အမျိုးသမီးတစ်ဦး၏သီးသန့် အစိတ်အပိုင်းတစ်ခုအဖြစ်လည်း မသတ်မှတ်ထားပေ။ သို့သော် ကလေးသုံးယောက်က စိုက်ကြည့်နေသဖြင့် သူမ အနည်းငယ်ရှက်ရွံ့နေမိသည်။ သို့သော် ကုလင်က သူမခြေကျင်းဝတ်ကို တိုက်ရိုက်ဆုပ်ကိုင်ကာ ညင်သာစွာ မ,တင်လိုက်ပြီးနောက် သူ့အခြားလက်တစ်ဖက်ဖြင့် ပဝါကိုဖိလိုက်မည်ဟု မည်သူထင်မည်နည်း။

"ဟေး"

ရုတ်တရက် သူ့လုပ်ရပ်ကြောင့် လန့်သွားသော လင်းယွဲ့မှာ ဟန်ချက်ထိန်းနိုင်ရန် စားပွဲကို ကမန်းကတမ်းလှမ်းကိုင်လိုက်ရသည်။ သူမခြေထောက်ကို နောက်သို့ဆွဲယူချင်နေလေသည်။ သူမခြေကျင်းဝတ်ကိုဆုပ်ကိုင်သည်မှာ အားမပါသော်လည်း လင်းယွဲ့ဆွဲယူရန် ကြိုးစားသောအခါ သူကပို၍ တင်းကျပ်စွာဆုပ်ကိုင်လိုက်သဖြင့် လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

"မလှုပ်နဲ့"

သူမခြေထောက်ကို ပဝါဖြင့်ဖုံးအုပ်ပေးရင်း သူက ဩရှရှအသံဖြင့် ညင်သာစွာ ပြောလိုက်သည်။

"ဒီနေ့ ပင်ပန်းနေပြီလား"

လင်းယွဲ့က သူ့ကိုဇဝေဇဝါဖြင့်ကြည့်လိုက်သည်။ သူမ၏သွေးကြောဆုံမှတ်များပေါ်သို့ သူ့လက်က ဖိနှိပ်ပေးနေပြီး တစ်ခါတစ်ရံညင်သာကာ တစ်ခါတစ်ရံ ပြင်းထန်သော်လည်း အလွန် သက်သောင့်သက်သာရှိလှသည်။

"မင်းရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေဖို့ပါ၊ ဒီတလော မင်းက အမြဲတမ်း သွားလာလှုပ်ရှားနေရပြီး လှည်းနဲ့ ခရီးသွားနေရတာလေ၊ မင်းရဲ့ ခြေထောက်တွေက ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ အားလုံးဆုံတဲ့နေရာပဲ၊ နှိပ်နယ်ပေးတာက မင်းကို ကောင်းကောင်းအိပ်ပျော်စေလိမ့်မယ်"

ကုလင်အသံမှာ တိုးညင်းပြီးနှေးကွေးကာ သူ့ပုံမှန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသွင်အပြင်နှင့် မတူဘဲ တခြားလူတစ်ယောက်ကဲ့သို့ဖြစ်နေလေသည်။ ဖယောင်းတိုင်အလင်းရောင်က သူ့မျက်နှာပေါ်သို့ ကျရောက်နေပြီး မှိန်ပျပျအဝါရောင် အလင်းရောင်က ထင်ရှားသော သူ့မေးရိုးအချိုးအစားကို ပုံဖော်ပေးနေသဖြင့် အထူးချောမောခံ့ညားပုံပေါက်နေစေလေသည်။

ကုတန်က တာ့ယာခြေထောက်များကို သုတ်ပေးပြီးနောက် ပဝါကို ယိုထျန်းအားပေးလိုက်၏။ ထို့နောက် သူတို့သုံးယောက်အိပ်ရန် အမြန်ပြေးသွားကြလေသည်။ လင်းယွဲ့မှာ ကုလင်၏နှိပ်နယ်ပေးမှုကြောင့် အလွန်တရာ သက်သောင့်သက်သာဖြစ်ကာ အိပ်ချင်လာလေသည်။

"ကိုယ် ခဏလောက် ဒီမှာရှိမှာမဟုတ်ဘူး၊ ဒါကြောင့် မင်းကိုယ်မင်းဂရုစိုက်ရမယ်နော်"

ကုလင် ပြောလိုက်သည်။

"အဲဒီစုဟိုင်က အထင်သေးလို့ရတဲ့ လူစားမျိုးမဟုတ်ဘူး၊ ကိုယ့်ကိုမေးရင်တော့ မနက်ဖြန်ကလေးသုံးယောက်ကို ခရိုင်ထဲခေါ်သွားပြီး မင်းတို့အတူတူနေသင့်တယ်၊ ခရိုင်မြို့တော်ထဲမှာတော့ စုဟိုင်က ပြဿနာရှာရဲမှာမဟုတ်ဘူး"

လင်းယွဲ့ အနည်းငယ်တွေဝေသွားလေသည်။

"အဓိက ပြဿနာက ကျွန်မပစ္စည်းတွေ ပို့ရဦးမယ်လေ၊ တာ့ကွမ်ဘုန်းကြီးကျောင်းအတွက် ဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်အတွက် ဖြစ်ဖြစ်၊ အစ်မရှောင်လျန်အတွက် ဖြစ်ဖြစ်ပေါ့"

"ပစ္စည်းတွေလာယူဖို့ လူတွေ လွှတ်လိုက်မယ်လို့ ကျီဝေ့လန်ပြောတယ် မဟုတ်ဘူးလား၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကလမ်းကြုံနေတာပဲ၊ သူတို့ကိုကူပို့ပေးဖို့ မင်း အကူအညီ တောင်းလို့ရတာပဲ"

လင်းယွဲ့ ပို၍ပင်တွေဝေသွားလေသည်။ ထို့နောက် ကုလင်မှပြောလာသည်။

"ကိုယ်ပြန်လာတဲ့အခါ မင်းကိုကာကွယ်ပေးမယ့်သူရှိပြီဆိုတော့ မင်းကြိုက်သလို သွားပို့လို့ရပါပြီ"

"ရှင် ပြန်လာမယ်ဟုတ်လား၊ အဲဒါက သုံးနှစ်တောင်ကြာမှာနော်"

လင်းယွဲ့က သူမခြေထောက်များကို ပြန်ရုတ်လိုက်ပြီး ဖိနပ်စီးလိုက်သည်။

"နားလည်ပါပြီ၊ မနက်ဖြန် သူတို့ အားလုံးကို ခရိုင်ထဲခေါ်သွားပါ့မယ်"

အမှန်ပင် လင်းယွဲ့က ထိုအကြောင်းကို စဉ်းစားနေသည်မှာကြာပြီဖြစ်ပြီး သူမမိသားစုကို ခရိုင်ထဲသို့ခေါ်သွားခြင်းမှာ အကြံကောင်းတစ်ခုဖြစ်ကြောင်းခံစားနေရသည်။ မနေ့က သူမပစ္စည်းသွားပို့ရင်း ရွာတချို့ကိုဖြတ်သွားသောအခါ တောဟင်းသီးဟင်းရွက်များခူးနေသည့်ပိန်လှီလှီလူများကို အများကြီးတွေ့ခဲ့ရ၏။ သစ်ခေါက်တော်တော်များများပင် ခွာယူခံထားရသည်။

လားလှည်းဖြတ်သွားစဉ် အချို့လူများက သူတို့လှည်းပေါ်ရှိ ပစ္စည်းများကို ပြင်းပြရက်စက်သောမျက်လုံးများဖြင့် ကြည့်နေကြလေသည်။ ဤအခြေအနေက မကောင်းလှပေ။ ဆာလောင်မွတ်သိပ်မှုသည် လူများကို အသိတရားကင်းလွတ်သွားစေနိုင်သည်။ အကယ်၍ မာယန်ရွာတွင်သာ ကန်စွန်းဥများမရှိခဲ့လျှင် အခြေအနေမှာ ဤမျှလောက်ပင် ကောင်းမွန်နေမည်မဟုတ်ပေ။

သို့သော် ရွာ၌ကန်စွန်းဥများရှိနေခြင်းကြောင့်ပင် မကောင်းသော ရည်ရွယ်ချက်ရှိသူများက ရိက္ခာများ လာရောက်လုယက် ခိုးယူမည်ကို လင်းယွဲ့စိုးရိမ်ပူပန်နေမိသည်။ ကုလင်ထွက်သွားပြီး ကလေးသုံးယောက်တည်းကို ရွာထဲတွင်ချန်ထားခဲ့မည်ဆိုလျှင် အစ်မရှောင်လျန်က ကူညီစောင့်ရှောက်ပေးမည်ဆိုသည့်တိုင်အောင် အလွန် အန္တရာယ်များနေဦးမည်သာဖြစ်သည်။ သို့ဖြစ်ရာ သူတို့အားလုံးကို ခရိုင်မြို့တော်ထဲသို့ ခေါ်သွားခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု လင်းယွဲ့ ဆုံးဖြတ်လိုက်သည်။

ကုတန်ကို အနီးအနားရှိကျောင်းတစ်ကျောင်းတွင် အပ်ပေးနိုင်သည်။ သူတို့က အခန်းတစ်ခန်းငှားနိုင်သည် သို့မဟုတ် ဧည့်ခန်းထဲတွင် စားပွဲတစ်လုံးကိုပင် မျှသုံး၍ရလေသည်။ ဆုံးဖြတ်ချက်ချပြီးနောက် လင်းယွဲ့က အိမ်ထဲမှ စောင်တစ်ထည်ကိုယူကာ ကုလင်ထံသို့ ကမ်းပေးလိုက်၏။

"ရော့ ဒါကို စားပွဲပေါ်မှာခင်းပြီးအိပ်လိုက်"

"ကိုယ်က မင်းရဲ့ယောကျ်ားလေ၊ ဒီစားပွဲက အရမ်းသေးလွန်းတော့ ကွေးအိပ်ရင်တောင် ခြေထောက်ဆန့်လို့မရဘူး၊ မင်းက ဒီလိုလုပ်ရက်တယ်ပေါ့"

"ဒါဆို ရှင် ကုတန်နဲ့ ယိုထျန်းဆီသွားတိုးအိပ်လိုက်"

လင်းယွဲ့က စောင်ကို ကုလင်ရင်ခွင်ထဲသို့ ဖိထည့်ပေးလိုက်သည်။

"အိုး ဟုတ်သားပဲ၊ ရှင့်ခရီးစဉ်အတွက် အစားအသောက်တချို့ နောက်မှ ကျွန်မ ပြင်ဆင်ပေးမယ်၊ သုံးရက်နေရင် ကျွန်မဆီကနေလာယူဖို့ ခရိုင်မြို့တော်ကို လာခဲ့လို့ရတယ်"

ယန်ယိုထျန်းမှာ သဘာဝအလျောက် သာမန်ထက်လွန်ကဲသော ခွန်အားကို ပိုင်ဆိုင်ထားပြီး ကန်စွန်းဥအရက်နှစ်စည်ကို လားလှည်းပေါ်သို့ အားစိုက်စရာမလိုဘဲ တင်ပေးလေသည်။ လင်းယွဲ့ မနေ့က လီရှောင်လျန်ကို အရက် ဘယ်လောက်လိုချင်သလဲဟုမေးရန် မူလက ရည်ရွယ်ခဲ့သော်လည်း လီရှောင်လျန်က ခေါင်းခါရင်းပြောလိုက်သည်။

"ငါတို့ရဲ့အသက်တွေက သေလုမြောပါး ဖြစ်နေပြီ၊ ဘယ်သူက အရက်ဝယ်သောက်ဖို့ စိတ်ကူးရှိတော့မှာလဲ၊ ဒီနှစ်သစ်ကူးက ခက်ခဲလောက်တယ်"

လင်းယွဲ့မှာ မတတ်သာဘဲ အရက်များကို ခရိုင်မြို့တော်သို့ယူသွားရန်သာရှိတော့သည်။ သူတို့ပစ္စည်းအများစုကို ထုပ်ပိုးပြီးသွားသောအခါ မွန်းတည့်ချိန်နီးပါးရှိနေပြီဖြစ်သည်။ လားလှည်းပေါ်တွင် ပစ္စည်းများအပြည့်တင်ထားပြီး အဝတ်အစားများနှင့် အိပ်ရာအသုံးအဆောင်များသာမက အိုးများ ပန်းကန်များနှင့် ယောက်ချိုဇွန်းများပါ ပါဝင်လေသည်။ လင်းယွဲ့က ရေအိုးများကိုပင် ထားရစ်ခဲ့ရန်ဆန္ဒမရှိပေ။

Ch-145{1}

သို့သော် အိမ်ထဲတွင် စပါးဆယ်ကျင်းကျော်ခန့် ပုံနေသေးပြီး ၎င်းမှာအတော်လေး ဒုက္ခပေးမည့်ကိစ္စဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီ ရက်ပိုင်းအတွင်း ကောက်ပဲသီးနှံ ဈေးနှုန်းများမှာ ကျဆင်းမသွားဘဲမြင့်တက်နေပြီး အဆမတန်ဈေးကြီးလုနီးပါးဖြစ်နေသောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့က စပါးဆယ်ကျင်းကျော်ကို ရှီထိုင်ခရိုင်သို့လူသိရှင်ကြား ယူသွားမည်ဆိုပါက ခရီးစဉ်မှာလုံခြုံမည် မဟုတ်ပေ။

လင်းယွဲ့ အိမ်ငှားပြီးနောက် ခရိုင်မြို့တော်သို့စပါးများကို သူတစ်ယောက်တည်း လိုက်ပို့ပေးနိုင်ကြောင်း ကုလင်မှတက်ကြွစွာအကြံပြုလေသည်။ သူ့သိုင်းပညာစွမ်းရည်နှင့် ကလေးသုံးယောက်မြင်တွေ့ရန် မသင့်တော်သော သူ့နည်းလမ်းများကို ထည့်တွက်ကာ လင်းယွဲ့က သဘောတူလိုက်၏။ သို့သော် ဤခရီးစဉ်တွင် ကုလင်က သူတို့ကိုလည်း ခရိုင်မြို့တော်သို့ လိုက်ပို့ပေးမည်ဖြစ်သည်။

သူက လှည်းအရှေ့တွင်ထိုင်နေပြီး အတော်လေး အေးအေးဆေးဆေးရှိပုံရလေသည်။ သို့သော် လင်းယွဲ့မျက်လုံးများထဲရှိ ဝမ်းနည်းမှုကိုမြင်သောအခါ သူက သူမကိုနှစ်သိမ့်လိုက်၏။

"မင်း နောက်ဆုံးကျရင်ပြန်လာရမှာပဲ၊ ဝမ်းမနည်းပါနဲ့"

မုဆိုးတဲလေးမှသည် လက်ရှိအခန်းသုံးခန်းအထိ သူမ၏ကြိုးစားအားထုတ်မှုများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် အမှတ်တရများစွာပါဝင်နေလေသည်။ မုဆိုးတဲသို့ ပထမဆုံးအကြိမ်ပို့ခံရသောနေ့က သူမဆန္ဒမရှိခဲ့ကြောင်းကို လင်းယွဲ့အမှတ်ရနေမိ၏။ ထိုနေရာတွင် နေ့ရက်များကို ဖြတ်သန်းရင်း အိမ်လေးမှာ အဆင်မပြေမှုများစွာရှိခဲ့သော်လည်း ၎င်းက သူမအခြေချနေထိုင်ရာ နေရာတစ်ခုလည်းဖြစ်ခဲ့သည်။

အချိန်အတော်ကြာအောင် ကြိုးစားအားထုတ်ရန် သူမတွန်းအားမှာ အိမ်သစ်တစ်လုံး တည်ဆောက်ရန်ဖြစ်ခဲ့သည်။ အိမ်သစ်တစ်လုံးတည်ဆောက်ရသည့် ပျော်ရွှင်မှု၊ အိမ်သစ်တက်သည့်နေ့ကပျော်ရွှင်မှုနှင့် နေ့စဉ်နှင့်အမျှ အရာရာတိုင်း ပိုမိုကောင်းမွန်လာသည့် ကျေနပ်မှု ဤအမှတ်တရများအားလုံးက ထိုနေ့ရက်များ၏သိမ်မွေ့မှုများကို လင်းယွဲ့အား ခံစားနိုင်စေသေး၏။ လင်းယွဲ့မှာ အတော်လေးတွန့်ဆုတ်နေသော်လည်း မျက်ရည်များဝဲနေသော ကုတန်နှင့် တာ့ယာတို့ကိုမြင်သောအခါ သူမက သူတို့ပခုံးများကိုဖက်ကာပြောလိုက်သည်။

"သွားကြစို့"

သို့သော် မထွက်ခွာမီ လင်းယွဲ့က ဒုတိယအဒေါ်ကု၏အိမ်သို့ သွားကာ အရက်တစ်အိုးပေးခဲ့လေသည်။ ဒုတိယအဒေါ်ကုက အတင်းပြုံးပြလေသည်။

"ကျေးဇူးပါပဲ"

သို့သော် ဒုတိယအဒေါ်ကု၏ချွေးမကြီး ငိုနေသည်ကို လင်းယွဲ့ ကြားလိုက်ရသည်။

"ငါတို့က အကြီးဆုံးအိမ်ထောင်ပဲ၊ အမေနဲ့ အဖေကိုလဲလုပ်ကျွေးပြုစုရတယ်၊ ပြီးတော့ အလုပ်အများဆုံးလည်းလုပ်ရတယ်၊ အဲဒါ ဘာလို့ငါ့ယောကျ်ားက သွားရမှာလဲ၊ အမေကမျက်နှာလိုက်တယ်"

"နင့်မိသားစုက လုပ်အားပေးသွားရတာလေ၊ ငါ့မိသားစုက စစ်တိုက်သွားရတာ၊ နင် မကျေနပ်ရင် ငါတို့နေရာချင်းလဲကြမလား၊ ငါတို့ဒုတိယအိမ်ထောင်က အမေနဲ့အဖေရဲ့ မျက်နှာသာပေးတာ တစ်ခါမှမခံရဖူးဘူး၊ အများကြီးစားဖို့သောက်ဖို့မရသလို ဘာမှလည်းအများကြီး မရဘူး၊ အဲဒါ ဘာလို့ ဒီလိုခက်ခဲတဲ့

တာဝန်တွေကို ငါတို့ဆီပဲပေးနေရတာလဲ"

"ပါးစပ်ပိတ်ထားစမ်း"

ဒုတိယအဒေါ်ကုကလှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် လင်းယွဲ့ထံ မျက်လုံးများနီရဲလျက်ကြည့်ကာ မတတ်သာဘဲ ပြောလိုက်သည်။

"နင်ယူလာတဲ့အရက်က အရသာရှိမှာ သေချာပါတယ်၊ မင်းဦးလေးအစား အရင်ဆုံး ကျေးဇူးတင်ပါတယ်"

လင်းယွဲ့က အခြားရင်းနှီးသောမိသားစု အနည်းငယ်ကိုလည်း အရက်ပေးခဲ့သော်လည်း သူတို့တုံ့ပြန်မှုများမှာ ဒုတိယအဒေါ်ကု၏ မိသားစုနှင့်ဆင်တူလေသည်။ လင်းယွဲ့ ရွာမှထွက်ခွာလာစဉ် ကျောက်ကြိတ်ဆုံတွင် တန်းစီနေသော လူအများအပြားကို သူမမြင်တွေ့ခဲ့ရပြီး လူတိုင်းက ကန်စွန်းဥများ အပြည့်ပါသော အိတ်များစွာကို သယ်ဆောင်လာကြလေ၏။ အစ်မရှောင်လျန်က သူတို့ကိုကန်စွန်းဥကစီမှုန့် ဘယ်လိုလုပ်ရမည်ကိုပြောပြလိုက်ပုံ ရလေသည်။

သို့သော် သူတို့လက်မောင်းများတွင် အစားအစာများအပြည့်ရှိနေသော်လည်း ဖြတ်သန်းသွားလာနေသော လူများ၏မျက်လုံးများတွင် အပြုံးများ မရှိတော့ဘဲ သူတို့မျက်နှာများအားလုံး ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေလေသည်။ လားလှည်းခရီးသွားနေစဉ် ရွာအများစုမှာ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုများဖြင့် ဖုံးလွှမ်းနေလေ၏။ ခရိုင်မြို့တော်သို့ရောက်ရှိသွားသောအခါမှသာ သက်ဝင်လှုပ်ရှားမှု အချို့တဖြည်းဖြည်း ပြန်လည်ရရှိလာလေသည်။

"ဆိုင်ကို တစ်ရက်ပဲပိတ်မယ်လို့ ပြောထားတာမဟုတ်ဘူးလား၊ ဘာလို့ဒီနေ့မှပြန်ရောက်လာတာလဲ"

"ဒီနေ့ ဆိုင်ဖွင့်မှာလား"

"မြန်မြန်ဖွင့်ပါ၊ ဆော့စ်ကုန်နေပြီမလို့ ဝယ်ဖို့စောင့်နေတာ"

"ဟားဟား ဟားဟား မင်းမြန်မြန်မဖွင့်ရင် ဆရာကျိုးက မင်းရဲ့တံခါးခုံကိုရိုက်ဖွင့်ပစ်တော့မှာ"

အိမ်နီးချင်းများနှင့် ဆိုင်ရှင်များ၏ စကားပြောသံများက သူမဆီသို့ ရောက်လာပြီး လင်းယွဲ့ပြုံးရင်း တစ်ယောက်ချင်းစီကို ပြန်ဖြေလိုက်လေသည်။ လင်းယွဲ့က လားလှည်းကိုကြည့်လိုက်ရာ ၎င်းတွင်ပစ္စည်းများစွာ ပါရှိပြီး နောက်မှရောက်လာမည့် စပါးဆယ်ကျင်းကျော်ကိုမဆိုထားနှင့် ဆိုင်ထဲတွင် အလွတ်နေရာ သိပ်မရှိတော့ပေ။ သူမက အိမ်တစ်အိမ်ကို အမြန်ဆုံးရှာဖွေရန် လိုအပ်နေသေးသည်။

ကုလင်၊ ကုတန်နှင့် ယိုထျန်းတို့က ပစ္စည်းများကို အမြန်ချကာ လင်းယွဲ့၏အခန်းငယ်လေးထဲသို့ တိုးဝှေ့ထည့်လိုက်ကြ၏။ ဆိုင်ဖွင့်သည်နှင့် တစ်ပြိုင်နက် လူများတစ်ယောက်ပြီးတစ်ယောက်ဝင်လာကြလေရာ လင်းယွဲ့မှာ သူတို့ကိုဧည့်ခံနေရသဖြင့် အချိန်မရသဖြင့် ကုလင်ကိုဆိုင်ပြင်သို့တွန်းထုတ်လိုက်သည်။

"ရှင် အိမ်ခြံမြေပွဲစားဆီသွားပြီး အိမ်ရှာဖို့ ကူညီပေးပါလား၊ ကောင်းတယ်ဆိုရင် တန်းသဘောတူလိုက်ပါ"

လင်းယွဲ့က သူမငွေအိတ်ကိုထုတ်လိုက်ရာ ၎င်းတွင်ပြီးခဲ့သည့်အကြိမ်က ကျီဝေ့လန်ပေးခဲ့သော ငွေခုနစ်တေး ရှစ်တေးခန့်ပါရှိပြီး ၎င်းကို သူ့လက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။

"မင်း ကိုယ့်ကိုအဲဒီလောက်တောင်ယုံတာလား"

ကုလင်က ငွေအိတ်ကိုအလေးချိန်ခန့်မှန်းရင်းပြုံးကာ မေးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ညဘက် ခရိုင်မြို့တော်ထဲမှာ တိတ်တဆိတ် သွားလာနေတာ အတော်ကြာပြီဆိုတော့ ဘယ်နေရာတွေက လုံခြုံလဲဆိုတာကို ရှင်သိလောက်မှာပါ"

"ဟားဟား ဟားဟား အဲဒါ အမှန်ပဲ၊ မင်းက တော်တော်လည်တာပဲ"

ကုလင် ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒါကို ကိုယ့်ကိုသာလွှဲထားလိုက်"

"လာကြ၊ မင်းတို့လည်း ငါနဲ့အတူအပြင်ထွက်ခဲ့ကြ"

ကုလင်က ကုတန်၊ တာ့ယာနှင့် ယိုထျန်းတို့ကိုခေါ်လိုက်သည်။

"ငါ မင်းတို့ကို ခဏလောက်လိုက်ပြမယ်၊ အဲဒါဆို မင်းတို့ သူ့ကိုသွားမနှောင့်ယှက်ရတော့ဘူးပေါ့"

ဆိုင်ထဲတွင် လင်းယွဲ့သာကျန်ရစ်တော့သည်။ သူမက လူနည်းပါးသော အချိန်ကို အခွင့်ကောင်းယူကာ ပစ္စည်းများကို အမြန်ဖြည့်တင်းပြီး သန့်ရှင်းရေးလုပ်လိုက်သည်။ သူမ မီးဖိုချောင်ထဲသို့ဝင်သွားပြီး စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် ဝက်သားများကို လှီးဖြတ်ကာ ဇလုံတစ်ခုထဲသို့ကျဆင်းသွားလေသည်။ ၎င်းတို့ကိုပြင်ဆင်ပြီးနောက် လင်းယွဲ့က ဝက်သားများကို ချက်ရန် ဟင်းရည်ထဲသို့ထည့်လိုက်သည်။

မှောင်ရီပျိုးလာပြီး ကျောင်းမှ ခေါင်းလောင်းသံထွက်ပေါ်လာသောအခါ လင်းယွဲ့ကအလုပ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်၍ သူမလက်မောင်းများကို အမြန်ဆန့်ထုတ်လိုက်၏။ ဆရာကျိုးဇီက ပထမဆုံး ရောက်လာသူဖြစ်သည်။ သူက

မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်၏။

"မင်းက ဆိုင်ကိုတစ်ရက်ပဲပိတ်မယ်လို့ ရှင်းရှင်းလင်းလင်းရေးထားပေမဲ့ နှစ်ရက်တောင် နားလိုက်တယ်၊ စီးပွားရေးလုပ်ငန်းတွေက သမာဓိပေါ်မှာအခြေခံတယ်ဆိုတာ မင်းသိထားသင့်တယ်၊ နောက်တစ်ခါ အဲဒီလိုမလုပ်နဲ့တော့၊ ငါ့ကို ဝက်သားနီချက်တစ်ပွဲပေး"

"ဟုတ်ကဲ့ပါ"

လင်းယွဲ့ပြုံးလိုက်သည်။ ဤဆရာက အမြဲတမ်း သူ့စကားများကို ပြန်ရုတ်သိမ်းတတ်ကြောင်း သူမသိလေသည်။ အရင်ကဆိုလျှင် သူက သူမ၏ဝက်သားနီချက်ကို ညတိုင်းလိုလိုစားလေ့ရှိပြီး အဆီများကြောင်း ညည်းညူနေသော်လည်း ပြောင်စင်နေအောင်ကိုက်စားလေ့ရှိ၏။ သူ ရိုးသွားလိမ့်မည်ဟုပင် လင်းယွဲ့ထင်ခဲ့သော်လည်း သဘောကျနေဆဲ ဖြစ်သည်။

‘အိုး ဟုတ်သားပဲ၊ ကျောင်းသားလက်ခံတဲ့ကိစ္စ ဆရာ့ကို ငါမေးရဦးမယ်’

ကုတန်က စာဖတ်ရတာကိုနှစ်သက်ပြီး ဤတစ်ကြိမ် မာယန်ရွာမှမည်မျှကြာအောင် ဝေးကွာနေမည်ကို သူတို့မသိကြသဖြင့် ကုတန်၏ကျောင်းကိစ္စကို ဖြေရှင်းရန်လိုအပ်လေသည်။ ရှီထိုင်ခရိုင်မှာ စာပေယဉ်ကျေးမှုထွန်းကားသော နေရာတစ်ခု မဟုတ်ပေ။ စာသင်ကျောင်း သုံးကျောင်းသာရှိလေသည်။

ဆရာကျိုး၏ကျောင်းက အခြေအနေ အကောင်းဆုံးဖြစ်ကြောင်း အလွတ်သဘော စကားပြောဆိုမှုများမှတစ်ဆင့် လင်းယွဲ့သိရှိထားလေသည်။ ဆရာကျိုးဇီမှာ ကျူရန်တစ်ဦးဖြစ်ပြီး ရှို့ချိုက်ဖြစ်သော သားတစ်ယောက်ရှိကာ အခြားကျူရန်တစ်ဦးကိုလည်း ဖိတ်ကြားထားသဖြင့် စုစုပေါင်းဆရာ သုံးဦး ရှိလေသည်။

မြို့အနောက်ဘက်ရှိ ကျောင်းတစ်ကျောင်းတွင် ကျူရန်တစ်ဦးသာ သင်ကြားပေးလေသည်။ မြို့တောင်ဘက်တွင် ရှို့ချိုက်နှစ်ဦးရှိလေသည်။ သို့သော် ဆရာကျိုးဇီ၏ကျောင်းက ကောင်းမွန်ပြီး ၎င်း၏ဝင်ခွင့်သတ်မှတ်ချက်များမှာ အလွန်တင်းကျပ်လေ၏။ စာမေးပွဲအောင်မြင်ရန် လိုအပ်လေသည်။ လင်းယွဲ့က ဝက်သားနီချက်ကို ဆရာကျိုးဇီ၏ရှေ့တွင် ချပေးလိုက်ရာ သူ့မျက်လုံးများ အရောင်လက်သွားသည်ကို သူမမြင်လိုက်ရ၏။ လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။

"ဆရာ၊ ဆရာ့ကျောင်းက အခု ကျောင်းသားလက်ခံသေးလား"

ဆရာကျိုးဇီက သူ့လက်များကို ပွတ်သပ်လိုက်ရာ သူ့စိတ်က စကားပြောဆိုမှုအပေါ်တွင်မရှိတော့ဘဲ

"ကျောင်းသား လက်ခံသေးလား ဟုတ်လား"

ထိုစကားသာ ထပ်တလဲလဲပြောနေပြီးနောက် သူ့တူကိုယူကာ အငမ်းမရ စတင်စားသောက်လေတော့သည်။ သူ့ပုံစံကို မြင်သောအခါ လင်းယွဲ့က သူစားပြီးသည်အထိ စောင့်ရန်ဆုံးဖြတ်လိုက်၏။ ဝက်သားနီချက်က ဆရာကျိုးဇီ၏စားပွဲသို့ ရောက်ရှိလာသည်နှင့် ကျောင်းမှပညာရှင်များမှာ ဆိုင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြလေသည်။

"ဆိုင်ရှင် ဘာလို့ဟင်းမပြောင်းတာလဲ၊ ဘာလို့ အမြဲတမ်းဝက်သားနီချက်ချည်းပဲ ဖြစ်နေရတာလဲ"

"မင်း မစားချင်ဘူးလား၊ ဒါဆို ငါ့ကိုပေး၊ ငါကတော့ ဘယ်တော့မှ ရိုးမသွားဘူး"

"သွားစမ်းပါကွာ၊ ဆိုင်ရှင်ရဲ့လက်ရာက အရမ်းကောင်းတာကို တခြားတစ်ခုခုများ မစမ်းကြည့်ချင်ဘူးလား"

လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။

"မလောပါနဲ့၊ ကျွန်မဆိုင်က အဓိကအားဖြင့် ဆော့စ်တွေကိုပဲရောင်းတာပါ"

"ကျွတ်ကျွတ် ဒီလောက်သေးတဲ့ဆိုင်လေးများ...."

အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ကာ ဆိုင်ထဲသို့ဝင်လာပြီး အော်လိုက်သည်။

"စားပွဲထိုး စားပွဲထိုး၊ ငါ့အတွက် နေရာတစ်နေရာရှာပေးစမ်း"

မောက်မာသော သူ့အပြုအမူက လူတချို့၏အာရုံကို သဘာဝကျကျပင် ဆွဲဆောင်သွားလေသည်။

"ဟင် ဒီလူ့ကိုမျက်မှန်းတန်းမိနေသလိုပဲ"

"ကြည့်စမ်း၊ သူက ထျန်းရှန်းနားနေဆောင်ရဲ့ကြီးကြပ်ရေးမှုးမဟုတ်ဘူးလား"

All Chapters