အခန်း ၁၄၈
Vol. 15 Ch. 148
Ch-148
"ဆိုင်ရှင်"
ပညာရှင်တစ်ဦးက သူ၏ ဝက်သားနီချက်ကို နှမြောတသဖြင့်စားရင်း ပြောလိုက်သည်။
"တခြားဟင်းလျာတွေ ဘာမှမလုပ်တော့ဘူးလို့ တကယ်ပဲ စဉ်းစားထားတာလား၊ တစ်ကယ်လို့ မင်းသာလုပ်မယ်ဆိုရင် ဧည့်သည်တွေ ပိုများလာမှာ သေချာတယ် ဟီးဟီး ငါလည်း တခြားဟာတွေ မြည်းစမ်းခွင့်ရမှာပေါ့"
"မလုပ်ပါဘူး"
အရင်က အစားအသောက်ဘလော့ဂါတစ်ဦးဖြစ်ခဲ့ဖူးသော လင်းယွဲ့သည် သူမ၏လေ့လာစူးစမ်းမှုများမှတစ်ဆင့် အရသာရှိသော ဟင်းလျာများစွာကို သဘာဝကျကျပင် ကျွမ်းကျင်ထားလေသည်။ သူမရေခဲသေတ္တာထဲရှိ ဟင်းခတ်အမွှေးအကြိုင်များ၏အကူအညီဖြင့် အခြားသူများစွာထက် သူမက အလွယ်တကူပင် ပိုထူးချွန်နိုင်လေ၏။
သို့သော် သူမသာ စားသောက်ဆိုင် သို့မဟုတ် တည်းခိုခန်းဖွင့်မည်ဆိုပါက အရသာအပြင် အခြားအရာတစ်ခုကလည်း အလွန်အရေးကြီးလေသည်။ ယင်းမှာ မြန်ဆန်သောဝန်ဆောင်မှုပင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူမက ထိုအရာတွင် သိပ်မတော်ပေ။ ထို့ပြင် တာ့ကွမ်ဘုန်းကြီးကျောင်းနှင့် ကျီဝေ့လန်တို့၏အမှာစာများအပြင် နေ့စဉ် ဆော့စ်ရောင်းချမှုများကြောင့် သူမ အမြဲတမ်း အလုပ်များနေရလေသည်။
‘တခြားဟင်းလျာတွေလုပ်ဖို့ အချိန်ဘယ်လိုလုပ် ရနိုင်မှာလဲ’
သို့သော်လည်း ဝက်သားနီချက်လို ဟင်းလျာ အနည်းငယ်ထပ်လုပ်ရန် သူမ စဉ်းစားနိုင်သည်။ ဤနည်းဖြင့် ဆိုင်တွင် စားသုံးနိုင်သော ရွေးချယ်စရာများ ရှိလာရုံသာမက အချို့သော အိမ်ထောင်စုများကလည်း ထိုဟင်းလျာများကို အိမ်သို့ပါဆယ်ဝယ်သွားနိုင်လေသည်။ သို့သော် ပညာရှင်များ အကြံပြုနေသည်မှာ ဝက်သားနီချက်မှ အခြားအသားချက်များသို့ ပြောင်းလဲရန်မဟုတ်ဘဲ အကြော်ဟင်းလျာများကဲ့သို့ အရသာပြောင်းလဲရန် သိသာစွာ ဆိုလိုနေခြင်းဖြစ်သည်။ လင်းယွဲ့ နှိမ့်ချစွာ ပြောလိုက်၏။
"ဒီဝက်သားနီချက်ကပဲ မိသားစု လျှို့ဝှက်လုပ်နည်းဖြစ်လို့ ဒီလောက် ကောင်းနေတာပါ၊ တခြားဟင်းလျာတွေကို ကျွန်မ မကျွမ်းကျင်လို့ လောလောဆယ်တော့ မစဉ်းစားသေးပါဘူး"
လင်းယွဲ့ ဤသို့ပြောသည်ကိုကြားသောအခါ မာလျန်ကျွင်းမျက်လုံးများ အရောင်လက်သွားပြီး ဇာတ်လမ်းကောင်းတစ်ခုကိုကြည့်နေရသည့်အလား စိတ်အားထက်သန်စွာမေးလိုက်သည်။
"မင်းက ဘယ်လောက်တောင်မကျွမ်းကျင်တာလဲ"
လင်းယွဲ့ မျက်ခုံးအသာပင့်လိုက်သည်။
"ဘယ်လိုဖြေရမလဲတောင် မသိဘူး၊ သိပ်မကျွမ်းကျင်ပါဘူး"
မာလျန်ကျွင်းမျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားသွားလေသည်။
"အဲဒါဆိုရင် ရှဉ့်ပုံစံသံပရာငါးကြော်လေး လုပ်ပေးပါလား၊ ငါ့ကို အရသာလေး မြည်းစမ်းခွင့်ပေးပါဦး"
"ကြီးကြပ်ရေးမှုးမာ ဆက်မစမ်းသပ်ဘဲ ခင်ဗျားရဲ့ရည်ရွယ်ချက်ကိုပဲ တိုက်ရိုက် ပြောပါလား"
မာလျန်ကျွင်းက ဝက်သားနီချက်တစ်လုပ်ကို ပါးစပ်ထဲ သိပ်ထည့်လိုက်ပြီး သူ့ရင်ထဲတွင် လွန်ဆွဲနေလေသည်။
‘ငါ ဟင်းချက်ပြိုင်ပွဲအကြောင်းပြောသင့်သလား၊ မပြောသင့်ဘူးလား၊ ငါပြောပြီးသွားရင် ပြန်ဆုတ်လို့ရတော့မှာ မဟုတ်ဘူး’
မာလျန်ကျွင်းက မျက်ရည်ဝဲလျက် ဝက်သားနီချက်ကို နောက်တစ်ကိုက် ကိုက်လိုက်ပြန်သည်။
‘ငါ ဒီလောက် အများကြီးစားပြီးတာတောင်မှ ကိုက်လိုက်တဲ့အကြိမ်တိုင်းက ဘာလို့ပထမဆုံးအကြိမ်လိုပဲ အံ့မခန်းဖြစ်နေရတာလဲ၊ အရမ်းအရသာရှိလွန်းလို့ သူ နိုင်နိုင်ပါ့မလားဆိုတာကိုတောင် မသေချာတော့ဘူး၊ သူက အရူးမှ မဟုတ်တာ၊ တစ်ကယ်လို့ ကျုံးဟွာဆော့စ်ရဲ့လျှို့ဝှက်လုပ်နည်းကသာ လောင်းကြေးဆိုရင် ငါကလည်း တန်ဖိုးတူညီတဲ့လောင်းကြေးတစ်ခုကို သေချာပေါက် ထပ်ရမှာပဲလေ’
‘တစ်ကယ်လို့ ငါရှုံးသွားရင် ပိုင်ရှင်အသစ်ရဲ့မျက်နှာသာပေးမှုကို သေချာပေါက် ရမှာမဟုတ်တော့ဘူး၊ ကြီးကြပ်ရေးမှူးဖြစ်ဖို့ မဆိုထားနဲ့၊ ငါက ခန်းမကြီးကြပ်ရေးမှူးတောင် ဆက်လုပ်လို့ရမှာ မဟုတ်တော့ဘူး’
သူက ဝက်သားတစ်ခုကို မကျေမချမ်း စားလိုက်ပြီး နောက်ဆုံးတွင် လောလောဆယ် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ကာ အရှုံးပေးသည့်ဟန်ဖြင့်ပြောလိုက်သည်။
"သိချင်လို့ပါ သိချင်လို့ပါ"
မာလျန်ကျွင်းစိတ်ထဲတွင် အပြေးအလွှား တွေးတောနေ၏။ ဤလောင်းကြေးကို စုဟိုင်ကအကြံပြုခဲ့ခြင်းဖြစ်သည်။ စုဟိုင်၏အခြေအနေကို သူ ကြားသိထားပြီးဖြစ်သည်။ စုဟိုင်က ဆော့စ်လုပ်နည်းကို လိုချင်သော်လည်း မရခဲ့သဖြင့် ဆော့စ်အတုလုပ်ခဲ့ရာ လင်းယွဲ့၏ဖော်ထုတ်ခြင်းခံရပြီး သူ့စီးပွားရေးမှာ ထိုးကျသွားခဲ့သည်။
‘ဒီတစ်ခါ သူက လင်းယွဲ့ရဲ့စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ငါ့ကိုအသုံးချချင်နေတာဖြစ်လောက်တယ်၊ ဒါပေမဲ့ ဒီလင်းယွဲ့က အရည်အချင်းရှိတယ်ဆိုတော့ တော်တော်လေး ခက်ခဲလိမ့်မယ်’
"ဆော့စ်သုံးမျိုးစလုံး တစ်မျိုးတစ်အိုးစီပေး"
မာလျန်ကျွင်း နှာမှုတ်လိုက်သည်။
"ပြီးတော့ ဝက်သားနီချက်တစ်ပွဲ ပါဆယ်ပေး"
သူက ကြေးပြား ၄၇ပြားကို ထုတ်ပေးပြီး ဆော့စ်သုံးအိုးကိုကိုင်ကာ ပြန်သွားလေသည်။ ထျန်းရှန်းနားနေဆောင်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူက စားဖိုမှူးချုပ်ကို ပြောလိုက်၏။
"စားဖိုမှူးလီ ငါ့အတွက် ဝက်သားနီချက် တစ်ပွဲ လုပ်ပေးပါဦး"
"အာ ဟုတ်ပြီ"
သူပျော်ရွှင်သွားသော်လည်း သူ့အသံကို တမင်နှိမ့်ကာ မျက်တောင်ခတ်ပြီး တံတောင်နှင့်တွတ်ရင်း ပြောလိုက်သည်။
"အသံတိုးတိုးလုပ်၊ တခြားသူတွေမကြားစေနဲ့"
မာလျန်ကျွင်းက သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
“ငါ့ကိုမေးရင်တော့ မင်းရဲ့ဟင်းချက်စွမ်းရည်က အဲဒီစားဖိုမှူးဝမ်ထက် အများကြီး ပိုကောင်းတာပဲ၊ ဘာလို့ သူက စားဖိုမှူးချုပ်ဖြစ်ပြီး မင်းက ဒုတိယစားဖိုမှူး ဖြစ်နေရတာလဲ၊ ငါ့အမြင်တော့ မင်းကမှ စားဖိုမှူးချုပ်ဆိုတဲ့ဘွဲ့နဲ့ ထိုက်တန်တာ"
လီရှုမှာ မြှောက်လုံးကြောင့်သဘောကျသွားလေသည်။
"ဘယ်လိုနေလဲ၊ လောင်းကြေးကိစ္စဖြစ်သွားပြီလား၊ ဘယ်နေ့အတွက် သဘောတူလိုက်လဲ၊ ဘယ်ဟင်းကို ကြော်ရမှာလဲ"
အမှန်က လီရှုမှာ ဝမ်ချင်းချန်၏ဖိနှိပ်ခြင်းကို အမြဲခံနေရသော ဒုတိယ စားဖိုမှူးဖြစ်သည်။ သူကလည်း ဤလောင်းကြေးကို အသုံးပြု၍ သူ့အရည်အချင်းကိုပြသကာ ပိုင်ရှင်အသစ်၏တန်ဖိုးထားမှုကိုခံရပြီး စားဖိုမှူးချုပ်အဖြစ် ရာထူးတိုးချင်နေခဲ့ခြင်း ဖြစ်၏။ သူ့ကို မေးကြည့်မည်ဆိုလျှင် ဝမ်ချင်းချန်မှာ အသက်ကြီးပြီဖြစ်သဖြင့် သူ့အရသာခံနိုင်စွမ်းမှာ ကျဆင်းနေလောက်ပြီဖြစ်ရာ သူက ဘာကြောင့် စားဖိုမှူးချုပ်နေရာကို ယူထားသေးသနည်း။ မာလျန်ကျွင်းက သူ့ခေါင်းကို ကုတ်လိုက်သည်။
"အရင်ဆုံး ဝက်သားနီချက်ကို ငါမြည်းကြည့်ဖို့ လုပ်ပေးပါဦး၊ လောင်းကြေးအကြောင်းကို နောက်မှပြောကြတာပေါ့"
"ဟုတ်ပြီ"
ဟင်းလျာများကို မြန်မြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် ထျန်းရှန်းနားနေဆောင်သည် နေ့စဉ်ဝက်သားနီချက်ကဲ့သို့သော ဟင်းလျာကြီးများကို ကြိုတင် ချက်ပြုတ်ထားလေ့ရှိသည်။ လီရှုက ဝက်သားနီချက် ချက်ပြုတ်လိုက်ရာ ၁၅မိနစ်အကြာတွင် မာလျန်ကျွင်းစားပွဲသို့ ယူလာလေသည်။ သူက ၎င်းကို အသာချလိုက်ပြီး နောက်ပြောင်လိုက်၏။
"မင်းက တကယ်အစားကြီးတာပဲ၊ အမြဲတမ်း ဟန်ဆောင်နေတာပဲ၊ အခု ငါ့ကို ပြောလို့ရပြီမဟုတ်လား"
မာလျန်ကျွင်းက စကားမပြောပေ။ သူက ဝက်သားတစ်တုံးကို အလျင်စလို ကောက်ယူကာ ကြည့်လိုက်၏။ အမွေးသေးသေးလေးနှစ်ချောင်း သို့မဟုတ် သုံးချောင်းမှာ မသိသာသော်လည်း မာလျန်ကျွင်းက အသေးစိတ်ကိုအထူးဂရုစိုက်သဖြင့် ရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။ သူက လီရှုကိုစိုက်ကြည့်လိုက်ရာ လီရှုမှာ လုံးဝဇဝေဇဝါဖြစ်သွားလေသည်။ မာလျန်ကျွင်းက သူ့နှုတ်ခမ်းကိုတင်းလိုက်ပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
"ထားလိုက်ပါတော့ တစ်ချောင်း နှစ်ချောင်းပဲလေ၊ ဧည့်သည်တွေ သတိထားမိမှာ မဟုတ်ပါဘူး"
သူက ပါးစပ်ထဲထည့်ကာ တစ်ကိုက် ကြီးကြီးကိုက်လိုက်၏။ နူးညံ့ပြီး အရသာရှိကာ ဝက်သားနီချက်ရနံ့လည်း ပြည့်ဝလေသည်။ သို့သော် လင်းယွဲ့ပြုလုပ်သော ဝက်သားနီချက်ကို ယခုလေးတင် စားလာခဲ့သဖြင့် ဤဝက်သားနီချက်မှာ သာမန်အရသာသာ ရှိသည်ဟု သူခံစားလိုက်ရသည်။
‘ဒါတွေက အရသာရှိတာသေချာပေမဲ့ လင်းယွဲ့ရဲ့ဟာတွေနဲ့ ယှဉ်လိုက်ရင် အံ့မခန်းမဖြစ်ဘူး၊ ပြီးတော့ အသေးစိတ် အချက်အလက် အများစုကလည်း ပြီးပြည့်စုံမှုမရှိဘူး’
"ဘာဖြစ်လို့လဲ၊ မျက်နှာက ဘာလို့ပျက်နေတာလဲ၊ မင်းက ဝက်သားတုံးကြီးတွေစားရတာကို အကြိုက်ဆုံးမဟုတ်ဘူးလား"
လီရှုပခုံးတွန့်ပြလိုက်သည်။
"ဒီနေ့ ငါကောင်းကောင်းမချက်နိုင်လို့များလား မဖြစ်နိုင်ပါဘူး၊ ခုနလေးတင် ငါ မြည်းကြည့်တာ အရသာကကွက်တိပဲ"
မာလျန်ကျွင်း သက်ပြင်းချလိုက်ပြီး ပါဆယ်ထုတ်လာသော ဝက်သားနီချက်ကိုဖြည်ကာ စားပွဲပေါ်ဖြန့်ထားလိုက်၏။ ရာသီဥတုကအေးပြီး အချိန်အတော်ကြာနေပြီဖြစ်သဖြင့် ဝက်သားနီချက်မှာ အပူရှိန်ပျောက်ဆုံးနေပြီ ဖြစ်သည်။ သူက ဝက်သားနီချက်ကို လီရှုထံသို့ တွန်းပို့လိုက်သည်။
"မင်း ဒါကိုမြည်းကြည့်"
လီရှု မျက်မှောင်ကြုတ်လိုက်ရာ သူ့မျက်လုံးများတွင် စိတ်ပျက်မှုများပြည့်နှက်နေလေသည်။
"ဝက်သားနီချက်က ငါ့ရဲ့နာမည်ကြီး ဟင်းလျာလေ၊ စားဖိုမှူးဝမ်တောင် ငါ့လောက်ကောင်းအောင် မလုပ်နိုင်ဘူး၊ ဒီဝက်သားတွေကို ဘယ်ချောင်ကနေ သွားယူလာတာလဲ"
"အဲဒါ မင်းယှဉ်ပြိုင်ချင်နေတဲ့ မိန်းမဆီကဟာလေ၊ အလကားစကားတွေ မပြောဘဲ အရင်မြည်းသာကြည့်စမ်းပါ"
"အေးနေပြီလေ၊ အရသာက ၈၀% လောက်ပျက်နေမှာပဲ၊ သူ့တကယ့် အရည်အချင်းကို မြည်းကြည့်လို့ရဦးမှာတဲ့လား"
လီရှုသံသယဖြင့် ကောက်ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ ဝက်သားမှာ အေးနေပြီဖြစ်သော်လည်း တစ်ကိုက် ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် လီရှုမှာ မျက်မှောင်ကြုတ်သွားလေ၏။
"မဖြစ်နိုင်တာ"
သူက အမြန် နောက်တစ်ကိုက်ထပ်ကိုက်လိုက်ပြီး မာလျန်ကျွင်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။ မာလျန်ကျွင်းက မတတ်သာသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လီရှုက မယုံကြည်နိုင်စွာဖြင့် ခေါင်းခါလိုက်သည်။ မာလျန်ကျွင်းခေါင်းကိုကိုင်ကာ သက်ပြင်းချလိုက်၏။
ဤအချိန်တွင် အမျိုးသားနှစ်ဦး၏ အတွေးများမှာ အံ့ဩစရာကောင်းလောက်အောင် တူညီသောသဘောတူညီချက်တစ်ခုသို့ ရောက်ရှိသွားကြသည်။ အကယ်၍ သူမက ဤမျှလောက် အရသာရှိအောင်ပြုလုပ်နိုင်ပါက ပြိုင်ရခြင်း၏အဓိပ္ပာယ်က ဘာရှိတော့မည်နည်း။ လီရှုကျိန်ဆဲလိုက်သည်။
"အဲဒီမြေခွေးအိုကြီးစုဟိုင်က ငါတို့ကို မီးတွင်းထဲ တွန်းချဖို့ကြိုးစားနေတာလား"
ထိုအချိန်တွင် စားပွဲထိုးလေးက မာလျန်ကျွင်းနားနားသို့ ပြေးလာသည်။
"သခင်ကြီးစု ရောက်နေတယ်၊ ဘေးက သီးသန့်ခန်းထဲမှာ"
လီရှု ပြောလိုက်သည်။
"အဲဒီကောင် ဒီမှာဘာလာလုပ်တာလဲ"
မာလျန်ကျွင်း မတ်တတ်ရပ်ကာ ဘေးခန်းသို့ လျှောက်သွားရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"ဘယ်သူသိမှာလဲ"
အခြားတစ်ဖက်တွင် ဧည့်သည်များ အားလုံးထွက်သွားသည်ကို မြင်သောအခါ လင်းယွဲ့က ဆိုင်ကိုသန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်ပြီး ကုလင်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ဝင်လာလေသည်။ သူက လင်းယွဲ့၏လက်ကောက်ဝတ်ကိုကိုင်ကာ ပြောလိုက်၏။
"အကုန်လုံး ရှင်းပြီးသွားပြီ၊ အိမ်ပြန်ကြရအောင်"
လရောင်မှာ အတန်ငယ်အေးစက်နေပြီး လမ်းပေါ်ရှိ ဆိုင်အများစုမှာ ပိတ်ထားကြပြီဖြစ်သည်။ အိမ်များမှ မီးရောင် အနည်းငယ်သာ လင်းလက်နေသော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့က လမ်းကို ရှင်းလင်းစွာ လင်းထိန်မပေးနိုင်ဘဲ လရောင်ကိုသာ အားကိုးနေရဆဲ ဖြစ်သည်။ ကုလင်က လင်းယွဲ့၏ လက်ကို ကိုင်ထားရင်း ပြောလိုက်၏။
"ဒီလမ်းပိုင်းက နည်းနည်းမှောင်တယ်၊ နောက်ပိုင်း မင်းအိမ်ပြန်ရင် ကုတန်နဲ့ ယိုထျန်းကိုခေါ်လာတာ အကောင်းဆုံးပဲ မဟုတ်ရင် မင်း တစ်ယောက်တည်း ကြောက်နေရလိမ့်မယ်"
အနာဂတ်အကြောင်းပြောလိုက်သောအခါ လင်းယွဲ့ရင်ထဲတွင်နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူမနှလုံးသားကို ပလတ်စတစ်အိတ်ထဲ ထည့်ကာ ပင်လယ်အောက်ခြေသို့နှစ်ချခံလိုက်ရသကဲ့သို့ ခံစားရလေသည်။ သူမ အသက်ရှူရကြပ်လာပြီး မွန်းကျပ်လာလေသည်။ ကုလင် ထွက်ခွာတော့မည့် အမှန်တရားကို သူမ သဘောပေါက်သွားပြီး အနာဂတ်အတွက် ဝမ်းနည်းမှုအချို့ကို ခံစားလိုက်ရ၏။
လင်းယွဲ့ အချိန်အတော်ကြာသည်အထိ ပြန်မဖြေခဲ့ပေ။ ကုလင်၏လက်မှ နွေးထွေးမှု အမြဲတမ်းပူနွေးနေတတ်သောအပူဓာတ်ကို သူမ ခံစားနေရသည်။ သူမခေါင်းငုံ့လိုက်ရာ သူတို့အတူရှိခဲ့သောအချိန်များ၏ အမှတ်တရများက သူမစိတ်ထဲသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာလေသည်။ သူမဂရုမစိုက်သလို ဟန်ဆောင်ကာမေးလိုက်၏။
"ရှင် အသက်ရှင်လျက်ပြန်လာနိုင်မှာလား"