← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

Ch-149

လင်းယွဲ့သည် ကုလင်၏ကြမ်းတမ်းပြီး လူသတ်ချင်သောဘက်ကို မြင်ဖူးပြီး သူ့ခွန်အားကို သိသော်လည်းရင်ဘတ်တွင် မြားစိုက်ကာ သေလုမြောပါးဖြစ်နေခဲ့သော သူ့မြင်ကွင်းက သူမကို ခြောက်လှန့်နေဆဲဖြစ်သည်။

‘သူက ဒီလောက်အစွမ်းထက်တာကို အဲဒီတုန်းက ဘာလို့သေလုနီးပါးဖြစ်ခဲ့ရတာလဲ’

ကုလင်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီးပြောလိုက်သည်။

"မင်းသာ ကိုယ့်အတွက် အစားအသောက်ကောင်းတွေ ပြင်ဆင်ပေးရင် သေချာပေါက် အသက်ရှင်လျက်ပြန်လာခဲ့ပါ့မယ်"

ကုလင်က သူ ဘာကြောင့်အဲဒီလိုပြောလိုက်မှန်းမသိပေ။ ထိုစကားများက လင်းယွဲ့အား သူ့အားနည်းချက်ကို ဖော်ပြလုနီးပါးဖြစ်သွားစေသည်။

"အစားအသောက် ဟုတ်လား"

ကံမကောင်းစွာဖြင့် စကားလုံးများ၏ အဓိပ္ပာယ်မှာ သိမ်မွေ့လွန်းသဖြင့် လင်းယွဲ့ နားမလည်ခဲ့ပေ။ သို့သော် သူမက ဆက်ပြောလိုက်သည်။

"ကျွန်မက တခြားအရာတွေမလုပ်နိုင်ရင်တောင်မှ လုံလောက်တဲ့ အစားအသောက်တွေကိုတော့ သေချာပေါက် ထောက်ပံ့ပေးနိုင်ပါတယ်"

ကုလင် ပြုံးလိုက်သည်။

"ဒါဆို ဇနီးလေးကိုကျေးဇူးတင်ပါတယ်"

ဤစကားကိုကြားသောအခါ၊ လင်းယွဲ့သည် သူမနားရွက်များမှစ၍ ကြက်သီးထသွားသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် သူမခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ တစ်ကိုယ်လုံးပွတ်သပ်ခံလိုက်ရသဖြင့် အမွေးများထောင်နေသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။ သူမက သူ့လက်ထဲမှ သူမလက်ကို အမြန်ပြန်ဆွဲထုတ်ပြီးမေးလိုက်သည်။

"ရှင် ဘာတွေလျှောက်ပြောနေတာလဲ"

ကုလင်နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ်ကွေးတက်သွားပြီး သူမ၏လက်ကောက်ဝတ်ကို ထပ်ကိုင်ကာပြောလိုက်သည်။

"ကိုယ့်လက်ကိုကိုင်ထား၊ အိမ်က ဘယ်မှာလဲဆိုတာ မင်းသိလို့လား၊ လမ်းမပျောက်စေနဲ့"

ကုလင်က သူမကိုလမ်းသွယ်လေး တစ်ခုထဲသို့ ခေါ်သွားပြီး အနောက်ဘက်ခြံဝင်း တံခါးကို တွန်းဖွင့်လိုက်၏။ ဤသည်မှာ အနောက်ဘက်ခြံဝင်းအတွင်း၌ ခြံခတ်ထားသော အိမ်များ ဖြစ်သည်။ အနောက်ဘက်ခြံဝင်းမှာ မကြီးမားပေ။

မြေကွက်လပ်ငယ်တစ်ခုတွင် ရေတွင်းတစ်တွင်းနှင့် အသုံးအဆောင်ပစ္စည်းများထားသည့် အခန်းငယ်တစ်ခန်း ရှိလေသည်။ မြေကွက်လပ်၏အစွန်းတွင် အခန်းကြီး နှစ်ခန်းနှင့် ခန်းမကျယ်တစ်ခု ရှိလေသည်။ဘေးပေါက်ကိုပိတ်ထားသဖြင့် ၎င်းမှာ သီးသန့်အိမ်တစ်လုံးဖြစ်လေသည်။ သို့သော် မီးဖိုချောင်နှင့် အိမ်သာကိုတော့ မျှသုံးရလေသည်။

ယေဘုယျအားဖြင့် အတော်လေး အဆင်ပြေနေ၏။ ထိုအချိန်တွင် ခန်းမကြီး၌ မီးလင်းနေပြီး ကလေးသုံးယောက်က ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ခွက်ပါသော စားပွဲတစ်လုံးတွင်ထိုင်နေကြလေသည်။

"သူတို့အားလုံး မင်းကိုစောင့်နေကြတာ"

ကုလင်ပြောလိုက်ရာ သူ့မျက်နှာတွင် ချီးကျူးခံချင်သောဆန္ဒကို ပြသနေလေသည်။

"ဒါတွေအားလုံးက ခုနလေးတင် ကိုယ်လုပ်ထားတာတွေချည်းပဲ၊ မြည်းကြည့်ပါဦး"

လင်းယွဲ့က မည်းနက်နေသောကြက်ဥကြော်၊ မီးသွေးတုံးကဲ့သို့ မည်းနက်နေသော အသားကြော်နှင့် ဖြူဖပ်ဖြူရော် ကြက်ပေါင်များကို မြင်လိုက်ရလေသည်။ လင်းယွဲ့ ဘယ်ညာကြည့်လိုက်ပြီးနောက် အတော်အသင့်စားလို့ရလောက်မည့် ကြက်ပေါင်တစ်ဖတ်ကို ဂရုတစိုက် ကောက်ယူလိုက်၏။

ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် အလွန်တရာငန်ပြီး ခါးသောအရသာက လင်းယွဲ့၏အရသာခံဖုများကို ဖိကြိတ်သွားလေသည်။ ခံစားချက်သက်သာစေရန် တံတွေးများက အလိုလိုချက်ချင်းထွက်လာလေသည်။ သို့သော် သူမမျိုချလိုက်သောအခါ နောက်ထပ်ကြီးမားသော ခါးသက်မှုနှင့် ငန်ကျိကျိအရသာလှိုင်းလုံးတစ်ခု ထပ်မံရောက်ရှိလာလေသည်။

"ဘယ်လိုနေလဲ"

ကုလင်က လင်းယွဲ့ကိုမျှော်လင့်တကြီး ကြည့်နေလေသည်။

"ရှင် အဆိပ်ခတ်ထားတာလား"

လင်းယွဲ့က ရေအမြောက်အမြားကို အလျင်စလို မော့သောက်လိုက်ပြီးနောက် ကလေးသုံးယောက်ကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။

"အရင်ရက်တွေက မင်းတို့စားခဲ့ရတာ ဒါတွေလား"

ယန်ယိုထျန်း ကြက်ဥတစ်လုံးကို ကောက်ယူပြီးနောက် ထမင်းအလုတ်အတော်များများကို အမြန်ပလုတ်ပလောင်းသွင်းကာ မျိုချလိုက်၏။ ပထမအကြည့်တွင် အစားအစာများက အရသာရှိသည်ဟုပင် ထင်မှတ်သွားစေလေသည်။ သို့သော် ကုတန်နှင့် တာ့ယာတို့က သူတို့ထမင်းများကိုသာ တိတ်တဆိတ်စားနေကြပြီး သူတို့တူများက ဟင်းလျာများကို သီသီလေးသာ ထိလေသည်။

ကုလင်က အရသာခံနိုင်စွမ်းမရှိသည့်အလား ဟင်းများကို အငမ်းမရခပ်ယူကာ အလွန်လျင်မြန်စွာစားသောက်နေလေသည်။

"ကိုယ်အဆိပ်မခတ်ပါဘူး၊ အဆိပ်က ပိုက်ဆံပေးဝယ်ရတာလေ၊ ပြီးတော့ ကိုယ့်ပုံစံက ပိုက်ဆံရှိတဲ့ပုံပေါက်နေလို့လား"

၎င်းမှာ စားမရနိုင်လောက်အောင်ဖြစ်နေသော်လည်း တစ်နေ့လုံးအလုပ်လုပ်ထားသဖြင့် ပင်ပန်းနေသောလင်းယွဲ့မှာ ဟင်းချက်ရန် ပျင်းနေ၏။ သူမက နေရာလွတ်ထဲမှ ပေါက်စီအနည်းငယ်ကို ထုတ်ယူကာ စတင်စားသောက်လေသည်။ မမျှော်လင့်ဘဲ သူမလက်ထဲတွင် ပေါက်စီတစ်ခု ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်စိလျင်ပြီး လက်သွက်သော ကုလင်က တစ်လုံးကို လုယူကာ သူ့ပါးစပ်ထဲသို့ လျင်မြန်စွာထိုးသိပ်လိုက်လေသည်။ သူ့မျက်လုံးများ အရောင်လက်သွားလေသည်။

"ဘယ်လိုလုပ် ဒီလောက်တောင် အရသာရှိနေရတာလဲ"

"ဒါဆို ရှင် ဘာကအရသာရှိလဲဆိုတာကို သိတာပေါ့"

လင်းယွဲ့ခေါင်းခါလိုက်သည်။

"ရှင် ဟင်းတွေကို အားရပါးရစားနေတာတွေ့တော့ ရှင့်မှာအရသာခံဖုမရှိဘူးလို့ ကျွန်မထင်နေတာ"

လင်းယွဲ့က အသားပေါက်စီများကို ကလေးသုံးယောက်အား ဝေပေးလိုက်သည်။

"စားကြ မဝရင်ထပ်ရှိသေးတယ်"

ကုတန်နှင့် တာ့ယာတို့က ပေါက်စီများကိုယူကာ သက်သာရာရသွားသည့် ခံစားချက်ဖြင့် စတင်စားသောက်ကြလေသည်။ ယန်ယိုထျန်းတစ်ယောက်သာ ပေါက်စီ တစ်လုတ်၊ ဟင်းတစ်လုတ်၊ ထို့နောက် ထမင်း တစ်လုတ်စားကာ အစားအစာတစ်စေ့ကိုမျှ အလေအလွင့် မခံပေ။ လင်းယွဲ့ အကြံပေးလိုက်၏။

"ယိုထျန်း ဟင်းတွေမစားနဲ့လေ၊ မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး"

ကုလင် သဘောတကျရယ်မောလိုက်ပြီး သူ့ဟင်းချက်လက်ရာ အဝေဖန်ခံရသည်ကို လုံးဝစိတ်အနှောင့်အယှက်မဖြစ်ဘဲ ထောက်ခံလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်၊ အသားပေါက်စီတွေကိုပဲ စား၊ ဟင်းတွေ မစားနဲ့"

ယန်ယိုထျန်းက ဟင်းလျာများကို အမြန်ကာကွယ်လိုက်ပြီး ခေါင်းခါရင်း ပြောလိုက်သည်။

"ဟင်းသီးဟင်းရွက်နဲ့ အသားနှစ်မျိုးလုံးပါတော့ ခန္ဓာကိုယ်အတွက် အရမ်းကောင်းပါတယ်"

သူမက သူ့ကိုလုံးဝမဖျောင်းဖျနိုင်ခဲ့ပေ။ လင်းယွဲ့က သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး ဆက်မတိုက်တွန်းတော့ပေ။ သို့သော် ယနေ့ ကုလင်၏ဟင်းချက်လက်ရာကိုမြင်တွေ့ခဲ့ရသဖြင့် စစ်တပ်သို့ ဝင်ရောက်ရန် သူ့ခရီးစဉ်အတွက် အသင့်စားအစားအစာများ ပြင်ဆင်ပေးရန် သူမတွေးလိုက်မိသည်။

အိပ်ရာများကို ခင်းထားပြီးဖြစ်ရာ လင်းယွဲ့နှင့် တာ့ယာက အခန်းတစ်ခန်းကို အတူသုံးပြီး ကုတန်နှင့် ယိုထျန်းက အခြားအခန်းတစ်ခန်းကို အတူသုံးကြလေသည်။ လင်းယွဲ့က ကုလင်ကိုကြည့်လိုက်၏။

"ရှင်ကရော"

ကုလင်ပြုံးလိုက်သည်။

"ယိုထျန်းကိစ္စအတွက် စုဟိုင်ကို လဝက်လောက် ဒုက္ခပေးခဲ့တယ်၊ အဲဒါ သူ အကြွေးဆပ်ပြီးသွားပြီလို့ သတ်မှတ်လိုက်ပါ၊ ဒါပေမဲ့ သူ ကိုယ်တို့ကိုဒုက္ခပေးခဲ့တာတွေအတွက်ကတော့ ဒီနေ့ကစပြီး ပြန်ရေတွက်ရမယ်"

"လျှော့လျှော့ပေါ့ပေါ့ လုပ်ပါဦး၊ သူ လူမိုက်တွေ လွှတ်လိုက်တယ်ဆိုတာက လွန်ခဲ့တဲ့နှစ်ပတ်အတွင်းကိစ္စတွေအားလုံးက ကျွန်မတို့လက်ချက်မှန်း သူ သဘောပေါက်သွားလို့ဖြစ်လောက်တယ်"

"ကိုယ်တို့ ဟုတ်လား"

ဤစကားလုံးနှစ်လုံးက ကုလင်ပါးစပ်ထဲတွင် လည်ပတ်နေပြီး အချိုဓာတ် အနည်းငယ်ကို ဖန်တီးပေးနေလေသည်။ စုဟိုင်မှာ ပြီးခဲ့သည့်နှစ်ညကို စိုးရိမ်မှုများ၊ ပျော်ရွှင်မှုများဖြင့် ဖြတ်သန်းခဲ့ရသည်။ သန်းခေါင်ယံတွင် မည်သည့် ပြဿနာမျှတကယ်မရှိကြောင်း သူသဘောပေါက်သွားသောအခါသက်ပြင်းချလိုက်ပြီး မယုံနိုင်လောက်အောင် လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

စုရွေ့က ထိုလူကိုရှင်းလင်းလိုက်ပုံရလေသည်။ သို့သော် ပြဿနာရှာသူက တကယ်ပဲ လင်းယွဲ့ဖြစ်နေခဲ့သည်။

‘ပြီးတော့ စုရွေ့ဘယ်မှာလဲ၊ သူက ပြန်လာပြီး သတင်းပို့သင့်တာမဟုတ်ဘူးလား၊ သူ ဘာလို့ပျောက်နေရတာလဲ’

စုဟိုင်စိတ်ထဲတွင် ဖြစ်နိုင်ခြေ အမျိုးမျိုးဖြတ်ပြေးသွားလေသည်။

'စုရွေ့ ငွေတွေယူပြေးသွားတာ၊ စုရွေ့ လျှို့ဝှက်လုပ်နည်း ယူပြေးသွားတာ၊ စုရွေ့ ကြောက်ပြီးထွက်ပြေးသွားတာ'

သို့သော် ဖြစ်နိုင်ခြေများအားလုံးထဲတွင် စုရွေ့အသတ်ခံရခြင်းဆိုသည်မှာ မပါဝင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူက လူသန်ကြီး ရှစ်ယောက်ကိုလွှတ်လိုက်ခြင်း ဖြစ်သည်။ သူတို့က တောဝက်တစ်ကောင်ကိုသတ်လျှင်တောင် သေချာပေါက် သေသွားပေလိမ့်မည်။

ယနေ့ သူထျန်းရှန်းနားနေဆောင်သို့ ထမင်းစားရန်သွားသောအခါ မာလျန်ကျွင်းရောက်လာမည်ဟု မည်သူထင်မည်နည်း။ ထိုအခါမှ လင်းယွဲ့မှပြစ်မှုကျူးလွန်သူမှန်း သူမသိမီက လင်းယွဲ့ကို ပြဿနာရှာရန် မာလျန်ကျွင်းအား ထိုနေရာသို့သွားရန် သူစီစဉ်ခဲ့ကြောင်း စုဟိုင် သတိရသွားလေသည်။ သို့သော် ယခု လင်းယွဲ့သေသွားပြီဖြစ်ရာ လျှို့ဝှက်လုပ်နည်းလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

အနည်းငယ် နှမြောစရာကောင်းသော်လည်း သူမထိုသို့ခံရသည်မှာ ထိုက်တန်ပါသည်။ မာလျန်ကျွင်း ထိုကိစ္စကိုလာရောက်ငြင်းဆန်ပြီး ထျန်းရှန်းနားနေဆောင်၏စားဖိုမှူးမှာ လင်းယွဲ့နှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း အရိပ်အမြွက်ပြောလာမည်ဟု မည်သူထင်ထားမည်နည်း။

‘သူမ အသက်ရှင်နေသေးတာလား’

စုဟိုင်ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် တဒိုင်းဒိုင်းခုန်နေလေသည်။ အမှန်တရားကို ရင်ဆိုင်ရန် သူကြည့်ပင် မကြည့်ရဲတော့ပေ။ သူအိပ်ရာပေါ်တွင် ကြောက်လန့်တကြားလဲလျောင်းကာ လက်အုပ်ချီပြီး အဆက်မပြတ် ဆုတောင်းနေလေသည်။

သူ နိုးလာပြီး အအေးဒဏ်ကိုခံစားလိုက်ရသောအခါ စုဟိုင် မျက်လုံးများကိုပြန်မှိတ်လိုက်ပြီး သူ့ရင်ထဲတွင် စကားလုံးများသာ အော်ဟစ်နေလေတော့သည်။

"သွားပြီ"

*အော်အီးအီးအွတ်*

ကြက်ဖတစ်ကောင်၏အသံပြဲကြီးက လင်းယွဲ့ကို ရုတ်တရက်လန့်နိုးသွားစေသည်။ သူမ မျက်နှာသစ်ရန်ခြံဝင်းထဲသို့ ထွက်သွားသောအခါ ကုလင်က ခန်းမကြီးရှိ စားပွဲပေါ်တွင် ဘာမှမခြုံဘဲ လဲလျောင်းနေသည်ကိုတွေ့လိုက်ရ၏။ လင်းယွဲ့ အခန်းထဲမှ ဂွမ်းအင်္ကျီတစ်ထည်ကို အမြန်ရှာကာ ဖွဖွလျှောက်သွားပြီး သူ့ကိုခြုံပေးရန်ပြင်လိုက်သည်။

မမျှော်လင့်ဘဲ သူမလက်ကောက်ဝတ်ကို ရုတ်တရက် ဆွဲကိုင်ခံလိုက်ရသဖြင့် သူမမှာ အအေးဒဏ်ကြောင့်ကြက်သီးများပင် ထသွားလေသည်။ ထို့ပြင် သူမထံသို့ ဦးတည်နေသော ကုလင်၏အကြည့်များမှာ ရေခဲလိုအေးစက်နေပြီး လူသတ်ချင်သော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ သူ့သူငယ်အိမ်တွင် လင်းယွဲ့၏ပုံရိပ်ထင်ဟပ်သွားပြီးနောက် ထိုစက္ကန့်လေးအတွင်းမှာပင် ဂရုမစိုက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

"ကိုယ့်ကို စိတ်ပူနေတာလား"

သူရယ်မောရင်း ဩရှရှအသံဖြင့်ပြောကာ မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်သည်။

"အရမ်းအေးပြီး အရမ်းနာတာပဲ"

"မနေ့ညက ရှင်ဘယ်အချိန် ပြန်ရောက်တာလဲ"

"မနက်သုံးနာရီလောက် ကိုယ်အအေးပတ်ပြီး သေတော့မလို့"

ကုလင်ပြောလိုက်သည်။

"ဒါပေမဲ့ သူ မင်းကိုနောက်ထပ် ဒုက္ခပေးရဲတော့မှာ မဟုတ်ပါဘူး"

"ရှင် ဘာလုပ်ခဲ့လို့လဲ၊ သူ့ကို သတ်ပစ်လိုက်တာလား"

ကုလင် ခေါင်းခါလိုက်သည်။

"လျှို့ဝှက်ချက်"

ယနေ့တွင် ကုတန်သည် ကျောင်း၌ စာမေးပွဲဖြေဆိုရမည် ဖြစ်သည်။ မနေ့က ကုတန် အလွန်ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့သဖြင့် လင်းယွဲ့ မစိုးရိမ်တော့ပေ။ သို့သော် သူမက ကုတန်ကို သွားခေါ်သောအခါ သူအိပ်ပျော်နေသည်မှာ သိသာသော်လည်း လက်ထဲတွင် စာအုပ်တစ်အုပ်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။

သူ မနေ့ညက အချိန်အတော်ကြာအောင် စာဖတ်ထားသဖြင့် အလွန်တရာစိတ်လှုပ်ရှားနေပုံရလေသည်။ လင်းယွဲ့ စားပွဲကိုကြည့်လိုက်ရာ မီးအိမ်ဆီများ အားလုံးကုန်ခမ်းသွားသည်ကို တွေ့လိုက်ရ၏။

‘ဒီကလေးတော့’

လင်းယွဲ့က ကုလင်ကိုကုတန်အတွက် အီကြာကွေးတစ်ချောင်းနှင့် ကြက်ဥနီချက်နှစ်လုံး သွားဝယ်ခိုင်းလိုက်သည်။

"ဒါတွေစားလိုက်ရင် မင်း သေချာပေါက် အောင်မြင်လိမ့်မယ်"

ခေတ်သစ်မှာ ဒါကနိမိတ်ကောင်းတစ်ခုဆိုတာကိုသိနေသည့် သူမကပြောလိုက်သည်။

"အီကြာကွေး တစ်ချောင်း၊ ကြက်ဥနှစ်လုံး ကျွန်တော် သေချာပေါက် အောင်မြင်မယ်ဟုတ်လား၊ ဘာဖြစ်လို့လဲ"

ကုတန် နားမလည်သော်လည်း ဖြည်းဖြည်းချင်းစားသောက်ရင်း လင်းယွဲ့ကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေလေသည်။

"စာမေးပွဲမဖြေခင် ဒါတွေကိုစားသရွေ့ နတ်ဘုရားရဲ့ကောင်းချီးကို မင်းရရှိလိမ့်မယ်"

All Chapters