← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

Ch-152

“ပြည်တွင်းဆူပူအုံကြွမှု ဟုတ်လား”

လမ်းပေါ်တွင် လူများအလောတကြီး ပြေးလွှားနေသည်ကို မြင်သောအခါ လင်းယွဲ့က ဆိုင်အမြန်သိမ်းကာ သူမကလေးသုံးယောက်နှင့်အတူ အိမ်သို့ ပြေးလေသည်။ လမ်းပေါ်တွင် ပြေးလွှားနေသော လူအများအပြားရှိလေသည်။ အနောက်လမ်းရှိ ဆန်ဆိုင်ကို သူတို့ဖြတ်သွားသောအခါ ဆိုင်ရှေ့ရှိမြေကြီးပေါ်တွင် ဆန်များစွာဖိတ်စင်နေ၏။

လူအများအပြားက ဆန်များကိုလုယူနေကြလေသည်။ လင်းယွဲ့ဆိုင်ထဲသို့ လှမ်းကြည့်လိုက်သောအခါ ဆန်ဆိုင်ပိုင်ရှင်၏ရင်ဘတ်တွင် ဓားထိုးခံထားရပြီး သူ ဘေးတွင်လဲကျနေစဉ် ဆန်ဖြူများပေါ်သို့ သွေးများစွန်းထင်းနေသည်ကိုပင် သူမတွေ့လိုက်ရ၏။ ရုတ်တရက် အလောင်းကိုမြင်လိုက်ရသောအခါ လင်းယွဲ့မှာ လန့်သွားလေသည်။ သူမက ကုတန်နှင့် တာ့ယာတို့အမြင်အာရုံကို အမြန် ကာကွယ်လိုက်ပြီးအော်လိုက်သည်။

"ပြေး"

"နေဦး မင်းကဆော့စ်ဆိုင်ပိုင်ရှင် မဟုတ်လား"

အမျိုးသားတစ်ဦးက လင်းယွဲ့လမ်းကို ရုတ်တရက် ပိတ်ရပ်ကာ ခြိမ်းခြောက်သည့်လေသံဖြင့် အော်ဟစ်လိုက်သည်။

"မင်းဆီမှာ ပိုက်ဆံတွေအများကြီးပါမှာပဲ၊ ပိုက်ဆံတွေပေးစမ်း"

သူ့အော်သံက အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်သွားပြီး လင်းယွဲ့က သူမအပေါ် စူးစိုက်နေသောအကြည့်အချို့ကို ခံစားလိုက်ရ၏။ လင်းယွဲ့က သူမညာဘက်လက်ဖြင့် တာ့ယာကို လွှတ်ပေးလိုက်ပြီး သူမခါးပတ်တွင် ဝှက်ထားသော ဓားကိုဖြည်းညင်းစွာ လှမ်းကိုင်လိုက်သည်။ သို့သော် သူမတုံ့ဆိုင်းနေဆဲဖြစ်သည်။

သူ့ကို သတ်နိုင်မလားဆိုသည်ကို မဆိုထားနှင့် ပုန်ကန်မှုကို နှိမ်နင်းပြီးနောက် သူမထောင်ကျသွားမည်လားဆိုသည်ကိုပါ တွေးပူမိလေသည်။ ထိုအချိန်တွင် ယန်ယိုထျန်းက အမြောက်ဆန်တစ်ခုကဲ့သို့ပြေးထွက်သွားပြီး ထိုအမျိုးသားကို ဝင်တိုက်လိုက်လေသည်။ ယန်ယိုထျန်းကို လှောင်ပြောင်နေခဲ့သော ထိုအမျိုးသားက ယန်ယိုထျန်း သူ့ထံပြေးဝင်လာသည်ကို လုံးဝဂရုမစိုက်ဘဲ ကြည့်နေလေသည်။

သူက ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသည့်အလား သူ့ရင်ဘတ်ကိုပင် ကော့ထားလိုက်လေသည်။ မမျှော်လင့်ဘဲ ယန်ယိုထျန်းက သူ့ကိုဝင်တိုက်လိုက်သောအခါ သူ့ဝမ်းဗိုက်တွင် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသဖြင့် သူငယ်အိမ်များ ပြူးကျယ်သွားလေသည်။ တိုက်ခိုက်မှု၏အရှိန်နှင့် နာကျင်မှုကြောင့် အခြားမည်သည့်အရာကိုမျှ စဉ်းစားရန် အချိန်မရတော့ဘဲ သူလဲကျသွားလေသည်။

ဖြောင်းကနဲအသံနှင့်အတူ ယန်ယိုထျန်းက သူ့မျက်နှာကို ကန်လိုက်ရာ ထိုအမျိုးသား၏ခေါင်းမှာ ဘေးဘက်သို့ လည်ထွက်သွားပြီး သတိလစ်သွားလေသည်။ ယခုလေးတင် လင်းယွဲ့အပေါ် စူးစိုက်နေခဲ့သောအကြည့်များက ချက်ချင်းပင် အခြားသို့ရွေ့လျားသွားလေသည်။

"ကောင်းကောင်းလုပ်နိုင်ခဲ့တယ်"

လင်းယွဲ့က ယန်ယိုထျန်းကိုစိုက်ကြည့်ကာ ကျေနပ်စွာပြောလိုက်သည်။ သူမက ဓားကို ခါးပတ်ထဲသို့ပြန်ထည့်လိုက်ပြီး တာ့ယာ၏လက်ကို ကိုင်ကာ ပြောလိုက်သည်။

"အိမ်ကို အမြန်ပြန်ကြစို့"

ကံကောင်းထောက်မစွာဖြင့် အိမ်အပြန်ခရီးမှာ တိုတောင်းပြီး အတားအဆီးများ မရှိခဲ့ပေ။ လင်းယွဲ့က အနောက်ဘက်ခြံဝင်းထဲသို့ အလျင်စလိုပြေးဝင်သွားပြီး တံခါးကိုပိတ်လိုက်၏။ သူမက အရင်ဆုံးကလေးသုံးယောက်ကို ငြိမ်သက်စေပြီးနောက် ဘေးပေါက်သို့ တစ်ယောက်တည်း ထွက်သွားလေသည်။

သူမက အနောက်ဘက်ခြံဝင်းတွင် နေထိုင်ပြီး မိသားစုသုံးစုက အရှေ့ဘက်ခြံဝင်းတွင် နေထိုင်ကြလေသည်။ မိသားစုနှစ်စုမှာ စစ်ဆေးရေးမူးများဖြစ်ပြီး တစ်စုမှာ စာရင်းကိုင်ဖြစ်လေသည်။ ၎င်းက ပြည်တွင်းဆူပူအုံကြွမှု ဖြစ်နေသဖြင့် စစ်ဆေးရေးမူးများက ယင်းအကြောင်းကို ပထမဆုံးသိသင့်ပေသည်။ အရှေ့ဘက်ခြံဝင်းရှိ မိသားစု သုံးစုထံမှ သတင်းအချက်အလက် အချို့ရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် လင်းယွဲ့က ဘေးပေါက်ကိုဖွင့်လိုက်၏။

"ညီမလင်း"

လင်းယွဲ့ ဘေးပေါက်ကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် စစ်ဆေးရေးအရာရှိဝမ်၏ဇနီးဖြစ်သူ လွီရှို့ယွီနှင့် မျက်လုံးချင်းဆုံသွားလေသည်။ လင်းယွဲ့ ပြောင်းရွှေ့လာစဉ်က မိသားစုသုံးစုကို လက်ဆောင်များပေးခဲ့သဖြင့် သူတို့ အချင်းချင်း သိကြလေ၏။

"အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ညီမသိလား"

လွီရှို့ယွီ တွေဝေစွာဖြင့်မေးလိုက်သည်။

"အပြင်မှာ ဘာလို့ ဒီလောက်ဆူညံနေရတာလဲ"

အရာရှိလီ၏ဇနီးဖြစ်သူ ကျောက်ဟုန်က တံခါးကိုပိတ်လိုက်စဉ်မှာပင်အော်ပြောလိုက်သည်။

"ကျွန်မ မသိဘူး၊ အပြင်ဘက်က လူတွေအားလုံး ရူးသွပ်နေကြသလိုပဲ"

သူမက လှည့်ကာအိမ်ထဲသို့ လှမ်းခေါ်လိုက်၏။

"ယောကျ်ား ရှင်နောက်ကျရင် ရုံးတော်ကို သွားရမှာလား"

လီမင်က အိပ်ရာပေါ်တွင်လဲလျောင်းနေပြီး ပျင်းရိစွာပြောလိုက်သည်။

"မသွားဘူး မသွားဘူး၊ ငါ အားလပ်ရက် ယူထားတာ၊ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါမသွားဘူး"

ကျောက်ဟုန်ပြုံးကာ သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပြီးနောက် တံခါးကို ပိတ်လိုက်သည်။

"ညီမလေးလင်း ညီမကအပြင်ဘက်ကနေ ပြန်ပြေးလာတာဆိုတော့ အပြင်ဘက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ညီမ အသိဆုံးပဲ၊ တကယ်တော့ ဘာဖြစ်သွားတာလဲ"

လွီရှို့ယွီက စိုးရိမ်ပူပန်သောအမူအရာဖြင့် မေးလိုက်သည်။

"ပြည်တွင်းဆူပူအုံကြွမှု ဖြစ်နေတယ်လို့ မုန့်ဆိုင်ပိုင်ရှင်ဆီကပဲ ကျွန်မ ကြားလိုက်ရတယ်၊ ပြီးတော့ အပြန်လမ်းမှာ ဆန်ဆိုင်က ဆန်တွေကို လုယက်နေကြတဲ့ လူအများကြီး ကျွန်မ မြင်ခဲ့တယ်၊ ကျွန်မသိတာ အဲဒီလောက်ပါပဲ"

"ပြည်တွင်းဆူပူအုံကြွမှု ဟုတ်လား"

လွီရှို့ယွီမျက်နှာမှာ ချက်ချင်းပင်ဖြူဖျော့သွားလေသည်။

"ငါ့ယောကျ်ားက ရုံးတော်မှာရှိနေတုန်းပဲ၊ သူဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်"

လွီရှို့ယွီက တံခါးဆီသို့အလျင်စလို သွားနေသည်ကိုမြင်သောအခါ လင်းယွဲ့က သူမကို အမြန်တားလိုက်၏။

"အစ်မ အပြင်မှာအန္တရာယ်များတယ်၊ ရှုပ်ရှုပ်ယှက်ယှက်ထဲမှာ ကျွန်မကို လုယက်ဖို့ ကြိုးစားတဲ့သူတစ်ယောက်နဲ့ ခုနလေးတင်မှ ကျွန်မကြုံခဲ့ရတာ၊ တစ်ကယ်လို့ အစ်မ အခုထွက်သွားရင် အရာရှိဝမ်ကို ကူညီနိုင်မှာမဟုတ်တဲ့အပြင် အစ်မပါ ဒုက္ခရောက်သွားနိုင်တယ်"

လွီရှို့ယွီ၏မျက်နှာမှာ ပြာနှမ်းသွားလေသည်။ တစ်ချိန်က ချောမွေ့နေသော ဂွမ်းအင်္ကျီမှာ တွန့်ကြေသွားသည်အထိ သူမ၏အဝတ်အစားများကို ဆုပ်ကိုင်ထားလေသည်။

"ဒီတလော လုံခြုံမှုမရှိဘူးလို့ သူငါ့ကို ပြောခဲ့တယ်၊ ဒါပေမဲ့ ငါ လုံးဝမမျှော်လင့်ထားခဲ့ဘူး"

"ဒီတလော ဘာလို့လုံခြုံမှုမရှိတာလဲဆိုတာ အစ်ကိုဝမ်ပြောသေးလား"

"သူတို့က ယောကျ်ားတွေကိုစစ်တပ်ထဲ ခေါ်သွင်းတာရယ် ပြီးတော့ အဆက်မပြတ် နှင်းကျနေတာရယ်၊ ထပ်ပေါင်းပြီးကောက်ပဲသီးနှံ ဈေးနှုန်းတွေက အဆမတန်မြင့်တက်နေတာရယ် အဲဒါတွေအားလုံးက အသက်တွေကို ခြိမ်းခြောက်နေတာလေ၊ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်က စုဟိုင်ကိုစပါးတွေ သိုလှောင်ထားပြီး အမြတ်ကြီးစားရောင်းလို့ ရုံးတော်မှာ ဗုံတွေလာတီးခဲ့တယ်၊ သူက စစ်ဆေးရေးအရာရှိတွေရဲ့ ရိုက်နှက်မှုကိုခံရပြီး သေသွားတယ်၊ အဲဒီလူက ခရိုင်ထဲမှာတော်တော်လေး ဩဇာလွှမ်းမိုးမှုရှိတယ်လေ"

လွီရှို့ယွီက လင်းယွဲ့လက်ကိုကိုင်လိုက်ရာ သူမအသံမှာ ရေခဲလို အေးစက်နေလေသည်။

"တစ်ကယ်လို့ ပြည်တွင်းဆူပူအုံကြွမှုသာဆိုရင် သူတို့က ချက်ချင်းအစိုးရရုံးကို သေချာပေါက်ဝင်စီးကြလိမ့်မယ်၊ ငါ့ယောကျ်ား လောင်ဝမ်က အသိစိတ်ရှိပြီး အလုပ်အကြိုးစားဆုံးလူတစ်ယောက်လေ၊ တစ်ကယ်လို့ တိုက်ပွဲတွေများဖြစ်လာရင် ဘယ်လိုလုပ်မလဲ"

လင်းယွဲ့က သူမလက်ကို ပုတ်ပေးလိုက်ပြီး နှိမ့်ချစွာနှစ်သိမ့်ပေးလိုက်သည်။

"အစ်မ စိတ်ပူနေမယ်ဆိုတာ အစ်ကိုဝမ် သိတဲ့အတွက် သူသေချာပေါက် သတိထားမှာပါ"

သတင်းအချက်အလက်များ ထပ်မံမရရှိနိုင်တော့သည်ကို မြင်သောအခါ လင်းယွဲ့မှာ မတတ်သာဘဲလက်လျှော့လိုက်ရလေသည်။ ထိုအခါမှသာ သူမခြေဖဝါးများ ရေခဲလိုအေးစက်နေကြောင်း သတိပြုမိလိုက်၏။ လမ်းတစ်လျှောက်လုံးပြေးလာခဲ့သဖြင့် သူမဖိနပ်များပေါ်ရှိ အရည်ပျော်နေသော နှင်းများကြောင့် ခြေထောက်များစိုရွှဲနေလောက်ပြီဖြစ်သည်။

လင်းယွဲ့က ထင်းသုံးချောင်းနှင့် သံအိုးတစ်လုံးကိုပြန်ယူကာ မျှသုံးသော မီးဖိုချောင်တွင် ရေနွေးတည်ရန် ရည်ရွယ်လိုက်၏။ မီးဖိုချောင်မှာ သေးငယ်သော်လည်း ဗီရိုများနှင့် ထင်းများ အပြည့် ပြည့်ကျပ်နေလေသည်။ နံရံများမှာ မီးခိုးငွေ့များကြောင့် မည်းနက်နေပြီး မီးဖိုနောက်ရှိနေရာမှာ လုံးဝ မည်းနက်နေလေ၏။

စုစုပေါင်း မီးဖိုလေးခုရှိလေသည်။ ယုတ္တိတန်တန်စဉ်းစားလျှင် မိသားစုတိုင်းတွင် မီးဖိုတစ်ခုရှိသင့်သော်လည်း မီးဖိုလေးခုလုံးကို အသုံးပြုနေလေသည်။ လင်းယွဲ့က သံအိုးဖုံးလေးခုကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်လိုက်၏။ အိုးနှစ်လုံးမှာ အလွတ်ဖြစ်နေကာ ကျန်အိုးနှစ်လုံးတွင် တစ်လုံးမှာ ဆန်ပြုတ်ဖြူ အနည်းငယ်ပါရှိပြီး နောက်တစ်လုံးတွင် မဆေးကြောရသေးသော ပန်းကန်များနှင့် တူအချို့ပါရှိလေသည်။ ထိုအချိန်တွင် အမျိုးသမီးတစ်ဦး ဝင်လာလေသည်။

"ဘာလုပ်နေတာလဲ၊ အဲဒါငါ့ဆန်ပြုတ်တွေ မသောက်နဲ့နော်"

သူမက စကားပြောရင်းအလျင်စလို ပြေးလာကာ လင်းယွဲ့လက်ထဲမှ အိုးဖုံးကိုလုယူပြီး အိုးပေါ်သို့ ဝုန်းခနဲပြန်ပိတ်ချလိုက်လေသည်။

"အစ်မရဲ့ဆန်ပြုတ်ကို ကျွန်မ မထိပါဘူး"

လင်းယွဲ့ရှင်းပြလိုက်ရင်း သူမလုပ်ရပ်များမှာ အနည်းငယ် ရိုင်းစိုင်းသွားကြောင်း သိလိုက်သည်။

"တောင်းပန်ပါတယ်၊ ဒီမီးဖိုချောင်က မျှသုံးတာဆိုပေမဲ့ မီးဖိုလေးခုလုံးက အသုံးပြုနေလို့ပါ၊ ဒါကြောင့် ကျွန်မ စစ်ဆေးကြည့်ရုံပါ"

လင်းရှင်း၏အမူအရာမှာ မပြောင်းလဲပေ။

"မင်းက အနောက်ဘက်ခြံဝင်းက မဟုတ်လား၊ ဒီမီးဖိုချောင်က မျှသုံးတာ မှန်တယ်၊ ဒါပေမဲ့ အရှေ့ဘက်ခြံဝင်းကလည်း မျှသုံးတာလေ၊ မင်း ဒီမှာဘာလာလုပ်တာလဲ"

"အနောက်ဘက်ခြံဝင်းကလည်း ဒီအိမ်နဲ့ သက်ဆိုင်တာပဲ၊ ပြီးတော့ စုစုပေါင်း မိသားစုလေးစုရှိတာလေ၊ မိသားစုတိုင်းက မီးဖိုတစ်ခုစီရသင့်တာ မဟုတ်ဘူးလား"

လင်းယွဲ့ခြေထောက်များမှာ အလွန် အေးစက်နေသဖြင့် သူမ မသိစိတ်မှ ခြေဆောင့်လိုက်မိလေသည်။

"အစ်မ ဘယ်မိသားစုက အပိုမီးဖိုတစ်ခုကို သုံးနေတာလဲဆိုတာ အစ်မသိလား"

လင်းရှင်းက သူမကိုမျက်နှာလွှဲကာ ပြောလိုက်သည်။

"ဒီမီးဖိုလေးခုလုံးက သုံးနေတာချည်းပဲ၊ တစ်ကယ်လို့ မင်းတစ်ခုသုံးချင်ရင် မင်းဘာသာမင်း တစ်ခုဆောက်ရလိမ့်မယ်"

"အဲဒါ အဓိပ္ပာယ်မရှိဘူးလေ"

လင်းယွဲ့ပြောလိုက်သည်။

"ကျွန်မ အခန်းငှားတုန်းက ကျွန်မ မီးဖိုတစ်ခုသုံးလို့ရတယ်ဆိုတာကို ပွဲစားက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ"

သူမပုံစံကို မြင်သောအခါ လင်းယွဲ့က ပိုလျှံနေသောမီးဖိုမှာ သူမနှင့် သက်ဆိုင်နေကြောင်း ခန့်မှန်းမိလေသည်။ လင်းယွဲ့ အပြင်သို့ထွက်ကာ ကျယ်လောင်စွာ မေးလိုက်သည်။

"အစ်မလွီ၊ အစ်မကျောက် ဘယ်အိမ်တွေက ဘယ်မီးဖိုတွေကိုသုံးတာလဲဟင်"

လွီရှို့ယွီအမြန် ပြန်ဖြေလိုက်သည်။

"ကျွန်မအိမ်က တံခါးနဲ့အနီးဆုံးတစ်ခုကို သုံးတာပါ"

ကျောက်ဟုန်က တံခါးကိုတွန်းဖွင့်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ဒီမီးဖိုလေးခုက ကျွန်မတို့လေးအိမ်အတွက် တစ်အိမ်တစ်ခုစီဖြစ်သင့်တာလေ၊ အပိုတစ်ခုက ဘယ်မှာလဲဆိုတာ ကျွန်မမေးချင်လို့ပါ"

"ကျွန်မက တစ်ခုပဲသုံးတာပါ"

ကျောက်ဟုန်ပြုံးရင်း ပြောလိုက်သည်။

"ပြတင်းပေါက်နားက တစ်ခုကိုသုံးတာပါ၊ တချို့လူတွေက တခြားသူတွေကို အခွင့်အရေးယူပြီး အရင်မီးဖိုကအလွတ်ကြီးဖြစ်နေလို့ဆိုတာက တစ်ကဏ္ဍပေါ့ ဒါပေမဲ့ တစ်ယောက်ယောက်က လာပြီးယူတဲ့အခါကျရင်တော့ ကျွန်မက သူတို့ဘက်ကရပ်တည်ပေးရမှာပဲ၊ ဒီလူက အိမ်နီးချင်းဆက်ဆံရေးကို ပျက်စီးအောင်လုပ်နေတာ ရှင်းနေတာပဲ"

ကျောက်ဟုန်က လင်းရှင်းကို အထက်အောက်ကြည့်လိုက်ပြီးနောက် နှာမှုတ်ကာ ပြောလိုက်သည်။

"ကျွန်မပြောတာမှန်တယ် မဟုတ်လား လင်းရှင်း"

လင်းရှင်းမျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားလေသည်။

"ငါကအခွင့်အရေးယူတယ် ဟုတ်လား၊ နင့်မိသားစုဆီကနေ ငါအခွင့်အရေး ယူခဲ့လို့လား၊ နင်က ဘာလို့သူများကိစ္စကို ဝင်စွက်ဖက်နေရတာလဲ၊ နင်က သေးသေးလေးကို အကြီးကြီးဖြစ်အောင် လုပ်နေတာပဲ"

"အဲဒါကို ထပ်ပြောစမ်း၊ နင်က ငါ့ခြံဝင်းထဲက ထင်းတွေကို ငါမသိအောင် အမြဲတမ်းခိုးရှို့နေတာ ငါမသိဘူးများ မှတ်နေလား ဟင် နင်က ငါ့ခြေထောက်ပေါ်က ဖားပြုပ်တစ်ကောင်လိုပဲ မကိုက်ပေမဲ့ ရွံစရာကောင်းတယ်"

သူတို့နှစ်ဦးမှာ အပ်ချွန်များကဲ့သို့ ငြင်းခုံကြပြီး ဟောင်းနွမ်းနေသော ရန်ငြိုးရန်စများနှင့် မကျေနပ်ချက်များ အားလုံးကို ထုတ်ဖော်ပြောဆိုနေကြလေသည်။ လင်းယွဲ့မှာ စကားတစ်ခွန်းမျှပင် ဝင်ပြောခွင့်မရတော့ပေ။ အလယ်ရှိ အိုးနှစ်လုံးမှာ လင်းရှင်း၏မိသားစုနှင့် သက်ဆိုင်ပြီး အိုးနှစ်လုံးစလုံးတွင် ပစ္စည်းများပါရှိကြောင်း လင်းယွဲ့ တွေ့လိုက်ရ၏။

ဆန်ပြုတ်ပါသော အိုးကိုရွှေ့၍မရပေ။ ထိုသို့မဟုတ်ပါက လင်းရှင်းက ၎င်းကို ပြဿနာရှာရန် ဆင်ခြေတစ်ခုအဖြစ် အသုံးပြုပေလိမ့်မည်။ သို့သော် အခြားအိုးတစ်လုံးတွင် မဆေးကြောရသေးသော ပန်းကန်များနှင့် တူများပါရှိပြီး ရေများပြည့်နေသဖြင့် လင်းယွဲ့က လုံးဝ မ,မနိုင်ပေ။ သူမ နောက်သို့ပြန်လှည့်ကာ အကူအညီတောင်းရန် ယိုထျန်းကို သွားခေါ်ဖို့ဆုံးဖြတ်လိုက်လေသည်။

All Chapters