အခန်း ၁၅၃
Vol. 16 Ch. 153
Ch-153
လင်းယွဲ့ လက်လျှော့သွားသည်ကို မြင်သောအခါ လင်းရှင်းက အနိုင်ရသွားသော ကြက်ဖတစ်ကောင်ကဲ့သို့ ကျောက်ဟုန်ကို စူးစိုက်ကြည့်ကာပြောလိုက်သည်။
"ကြည့်စမ်း၊ နင် ကူညီပြီးဒေါသထွက်ပေးချင်နေတဲ့လူက သူရဲဘောကြောင်တဲ့သူပဲ၊ နင်ကသာ ရှေ့ကိုပြေးထွက်သွားပြီး ကိုယ့်ကိုကိုယ်အရူးလုပ်လိုက်တာ"
ကျောက်ဟုန်က အေးစက်စွာနှာမှုတ်လိုက်သည်။
"ဘာ အချိုးလာချိုးနေတာလဲ"
သူတို့နှစ်ဦး အချင်းချင်းနှာမှုတ်ကာ သူတို့အိမ်များသို့ အသီးသီးပြန်သွားကြလေသည်။ ခဏအကြာတွင် လင်းယွဲ့က ယိုထျန်းကိုခေါ်လာခဲ့ပြီး ယိုထျန်းက သံအိုးကို အလွယ်တကူပင် မ,လိုက်၏။
"ဒါကို ဘယ်မှာထားရမလဲ"
လင်းယွဲ့က သူမဘေးရှိသံအိုးကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအိုးထဲတွင် ဆန်ပြုတ်မရှိတော့ပေ။ သူမက ခိုးသောက်မည်ကိုစိုးရိမ်သဖြင့် လင်းရှင်းကယူလိုက်ပုံရလေသည်။ လင်းယွဲ့က အိုးဖုံးကို မ,လိုက်ပြီး ယိုထျန်းက သံအိုးကို အထဲသို့ ဝုန်းခနဲထပ်ထည့်လိုက်လေသည်။ လင်းယွဲ့က သူမသံအိုးကို မီးဖိုပေါ် တင်ကာ မီးမွှေးလိုက်ပြီးနောက် သကြားညို ဂျင်းလက်ဖက်ရည်လေးပန်းကန်စာကို အရင်ပြုတ်လိုက်ပြီး ယိုထျန်းက ကျန်ရှိသောရေနွေးများကို အိမ်သို့ပြန်သယ်သွားလေသည်။
ဂိုဂျီသီးနှင့် စွန်ပလွံသီးနီများ ပါဝင်သော သကြားညိုရည်မှာ ဂျင်း၏အစပ်အရသာ အနည်းငယ်ပါဝင်ပြီး ချိုမြိန်လေသည်။ တစ်ငုံသောက်လိုက်သည်နှင့် တစ်ကိုယ်လုံးနွေးထွေးသွားသကဲ့သို့ ခံစားရလေသည်။ ထို့နောက် လင်းယွဲ့က သူတို့ကိုဖိနပ်များချွတ်ကာ ခြေထောက်စိမ်ရန် ပြောလိုက်၏။ အေးစက်နေသော ခြေထောက်များကို ရေနွေးထဲ စိမ်လိုက်သောအခါ အလွန်အမင်း ပူလောင်သည်ဟု ခံစားလိုက်ရသည်။ သို့သော် ခဏမျှစိမ်ထားပြီးနောက် ခြေထောက်များက အပူချိန်နှင့် တဖြည်းဖြည်းရင်းနှီးသွားပြီး တစ်ကိုယ်လုံး နွေးထွေးလာလေသည်။
ခြေထောက်စိမ်နေစဉ် လင်းယွဲ့မှာ ကုလင်ကို သတိမရဘဲမနေနိုင်ခဲ့ပေ။ ရာသီဥတုက အလွန်အေးစက်နေရာ ကုလင် အအေးပတ်သွားမည်လားဟု သူမ တွေးပူမိလေသည်။ ကုလင်က ဂွမ်းအင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး ဂွမ်းအင်္ကျီတစ်ထည်ကိုသာ အပိုယူသွားခဲ့ခြင်းဖြစ်သည်။
လင်းယွဲ့က သူ့ကိုစောင်တစ်ထည် ယူသွားစေချင်သော်လည်း သူက ငြင်းဆန်ခဲ့သည်။ လမ်းခရီးတွင် သူ မည်သို့ နွေးထွေးအောင်နေမည်ကို သူမ တွေးတောနေမိသည်။ ခေတ်သစ်နှင့် မတူဘဲ ရှေးခေတ်တွင် အအေးမိခြင်းမှာ အလွန်အန္တရာယ်များသော ကိစ္စတစ်ခု ဖြစ်လေသည်။ လင်းယွဲ့ စိုးရိမ်ပူပန်နေသော ကုလင်မှာ မုန့်ပြားနှင့်အသားကို စားနေလေသည်။
"မင်းဆီမှာ အသားပါနေတာပဲ"
သူ့ကိုစောင့်ကြပ်ရသော စစ်သား၏မျက်လုံးများတွင် အရောင်လက်သွားပြီး ကုလင်ကျောကို ကြာပွတ်ဖြင့် ရိုက်ချလိုက်သည်။
"ငါ့ကို အခုပေးစမ်း"
စစ်သားများမှာ ရက်စက်ကြလေသည်။ အချိန်တစ်လျှောက်လုံး နှင်းများကျဆင်းနေပြီး စစ်သားအများစုမှာ ဆင်းရဲသောမိသားစုများမှလာကြသူများ ဖြစ်သည်။ သူတို့မှာ ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အစားအစာအနည်းငယ်သာရှိသဖြင့် လှုပ်ရှားသွားလာရန်ပင် ခက်ခဲနေကြ၏။
သို့သော် စစ်သားခေါင်းဆောင်က မည်သည့် ကရုဏာမျှမပြဘဲ လဲကျနေသူများကို ကြာပွတ်ဖြင့်ရိုက်နှက်ကာ အော်ဟစ်လေသည်။
"မသေသေးသရွေ့ ရှေ့ကိုဆက်သွားကြစမ်း"
ဆယ်ရက်ကျော်ကာလအတွင်းမှာပင် လူငါးဦး သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဖိနှိပ်ခံရမှု၊ ကြောက်ရွံ့မှုဒေါသနှင့် အခြားသောခံစားချက်များက လူများ၏ရင်ထဲတွင် စုပုံလာလေသည်။ သို့သော် ယခုအခါ ဤစစ်သားခေါင်းဆောင်က လူများ၏အစားအစာများကို လုယူချင်နေလေ၏။ စစ်သားခေါင်းဆောင် ဦးဆောင်ခေါ်လာသော လူများအားလုံးမှာ မာယန်ရွာမှဖြစ်ပြီး အချင်းချင်းသိကြလေသည်။ သူတို့က အချင်းချင်းကြည့်လိုက်ကြရာ သူတို့မျက်လုံးများတွင် ဒေါသများကြီးထွားလာလေသည်။
‘ဒီစစ်သားခေါင်းဆောင်က ဘယ်လိုလုပ် ဒီလောက်တောင်အရှက်မရှိရတာလဲ’
စစ်သား၏ကြာပွတ်ရိုက်ချက်မှာ နောက်နေခြင်း မဟုတ်ပေ။ ကုလင်ကျောမှ သွေးများစိမ့်ထွက်လာလေသည်။ ကုလင်က နာကျင်စွာဖြင့်တမင်သက်သက် အော်ဟစ်ကာ မြေကြီးပေါ်တွင် လူးလှိမ့်ရင်းပြောလိုက်သည်။
"မရိုက်ပါနဲ့တော့ ငါပေးပါ့မယ်"
ထို့နောက် သူက တုန်ယင်စွာဖြင့် ဝက်သားနီချက်ကို စစ်သားခေါင်းဆောင်ထံသို့ ကမ်းပေးလိုက်၏။ စစ်သားက မောက်မာစွာယူလိုက်ပြီး အားရပါးရတစ်ကိုက် ကိုက်ကာ အော်ပြောလိုက်သည်။
"အရသာရှိလိုက်တာ"
ထို့နောက် သူက ကုလင်ကို အထင်အမြင်သေးစွာ စိုက်ကြည့်လိုက်၏။
"နောက်တစ်ခါ ပိုပါးနပ်အောင်နေစမ်း၊ ကောင်းတဲ့ဟာတွေကို ငါ့ကိုအရင်ပေး မဟုတ်ရင် မင်းကို ငါထိုးကြိတ်ပစ်မယ်"
ကုလင်က တိတ်ဆိတ်နေသော်လည်း ဝမ်တာ့ကျန်းဒေါသမှာမူ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။ ဤရက်ပိုင်းများမှာ ဖိနှိပ်ချုပ်ချယ်မှုများဖြင့် ပြည့်နှက်နေပြီး သေဆုံးသွားသူများထဲတွင် သူနှင့် ရင်းနှီးသူများလည်း ပါဝင်လေသည်။ ထိုသူမှာ ကျန်းမာရေးကောင်းမွန်သော်လည်း သူ လမ်းလျှောက်နှေးလွန်းသည်ဟု စစ်သားခေါင်းဆောင်က ထင်ကာ ကြာပွတ်ဖြင့်အကြိမ်အနည်းငယ် ရိုက်နှက်ခဲ့သည်။ ထိုသူ့ကျောရှိ ဒဏ်ရာမှာ ပြည်တည်လာပြီး အနာကျက်မသွားခဲ့ပေ။
ထိုအကြောင်းကြောင့် သူတို့မှာ လမ်းလျှောက်ပိုနှေးသွားပြီး စစ်သားခေါင်းဆောင်၏ ကြာပွတ်ဖြင့်ထပ်မံ ရိုက်နှက်ခံခဲ့ရလေ၏။ သူတို့မှာ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ရလေသည်။ မသေဆုံးမီလေးတွင် ထိုသူက သူ့ဇနီးနှင့် မွေးကင်းစသမီးလေးအကြောင်းကို ပြောနေခဲ့သေးသည်။ သူ့နောက်ဆုံးစကားများကို ကြားသောအခါ ၎င်းတို့ကို သူ့မိသားစုထံ သေချာပေါက် ပြောပြပေးမည်ဟု ဝမ်တာ့ကျန်း ကတိပေးခဲ့လေသည်။ သို့သော် ဤသို့နှောင့်နှေးသွားမှုကြောင့် ဝမ်တာ့ကျန်းလည်း စစ်သား၏ကြာပွတ်ဖြင့် နှစ်ချက်ရိုက်ခံလိုက်ရလေ၏။
မကျေနပ်မှုများရှိနေပြီးသားဖြစ်သည့်အပြင် ယခုအခါ ကုလင်၏အစားအစာများကို စစ်သားက အကြောင်းမဲ့လုယူသွားသည်အား မြင်လိုက်ရသောအခါ သူ့ဒေါသများ ပိုမိုကြီးထွားလာလေသည်။ လင်းယွဲ့က သူ့ကိုအများကြီး ကူညီပေးခဲ့ပြီး ငွေအများအပြားလည်း ချေးငှားပေးခဲ့သည်။ လင်းယွဲ့၏ခဲအိုဖြစ်သူကုလင်ကို စောင့်ရှောက်ရန်မှာ သူ့တာဝန်ဖြစ်သည်ဟု ဝမ်တာ့ကျန်း ခံစားခဲ့ရလေ၏။
ထို့အပြင် သူနှင့် ကုလင်တို့မှာ ဤရက်ပိုင်းအတွင်း အတော်လေး အဆင်ပြေနေခဲ့ကြလေသည်။ သို့သော် ယခုအခါ အသက်ဒီလောက်ငယ်ငယ်ရွယ်ရွယ်သာရှိသေးသော ကုလင်အား စစ်သားခေါင်းဆောင်မှ ရက်စက်စွာ ဆက်ဆံနေသည်ကိုမြင်သောအခါ အချိန်အတော်ကြာအောင် စုပုံနေခဲ့သော ဒေါသများက ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။ သို့သော် တပ်ကြပ်ကြီး၏အာဏာကြောင့် ဝမ်တာ့ကျန်း အံကြိတ်ကာ သူ့ဒေါသကို မြိုသိပ်ရင်းပြောလိုက်၏။
"တပ်ကြပ်ကြီး ဒါကကျွန်တော်တို့ကိုယ်တိုင်ယူလာတဲ့ အစားအစာပါ၊ အကြောင်းမဲ့သက်သက် ယူသွားလို့မရပါဘူး"
စစ်သားခေါင်းဆောင်က ဝမ်တာ့ကျန်းကို စူးစိုက်ကြည့်လိုက်ရာ သူ့ရင်ထဲရှိ ဒေါသများကို မနည်းထိန်းချုပ်ထားရလေသည်။ သူ့မှာလည်း စားစရာသိပ်မရှိသလို အသားဆိုသည်မှာ သူ့အတွက် ရှားပါးလှသော အစားအစာပင်ဖြစ်လေ၏။ သို့သော် ဤကဲ့သို့ဗြောင်ကျကျဖွင့်ချခံလိုက်ရခြင်းက လူအားလုံးရှေ့တွင် မျက်နှာပျက်သွားသကဲ့သို့ သူ့ကို ခံစားရစေသည်။ သူက ဝမ်တာ့ကျန်းကို ကြာပွတ်ဖြင့် ရိုက်ချလိုက်ပြီး အော်ဟစ်လေသည်။
"စစ်တပ်အမိန့်က အကြွင်းမဲ့ပဲ၊ မင်းက ဘာလို့မေးခွန်းတွေ ဒီလောက်များနေရတာလဲ"
*ဖြန်း ဖြန်း ဖြန်း*
ဤကြာပွတ်ရိုက်ချက် အနည်းငယ်က ဝမ်တာ့ကျန်းကို မြေကြီးပေါ်တွင်နာကျင်စွာ လူးလှိမ့်သွားစေလေသည်။ စစ်သားခေါင်းဆောင်က လှောင်ပြုံးပြုံးလိုက်၏။
"မေးခွန်းတွေ ရှိသေးလား၊ တခြားပြောစရာရှိသေးလား"
သူ့ပတ်ဝန်းကျင်ရှိ လူများက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လာကြပြီး စစ်သားခေါင်းဆောင်ကို စိုက်ကြည့်ကြလေသည်။
"ဘာလဲ မင်းတို့ပုန်ကန်ချင်နေတာလား၊ ဒါက မိသားစုတစ်ခုလုံးကို သေဒဏ်ပေးလို့ရတဲ့ ပြစ်မှုနော်"
ဤစကားကို ကြားသောအခါ မတ်တတ်ရပ်နေသောလူ၏မျက်လုံးများမှာ သွေးလွှမ်းနေပြီး ဒေါသနှင့် အသိတရားကြားတွင် ယိမ်းယိုင်နေလေသည်။ စစ်သားက အပြင်းထန်ဆုံးစိုက်ကြည့်နေသောလူကို ကြာပွတ်ဖြင့် လွှဲရိုက်လိုက်ရာ သူ့မျက်နှာပေါ်တွင် သွေးထွက်နေသောအရာတစ်ခု ချက်ချင်း ပေါ်လာလေသည်။ စစ်သားခေါင်းဆောင်က အေးစက်စွာပြောလိုက်၏။
"ဒီမှာရှိတဲ့မင်းတို့အားလုံးထက်လူတွေကို ငါပိုသတ်ဖူးတယ်၊ မင်းတို့ကငါ့ကို ထိရဲတယ်ပေါ့"
တပ်ကြပ်ကြီးမှာ တောင့်တင်းသန်မာပြီး သူ့မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နှက်နေကာ အခြားစစ်သားဆယ်ဦးကလည်းမတ်တတ်ရပ်၍ သူတို့ကို စိုက်ကြည့်နေကြလေသည်။ သွေးထွက်သံယိုမှုများဖြင့် ရင့်ကျက်နေသော သန်မာသည့်စစ်သားထံမှ ရက်စက်သော အငွေ့အသက်များထွက်ပေါ်နေသဖြင့် လူအုပ်ကြီးမှာ ကြောက်လန့်သွားကြလေသည်။ လူများက ဖြည်းညင်းစွာပြန်ထိုင်လိုက်ကြ၏။
ဤအဖြစ်အပျက်ပြီးနောက် စစ်ခေါင်းဆောင်၏သည်းခံနိုင်စွမ်းမှာ ကျိုးပျက်သွားပြီး သူကပို၍ပင် အရှက်အကြောက် ကင်းမဲ့လာလေသည်။ တောဟင်းသီးဟင်းရွက် ဟင်းချိုချက်နေသူကို သူကကြာပွတ်ဖြင့် လွှဲရိုက်ပြီးအော်ဟစ်လိုက်သည်။
"ဖယ်စမ်း၊ ငါစားမယ်"
လူအုပ်ကြီးက ဒေါသထွက်နေသော်လည်း ဖွင့်မပြောရဲကြပေ။ သို့သော် လူတစ်ယောက်က တီးတိုးပြောလိုက်၏။
"ငါက စစ်တပ်ထဲဝင်ဖို့သွားတာ ရာဇဝတ်ကောင်လုပ်ဖို့မဟုတ်ဘူး"
လဲလျောင်းနေသော ကုလင်က သူ့နှုတ်ခမ်းထောင့်များကို ကွေးလိုက်သည်။ ဤကဲ့သို့ဖိအားများအောက်တွင် ပြဿနာဖြစ်ရန် နှစ်ရက် သို့မဟုတ် သုံးရက်ခန့်သာ ကြာပေတော့မည်။ ပြည်သူများ၏မကျေနပ်မှုများကို အင်အားဖြင့်ဖိနှိပ်ထားလျှင်ပင် ၎င်းက နောက်ပြန်လှည့်တိုက်ခိုက်လာမည်သာ ဖြစ်သည်။
အခြားတစ်ဖက်တွင် ခြေထောက်များကိုသုတ်ပြီးနောက် လင်းယွဲ့က ကလေးသုံးယောက်အတွက် ဖိနပ်အသစ်များ သွားယူရန် အလျင်စလိုပြေးသွားလေသည်။ ထိုအချိန်တွင် မီးဖိုချောင်ထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်သံထွက်ပေါ်လာလေသည်။
"ဒါ ဘယ်သူလုပ်တာလဲ"
အော်သံက တဖြည်းဖြည်းနီးကပ်လာပြီး လင်းရှင်းက ဘေးပေါက်မှတစ်ဆင့် ပြေးဝင်လာကာ လင်းယွဲ့အနီးသို့ တိုက်ရိုက်လျှောက်လာပြီး အသက်ရှူပင်မဝနိုင်လောက်အောင် ဒေါသထွက်လျက် မေးလိုက်သည်။
"နင် ငါ့အိုးကို ရွှေ့လိုက်တာလား"
လင်းယွဲ့က သူမကို တည်ငြိမ်စွာကြည့်လိုက်သည်။
"အင်း ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲ ဟုတ်လား၊ နင်က ငါ့ကို ဘာဖြစ်လို့လဲလို့ တကယ်ကြီး မေးနေတာလား"
လင်းရှင်းက ဒေါသတကြီးလှည့်ပတ်သွားပြီး သူမလက်ကို နဖူးပေါ် တင်လိုက်သည်။
"ရွာကလာတဲ့ကောင်မလေး နင်က တကယ်ကို ယဥ်ကျေးမှုကိုနားမလည်တာပဲ၊ အဲဒါ ငါ့အိုး၊ နင်က ဘယ်လိုလုပ် အဲဒီလို ထိရဲတာလဲ"
"ဒါဆို ကျွန်မ မရွှေ့တော့ပါဘူး၊ အဲဒီအစား မီးဖိုကို ကျွန်မဆီပေးလို့ရမလား"
လင်းရှင်းက သူမကိုစိုက်ကြည့်လိုက်သည်။
"အဲဒီမီးဖိုက နင့်ဟာမဟုတ်ဘူး"
"မီးဖိုပေါ်မှာ အစ်မရဲ့နာမည်ရေးထားလို့ အဲဒါက အစ်မဟာဖြစ်သွားတာလား"
လင်းယွဲ့က တည်ငြိမ်စွာမေးလိုက်သော်လည်း လင်းရှင်းမှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရလေသည်။
"နင်"
လင်းရှင်းက အော်ဟစ်လိုက်ပြီး လင်းယွဲ့ကိုရိုက်ရန် လက်လှမ်းလိုက်ရာ သူမလက်က လင်းယွဲ့မျက်နှာရှေ့သို့ ရောက်နေပြီဖြစ်သည်။ မမျှော်လင့်ဘဲ ယိုထျန်းက ဖမ်းဆွဲလိုက်လေသည်။