အခန်း ၁၅၄
Vol. 16 Ch. 154
Ch-154
"နင် ဘာလုပ်နေတာလဲ နင် ဘာလုပ်ချင်နေတာလဲ တိရစ္ဆာန်လေး"
လင်းရှင်းက မစဉ်းစားဘဲ ရုတ်တရက် ဗြုန်းစားကြီးပြောချလိုက်သည်။ ယန်ယိုထျန်းမှာ တောင်းရမ်းစားသောက်ပြီး အခြားသူများ၏စော်ကားမှုများကို သည်းခံရင်း ကြီးပြင်းလာခဲ့ရသည်။ သို့သော် ဤလတွင် သူတစ်ခါမှမကြုံဖူးသော လေးစားမှုနှင့် ချစ်ခြင်းမေတ္တာကို ရရှိခဲ့လေ၏။ ထိုကဲ့သို့သော စကားများကို ထပ်မံကြားလိုက်ရသောအခါ ယန်ယိုထျန်းမှာ ထိန်းချုပ်မရသော ရက်စက်မှုလှိုင်းလုံးတစ်ခု ရင်ထဲတွင် ဖြစ်ပေါ်လာလေသည်။
သူက လင်းရှင်းလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ တံခါးဆီသို့ ဆွဲခေါ်သွားပြီး အပြင်သို့တွန်းထုတ်လိုက်ရင်း အော်လိုက်သည်။
"ထွက်သွား"
လင်းရှင်းမှာ မြေကြီးပေါ်သို့လွင့်ကျသွားပြီး နှင်းများနှင့် ရွှံ့များပေကျံသွားလေသည်။ သူမက ယန်ယိုထျန်းကို မယုံနိုင်စွာ စိုက်ကြည့်လိုက်၏။
"နင်က ငါ့ကိုတွန်းရဲတယ်ပေါ့"
လင်းရှင်းမှာ လဲကျပြီးနောက်ပိုင်း အရိုးကို ထိခိုက်သွားသဖြင့် အော်ဟစ်လိုက်သည်။
"အရမ်း နာတာပဲ၊ လင်းယွဲ့ ဒီတိရစ္ဆာန်လေးက လူတွေကို ဒီလိုအနာတရဖြစ်အောင်လုပ်တာကို နင်ကဘယ်လိုလုပ် ခွင့်ပြုထားနိုင်တာလဲ၊ အား အား ငါ လမ်းလျှောက်လို့ မရတော့ဘူး၊ ငါ့ကို သမားတော်ဆီသွားခေါ်ပေး၊ ငါ့ရဲ့ ဆေးဖိုးတွေ ပြန်လျော်ပေး"
"ခင်ဗျားက ကျွန်တော့်ကိုအရင် စော်ကားပြီး ပြဿနာစရှာတာပါ"
ယန်ယိုထျန်းပြောလိုက်ပြီး သူမ စကားပြောနေစဉ် လင်းယွဲ့လက်ကို ဆွဲကာ နောက်သို့ဆုတ်စေလိုက်သည်။ သူက သူမရှေ့တွင်ရပ်ကာ စူးရှသော အကြည့်ဖြင့် ကြည့်လိုက်၏။
"ကျွန်တော်က မိဘမဲ့တစ်ယောက်၊ သေဖို့ ကံပါလာတဲ့သူပဲ၊ အခု ကျွန်တော့်အစ်မက ကျွန်တော့်ကိုကယ်တင်ထားတာ သူမအတွက်ဆိုရင် ကျွန်တော်သေရမှာလည်း မကြောက်ဘူး၊ တစ်ကယ်လို့ ခင်ဗျားသာပြဿနာတစ်ခုခု ထပ်ရှာရဲရင် ခင်ဗျားကို အသေအကြေပြန်ချမယ်"
ယန်ယိုထျန်းက လင်းရှင်းအနီးသို့ တစ်လှမ်းချင်း လျှောက်သွားရာ ခံ့ညားသော သူ့အငွေ့အသက်က ခြိမ်းခြောက်နိုင်နေလေသည်။
‘ပျော့ညံ့သူက ကြမ်းတမ်းသူကို ကြောက်တယ်၊ ကြမ်းတမ်းသူက ဆင်းရဲသူကို ကြောက်တယ်၊ ဆင်းရဲသူက ရက်စက်သူကို ကြောက်တယ်၊ ရက်စက်သူက ခေါင်းမာသူကို ကြောက်တယ်၊ ပြီးတော့ ခေါင်းမာသူက အသက်စွန့်ရဲသူကို ကြောက်တယ်လေ’
ယန်ယိုထျန်းမှာ အသက်စွန့်ရဲသူ ဖြစ်ကြောင်းသိသာလေသည်။ လင်းရှင်းမှာ အလွန်တရာကြောက်လန့်သွားသဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
"နင် နင် ဘာလုပ်ချင်လို့လဲ"
ယန်ယိုထျန်းက လင်းရှင်းလက်ကို ဆွဲကာ မ,တင်လိုက်ရာ လင်းရှင်းမှာ မထိန်းချုပ်နိုင်ဘဲ မတ်တတ်ရပ်သွားလေသည်။
"ထွက်သွား"
လင်းရှင်းမှာ အလွန်မြန်ဆန်စွာ ပြေးထွက်သွားပြီး သူမလဲကျ၍ ထိခိုက်ဒဏ်ရာရသွားသည့် ပုံပေါက်မနေတော့ပေ။
"အစ်မ"
ယန်ယိုထျန်းက သူ့ဒေါသမာန်စွယ်များကို မြိုသိပ်ကာ လင်းယွဲ့ကိုပြုံးပြရင်း ပြောလိုက်သည်။
"နောက်တစ်ခါ သူပြဿနာရှာရင် ကျွန်တော့်ဆီသာ လာခဲ့ပါ"
"ယိုထျန်းက တကယ်တော်တာပဲ"
လင်းယွဲ့က သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။
"ဒါပေမဲ့ ခုနက မင်းပြောလိုက်တဲ့စကားတွေက သူ့ကိုကြောက်သွားစေနိုင်ပေမဲ့ အဲဒီလို တကယ်ကြီးတော့မတွေးပါနဲ့၊ မင်းကလည်း ငါ့ရဲ့မောင်လေးပဲ၊ ပြီးတော့ မင်းရှေ့မှာ တောက်ပတဲ့ အနာဂတ်တစ်ခုရှိသေးတယ်"
ယန်ယိုထျန်းမျက်လုံးများ နီရဲလာပြီး နှုတ်ခမ်းကိုစေ့ကာ ပြတ်သားစွာ ခေါင်းညိတ်လိုက်၏။ လင်းယွဲ့က ခဏမျှစဉ်းစားလိုက်ပြီးနောက် ခိုလေးကို ထုတ်ယူလိုက်သည်။ သူမက ရှီထိုင်ခရိုင်တွင်ဖြစ်ပျက်ခဲ့သည်များကို စာရွက်တစ်ရွက်ပေါ်တွင် ရေးသားကာ ဝမ်စုန်းရှင်း တစ်ခုခုများသိသလားဟု မေးမြန်းလိုက်သည်။
မီးခိုးရောင်ခိုလေးက ကောင်းကင်သို့ ပျံသန်းသွားလေသည်။ လင်းယွဲ့မှာ သူမ လုပ်နိုင်သမျှ အားလုံးကိုလုပ်ပြီးသွားပြီဖြစ်ရာ အိမ်တွင်ထိုင်၍သတင်းစောင့်ရန်သာ တတ်နိုင်တော့သည်။ ညနေပိုင်းတွင် လင်းယွဲ့ဟင်းသွားချက်ရာ ယန်ယိုထျန်းက သူမနောက်မှ တိတ်တဆိတ် လိုက်သွားလေသည်။
သူတို့ရောက်သွားသောအခါ အခြား မိသားစုသုံးစုမှာ မီးဖိုချောင်ထဲတွင်ရှိနေကြသည်။ လင်းရှင်းက လင်းယွဲ့ကိုစွေကြည့်ကာ အကြိမ်အနည်းငယ် နှာမှုတ်လိုက်သော်လည်း နောက်ဆုံးတွင် ဘောင်ကျော်သောကိစ္စများကို မလုပ်ရဲပေ။
"ဟေး ညီမလေးရောက်လာပြီပဲ"
ကျောက်ဟုန်က ပျော်ရွှင်စွာပြောရင်း လက်မထောင်ပြလိုက်သည်။
"ငါ နင့်ကိုလူကဲခတ်မမှားဘူးဆိုတာ ငါသိတယ်၊ တချို့လူတွေကို သင်ခန်းစာ ပေးဖို့လိုတယ်၊ မဟုတ်ရင် သူတို့က ကမ္ဘာကြီးက သူတို့ဟာလို့ထင်ပြီးသေးငယ်တဲ့ အရာလေးတွေတိုင်းကနေ အခွင့်အရေးယူဖို့ ကြိုးစားနေကြလိမ့်မယ်"
*ဒုန်း*
လင်းရှင်းက ဆန်ပြုတ်ခပ်သည့်ဇွန်းကို ဆောင့်ချလိုက်ရာ ဟင်းရည်များက ကျောက်ဟုန်မျက်နှာပေါ်သို့ စင်သွားပြီး အပူလောင်သွားသဖြင့် တုန်ရင်သွားလေသည်။
"နင် အသက်ရှင်ရတာပျင်းနေပြီလား"
သူတို့နှစ်ဦး ထပ်မံငြင်းခုံကြပြန်လေသည်။ လင်းရှင်းက အခွင့်အရေး အသေးအမွှားလေးပင်မရလိုက်သောကြောင့် သူမအပေါ်မကျေမနပ် ဖြစ်နေမှန်း လင်းယွဲ့သိလေ၏။ သို့သော် ကျောက်ဟုန်က သူမကိုလက်နက်တစ်ခုအဖြစ် အသုံးချချင်ရုံသာဖြစ်လေသည်။ လင်းယွဲ့က ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ တိတ်တဆိတ်သာဟင်းချက်နေလေသည်။
မီးဖိုတစ်ခုသာရှိသဖြင့် သူမက ထမင်းရော ဟင်းပါချက်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမက ထမင်းကိုအရင် တည်ပြီးမှ ဟင်းကိုပြင်ဆင်ရလေသည်။ ဒီနေ့ညအတွက် ဝက်နံရိုး ချိုချဉ်ကြော်၊ ကြက်သားအစပ်နှပ်နဲ့ ပယင်းရောင်ကျောက်ဖရုံသီးဟင်းတို့ကိုချက်ရန် သူမစီစဉ်ထားလေသည်။
သူမ ဝက်နံရိုးနှင့်ကြက်သားများကို ရေနွေးဖျောလိုက်သောအခါ ပတ်ဝန်းကျင်ရှိလူများ၏ မျက်နှာပေါ်မှ အံ့အားသင့်နေသော အမူအရာများကိုမြင်တွေ့လိုက်ရလေသည်။ ကျောက်ဟုန်က အိုးထဲရှိ ဟင်းသီးဟင်းရွက်များနှင့် ဆန်ပြုတ်များကို မွှေနှောက်ရင်း အနံ့ခံကာမနာလိုစွာဖြင့် ပြောလိုက်၏။
"ညီမလေး ဒီရက်ပိုင်း အသားကဈေးမပေါဘူးနော်၊ ပြီးတော့ ဘယ်နှစ်ရက်လောက်အထိ ဈေးတက်ဦးမလဲဆိုတာ ဘယ်သူသိမှာလဲ၊ နင် အဲဒါတွေကို ဒီနေ့ အကုန်စားပစ်လိုက်တော့မလို့လား"
"ဟမ့်"
လင်းရှင်းက အိုးထဲမှကန်စွန်းဥ ဆန်ပြုတ် အနည်းငယ်ကို ခပ်ယူလိုက်သည်။
"နင်က အရမ်းထင်ပေါ်ချင်နေတာ၊ နင့်ကိုယ်နင် အရမ်းချမ်းသာတယ်လို့ ထင်နေတာပေါ့၊ တစ်ကယ်လို့ နင်ရက်အနည်းငယ်လောက်ပဲ စားစရာရပြီး နောက်ပိုင်းငတ်သေသွားရင် ငါတို့ဆီ လာပြီး ပိုက်ဆံမတောင်းနဲ့နော်"
လွီရှို့ယွီက ကြင်နာစွာဖြင့်သတိပေးလိုက်သည်။
"ညီမလေး ဒီအသားတွေကို အခြောက်လှန်းဖို့ ချိတ်ထားလို့ရတယ်၊ အကုန်စားပစ်စရာ မလိုပါဘူး၊ နှစ်သစ်ကူးတောင် မရောက်သေးဘဲနဲ့ ဒီလောက်ကြီးဇိမ်ကျကျ စားစရာမလိုပါဘူး"
သူမက အာရုံစိုက်မှုကိုဆွဲဆောင်နေကြောင်း လင်းယွဲ့သိလေသည်။ သို့သော် မီးဖိုချောင်တစ်ခုတည်းသာရှိပြီး သူမ ဒီမှာမချက်လျှင် အခြားချက်စရာ နေရာမရှိပေ။ သူမက အနာဂတ်အတွက်စိုးရိမ်နေသော သူမစိတ်ကို အေးချမ်းစေရန် အစားအသောက် ကောင်းကောင်းတစ်ခုခုစားချင်နေခြင်း ဖြစ်လေသည်။ သူမတမင်သက်သက် ပြောလိုက်၏။
"ဒီအသားတွေက ဆော့စ်လုပ်တာကနေ ပိုနေတာတွေမလို့ အများကြီးကျန်ပါသေးတယ်၊ ဒီနေ့ ကျွန်မလန့်သွားလို့ စိတ်ငြိမ်သွားအောင် တချို့ကိုချက်စားမလို့ပါ"
"အိုး စီးပွားရေးသမားကြီးတွေ စိတ်ငြိမ်အောင်လုပ်တဲ့နည်းက ငါတို့သာမန်လူတွေနဲ့ တကယ်ကိုကွာခြားတာပဲ၊ သူတို့က စိတ်ငြိမ်အောင် အသားကိုသုံးကြတာကိုး၊ အသားစားဖို့ ဒီလောက် ပိုက်ဆံများများရှိရအောင် သူတို့ ဘယ်လောက်တောင် ကောက်ကျစ်စဉ်းလဲမလဲမသိပါဘူး"
လင်းရှင်းက ဆန်ပြုတ်ကိုပန်းကန်လုံးထဲသို့ ခပ်ထည့်ရင်းသရော်လိုက်သည်။
"ငါနဲ့တော့ မတူဘူး၊ ငါက ဆင်းရဲသားဖြစ်ဖို့ ကံပါလာတာ"
လင်းယွဲ့ ရယ်မောလိုက်သည်။
"မကြာသေးခင်က နေရာတိုင်းမှာ အစားအသောက်ဈေးနှုန်းတွေ တက်နေပေမဲ့ ကျွန်မဆီမှာတော့ မတက်ပါဘူး၊ လူတိုင်းက ကျွန်မကို သဘောကောင်းတယ်လို့ ချီးကျူးကြတယ်၊ ဒါပေမဲ့ လူတိုင်းရဲ့အားပေးမှုကြောင့် ကျွန်မ ပိုက်ဆံတောင် နည်းနည်းရလိုက်တယ်၊ အနည်းဆုံးတော့ အသားစားဖို့ လုံလောက်တာပေါ့၊ ကြည့်ရတာ ကျွန်မက ချမ်းသာတဲ့လူဖြစ်ဖို့ ကံပါလာတာပဲ၊ ကျွန်မ တတ်နိုင်တာဘာမှမရှိပါဘူး"
"နင်"
လင်းရှင်းမှာ စကားဆွံ့အသွားလေသည်။ သူမဒေါသများကို ဖွင့်ထုတ်ရမည့်အစား ၎င်းတို့က သူမရင်ထဲသို့ ပို၍ပင်ပြင်းထန်စွာ ဆောင့်တက်လာပြီး အလွန်အမင်း မသက်မသာဖြစ်သွားစေလေသည်။ သူမ အိမ်ပြန်ရောက်ပြီးနောက်တွင်ပင် သူမက ဆင်းရဲဖို့ကံပါလာသည်ဟု ဘာလို့များပြောခဲ့မိပါလိမ့်ဟု ဆက်တိုက်တွေးတောနေမိလေသည်။
‘အဲဒီလိုမျိုး မပြောသင့်ဘူးလေ’
သူမက အခြေအနေကိုပြန်လည် ကယ်ဆယ်နိုင်ရန် အမြန်တံတွေး အကြိမ်အနည်းငယ် ထွေးထုတ်လိုက်လေသည်။ သို့သော် သူမ ဟင်းသီးဟင်းရွက်ဆန်ပြုတ်ကို သောက်နေရင်း မီးဖိုချောင်မှလာသော အသားရနံ့များကို ရှူရှိုက်မိသောအခါ နောက်ဆုံးတွင် လုံးဝစိတ်မပါတော့သလို ခံစားလိုက်ရ၏။
"အမေ၊ သား အသားစားချင်တယ်"
သားဖြစ်သူက သူ့ပန်းကန်ကို ဆောင့်ချလိုက်ပြီး ငိုယိုလေတော့သည်။
"သား အသားစားချင်တယ်၊ ဒီဆန်ပြုတ်က မကောင်းဘူး"
"အိုကွယ်"
လင်းရှင်းက သားဖြစ်သူကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"အဲဒါက မိန်းမယုတ်တစ်ယောက် ချက်ထားတဲ့ အသားလေ၊ အနံ့က ကောင်းပေမဲ့ အရသာက အရမ်းဆိုးတာ၊ အမေ့ရဲ့ဆန်ပြုတ်လောက်တောင် မကောင်းဘူး"
သူမ ချော့လေလေ ဒေါသပိုထွက်လာလေဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် သူမသားဖြစ်သူ ဆက်ငိုနေဆဲဖြစ်သည်ကို မြင်သောအခါ သူမဒေါသပေါက်ကွဲသွားပြီး သူ့မျက်နှာကို ဖြတ်ရိုက်ကာ အော်ဟစ်လိုက်သည်။
"တိတ်စမ်း နင် စားစရာအသားမရှိဘူး"
သားဖြစ်သူ၏မျက်လုံးများမှာ ကြောက်လန့်တကြား ပြူးကျယ်သွားပြီး မျက်ရည်များဝဲလာသော်လည်း မကျဆင်းလာပေ။ ၎င်းကိုမြင်သောအခါ လင်းရှင်းနှလုံးသားမှာ ပြန်လည်နူးညံ့သွားပြီး လင်းယွဲ့ကို ပို၍ပင်မုန်းတီးသွားလေသည်။ လင်းယွဲ့က ထိုအရာများအား ဘာကိုမှဂရုမစိုက်ပေ။
ဟင်းများချက်ပြုတ်ပြီးနောက် သူမက ကလေးသုံးယောက်နှင့်အတူ ၎င်းတို့ကို အိမ်သို့ယူသွားလေသည်။ ကြက်သားအစပ်နှပ်မှာ မွှေးပျံ့ပြီး အစပ်အရသာရှိကာ ဝက်နံရိုးချိုချဉ်ကြော်မှာ နူးညံ့ပြီး ချိုမြိန်သဖြင့် ထမင်းနှင့်အလွန် လိုက်ဖက်လှပေ၏။ ပယင်းရောင် ကျောက်ဖရုံသီးဟင်းမှာလည်း ချိုမြိန်ပြီး ပယင်းကဲ့သို့ကြည်လင်နေလေသည်။ ၎င်းက အရသာလည်းရှိသလို လှပလည်း လှပလေသည်။
လင်းယွဲ့က ထမင်းနှစ်ပန်းကန်ကို တစ်ထိုင်တည်း စားပစ်လိုက်၏။ ပန်းကန်များ ဆေးကြောပြီးနောက် လင်းယွဲ့က ကလေးသုံးယောက်နှင့် ခဏမျှ စကားစမြည်ပြောဆိုကာ ဖယောင်းတိုင်မီးကို ငြိမ်းသတ်ပြီး အိပ်ရာဝင်ရန်ပြင်နေစဉ် အရှေ့ဘက်ခြံဝင်းမှ ဆူညံသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။
"မင်းတို့အားလုံး ဒီမှာထိုင်နေကြ၊ ငါ သွားကြည့်လိုက်မယ်"
လင်းယွဲ့ပြောကာ သူမဘေးတွင်ချထားသော တံစဉ်းကိုကောက်ယူပြီး ဘေးပေါက်ဆီသို့ လျှောက်သွားလေသည်။
"မင်းတို့ဒီမှာ ထိုင်နေကြ၊ ကျွန်တော် သွားကြည့်လိုက်မယ်"
ယန်ယိုထျန်းပြောကာ ပေါက်တူးတစ်လက်ကိုကောက်ယူပြီး လင်းယွဲ့နောက်မှ လိုက်သွားလေသည်။ လင်းယွဲ့က ဘေးပေါက်တုတ်ကိုဖြုတ်လိုက်ပြီး အဟပြုလုပ်ကာ အထဲသို့ခိုးကြည့်လိုက်လေသည်။
"ကယ်ကြပါဦး ကယ်ကြပါဦး၊ တစ်ယောက်ယောက်လောက် ကျေးဇူးပြုပြီး ကယ်ကြပါဦး"
တိတ်ဆိတ်မှောင်မိုက်နေသော ညဉ့်ယံတွင် လွီရှို့ယွီက မျှော်လင့်ချက်မဲ့စွာ ငိုကြွေးနေလေသည်။
"ယောကျ်ား ကျေးဇူးပြုပြီး တစ်ခုခုလောက်ပြောပါဦး"
အရှေ့တံခါးမှာပွင့်ဟနေပြီး လွီရှို့ယွီက မြေကြီးပေါ်တွင်ထိုင်ကာ တစ်စုံတစ်ယောက်ကို သူမရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး ကြောင်ငေးစွာ ငိုကြွေးနေသည်ကို လင်းယွဲ့မြင်လိုက်ရလေသည်။ အခြားအိမ်နှစ်အိမ်၏ တံခါးများမှာ တင်းကျပ်စွာပိတ်ထားပြီး မည်သည့်ဖယောင်းတိုင်မီးမှထွန်းထားခြင်းမရှိပေ။
‘ဒါ အခြေအနေမကောင်းဘူး၊ အပြင်လူတွေ အတင်းဝင်လာနိုင်ချေရှိတာကိုမဆိုထားနဲ့ အရာရှိဝမ်ကအပြင်လောကကို အသိဆုံးသူဖြစ်သင့်တာပဲ၊ သူ့ကို သေခွင့်ပေးလို့မဖြစ်ဘူး’
အပြင်ဘက်တွင် ဘာတွေဖြစ်နေသည်ကိုလည်း သူမသိချင်လေသည်။ လင်းယွဲ့ပြေးသွားရာ အရာရှိဝမ်၏ အဝတ်အစားများမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့မျက်လုံးများမှာ အားနည်းစွာ မှိတ်ထားသည်ကိုတွေ့လိုက်ရလေသည်။ အရှေ့တံခါးတွင် များပြားလှသော ခြေရာများသာရှိပြီး အခြား မည်သူမှမရှိပေ။
လင်းယွဲ့ တံခါးကိုပိတ်လိုက်သော်လည်း ခရိုင်အစိုးရရုံးတော်ပေါ်တွင် ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကို မြင်လိုက်ရလေသည်။ သူမအမြန် တံခါးကိုပိတ်လိုက်ပြီးနောက် ကိုယ်ကိုကိုင်းညွတ်ကာ ပြောလိုက်သည်။
"အစ်ကိုဝမ်ကို အိမ်ထဲ အရင်ရွှေ့ကြစို့၊ အပြင်မှာကအေးတယ်၊ သူ့ဒဏ်ရာတွေကို ပိုမဆိုးသွားစေချင်ဘူး"