← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

Ch-155

လွီရှို့ယွီမျက်ရည်များကို သုတ်လိုက်သည်။ ဝိညာဉ်လွင့်ပျောက်နေသူ တစ်ဦးက သူမအားထားရာကို ရုတ်တရက် ပြန်တွေ့သွားသည့်အလားပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ ကောင်းပါပြီ"

သူမက ဝမ်ချန်ကိုဖက်ရင်း အလျင်အမြန် ထရပ်လိုက်၏။ လင်းယွဲ့က ကူညီရန်ပြင်လိုက်စဉ်မှာပင် ယိုထျန်းက သူမကိုတားလိုက်သည်။

"ကျွန်တော် လုပ်လိုက်ပါ့မယ်"

ယန်ယိုထျန်းမှာ မွေးရာပါခွန်အားကြီးမားသူ ဖြစ်သည်။ သူက ဝမ်ချန်၏ခြေထောက်များကို မ,ကာ လွီရှို့ယွီနှင့်အတူ သူ့ကိုအိမ်ထဲသို့ သယ်ဆောင်သွားလေသည်။

"အမေ အဖေဘာဖြစ်လာတာလဲ"

လွီရှို့ယွီ၏သားဖြစ်သူက အိပ်ရာမှ နိုးလာပြီး ငိုယိုကာမေးလိုက်သည်။ အသက်ဆယ်နှစ်အရွယ် ကလေးငယ်မှာဂွမ်းအင်္ကျီကိုပင် ဝတ်ဆင်ရန် အချိန်မရခဲ့ဘဲ ဝမ်ချန်၏ပုံစံကို မြင်ပြီးနောက် အလွန်ကြောက်လန့်သွားကာ အဆက်မပြတ် ငိုနေလေတော့သည်။ သို့သော် လွီရှို့ယွီမှာ ဝမ်ချန်ကိုသာ အာရုံစိုက်နေပြီး သူ့အဝတ်အစားများကို ချွတ်ကာ ဒဏ်ရာများကို ဆေးထည့်ပေးနေရသဖြင့် သားဖြစ်သူအတွက် အချိန်မပေးနိုင်ခဲ့ပေ။

ဝမ်ကျုံးကုမှာ ပါးလွှာစွာဝတ်ဆင်ထားပြီး နှာရည်များကျဆင်းနေသည်ကို လင်းယွဲ့ မြင်လိုက်ရ၏။ သူမက သူ့မျက်လုံးများကို အမြန်ဖုံးအုပ်လိုက်ပြီး အခြားအခန်းတစ်ခန်းသို့ ခေါ်သွားကာ နှစ်သိမ့်ပေးလိုက်သည်။

"ကလေး အရင်အိပ်လိုက်နော်၊ မနက်ဖြန်မနက်ကျမှ အဖေ့ကိုသွားရှာလို့ရတယ်၊ အခု အဖေရော အမေရော အလုပ်များနေတယ်၊ မနက်ဖြန်မနက်ကျရင် အရာအားလုံးအဆင်ပြေသွားမှာပါ"

"အဖေ ဘာဖြစ်လာတာလဲ"

ဝမ်ကျုံးကုမျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး လင်းယွဲ့ကို ဆုပ်ကိုင်ထားသော သူ့လက်မှာအေးစက်နေလေသည်။

"အဖေ ဒဏ်ရာရလာလို့ သားရဲ့အမေက ပြုစုပေးနေတာပါ"

လင်းယွဲ့က သူ့ကိုအိပ်ရာပေါ်သို့ ချီတင်ပေးလိုက်သည်။

"သား အရင်အိပ်လိုက်နော်၊ မနက်ဖြန်မနက်ကျမှ အဖေနဲ့ အမေဆီသွားရှာလို့ရတယ်"

အချိန်အတော်ကြာကြိုးစားဖျောင်းဖျပြီးနောက် နောက်ဆုံးတွင် ကလေးငယ် အိပ်ပျော်သွားလေသည်။ လင်းယွဲ့ အခန်းထဲသို့သွားလိုက်ရာ လွီရှို့ယွီက ဝမ်ချန်အား ဆေးထည့်ပေးပြီးဖြစ်သည်ကို တွေ့လိုက်ရ၏။

"သူက မကြာခဏဒဏ်ရာရတတ်တော့ အိမ်မှာဆေးတွေကို အမြဲတမ်းဆောင်ထားရတယ်၊ ဒီနေ့ သူ့ကိုပြန်သယ်ဖို့ ကူညီပေးတာ ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်မဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး"

လွီရှို့ယွီပြောလိုက်သည်။ ဝမ်ချန်၏ ဒဏ်ရာများတည်ငြိမ်သွားသည်ကို မြင်သောအခါ သူမကယခင်ကလောက် မလန့်ဖျပ်တော့ပေ။

"ခုနက သူ့တစ်ကိုယ်လုံးသွေးတွေ ပေကျံနေတာကို မြင်လိုက်ရတော့ သူ သေတော့မယ်လို့တောင် တကယ်ထင်လိုက်မိတာ၊ ဒါပေမဲ့ သူ့အဝတ်အစားတွေကိုဆွဲဖြဲကြည့်လိုက်တော့ အများစုက တခြားလူတွေရဲ့သွေးတွေဖြစ်နေပုံရတယ်၊ သူ ဓားနှစ်ချက်အခုတ်ခံထားရပေမဲ့ ကံကောင်းတာက ဒဏ်ရာတွေက မနက်ဘူး၊ ဆေးကသွေးတိတ်သွားစေတယ်ဆိုတော့ သမားတော်ခေါ်စရာမလိုတော့ပါဘူး"

လွီရှို့ယွီက လင်းယွဲ့လက်ကိုကိုင်ကာ ကျေးဇူးတင်စကား အဖန်ဖန်ပြောကြားနေလေသည်။ ထိုအချိန်တွင် ဝမ်ချန်မှာ တဖြည်းဖြည်းသတိရလာပြီး လွီရှို့ယွီကို တစ်ချက်ကြည့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် စိတ်အေးသွားသဖြင့် ထပ်မံသတိလစ်သွားပြန်လေသည်။ လွီရှို့ယွီ ပြောလိုက်၏။

"သူ့ကို ဒီမှာ ကျွန်မပြုစုနိုင်ပါတယ်၊ အခု အချိန်လည်း အရမ်းလင့်နေပြီ ညီမလေး၊ ညီမအိမ်ပြန်ပြီး အိပ်သင့်ပြီ၊ ဒီနေ့ည ကူညီပေးတာကျေးဇူးတင်ပါတယ်"

လင်းယွဲ့ ခေါင်းညိတ်လိုက်ပြီး ယနေ့ညတွင် အပြင်ဘက်အခြေအနေကို ဝမ်ချန်ပြောပြနိုင်မည်မဟုတ်ကြောင်းသိသဖြင့် ယိုထျန်းကိုခေါ်ကာ အိမ်ပြန်ခဲ့လေသည်။ သူမ အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကုတန်နှင့် တာ့ယာ ကလေးနှစ်ယောက်စလုံးမအိပ်သေးဘဲ သူမကိုစိုးရိမ်တကြီးကြည့်နေကြသည်ကို တွေ့လိုက်ရ၏။

"မရီး ဘာဖြစ်ခဲ့တာလဲ"

"ဘာမှမဖြစ်ပါဘူး၊ အရာရှိဝမ်ပြန်ရောက်လာတယ်၊ ဒါပေမဲ့ သူ နည်းနည်း ဒဏ်ရာရလာလို့၊ အရင်သွားအိပ်ကြစို့၊ မနက်ဖြန်မနက်ကျမှ သူ့ကိုမေးကြည့်ကြတာပေါ့"

နောက်တစ်နေ့တွင် လင်းယွဲ့အစောကြီး နိုးလာပြီး အသားဆန်ပြုတ် အနည်းငယ်ချက်ကာ လွီရှို့ယွီထံသို့ပို့ပေးလေသည်။ လွီရှို့ယွီ၏ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးအောက်တွင် အမည်းရောင်စက်ဝိုင်းများ ရှိနေရာ သူမ ကောင်းကောင်းမအိပ်ရကြောင်း သိသာလေ၏။ သူမ ဆန်ပြုတ်ကို လက်ခံရယူသောအခါ အတော်လေး စိတ်လှုပ်ရှားသွားလေသည်။

"ကျေးဇူးပါပဲ၊ ညီမက ကျွန်မအပေါ် အရမ်းကောင်းလွန်းတယ်၊ ဘယ်လိုပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး"

လင်းယွဲ့က သူမပခုံးကိုပုတ်ပေးလိုက်သည်။

"အစ်မ အစ်ကိုဝမ်ကို ပြုစုစောင့်ရှောက်ဖို့က အခုချိန်မှာ အရေးအကြီးဆုံးပဲလေ"

"အင်း"

လွီရှို့ယွီပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ငါ့ယောကျ်ား ခုလေးတင်နိုးလာတယ် အထဲဝင်ခဲ့ပါ၊ အပြင်မှာဘာတွေဖြစ်ခဲ့လဲဆိုတာ အတူတူနားထောင်ကြတာပေါ့ မဟုတ်ရင် အပြင်လောကကိုလုံးဝမသိဘဲ အိမ်မှာစိတ်ပူနေရုံပဲရှိလိမ့်မယ်"

လွီရှို့ယွီက သူမဘာကိုစိုးရိမ်နေသည်အား သိနေပုံရလေသည်။ လင်းယွဲ့က အားနာမနေတော့ဘဲ အိမ်ထဲသို့ဝင်သွားလေသည်။ ဝမ်ချန်က တစ်ညလုံး အိပ်စက်အနားယူထားလေသည်။ သူ့မျက်နှာမှာ ဖြူရော်နေဆဲဖြစ်သော်လည်း မျက်နှာသွင်ပြင် အနည်းငယ် တိုးတက်လာလေ၏။ သူက လင်းယွဲ့ကိုခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော့်ဇနီး ပြောပြပါတယ်၊ မနေ့ညက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ကျွန်မတို့အားလုံးက အိမ်နီးချင်းတွေ ရွာသူရွာသားတွေပဲလေ၊ လူတစ်ယောက်သေတော့မယ့်ဟာကို ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"

လင်းယွဲ့ ပြောလိုက်သည်။

"ကျွန်မတို့အားလုံး အိမ်မှာပဲနေပြီး အပြင်မထွက်ရဲကြလို့ အပြင်မှာဘာတွေဖြစ်သွားလဲဆိုတာကိုမသိလို့ပါ"

"ခရိုင်ဝန် သေသွားပြီ"

ဝမ်ချန်သက်ပြင်းချလိုက်သည်။

"ရှီထိုင်ခရိုင်တော့ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်ထင်တယ်"

အမှန်တော့ မနေ့ကသေဆုံးသွားသော လီဟုန်ရှန်းအတွက် တရားမျှတမှုရှာဖွေရန်လူတစ်စုက ခရိုင်အစိုးရရုံးတော်ထဲသို့ အတင်းဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးရေးအရာရှိများက သူတို့ကို မတားဆီးနိုင်ခဲ့ပေ။ သူတို့ရုံးတော်ထဲသို့ ပြေးဝင်သွားပြီးနောက် ခရိုင်ဝန်နှင့် စုဟိုင်တို့လက်ဖက်ရည်သောက်ရင်း ပန်းချီကားများကိုခံစားနေကြသည်ကို တိုက်ဆိုင်စွာတွေ့လိုက်ကြလေသည်။

လီဟုန်ရှန်းက စုဟိုင်ကိုစပါးများ သိုလှောင်ကာ ဈေးတင်ရောင်းသည်ဟု မူလက စွပ်စွဲခဲ့သော်လည်း ခရိုင်ဝန်က သူ့ကိုတုတ်ဖြင့်ရိုက်ရန် အမိန့်ပေးခဲ့သဖြင့် ပြင်းထန်သောဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ သို့သော် ယခုအခါတွင် ခရိုင်ဝန်က အကျင့်ပျက်ကုန်သည်တစ်ဦးနှင့်အတူ လက်ဖက်ရည်ကို ပျော်ရွှင်စွာသောက်နေသည်အားမြင်သောအခါ သူတို့ သစ္စာဖောက်ခံလိုက်ရသည်ဟု ချက်ချင်းခံစားလိုက်ကြရလေ၏။ ထိုအချိန်တွင် ခရိုင်ဝန်ကလူအုပ်ကြီးကို ငြိမ်သက်အောင် မစွမ်းဆောင်နိုင်ခဲ့သည့်အပြင် ဒေါသတကြီးအော်ဟစ်လိုက်သေးသည်။

"မင်းတို့က ပုန်ကန်ချင်နေတာလား၊ ပုန်ကန်မှုဆိုတာ ဆွေစဉ်မျိုးဆက်ကိုးဆက်လုံး သေဒဏ်ပေးလို့ရတဲ့ ရာဇဝတ်မှုကွ၊ ဒီကနေ အမြန်ထွက်သွားကြစမ်း၊ စစ်ဆေးရေးအရာရှိတွေ မြန်မြန်လာကြ၊ သူတို့ အားလုံးကိုဖမ်းပြီး ကြိမ်ဒဏ် အချက်တစ်ရာ ပြင်းပြင်းထန်ထန် ရိုက်စမ်း"

သူ့ခြိမ်းခြောက်မှုများ အလုပ်ဖြစ်မည်ဟု ခရိုင်ဝန်က အစပိုင်းတွင်ထင်ခဲ့သော်လည်း သူ့စကားများက မီးလောင်ရာ လေပင့်သကဲ့သို့သာဖြစ်သွားလေသည်။ ဒေါသထွက်နေပြီးသားဖြစ်သော သာမန်ပြည်သူများမှာ ပို၍ပင် အသိတရားလွတ်သွားကြပြီး ခရိုင်ဝန်ကို ဖမ်းဆီးရန် ရှေ့သို့ပြေးဝင်သွားကြလေ၏။ နောက်ဆက်တွဲအပြန်အလှန် ပဋိပက္ခတွင် နှစ်ဖက်စလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားကြလေသည်။

ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြားတွင် ခရိုင်ဝန်နှင့် စုဟိုင်တို့မှာ ဓားဖြင့်အခုတ်ခံရကာသေဆုံးသွားကြလေသည်။ ဝမ်ချန်က အခြေအနေမကောင်းသည်ကို မြင်သောအခါ တိတ်တဆိတ်ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် သာမန်ပြည်သူများက သူတခြားခရိုင်သို့ သွားရောက်တိုင်တန်းမည်ကို စိုးရိမ်သဖြင့် သူ့ကိုဖမ်းဆီးကာ ချုပ်နှောင်ထားချင်ခဲ့ကြသည်။ ဝမ်ချန်မှာ ထွက်ပြေးလွတ်မြောက်ပြီး ပြန်လာနိုင်ရန် အတော်လေးကြိုးစားအားထုတ်ခဲ့ရလေသည်။

"ခေတ်ကြီးပြောင်းလဲနေပြီ၊ ခေတ်ကြီး ပြောင်းလဲနေပြီ"

ဝမ်ချန်က အကြိမ်ကြိမ်သက်ပြင်းချပြီးနောက် လင်းယွဲ့ကိုကြည့်ကာ ပြောလိုက်သည်။

"ညီမလေး ဒီရက်ပိုင်းအိမ်မှာပဲနေပြီး ဘယ်မှမသွားဖို့ အစ်ကိုအကြံပေးချင်တယ်"

လင်းယွဲ့က အခြေအနေ၏ကြီးလေးမှုကို သဘောပေါက်သွားပြီး အမြန် ခေါင်းညိတ်လိုက်သည်။

"အစ်မလွီ အစ်ကိုဝမ်ပြန်ရောက်ပြီလား"

ကျောက်ဟုန်၏အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ လင်းယွဲ့အိမ်ပြန်ရောက်သောအခါ ခိုတစ်ကောင် ပြန်လည်ပျံသန်းလာသည်ကို တိုက်ဆိုင်စွာ တွေ့လိုက်ရ၏။ ခို၏ခြေထောက်မှ စာကို သူမအမြန်ယူလိုက်ရာ ၎င်းတွင် ဖော်ပြထားသော အခြေအနေမှာ ဝမ်ချန်ပြောခဲ့သည်နှင့် ဆင်တူလေသည်။

သို့သော် အချက်တစ်ချက်က လင်းယွဲ့မျက်လုံးများကို ပြူးကျယ်သွားစေလေသည်။ မြို့ပြင်ရှိ ဓားပြများကလည်း ဤကိစ္စကိုသိရှိသွားပြီး ခရိုင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာနိုင်သည်ဟု ဆိုထားလေသည်။ ထိုအချိန်တွင် ဓားပြများ ဘာလုပ်မည်ကို မည်သူမျှမသိနိုင်ပေ။

အကယ်၍ သူတို့ကမြို့ကိုသတ်ဖြတ်ဖျက်ဆီးမည်ဆိုပါက အခြေအနေမှာ အလွန်အရေးကြီးသွားမည် ဖြစ်သည်။ သူမ သူ့အိမ်တွင် လာရောက်ခိုလှုံချင်သလားဟု ဝမ်စုန်းရှင်းက လင်းယွဲ့အား မေးမြန်းထားပြီး ခိုလှုံလိုပါက သူလာခေါ်မည်ဟု ဆိုလေသည်။

‘မြို့ပြင်က ဓားပြတွေဟုတ်လား’

လင်းယွဲ့က စာတိုလေးကိုစိုက်ကြည့်ကာ နက်နက်နဲနဲတွေးတောနေမိသည်။ အကယ်၍ သူတို့ကိုလာခေါ်ရန် ဝမ်စုန်းရှင်း လူလွှတ်လိုက်လျှင်တောင် ခရီးစဉ်မှာ လုံခြုံမည်မဟုတ်ပေ။ လူများလျှင် သူတို့က ပစ်မှတ်ကြီးတစ်ခုဖြစ်သွားပေမည်။

လူနည်းလျှင်လည်း ဓားပြများ သို့မဟုတ် ပုန်ကန်သူများနှင့် ကြုံတွေ့ရပါက ပို၍ပင်အန္တရာယ်များပေမည်။ ဝမ်ယွင်ချောင်းသည် တစ်ချိန်ကသြဇာအကြီးဆုံးဝန်ကြီးဖြစ်ခဲ့ဖူးပြီး မြေပိုင်ရှင်ဝမ်ရှစ်၏အိမ်တွင် နေထိုင်သည်ကို မဆိုထားနှင့် သစ်ပင်မြင့်လျှင် လေတိုက်ခံရတတ်သည်။ အကယ်၍ ဓားပြများက စည်းစိမ်ဥစ္စာကိုတန်ဖိုးထားမည်ဆိုပါက သူတို့ကိုအရင်ဆုံး ရှာဖွေပေလိမ့်မည်။

သို့သော် ခရိုင်ထဲတွင်နေထိုင်ခြင်းက သူတို့ကို သိပ်မထင်ပေါ်စေဘဲ ပိုလုံခြုံပေမည်။ ဆုံးဖြတ်ချက်ချပြီးနောက် လင်းယွဲ့က ငြင်းပယ်ရန်စာတစ်စောင်ကို ချက်ချင်းရေးလိုက်လေသည်။ နောက် ငါးရက် ခြောက်ရက်ခန့် အိမ်ကိုပိတ်ထားပြီး သူတို့အပြင်မထွက်ခဲ့ကြပေ။

လင်းယွဲ့မှာ ဝမ်စုန်းရှင်းနှင့် စာအပြန်အလှန် ပေးပို့ခြင်းမှတစ်ဆင့်သာ အပြင်ဘက် အခြေအနေကိုသိရှိနိုင်လေသည်။ ထို့နောက် ဓားပြများကမြို့ထဲသို့ တကယ်ဝင်ရောက်လာကြလေသည်။ လင်းယွဲ့မှာ ဓားပြများအတင်းဝင်မလာနိုင်စေရန် ဘေးပေါက်နှင့် နောက်ပေါက်ကို အတားအဆီးများဖြင့် ပိတ်ဆို့ထားရုံသာ တတ်နိုင်လေသည်။

သို့သော် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အသားနှင့် ငါး အမြောက်အမြား စားသောက်နေခြင်းက လင်းရှင်းကို သူမအပေါ်မနာလို ဝန်တိုမှုများဖြင့် မျက်လုံးများနီရဲလာစေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ကောက်ပဲသီးနှံ ဈေးနှုန်းများမြင့်မားနေသဖြင့် လင်းရှင်းမှာ အိမ်တွင်အများကြီး သိုလှောင်မထားနိုင်ခဲ့ပေ။ သူမက နေ့စဉ်ဆန်ပြုတ်ကျဲကိုသာ သောက်နိုင်လေသည်။

သူမခင်ပွန်း အိမ်ပြန်ရောက်လာပြီးနောက်တွင် သူက သူမကိုဆန်ပြုတ်တောင်မသောက်ခိုင်းတော့ဘဲ ထမင်းရည်ကိုသာ သောက်ခိုင်းလေသည်။ သို့သော် လင်းရှင်းက သူမခင်ပွန်းကို အပြစ်မတင်ဘဲ လင်းယွဲ့၏နေ့စဉ် အသားငါး စားသောက်နေမှုများကိုသာ မနာလိုဖြစ်နေလေသည်။ တစ်နေ့တွင် လင်းယွဲ့မီးဖိုချောင်ထဲရှိနေစဉ် လင်းရှင်းက ဘေးပေါက်မှတစ်ဆင့် တိတ်တဆိတ်ဝင်လာပြီး လင်းယွဲ့ခြံဝင်းထဲသို့ဝင်ရောက်သွားရာ စပါးများ အပြည့်ပုံနေသော စတိုခန်းကိုတွေ့ပြီး အံ့အားသင့်သွားလေသည်။

‘တကယ်ကြီး ဒီလောက်များတဲ့စပါးတွေ ရှိနေတာပဲ’

လင်းရှင်းမျက်လုံးများပြူးကျယ်သွားပြီး သူမရင်ခုန်သံများ မြန်လာလေသည်။

‘တစ်ကယ်လို့ ဒီစပါးတွေအားလုံး ငါ့ဟာဖြစ်ခဲ့မယ်ဆိုရင် သူတို့အားလုံးကို သတ်ပစ်လိုက်ရင်ရော ဒီစပါးတွေ အားလုံးက ငါတို့ဟာဖြစ်သွားမှာ မဟုတ်ဘူးလား’

‘ဘယ်လိုပဲဖြစ်ဖြစ် ဒါကမိန်းမတစ်ယောက်နဲ့ ကလေးသုံးယောက်ပဲလေ၊ ငါ့ရဲ့ခင်ပွန်းရှိနေရင် အဲဒါအလွယ်လေးပဲ ဖြစ်မှာ’

All Chapters