← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

Ch-156

လင်းရှင်းသည် ဆန်ပြုတ်ကျဲနှစ်ပန်းကန်ကိုကိုင်ကာ သူမခင်ပွန်းဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးရန် စိတ်လှုပ်ရှားစွာ ပြန်လာခဲ့လေသည်။

"ဘာလို့ ရေတွေချည်းပဲဖြစ်နေရတာလဲ"

သူမသားဖြစ်သူက ဆန်ပြုတ်ကိုမြင်သောအခါ နှုတ်ခမ်းလေးစူကာ ငိုတော့မည့်ဟန်ဖြင့် အော်ငိုလေသည်။

"သား အသားစားချင်တယ် ဗြဲ ဗြဲ ဗြဲ"

ထောင်ထိုင်ဟွာက ဆန်ပြုတ်ကိုစိုက်ကြည့်လိုက်၏။

"ငါက ပိုက်ဆံရှာဖို့ နေ့တိုင်းအပြင်မှာ အလုပ်ကြိုးစားနေရတာကို မင်းက ငါ့ကို ဒါလေးပဲကျွေးတာလား"

သူက ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။

"ငါရှာထားတဲ့ငွေတွေ အကုန်ဘယ်ရောက်သွားလဲ၊ မင်း အကုန်ခိုးဝှက်ထားတာပဲ၊ ဟင်းတစ်ခွက်တောင် မပါဘူး၊ မင်း အိမ်ထောင်ကို ဘယ်လိုစီမံခန့်ခွဲနေတာလဲ"

လင်းရှင်းမှာ ပြန်လည်ချေပရန်ခက်ခဲနေလေသည်။ မကြာသေးမီက ကောက်ပဲသီးနှံဈေးနှုန်းများ အလွန်မြင့်မားနေသဖြင့် အများကြီးမဝယ်ရန် အစောပိုင်းကပြောခဲ့သူမှာ ထောင်ထိုင်ဟွာပင် ဖြစ်လေသည်။ ပြည်တွင်းဆူပူအုံကြွမှုဖြစ်လာမည်ကို မည်သူက ကြိုတင်ခန့်မှန်းနိုင်မည်နည်း။ ထို့ပြင် ယခုအခါ အပြင်မထွက်နိုင်ဘဲ အိမ်ထဲတွင်သာပိတ်မိနေရမည်ကို မည်သူသိနိုင်မည်နည်း။ သူတို့ဝယ်ထားသော နည်းပါးလှသည့် ကောက်ပဲသီးနှံများမှာ ပို၍ပင် မလုံမလောက်ဖြစ်နေလေ၏။

"ယောကျ်ား ကျွန်မတို့မိသားစုမှာ စားစရာမရှိပေမဲ့ စပါးဆယ်ကျင်းကျော်လောက်ရှိတဲ့နေရာတစ်ခုကို ကျွန်မတွေ့ထားတယ်"

လင်းရှင်းက ဖားယားကာပြောလိုက်သည်။

"တစ်ကယ်လို့ အဲဒါကိုသာ ကျွန်မတို့ရမယ်ဆိုရင် အစားအသောက်အတွက်ပူစရာမလိုတော့တဲ့အပြင် အခြေအနေတွေငြိမ်ကျသွားတဲ့အခါ အဲဒါတွေကို ရောင်းပြီးငွေအများကြီးရနိုင်သေးတယ်"

သို့သော် ထောင်ထိုင်ဟွာမျက်နှာမှာ ညှိုးနွမ်းသွားလေသည်။

"ပြည်တွင်းဆူပူအုံကြွမှုအတွင်းမှာ ဆန်ဆိုင်အများစု တိုက်ခိုက်ခံခဲ့ရတယ်၊ ငါ့အသက်ကိုတောင် မနည်းလုပြီးကယ်ခဲ့ရတာ၊ အခု မင်းက စပါးဆယ်ကျင်းကျော်ရှိတဲ့နေရာကို ငါ့တစ်ယောက်တည်း သွားခိုင်းနေတာလား၊ ဘာလဲ မင်းက ယောကျ်ားအသစ် ရှာချင်နေတာလား"

"ဘယ်ဟုတ်ရမှာလဲ"

လင်းရှင်းက ထောင်ထိုင်ဟွာအနီးသို့ ခြေလှမ်းအနည်းငယ် တိုးသွားကာပြောလိုက်သည်။

"ဒီစပါးဆယ်ကျင်းကျော်က အနောက်ဘက်ခြံဝင်းထဲမှာ၊ မိန်းမတစ်ယောက်ရယ် ကလေးသုံးယောက်ရယ်ပဲရှိတာလေ၊ ယောကျ်ား ရှင်သူတို့ကိုအလွယ်လေးနိုင်တယ် မဟုတ်လား၊ ဒီမိန်းမက အရာရှိဝမ်နဲ့ ဆက်ဆံရေးကောင်းပေမဲ့ အခု အရာရှိဝမ်ကပြင်းပြင်းထန်ထန် ဒဏ်ရာရထားတော့ သူမကိုကူညီနိုင်လောက်မှာ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အခုကရှုပ်ထွေးနေတဲ့အချိန်လေ၊ တစ်ကယ်လို့ ကျွန်မတို့သူမကို သတ်လိုက်ရင်တောင် ဘာမှဖြစ်မှာ မဟုတ်ဘူး၊ အဆိုးဆုံးကတော့ တိတ်တဆိတ်လုပ်လိုက်ပြီး သူမအလောင်းကို အပြင်ဘက်မှာသွားပစ်လိုက်ရုံပဲ၊ အဲဒီနောက်ပိုင်း ဘယ်သူက ကျွန်မတို့ကိုလိုက်ရှာနေမှာလဲ"

ထောင်ထိုင်ဟွာမျက်လုံးများ အရောင်လက်သွားလေသည်။ သူက အတော်လေး စိတ်ပါသွားပြီဖြစ်သော်လည်း မသက်မသာ ဟန်ဆောင်ကာပြောလိုက်၏။

"အဲဒါ မကောင်းဘူးမဟုတ်လား၊ ငါတို့ အရင်က ဒီလိုမျိုးတစ်ခါမှမလုပ်ဖူးဘူးလေ"

"အဖေ သားအသားစားချင်တယ် အသား"

သားဖြစ်သူ ငိုယိုလိုက်သောအခါ ထောင်ထိုင်ဟွာ၏နှလုံးသားမှာ လုံးဝ နူးညံ့သွားပြီး ဆက်ဟန်မဆောင်တော့ပေ။

"ကောင်းပြီ ကောင်းပြီ၊ အသားစားရမယ် အသားစားရမယ်၊ ခဏနေရင် အသားစားရမယ်နော်"

ထောင်ထိုင်ဟွာက သားဖြစ်သူကို ဆန်ပြုတ်သောက်ရန် ချော့မော့လိုက်ပြီး သူကိုယ်တိုင်လည်း သူ့ဆန်ပြုတ်ကို သောက်လိုက်သည်။ ထိုအခါမှသာ လင်းရှင်းက ပန်းကန်နှစ်လုံးကိုယူကာ ရေသန့်အနည်းငယ်ထည့်၍ မွှေလိုက်ပြီး ကျန်နေသော ထမင်းရည်အနည်းငယ်ကို သောက်လိုက်လေသည်။ ထိုအချိန်တွင် သူတို့သားဖြစ်သူ ထောင်ယွီက အပြင်သို့ပြေးထွက်သွားပြီး လင်းယွဲ့ထံသို့ တိုက်ရိုက်သွားလေသည်။

လင်းယွဲ့မှာ ဝက်သားနီချက် ချက်နေလေသည်။ သူမက ထောင်ယွီကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်ချက်ပြုတ်နေလေသည်။ လင်းယွဲ့အမြင်တွင် ဤကလေးမှာ လင်းရှင်းကဲ့သို့ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလေသည်။ အကယ်၍ သူမက သူ့ကို အသားမပေးပါက တစ်ယောက်ယောက်က သူ့ကို အကြွေးတင်နေသည့်အလား သူက ငိုယိုကာပြဿနာရှာပေလိမ့်မည်။ လင်းယွဲ့တွင် အသားရှိနေလျှင်ပင် သူမက သူ့ကိုမပေးချင်ပေ။

"သား အသားစားချင်တယ်"

ထောင်ယွီက လင်းယွဲ့ကိုတပ်မက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေရာ သွားရည်များပင် သူ့အင်္ကျီပေါ်သို့ ကျဆင်းနေလေသည်။

"မင်းအမေကို ဝယ်ခိုင်းလိုက်လေ"

လင်းယွဲ့က မတုန်မလှုပ်ဘဲပြုံးလျက် ပြောလိုက်သည်။ ထောင်ယွီက ရုတ်တရက် သူ့မျက်လုံးများကို မှေးလိုက်ပြီး လင်းယွဲ့ထံသွားဖြဲပြကာ အင်ဂျင်စက်နှိုးသကဲ့သို့ လည်ချောင်းသံတစ်ခုကို အရင် ထုတ်လုပ်လိုက်၏။

"အမ်း ငါ့ကိုအသားပေး မဟုတ်ရင် ငါ နင့်ကို သတ်ပစ်မယ်"

"ငါ့ကို ဘယ်လိုသတ်ဖို့ စီစဉ်ထားတာလဲ"

လင်းယွဲ့က အသားကိုပေါ့ပေါ့ပါးပါး လှန်လိုက်ပြီး ယိုထျန်းကိုထင်းတစ်ချောင်းထပ်ထည့်ရန်ပြောကာ ဟင်းအနှစ်ကို မီးပြင်းပြင်းဖြင့်လျှော့ချရန် ရည်ရွယ်လိုက်သည်။

"နင့်ကိုသတ်ဖို့ ငါ့အဖေ့ကိုခိုင်းလိုက်မယ်၊ ပြီးရင် နင့်မိသားစုရဲ့စပါးဆယ်ကျင်းကျော်နဲ့ အသားတွေအားလုံး ငါတို့ဟာဖြစ်သွားမှာ"

လင်းယွဲ့ရင်ခုန်သံတစ်ချက် ရပ်တန့်သွားလေသည်။ ကလေးများဆိုသည်မှာ မိဘများ၏မှန်ရိပ်များဖြစ်လေ့ရှိပြီး သူတို့စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သတိမထားမိဘဲပုံတူကူးလေ့ရှိကြလေ၏။

‘သူက ဘာလို့ရုတ်တရက်ကြီး ဒီလိုစကားမျိုးပြောရတာလဲ’

‘ဒါ သေချာပေါက်’

လင်းယွဲ့က ကိုယ့်ကိုကိုယ်တည်ငြိမ်အောင်ထိန်းလိုက်ပြီး သတင်းအချက်အလက်ရယူရန် ကြိုးစားလိုက်သည်။

"ဒါဆို ဘယ်တော့လုပ်ဖို့ စီစဉ်ထားတာလဲ"

"ငါ မကြာခင်အသားစားရတော့မယ်လို့ ငါ့အဖေက ပြောတယ် ဖြစ်နိုင်တာက"

ထိုအချိန်တွင် ထောင်ယွီ၏ပါးစပ်ကို တစ်ယောက်ယောက်က ရုတ်တရက် ပိတ်လိုက်လေသည်။ လင်းရှင်းက မဆေးရသေးသော ပန်းကန်လုံးတစ်လုံးကို လက်တစ်ဖက်တွင်ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ထောင်ယွီပါးစပ်ကိုပိတ်ကာ ပြောလိုက်သည်။

"အလကားစကားတွေ လျှောက်မပြောနဲ့"

ထို့နောက် သူမက ထူးထူးခြားခြား လင်းယွဲ့ကို ပြုံးပြလိုက်သည်။

"ဒီကလေးကလေ၊ အသားစားချင်လွန်းလို့ ရူးနေပြီ၊ လျှောက်ပြောနေတာပါ"

သို့သော် လင်းယွဲ့က သူမမိသားစုတွင် စပါးဆယ်ကျင်းကျော်ရှိနေခြင်းမှာ လျှောက်ပြောရုံဖြင့် တိကျစွာခန့်မှန်းနိုင်သည့်အရာမဟုတ်ကြောင်း သိလေသည်။ လင်းယွဲ့က ၎င်းကိုစိတ်ထဲတွင် မှတ်ထားလိုက်ပြီး ညစာစားနေစဉ်အတွင်း ထောင်ယွီ၏ထူးဆန်းသော အပြုအမူအကြောင်းကို ထုတ်ပြောပြလေသည်။ ယန်ယိုထျန်းမျက်နှာမှာ တင်းမာနေလေသည်။

"တစ်ကယ်လို့ သူတို့ တစ်ခုခုလာလုပ်ရဲရင် သူတို့ကို အရင်ဆုံးကျွန်တော် သတ်ပစ်မယ်"

"ငါတို့ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်"

လင်းယွဲ့ ပြောလိုက်သည်။

"ဒီည မင်းတို့ရဲ့အိပ်ရာတွေကို ဒီဘက်ရွှေ့လိုက် ငါတို့လေးယောက်ရှိတယ်၊ ညရဲ့ပထမတစ်ဝက်ကို ငါစောင့်မယ်၊ ဒုတိယတစ်ဝက်ကို မင်းတို့အားလုံး စောင့်ကြ"

"ဟုတ်ကဲ့ပါ"

သို့သော် လင်းရှင်းမှာ ထောင်ယွီကို အလျင်စလိုပြန်ခေါ်သွားစဉ် စိုးရိမ်ပူပန်သော မျက်နှာထားရှိနေလေသည်။

“ယွီယွီက လျှောက်ပြောလိုက်တာကို အဲဒီကောင်မစုတ်လေးများ သတိထားသွားမလား မသိဘူး၊ ဒီနေ့ည ငါတို့ ဆက်လုပ်ကြမှာလား"

ထောင်ထိုင်ဟွာက ပေါက်တူးတစ်လက်ကိုကိုင်တွယ်နေလေသည်။ ထိုစကားကို ကြားသောအခါ သူလှောင်ပြောင်လိုက်၏။

"မိန်းမတစ်ယောက်နဲ့ ကလေးသုံးယောက်ပဲဟာ သူတို့သတိထားနေရင်တောင် ဘာလုပ်နိုင်မှာလဲ၊ သတိထားနေဖို့ မဆိုထားနဲ့၊ သူတို့ကို လက်တစ်ဖက်တည်းနဲ့တောင် ငါ နိုင်တယ်"

"ကလေးတွေထဲက တစ်ယောက်က တော်တော် ခွန်အားကြီးတယ်"

လင်းရှင်း စကားမဆုံးမီမှာပင် ထောင်ထိုင်ဟွာက ထောင်ယွီအားခါးမှကိုင်ကာ မ,တင်လိုက်သည်။ ထောင်ယွီက တခစ်ခစ်ရယ်မောလိုက်ရာ ထောင်ထိုက်ဟွာက မောက်မာစွာပြောလိုက်သည်။

"ကလေးတစ်ယောက်က ဘယ်လောက်ပဲ ခွန်အားကြီးကြီးကလေးပဲလေ၊ သူက ဘယ်လောက်တောင် ခွန်အားကြီးနိုင်မှာလဲ"

လင်းရှင်း စကားဆက်ပြောချင်နေသေးသည်ကိုမြင်သောအခါ ထောင်ထိုင်ဟွာက လင်းရှင်းကိုဖက်ကာ နမ်းလိုက်လေသည်။ လင်းရှင်း အသက်ရှူမဝဖြစ်သွားပြီးနောက် သူကဂုဏ်ယူစွာပြောလိုက်၏။

"မင်းလိုပဲလေ၊ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် မင်းကမိန်းမတစ်ယောက်ပဲဟာ"

လင်းရှင်းက ရှက်ရွံ့စွာဖြင့် ထောင်ထိုင်ဟွာရင်ဘတ်ကို ပုတ်လိုက်သော်လည်း သူက သူမကိုအိပ်ရာပေါ်သို့တွန်းလှဲလိုက်လေသည်။ လင်းယွဲ့က အရင်ဆုံး ဘေးပေါက်ကို ကန့်လန့်ဖြတ်တုတ်ဖြင့် ပိတ်လိုက်ပြီးနောက် စပါးများရှိသောစတိုခန်းကို သော့ခလောက်အကြီးဖြင့် ခတ်လိုက်ကာ တံခါးဝကိုပိတ်ဆို့ရန် အခြားပစ္စည်းတချို့ကိုပါ ရွှေ့ပြောင်းထားလိုက်လေသည်။ ထို့နောက် သူမက ဖယောင်းတိုင်မီးကိုငြိမ်းသတ်လိုက်ပြီး တံခါးနားတွင်ထိုင်ကာ ကလေးသုံးယောက်ကိုအိပ်ရန် ချော့သိပ်ရင်း လက်ထဲတွင် တံစဉ်ကို ကိုင်ထားလေသည်။

ကလေးသုံးယောက်၏အသက်ရှူသံများ ညီညာသွားသောအခါ သူမကအေးစက်လာသော သူမခြေထောက်များကို အသာဆောင့်လိုက်ပြီး အပြင်ဘက်မှ အသံများကို နားစွင့်နေလေသည်။ ထိုအချိန်တွင် ယန်ယိုထျန်းက စောင်ကို ညင်သာစွာဖယ်လိုက်ပြီး အိပ်ရာမှထလာလေသည်။ သူက လင်းယွဲ့အနီးသို့ လျှောက်လာပြီး သူမဘေးရှိပေါက်တူးကို ကောက်ကိုင်လိုက်၏။ ဖယောင်းတိုင်အလင်းရောင်မရှိသဖြင့် လင်းယွဲ့မှာ လရောင်ဖြင့်သာ လေးနက်သော သူ့မျက်နှာထားကိုမြင်နိုင်ရာ သူမက ညင်သာစွာပြောလိုက်သည်။

"ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး မကြောက်ပါနဲ့၊ တစ်ကယ်လို့ သူတို့တံခါးဖွင့်လိုက်ရင် ဒါမှမဟုတ် အထဲဝင်လာရင် အသံမြည်မှာပဲ၊ အဲဒီအခါကျရင် မင်းကို ငါခေါ်လိုက်မယ်၊ မင်း အရင်သွားအိပ်လိုက်"

ယန်ယိုထျန်း ခေါင်းခါလိုက်ပြီး လင်းယွဲ့ဘေးတွင်ထိုင်လိုက်သည်။

"အခု ကျွန်တော်မအိပ်ချင်သေးဘူး"

ထိုအချိန်တွင် အပြင်ဘက်မှလှုပ်ရှားသံ တစ်ခုထွက်ပေါ်လာလေသည်။ တံခါးပေါ်ရှိ တုတ်မှာဖြည်းညင်းစွာ ရွေ့လျားသွားပြီး ပြုတ်ကျသွားသောအခါ တံခါးနှင့် ရိုက်မိသွားလေသည်။ တိတ်ဆိတ်နေသောညဉ့်ယံတွင် ၎င်းကပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာစေလေသည်။

လင်းယွဲ့နှင့် ယန်ယိုထျန်းတို့ အချင်းချင်းကြည့်လိုက်ကြပြီး သူတို့ လက်ထဲရှိ လက်နက်များကို ချက်ချင်း တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြလေသည်။ တုတ်ပြုတ်ကျသွားပြီးနောက် အချိန်အတော်ကြာသည်အထိ အသံမထွက်တော့ပေ။ လင်းယွဲ့က သူတို့အသံကြောင့် လန့်ပြေးသွားပြီဟုထင်လိုက်လေသည်။

'ကျီ'ဟူသော အသံနှင့်အတူ သစ်သားတံခါးတွန်းဖွင့်ခံလိုက်ရပြီး အသံတစ်ခု ထွက်ပေါ်လာလေသည်။ သူတို့မည်မျှပင် ညင်သာစွာလှုပ်ရှားစေကာမူ ဟောင်းနွမ်းနေသော တံခါးမှာမလွှဲမရှောင်သာ အသံမြည်လာလေသည်။ အလွန်အမင်းတင်းမာနေသော အခြေအနေအောက်တွင် လင်းယွဲ့က သူတို့လမ်းလျှောက်လာသော ခြေသံများကိုပင် ကြားနေရလေသည်။

"စပါးတွေ ဘယ်မှာလဲ"

ထောင်ထိုင်ဟွာ ညင်သာစွာမေးလိုက်သည်။

"ဒီမှာပဲ"

လင်းရှင်းပြောလိုက်သည်။

"အဲဒီကောင်မစုတ်လေးက တကယ်ကို သတိထားနေတာပဲ၊ သူ အပြင်ဘက်ကို ပိတ်ထားတယ်၊ ဟမ့် ငါတို့စပါးလာခိုးမယ်လို့ သူထင်နေပုံရတယ်၊ ယောကျ်ား ဘယ်သူ့ကိုမှ အသက်ရှင်လျက်မထားခဲ့နဲ့နော်"

"ကလေးသုံးယောက်ကို မင်းရှင်းလိုက်၊ အဲဒီမိန်းမကို ငါရှင်းမယ်"

"ယောကျ်ားမြန်မြန်ဆန်ဆန် ရှင်းပစ်လိုက်နော်၊ ပြီးတော့ သူမရဲ့ရုပ်ရည်ကြောင့် စိတ်မယိုင်သွားနဲ့ဦး"

"မင်း ဘာတွေတွေးနေတာလဲ၊ မင်းက ငါ့ကို အားကုန်အောင်လုပ်ထားပြီးပြီပဲဟာ၊ ငါက ဘယ်လိုလုပ်စိတ်ယိုင်နိုင်တော့မှာလဲ"

"ယောကျ်ားရယ်"

လင်းယွဲ့မျက်လုံးများတွင် ရွံရှာမှုတစ်ချက်ဖြတ်ပြေးသွားလေသည်။ သူတို့မှာ အလွန်အမင်း အခက်အခဲရောက်နေသည့် အခြေအနေသို့ပင်မရောက်သေးမီ ဤနှစ်ဦးမှာ လူသတ်လုယက်ရန် တွေးတောနေကြပြီဖြစ်ရာ သူတို့မွေးရာပါ ယုတ်မာမှုကိုပြသနေလေသည်။ ပြီးတော့ သူတို့ကအားနည်းသူများကိုသာ အနိုင်ကျင့်သောသူများ ဖြစ်ကြလေသည်။ အကယ်၍ ကုလင်သာ ဤနေရာတွင်ရှိနေပါက သူတို့ ဤမျှမောက်မာရဲပါဦးမည်လား။

All Chapters