အခန်း ၁၅၉
Vol. 16 Ch. 159
Ch-159
မွန်းလွဲပိုင်းသို့ ရောက်သောအခါ လင်းယွဲ့က အနောက်ဘက်ခြံဝင်းမှဆူညံသံ အမျိုးမျိုးကို ကြားနေရလေသည်။ သို့သော် သူမကတံခါးအနီးတွင်ရပ်နေပြီး သူမအာရုံလွတ်သွားသည့်အချိန်လေးကို အခွင့်ကောင်းယူကာ သူတို့က တံခါးကို ရုတ်တရက်ချိုးဖျက်ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် မဆင်မခြင်မလှုပ်ရှားရဲပေ။ အားလပ်နေသော တာ့ယာနှင့် ကုတန်တို့သာ မီးဖိုချောင်မှ အသားဆန်ပြုတ်အနည်းငယ်ခပ်ယူလာပြီး သူတို့ဗိုက်အနည်းငယ်ပြည့်စေရန် ကမ်းပေးကြလေသည်။
နှင်းပွင့်များ လွင့်စင်ကျဆင်းလာပြီး သူတို့ကိုရိုက်ခတ်နေကာ နှင်းပွင့်များကို သယ်ဆောင်လာသော လေအေးက ပို၍ပင်အေးစိမ့်သွားစေလေသည်။ လင်းယွဲ့၏ အာရုံစိုက်မှုက တံခါးဝတွင်သာရှိနေပြီး မကြာမီမှာပင် သူမ ပင်ပန်းလာလေသည်။
"သယ်လို့ပြီးသွားပြီ"
အနောက်ဘက်ခြံဝင်းမှ အော်သံကြောင့် လင်းယွဲ့ချက်ချင်းနိုးကြားသွားလေသည်။
"သခင်လေးသုံး ကျွန်တော်တို့က သူ့ကို လူသတ်ဖို့ တကယ်ကူညီပေးရမှာလား၊ ကျွန်တော်တို့ စပါးတွေရပြီးပြီပဲလေ"
"ဟုတ်တယ်၊ ဒီတံခါးကိုဖျက်ဖို့ အချိန်ဘယ်လောက်တောင် ကြာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ"
"သခင်လေးသုံး ကျွန်တော့်ကိုကတိပေးထားတယ်လေ"
ထောင်ယွီ၏စူးရှရှအသံက ထွက်ပေါ်လာလေသည်။
"ကျွန်တော့်မိဘတွေက လူယုတ်မာတွေရဲ့သတ်ဖြတ်တာကို ခံခဲ့ရတာ၊ ခင်ဗျားပဲ ကျွန်တော့်ကိုကူညီနိုင်မှာ"
လင်းယွဲ့က အာရုံစိုက်၍နားထောင်နေရာ သူမရင်ခုန်သံများမှာ ရင်ဘတ်ထဲမှ ပေါက်ကွဲထွက်တော့မတတ် တဒုတ်ဒုတ်ခုန်နေပြီး သခင်လေးသုံး ဘာပြောမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလေသည်။
"ဒါက ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး"
သခင်လေးသုံး၏မောက်မာသော အသံက ထွက်ပေါ်လာလေသည်။
"ငါတို့ဓားပြတွေက ဆင်းရဲသားတွေကို ကူညီဖို့ချမ်းသာတဲ့သူတွေကိုလုယက်တာ၊ ပြီးတော့ ငါတို့ကသူရဲကောင်းဆန်မှုကို ဘာထက်မဆိုပိုယုံကြည်တယ်၊ ဒီလောက်သေးငယ်တဲ့ကိစ္စလေးကိုမှ လုပ်ပေးမယ်လို့ သဘောတူပြီးမလုပ်ပေးရင် အနာဂတ်မှာ ငါတို့ဘယ်လိုရပ်တည်နိုင်တော့မလဲ"
လင်းယွဲ့ရင်ထဲ လေးလံသွားလေသည်။ ဤသခင်လေးသုံးက သူမကိုသတ်ရန် ဆုံးဖြတ်ထားပုံရလေသည်။ သူမက လက်နက်များရှာဖွေရန် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ထောင့်တွင် ထောင်ထားသော ပေါက်တူးတစ်လက်ကိုမြင်သောအခါ သူမအတွက်ယူပေးရန် ကုတန်ကိုပြောလိုက်၏။ လင်းယွဲ့က သူမနေရာလွတ်ထဲတွင် အရက် ငရုတ်သီးမှုန့်နှင့် အခြားပစ္စည်းများရှိနေသေးကြောင်းနှင့် ၎င်းတို့က တိုက်ပွဲ၏ အလှည့်အပြောင်းကို ပြောင်းလဲပေးနိုင်ကြောင်း သူမကိုယ်သူမတွေးတောလိုက်သည်။
သူမ အလွယ်တကူလက်လျှော့၍မဖြစ်ပေ။ သူမက ပေါက်တူးကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ကုတန်ကိုပြောလိုက်သည်။
"မင်းရဲ့ညီလေးနဲ့ ညီမလေးကိုခေါ်ပြီး သွားပုန်းနေ၊ လူမသိသူမသိနေရာတစ်ခုရှာပြီး ပုန်းနေမြန်မြန်လုပ်၊ တစ်ကယ်လို့ တစ်ယောက်ယောက်ခေါ်ရင်တောင် ထွက်မလာနဲ့၊ ငါ့အသံကိုမကြားရမချင်း ထွက်မလာနဲ့ နားလည်လား"
ကုတန်ခေါင်းညိတ်လိုက်ရာ သူ့အမူအရာမှာ ချက်ချင်းပင် အများကြီး ပိုမိုရင့်ကျက်သွားလေသည်။ သူက တာ့ယာနှင့် ဝမ်ကျုံးကုတို့လက်များကို တင်းကျပ်စွာဆုပ်ကိုင်ကာ အိမ်ဘက်သို့ ပြေးသွားလေ၏။
"အရှေ့ပေါက်ရော ဘေးပေါက်ကိုပါ တစ်ပြိုင်တည်းဖျက်စမ်း၊ မြန်မြန်နဲ့ ပြတ်ပြတ်သားသားလုပ်"
သခင်လေးသုံး၏အမိန့်ပေးသံနှင့်အတူ လူများက အရှေ့ပေါက်နှင့် ဘေးပေါက်ဆီသို့ပြေးဝင်လာကြပြီး တံခါးများကို စတင်ရိုက်ချိုးကြလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကဒီလူကို သတ်မှာပဲဆိုတော့ အိမ်ကိုချန်ထားတာ မထားတာက အရေးမကြီးပါဘူး"
သခင်လေးသုံးပြောလိုက်ပြီးနောက် မီးလောင်နေသော ထင်းအနည်းငယ်ကို ခြံစည်းရိုးနံရံပေါ်မှ ပစ်ချလိုက်လေသည်။ ထင်းအများစုမှာ မြေကြီးပေါ်သို့ ကျသွားပြီး အနီးအနားရှိ နှင်းများကို အရည်ပျော်စေကာ မီးငြိမ်းသွားလေသည်။ သို့သော် အချို့မှာအိမ်ခြေရင်း သို့မဟုတ် ထင်းပုံများပေါ်သို့ ကျသွားသဖြင့် မီးစတင်ကူးစက်လောင်ကျွမ်းလေသည်။
ပိုကြောက်မက်ဖွယ်ကောင်းသည်မှာ ထင်းများ မြေကြီးပေါ်သို့ကျလာသောအခါ ပြုတ်ကျလာသော အရှိန်က မီးတောက်များကို သယ်ဆောင်လာပြီး ထိမှန်သံတစ်ချက်စီက နှလုံးသားနှင့် စိတ်ကို ရိုက်ခတ်နေသဖြင့် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှပေသည်။ တစ်ခုပြီးတစ်ခု လွီရှို့ယွီမျက်နှာတွင် ထိတ်လန့်မှုများပေါ်လွင်နေပြီဖြစ်သည်။
"အစ်မကိုယ်အစ်မ ဂရုစိုက်ပါ"
လင်းယွဲ့က လွီရှို့ယွီကိုမှာကြားလိုက်ပြီး မြေကြီးပေါ်မှ မီးလောင်နေဆဲဖြစ်သော ထင်းတစ်ချောင်းကို ကောက်ယူလိုက်၏။ သူမလှည့်လိုက်စဉ်မှာပင် နေရာလွတ်ထဲမှ အရက်များက သူမလက်များမှတစ်ဆင့် ယိုစိမ့်ထွက်လာလေသည်။
"ဝုန်း"
ယခင်က အားနည်းနေသောမီးတောက်မှာ ပြင်းထန်သော အရက်နှင့်တွေ့သောအခါ မီးတောက်ကြီးအဖြစ် ပေါက်ကွဲထွက်သွားပြီး တဖြောက်ဖြောက်မြည်သံ အနည်းငယ်ပင် ထွက်ပေါ်လာလေသည်။ လင်းယွဲ့က ထင်းကိုကိုင်ကာ အပြင်သို့ လွှဲပစ်လိုက်လေသည်။
"အား"
သွေးပျက်ဖွယ်အော်ဟစ်သံတစ်သံထွက်ပေါ်လာလေသည်။ အပြင်ဘက်တွင် ဓားပြများစုဝေးနေကြပြီး သူတို့ကို ကာကွယ်ရန် အမိုးများမရှိသဖြင့် မီးလောင်နေသောထင်းက လူများပေါ်သို့ တိုက်ရိုက်ကျသွားကာ သူတို့အဝတ်အစားများကို မီးစွဲလောင်သွားစေလေသည်။
"ကောင်မစုတ်လေး မင်း သေချင်နေတာပဲ"
"တံခါးကို မြန်မြန်ချိုးဖျက်စမ်း"
အပြင်ဘက်မှ ပိုမိုရှုပ်ထွေးလာသော အသံများကို ကြားသောအခါ ဤလှည့်ကွက်က အလုပ်ဖြစ်ကြောင်း လင်းယွဲ့သိလိုက်သဖြင့် ထင်းအနည်းငယ်ကို အမြန်ထပ်ယူကာ အဆိုပါ လုပ်ငန်းစဉ်ကို ထပ်မံပြုလုပ်လိုက်လေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် အော်ဟစ်သံများထွက်ပေါ်လာရာ အပြင်ဘက်တွင် အခြေအနေ ရှုပ်ယှက်ခတ်သွားပြီဖြစ်ကြောင်း ပြသနေလေသည်။ ထင်းများ ထပ်မံပစ်ပေါက်မလာတော့သော်လည်း မကျေနပ်မှုများကြောင့် တံခါးကို ရိုက်ချိုးနေသော အရှိန်မှာ ပို၍ပင်ပြင်းထန်လာလေသည်။
"ဝုန်း"
တံခါးကို ပိတ်ဆို့ထားသော တံခါးရွက်မှာရိုက်ချိုးခံလိုက်ရပြီး လင်းယွဲ့နှင့် လွီရှို့ယွီတို့မှာ ဆက်လက်မတားဆီးနိုင်တော့ဘဲ မြေကြီးပေါ်သို့ လဲကျသွားလေ၏။ ကျိုင်းကောင်များကဲ့သို့ လူအများအပြား အနောက်ဘက်ခြံဝင်းထဲမှ ဝင်ရောက်လာကြလေသည်။
"ကျွတ်ကျွတ် နောက်ဆုံးတော့ဖျက်လို့ရသွားပြီ"
"သေချင်နေတာပဲ"
"ဒီကိစ္စကို မြန်မြန်ရှင်းလိုက်စမ်း၊ မင်းတို့ အချိန်တွေ အရမ်းဖြုန်းနေတယ်"
လင်းယွဲ့က မတ်တတ်ရပ်ကာ လွီရှို့ယွီကိုထူပေးလိုက်သောအခါ ရက်စက်သောရုပ်သွင်ရှိသည့် ဓားပြတစ်စု သူတို့ထံသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရလေသည်။ ထောင်ယွီက ဓားမကြီးတစ်လက်ကိုကိုင်ကာ ရှေ့ဆုံးတွင်ရပ်နေပြီး လင်းယွဲ့ထံမကျေမချမ်း စိုက်ကြည့်နေလေသည်။ လင်းယွဲ့က သူမခြေထောက်ဖြင့် ပေါက်တူးလက်ကိုင်ကို မ,တင်လိုက်ပြီး ပေါက်တူးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။
သူမရင်ခုန်သံများမြန်ဆန်နေပြီး သူမလက်များမှာ အနည်းငယ်တုန်ယင်နေသော်လည်း သွေးကြောများထဲတွင် ဒေါသအဟုန်များ စီးဆင်းနေကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေလေသည်။
"ဟေး ရုပ်လေးကမဆိုးဘူးပဲ"
ရှေ့ဆုံးမှဓားပြက ယုတ်မာစွာတဟားဟားရယ်မောလိုက်သည်။
"အစ်ကိုတို့တွေကိုဖျော်ဖြေဖို့ သူ့ကိုပြန်ခေါ်သွားရင် ကောင်းမယ်"
"သေချာတာပေါ့၊ ဒါပေမဲ့သူ့ပုံစံက တော်တော်လေးစွာမယ့်ပုံပဲဆိုတော့ ငါတို့ သူ့ကိုအရင်ယဉ်ပါးအောင် သွန်သင်ရလိမ့်မယ်"
အခြားမည်သူမျှမရှိသည့်အလား သူမအနာဂတ်အတွက် သူတို့ဆုံးဖြတ်ချက်ချနေသည်ကို လင်းယွဲ့ကြားလိုက်ရသောအခါ ဒေါသနှင့် သတ္တိများ ရောယှက်သွားပြီး သူမပေါက်တူးကို ရှေ့ဆုံးမှ လူ၏ခေါင်းဆီသို့ လွှဲရိုက်လိုက်လေသည်။ လူတိုင်းအံ့အားသင့်သွားစေသည်မှာ ထိုလူက လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်နေခြင်းပင်တည်း။ သူကနောက်သို့ တစ်လှမ်းဆုတ်ကာ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်လေ၏။ သူမ၏ပထမဆုံး တိုက်ခိုက်မှုအထမမြောက်သွားသဖြင့် အခြေအနေကို အကဲခတ်ရင်း လင်းယွဲ့မှာ ဒုတိယအကြိမ် ထပ်မံမတိုက်ခိုက်ရဲတော့ပေ။
"သူက တကယ်ဒေါသကြီးတာပဲ၊ သူ့ကို ငါ အရင်ယဉ်ပါးအောင် လုပ်လိုက်မယ်"
ဓားပြခေါင်းဆောင်ကပြုံးလျက် ပြောကာ လင်းယွဲ့ထံသို့ချဉ်းကပ်လာလေသည်။
'ရွှမ်း'ဟူသော အသံနှင့်အတူ သူ ခြေလှမ်းအနည်းငယ်မျှပင် ထပ်မချဉ်းကပ်နိုင်မီ လင်းယွဲ့အနောက်မှ ကလေးတစ်ယောက်ပြေးထွက်လာလေသည်။ သတိလွတ်သွားသော ဓားပြမှာ ဓားတစ်ချက်တည်းဖြင့် လည်ပင်းအလှီးခံလိုက်ရလေသည်။ သွေးများပန်းထွက်လာပြီး နာကျင်မှုက အနည်းငယ် နောက်ကျမှ ရောက်လာလေသည်။ သူ့လည်ပင်းကို စမ်းကြည့်လိုက်ရာ နာကျင်မှုက နွေးထွေးနေပြီး သူ့မျက်လုံးများက ပန်းထွက်နေသော သွေးများဆီသို့ အာရုံရောက်သွားလေသည်။
'ဘိုင်း' ခနဲ သူ မြေကြီးပေါ်သို့ကျသွားပြီး သူသေသွားပြီဆိုသည်ကို နောက်ကျမှ သဘောပေါက်သွားလေသည်။ ဓားပြများမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြလေသည်။
"ဘန်း"
ထိုအချိန်တွင် အရှေ့တံခါးကိုလည်း ကန်ဖွင့်လိုက်လေသည်။
"အစ်ကိုကြီး"
အရှေ့တံခါးကို ချိုးဖျက်ဝင်လာသော သခင်လေးသုံးက သွေးများဒလဟော စီးကျကာ မြေကြီးပေါ်တွင်လဲကျနေသော ထိုလူကိုမြင်သောအခါ အော်ဟစ်လိုက်လေသည်။ သူ့အကြည့်က လင်းယွဲ့နှင့် ယန်ယိုထျန်းတို့ထံသို့ ရွေ့သွားရာ သူ့မျက်လုံးများမှာ သွေးလွှမ်းနေလေသည်။
"သူတို့ကို သတ်၊ အားလုံးကို သတ်ပစ်"
ဓားပြများက နောက်ပြောင်နေခြင်းကို ရပ်တန့်လိုက်ပြီး သူတို့ဓားများကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ သူတို့ထံသို့ ပြေးဝင်လာကြလေသည်။ ဝမ်ချန်နှင့် ယန်ယိုထျန်းတို့က ဘေးတစ်ဖက်တစ်ချက်စီမှနေကာ သူတို့ကို အနောက်ဘက်မှ ကာကွယ်ပေးလေသည်။ သို့သော် သူတို့ကများပြားလှသော ဓားပြများကို မယှဉ်နိုင်သဖြင့် အိမ်ထဲသို့ ဆုတ်ခွာရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။
သို့သော် စောစောက လောင်ကျွမ်းနေသော မီးများက ဆက်လက်ကူးစက်နေပြီး ထင်းပုံကိုပါ လောင်စာဖြည့်ပေးနေလေသည်။ အနောက်ဘက်ရှိ အိမ်များမှာလည်း လမ်းပိတ်နေပြီဖြစ်သည်။
"ရွှီး ရွှီး ဘန်း"
မွေးရာပါ သဘာဝလွန်ခွန်အားဖြင့် ယိုထျန်း၏ လှုပ်ရှားမှုများမှာ ကျယ်ပြန့်ပြီး အားပါကာ မသိစိတ်ကိုသာ အားကိုးနေရသော်လည်း သူကဓားပြများကို အကြိမ်ကြိမ်ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ဆဲဖြစ်ပြီး သူတို့ ရှေ့မတိုးရဲကြပေ။ ဝမ်ချန်မှာ သိုင်းပညာကျွမ်းကျင်သော်လည်း သူ့ယခင် ဒဏ်ရာများမှ ပြန်လည်သက်သာလာစသာရှိသေးသည်။ သူ့ဒဏ်ရာများမှာ ပြန်ထလာပြီး သူ့ကို အလွန်တရာနာကျင်စေလေသည်။
သူ့လှုပ်ရှားမှုများမှာ အနည်းငယ်နှေးကွေးသွားပြီး သူ့အားနည်းချက်ကို တိုက်ခိုက်သူများက အခွင့်ကောင်း ယူသွားကြလေသည်။ သူ သတိမထားမိလိုက်ခင်မှာပင် ဝမ်ချန့်ညာဘက်လက်မောင်းတွင် ဓားဖြင့်အခုတ်ခံလိုက်ရလေသည်။ သူ ဓားလွတ်ကျသွားပြီး မြေကြီးပေါ်သို့ ကျသွားလေသည်။
ဓားပြများ ပိုမိုများပြားလာပြီး ဤအခွင့်အရေးကိုအသုံးချကာ သူတို့ကို တိုက်ခိုက်ကြလေသည်။ ဝမ်ချန် ဓားလွတ်ကျသွားသည်နှင့်အတူ ယန်ယိုထျန်းတစ်ယောက်တည်းသာ တောင့်ခံနိုင်ရန် ရုန်းကန်နေရလေတော့သည်။ သို့သော် သူကအင်အားကြီးမားသော တိုက်ခိုက်မှုများကို မယှဉ်နိုင်တော့ပေ။
မကြာမီမှာပင် သူ့ကျောတွင် ဓားအထိုးခံလိုက်ရလေသည်။ လင်းယွဲ့က ငရုတ်သီးမှုန့်များပက်လိုက်ရာ ရန်သူ၏ တိုက်ခိုက်မှုကို နှေးကွေးသွားစေသော်လည်း ၎င်းကယာယီ ဖြေရှင်းချက် တစ်ခုသာဖြစ်လေသည်။ ယန်ယိုထျန်းက လင်းယွဲ့ကို ရုတ်တရက်ဘေးသို့ တွန်းဖယ်လိုက်ပြီး လာနေသောဓားကို တားဆီးလိုက်သော်လည်း နောက်ထပ် တိုက်ခိုက်မှုတစ်ခုက ချက်ချင်းထပ်မံရောက်ရှိလာပြီး လင်းယွဲ့မှာဓားနှစ်လက်ဖြင့် အခုတ်ခံရတော့မည်ဖြစ်လေသည်။
ဘုန်းကနဲပေါက်ကွဲသံတစ်ခုနှင့်အတူ လေဟုန်တစ်ခုပါ ထွက်ပေါ်လာလေသည်။ ညင်သာသောလေပြေတစ်ခု တိုက်ခတ်သွားပြီး လင်းယွဲ့ဆံပင်များကို လွင့်ဝဲသွားစေလေသည်။ သူမကို ဓားဖြင့်တိုက်ခိုက်ခဲ့သော အမျိုးသားနှစ်ဦးမှာ ယခုအခါမြေကြီးပေါ်တွင် လဲကျနေလေ၏။