အခန်း ၁၆၃
Vol. 17 Ch. 163
Ch-163
ထိုအချိန်တွင် ခရိုင်အစိုးရရုံးတော် အပြင်ဘက်၌ စားပွဲရှည်ကြီးတစ်ခုကို ခင်းကျင်းထားလေသည်။ ယင်းပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်မှာ မျိုးဖြုတ်သတ်ဖြတ်ခံခဲ့ရသော ချမ်းသာကြွယ်ဝသည့် မိသားစုများ၏ဘုရားကျောင်းဆောင်မှ ယူဆောင်လာခြင်းဖြစ်ပြီး နံ့သာပေါင်းဖို အမွှေးတိုင်များနှင့် အခြားအရာများလည်း ထိုနည်းတူပင်ဖြစ်လေ၏။ စားပွဲကို အဝါရောင်အဝတ်တစ်ခု လွှမ်းခြုံထားပြီး ၎င်းပေါ်တွင်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ပင့်ထားရာ အနည်းငယ် တရားဝင်ပြီး လေးနက်သောအသွင်ကို ဆောင်နေလေသည်။
လင်းယွဲ့က ဘုရားစင်ရှေ့တွင် ရပ်နေ၏။ သူမကရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်ကိုဖဲကြိုးဖြင့် စည်းနှောင်ထားရာ ဂရုတစိုက်ပြင်ဆင်ထားသော ဤအသွင်အပြင်က သူမကိုထူးခြားပြီး နတ်မိမယ်တစ်ပါးကဲ့သို့သော အငွေ့အသက်ကို ပေးစွမ်းနေလေသည်။ အောက်ဘက်ရှိ စစ်သားများကို ငုံ့ကြည့်လိုက်ရာ လွန်ခဲ့သောရက်အနည်းငယ်က သူတို့လေ့ကျင့်မှုများမှာ ရလဒ်အချို့ရရှိခဲ့ကြောင်း သူမခံစားမိလေ၏။
တန်းစီထားမှုများမှာ သပ်ရပ်ပြီး စည်းကမ်းတကျရှိလေသည်။ သို့သော် သူတို့မှာ အနည်းငယ်အားနည်းနေပုံရပြီး ယိမ်းယိုင်စွာရပ်နေကြလေသည်။ လင်းယွဲ့က သူတို့ကိုပြတ်သားသော အကြည့်ဖြင့်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
"ဒီနေ့ ကျွန်မဆီမှာ ရုတ်တရက်ခံစားချက်တစ်ခုရလာတယ်၊ ကောင်းကင်နဲ့ မြေကြီးက နတ်ဒေဝါတွေကို ပူဇော်ပသဖို့ ကျွန်မ ရှင်တို့အားလုံးကိုဦးဆောင်မယ်"
သူမအသံမှာ လေးနက်တည်ကြည်ပြီး ခန့်ညားသော အငွေ့အသက်ပါဝင်နေသဖြင့် လူတိုင်းကို ချက်ချင်းလွှမ်းမိုးသွားလေသည်။ လူအုပ်ကြီးကို သူမအကြည့်ဖြင့် လွှမ်းခြုံကြည့်လိုက်သောအခါ လေးလံသောဖိအားတစ်ခု ကျဆင်းလာပြီး အမှုမဲ့အမှတ်မဲ့အဖြစ်ဆုံးသူများပင် ချက်ချင်းမတ်မတ်ရပ်လိုက်ကြလေသည်။ လူတိုင်း၏သဘောထားမှာ ရိုသေကိုင်းရှိုင်းလာသည်ကို မြင်သောအခါ လင်းယွဲ့ လှည့်၍ပူဇော်ပသရာ စားပွဲကို သုံးကြိမ်ဦးညွှတ်လိုက်၏။ ထို့နောက် သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တာ့ယုံမင်းဆက်က သဘာဝဘေးအန္တရာယ်တွေနဲ့ လူလုပ်ဘေးအန္တရာယ်တွေရဲ့ဒဏ်ကို ခံစားနေရတယ်၊ ဧကရာဇ်က သစ္စာဖောက်အမတ်တွေကို မျက်နှာသာပေးပြီး အရာရှိတွေက ကိုယ်ကျိုးအတွက် ဂိုဏ်းဂဏတွေဖွဲ့ကာ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်နေကြတယ်၊ အဲဒီအချိန်မှာ ငါတို့သာမန်ပြည်သူတွေက ကြီးမားတဲ့အခွန်ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ရပြီး အသက်ရှင်သန်ဖို့ရုန်းကန်နေရတယ်၊ အခုတော့ အစိုးရကို မကျေနပ်တဲ့အတွက် ငါတို့အသက်ရှင်သန်ဖို့ တရားမျှတမှုအတွက်နဲ့ ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်အတွက် ပုန်ကန်ထကြွခဲ့ကြပြီ”
"ချမ်းသာသူနဲ့ ဆင်းရဲသူကြားက မညီမျှမှုကို ငါတို့ရွံမုန်းပြီး လောကကြီးက လူတိုင်းအပေါ် တန်းတူညီမျှဆက်ဆံဖို့ ငါတို့ မျှော်လင့်တယ်၊ ကောင်းကင်နဲ့ မြေကြီး ပြီးတော့ ငါတို့ရဲ့ဘိုးဘေးတွေအားလုံးက ငါတို့ကိုကြီးကျယ်တဲ့အရာတွေ ပြီးမြောက်နိုင်အောင် ကောင်းချီးပေးပါစေ၊ ပြည်သူပြည်သားတွေကိုလည်း ပျော်ရွှင်မှုနဲ့ ကျန်းမာချမ်းသာမှုတွေနဲ့ ကောင်းချီးပေးပါစေ"
သူမစကားပြောပြီးသောအခါ လင်းယွဲ့ဘေးရှိလူက ဝက်ပေါင်တစ်ချောင်းလုံးကို ပူဇော်ပသရာစားပွဲပေါ်သို့တင်ပေးလိုက်လေသည်။
"နတ်ဘုရားတွေက ငါတို့ကိုအံ့ဖွယ်တရာတစ်ခု ပေးသနားတော်မူပါစေ"
သူမ စကားပြောအဆုံး ထိုအချိန်တွင်ပင် ဝက်ပေါင်များ၊ တောကြက်များ၊ ဝမ်တန်များ၊ ဖက်ထုပ်များနှင့် အသားပေါက်စီများ ကောင်းကင်မှရုတ်တရက် ကျဆင်းလာလေသည်။ ကောင်းကင်မှ ချိုမြိန်သောနတ်သုဒ္ဓါများ ကျဆင်းလာသကဲ့သို့ ဒလဟောကျဆင်းလာလေ၏။
"အသားတွေ ဝက်သားတွေ"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကောင်းကင်ကနေ အသားတွေကျလာတယ်"
"ကောင်းကင်ဘုံက ငါတို့ဘက်မှာရှိတယ်"
"ငါတို့က ကောင်းကင်ဘုံရဲ့ကိုယ်စား လုပ်ဆောင်နေတာ၊ ကောင်းကင်ဘုံက သေချာပေါက် ငါတို့ကိုကူညီမှာပဲ"
"အံသြစရာပဲ၊ အံသြစရာတစ်ခုဖြစ်လာပြီ"
အစားအစာများက စစ်သားများ၏ခေါင်းများကို ရှောင်ကွင်းကာ ကွက်လပ်များထဲသို့ ကျဆင်းသွားလေသည်။ စစ်သားအားလုံး ဒူးထောက်ချလိုက်ကြပြီး ရိုးသားကြည်လင်စွာဖြင့် ဦးချပူဇော်လိုက်ကြလေ၏။
"ဒီဝက်သားပေါ်မှာ စာလုံးတွေထွင်းထားတယ်"
အံ့ဩတကြီး အော်ဟစ်သံတစ်သံထွက်ပေါ်လာပြီး လူတိုင်းက အနီးအနားရှိ အစားအစာများကို အလုအယက် ကြည့်ရှုကြလေသည်။
"တာ့ယုံမင်းဆက်ကျဆုံးပြီး မင်းဆက်သစ်တစ်ခု ပေါ်ထွန်းလာမယ်"
လူတိုင်းက ၎င်းကိုအသံထွက်ဖတ်လိုက်ကြရာ သူတို့ရင်ထဲတွင် သံသယများမရှိတော့ဘဲ လေးစားကြည်ညိုမှုများဖြင့်သာ ပြည့်နှက်သွားလေသည်။ ဤမင်းဆက်သစ်ဆိုသည်မှာ သူတို့ တည်ထောင်တော့မည့် မင်းဆက်သစ်ကို ရည်ညွှန်းကြောင်း သူတို့လုံးဝ သံသယမရှိတော့ပေ။ လူတိုင်းက ကံကြမ္မာ၏ရွေးချယ်ခံရသူများအဖြစ် ရုတ်တရက် ခံစားလိုက်ကြရလေသည်။ သူတို့က မြေကြီးပေါ်တွင် ဒူးထောက်ကာ အချိန်အတော်ကြာ မှင်သက်နေကြလေသည်။ လင်းယွဲ့ ဒူးထောက်ကာ ပြောလိုက်၏။
"နတ်ဘုရားတွေက သူတို့စွမ်းအားကို ပြသလိုက်ပြီ၊ နတ်ဘုရားများ ငါတို့ကို ကောင်းချီးပေးပါစေ"
"နတ်ဘုရားများ ကောင်းချီးပေးပါစေ"
"နတ်ဘုရားများ ကောင်းချီးပေးပါစေ"
"နတ်ဘုရားများ ကောင်းချီးပေးပါစေ"
စစ်သားများမှာ အလွန်အမင်းစိတ်လှုပ်ရှားနေကြပြီး အဆက်မပြတ် အော်ဟစ်နေကြလေသည်။ အခြေအနေများ တဖြည်းဖြည်းငြိမ်ကျသွားရန် ၄၅မိနစ်ခန့် ကြာမြင့်ခဲ့လေသည်။ ဤအစားအစာများကို စုဆောင်းကာ မီးဖိုချောင်သို့ ပို့ဆောင်လိုက်လေ၏။
ဟင်းသီးဟင်းရွက်များနှင့် အသားများကို ခုတ်ထစ်နေသော စစ်သားများ၏မျက်နှာများတွင် အစောပိုင်းက စိတ်ဓာတ်ကျဆင်းနေမှုများ အရိပ်အယောင်မျှပင်မရှိတော့ဘဲ ယခုအခါ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေလေသည်။
"ဝိုး ဒါအံသြစရာပဲ၊ ငါ့တစ်သက်မှာ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးဘူး၊ တကယ်ကို အံ့ဩစရာကောင်းတာပဲ"
"ငါတို့ကိုကြည့်စမ်း၊ ငါတို့က ကောင်းကင်ဘုံက သတ်မှတ်ပေးထားသူတွေပဲ၊ ဘုရားသခင်ကတောင် ငါတို့ရဲ့ဒုက္ခကိုသိပြီး အစားအစာတွေကို ချက်ချင်းပို့ပေးတာ"
"ကုလင်က အနာဂတ်ဧကရာဇ်ဖြစ်လာနိုင်တယ်၊ ဒါကြောင့် ငါတို့ကဒီအခွင့်အရေးကိုအသုံးချပြီး သူ့ကိုဖားထားသင့်တယ်"
"အဲဒါက အမြဲတမ်းမှန်ချင်မှ မှန်မှာပါ၊ ကောင်းကင်ဘုံက သူ့လမ်းညွှန်မှု အများဆုံးလိုက်နာတဲ့သူကိုပဲ အမြဲ မျက်နှာသာပေးမှာ"
"မင်းဆိုလိုတာက လင်းယွဲ့လား"
"အင်းလေ"
မီးဖိုများမှ အခိုးအငွေ့များထွက်ပေါ်နေပြီး အသားများ၊ ဥများနှင့် ဟင်းသီးဟင်းရွက်များ အပြည့်အစုံရှိနေလေသည်။ အခြေခံအစားအစာမရှိသော်လည်း မည်သူကမျှဂရုမစိုက်ကြပေ။ စစ်သားများကို အသားဆန်ပြုတ် ပန်းကန်များဖြင့် တည်ခင်းပေးပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များလည်း ပါဝင်လေသည်။
ထမင်းခူးသည့်အခါ ကြက်ဥများကို အကန့်အသတ်မရှိပေးထားသည်ကိုတော့ ဆိုဖွယ်ရာမရှိပေ။ စစ်သားများမှာ ကောင်းကင်ဘုံသို့ရောက်နေသည့်အလား မယုံနိုင်စွာဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေကြလေသည်။ လူတစ်ယောက်က အသားဆန်ပြုတ်တစ်ဇွန်းကို ခပ်ယူကာ တစ်လုတ်စားလိုက်ရာ သူတို့ပါးစပ်ထဲတွင် အသားအရသာများဖြင့် ပြည့်နှက်သွားလေသည်။
"ဒါ တကယ်ကြီးလား"
သူတို့မေးလိုက်ကြသည်။ အချို့လူများမှာ မျက်ရည်များပင်ကျလာကာ အော်ဟစ်လိုက်ကြ၏။
"အသားမစားရတာ တော်တော်ကြာပြီ၊ ဒီအသားက အရမ်းအရသာရှိတာပဲ"
"ဘာလို့ အသားဆန်ပြုတ်မစားရမှာလဲ၊ တစ်နေ့နေ့အသားဆန်ပြုတ် စားရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"
"ဟူး ဒီလိုမျိုး ဘယ်နှစ်ရက်လောက် ဆက်အသက်ရှင်နိုင်မလဲ မသိတော့ပါဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ မသေခင် အသားတွေကို ဗိုက်တင်းအောင်စားသွားရလို့ ငါ့ဘဝကအလကားမဖြစ်တော့ဘူး"
လင်းယွဲ့နှင့် ကုလင်တို့ ထိုဧရိယာကို လှည့်လည်ကြည့်ရှုနေစဉ် စစ်သားများ၏မျက်နှာများမှာ တဖြည်းဖြည်း ပြန်လည်ညှိုးနွမ်းလာသည်ကို သတိပြုမိလိုက်လေသည်။ နောက်ပိုင်းတွင် အစားအစာ အလုံအလောက်မရှိတော့မည်ကို သူတို့ကြောက်ရွံ့နေကြကြောင်း လင်းယွဲ့ သိလေသည်။ သူမ မတ်တတ်ရပ်လိုက်ပြီးနောက် စစ်သားများက သူတို့အသားဆန်ပြုတ်များကို ချကာ သူမကိုစိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။ လင်းယွဲ့က သူတို့ကို စိတ်အေးစေရန်ပြုံးပြကာ ပြောလိုက်၏။
"ဒီအသားဆန်ပြုတ်က စားနိုင်သလောက်စားလို့ရပါတယ်၊ ဒါကြောင့် ကြိုက်သလောက် စားကြပါ၊ ပြီးတော့ မြို့ကိုဓားပြတွေ ဘယ်လောက်ကြာကြာ ဝိုင်းထားဝိုင်းထား ဒီရက်ပိုင်းအတွင်းမှာ ရှင်တို့စားဖို့လုံလုံလောက်လောက် ရှိစေရမယ်ဆိုတာကို ကျွန်မခံစားမိနေတယ်"
လင်းယွဲ့စကားများမှာ တော်ဝင်အမိန့်တစ်ခုကဲ့သို့ လေးနက်ပြီး သာမန်ထက် ထူးကဲသော ယုံကြည်စိတ်ချရမှု အတိုင်းအတာတစ်ခု ပါဝင်နေလေသည်။ စစ်သားများအချင်းချင်း ကြည့်လိုက်ကြပြီး သူတို့အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း သဘောပေါက်သွားကာ ပို၍ပင်စိတ်လှုပ်ရှားသွားကြလေသည်။
"ကျွန်တော့်အသက်ကို ပေးရမယ်ဆိုရင်တောင် သခင်မအတွက် ခွေးတစ်ကောင် မြင်းတစ်ကောင်လိုအစေခံပါ့မယ်"
ဤစကားက လူတိုင်းနှလုံးသားကို လှုပ်ခတ်သွားစေပြီး သူတို့အားလုံးက ၎င်းကိုအသံထွက်ပြောလိုက်ကြလေသည်။
"ကျွန်တော့်အသက်ကို ပေးရမယ်ဆိုရင်တောင် သခင်မအတွက် ခွေးတစ်ကောင် မြင်းတစ်ကောင်လို အစေခံပါ့မယ်"
အသံချဲ့စက်ဖြင့်ဖွင့်ထားသကဲ့သို့ ထိုအသံမှာ အချိန်အတော်ကြာဆက်ထွက်ပေါ်နေလေသည်။ လင်းယွဲ့က သူမလက်ကို ဆန့်ထုတ်ကာ အောက်သို့ဖိချသောအမူအရာများ အကြိမ်အနည်းငယ်ပြုလုပ်လိုက်ရာ လူအုပ်ကြီး၏အသံများ ချက်ချင်းတိတ်ဆိတ်သွားလေသည်။ လင်းယွဲ့ပြောလိုက်၏။
"ကျွန်မအတွက် မလုပ်ကြပါနဲ့၊ ပိုမိုကောင်းမွန်တဲ့ တိုင်းပြည်တစ်ခု တည်ဆောက်ဖို့အတွက် လုပ်ကြပါ၊ ကျွန်မတို့တည်ထောင်မယ့် မင်းဆက်သစ်မှာ လူတိုင်းစားစရာ အစားအစာနဲ့ ဝတ်စရာ ဂွမ်းအင်္ကျီတွေရှိရမယ်၊ ဘယ်သူမှ ငတ်မွတ်ခေါင်းပါးမှုနဲ့ အအေးဒဏ်ကို မခံစားရစေရဘူး၊ အခွန်အခတွေကို သင့်တင့်မျှတစွာ ကောက်ခံမယ်၊ ပြီးတော့ ဩဇာကြီးမားတဲ့မြေပိုင်ရှင်တွေက ပြည်သူတွေကို ဖိနှိပ်ခွင့်မရှိစေရဘူး၊ လိုက်နာစရာဥပဒေတွေရှိပြီး ဥပဒေတွေကို အတိအကျလိုက်နာရမယ့် တိုင်းပြည်တစ်ခု ဖြစ်လာလိမ့်မယ်"
လင်းယွဲ့အသံ ထွက်ပေါ်လာသည်နှင့်အမျှ သူမရေးဆွဲပြလိုက်သောပုံရိပ်မှာ လူတိုင်းစိတ်ကူးထဲတွင် ပေါ်လာသကဲ့သို့ဖြစ်သွားလေသည်။ ၎င်းမှာ လူတိုင်းငြိမ်းချမ်းတည်ငြိမ်စွာ နေထိုင်နိုင်မည့် မင်းဆက်သစ်တစ်ခုဖြစ်ပေမည်။ လူအုပ်ကြီး၏စိတ်လှုပ်ရှားမှုမှာ ပိုမို ပြင်းထန်လာလေသည်။
မူလက သူတို့သည် စစ်သားခေါင်းဆောင်၏ဖိနှိပ်မှုကို ဆက်လက် မသည်းခံနိုင်တော့ဘဲ သူတို့အသက်ကို ကယ်တင်လိုသောကြောင့်သာ သူ့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကိစ္စရပ်များမှာ နောက်ကြောင်းပြန်လှည့်၍မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ သူတို့မှာ များသောအားဖြင့် ကြောက်ရွံ့မှုနှင့် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့ကြလေ၏။
သို့သော် လင်းယွဲ့၏စကားများက ရုတ်တရက် သူတို့ကိုရည်မှန်းချက်တစ်ခု ပေးလိုက်လေသည်။ သူတို့၏စံပြဘဝအတွက် မင်းဆက်သစ်တစ်ခု တည်ဆောက်ရန်ပင် ဖြစ်သည်။ ထို့ပြင် လင်းယွဲ့က သူမစကားအတိုင်း ကတိတည်ခဲ့၏။ နောက်ရက်အနည်းငယ်အတွင်းတွင် သူမက အစားအစာအမျိုးမျိုးကို ကျွေးမွေးခဲ့ပြီး အများစုမှာ အသားများဖြစ်လေသည်။
မူလက ပိန်ချုံးနေသော စစ်သားများမှာ လဝက်ခန့်ကျွေးမွေးပြုစုခံရပြီး နေ့စဉ် လေ့ကျင့်ရေးဆင်းပြီးနောက် ပိုမို သန်စွမ်းလာကြလေ၏။ ဓားပြများမှာ ဆွံ့အသွားကြပြီး သူတို့၏ဒုတိယခေါင်းဆောင်မှာ ပို၍ပင်မယုံနိုင်အောင် ဖြစ်သွားလေသည်။
"ငါတို့က မြို့တံခါးတွေကို ဝိုင်းထားတာ မဟုတ်ဘူးလား၊ အစားအစာတောင်မရှိတဲ့ စစ်သားတစ်ထောင်နီးပါးလေ၊ မြို့ကို ဒီလောက်ကြာကြာဝိုင်းထားပြီးမှ သူတို့ငတ်နေသင့်တာ မဟုတ်ဘူးလား၊ သူတို့က ဘယ်လိုလုပ် ပိုသန်စွမ်းနေပုံ ပေါက်နေရတာလဲ"
သူ့စစ်ဗျူဟာမှူးက ပြောလိုက်သည်။
"သူတို့ ခရိုင်ထဲကပြည်သူတွေဆီက အစားအစာတွေ ခိုးယူနေတာများလား"
"ငါ ဘာအော်သံမှမကြားရပါဘူး၊ ပြီးတော့ သူတို့လုယက်တယ်ဆိုရင်တောင် အရပ်သားတွေ ဒီလောက်အများကြီးနဲ့ စပါးကျီကိုယူပြီးတဲ့နောက် လူတစ်ယောက်ကို အစားအစာဘယ်လောက်ရမှာလဲ၊ ဒီလောက်ရက်ပေါင်းများစွာ စားပြီးတဲ့နောက်မှာ အဲဒီစစ်သားတွေက အစားအစာ ဘယ်လောက်တောင်ယူနိုင်မှာလဲ"
ဒုတိယခေါင်းဆောင်က မေးစေ့ကိုပွတ်ရင်း ပြောလိုက်သည်။
"ဒါက ပုံမှန်မဟုတ်ဘူး၊ ဒါက ပုံမှန်မဟုတ်ဘူး"
စစ်ဗျူဟာမှူးက ပြောလိုက်သည်။
"လွန်ခဲ့တဲ့လဝက်လောက်က ခရိုင်ထဲက လူတစ်ယောက် ကောင်းကင်ကနေ အစားအစာတွေကျလာတယ်လို့ စာရေးထားတယ်၊ တကယ်ဖြစ်နိုင်မလား"
"ဒီလောက်အသက်အရွယ်ရတဲ့အထိ ငါ နေလာခဲ့ပြီးပြီ၊ ဘယ်ဗေဒင်ဆရာကို ငါ ယုံနိုင်မှာလဲ၊ သူတို့ကိုယ့်အသက်ကိုတောင် မကယ်နိုင်တာ ငါကသူတို့ကို ယုံမယ်လို့ ဘယ်လိုလုပ်မျှော်လင့်နိုင်မှာလဲ၊ ကောင်းကင်ကနေ အစားအစာတွေကျလာတယ် ဟုတ်လား၊ ဒီမှာကျတော့ ဘာလို့ တစ်ခုမှကျမလာတာလဲ"
ဒုတိယခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ရာ သူ့စိတ်ထဲတွင် အတွေးအမျိုးမျိုးလည်ပတ်နေလေသည်။
"စစ်သားတွေဆီမှာ အစားအစာရှိကောင်းရှိနိုင်ပေမဲ့ ပြည်သူတွေဆီမှာတော့ ရှိချင်မှရှိမှာ၊ အထဲကလူတွေကို ပြဿနာရှာဖို့နဲ့ ပြည်သူတွေကိုစုစည်းဖို့ ကြိုးစားခိုင်းလိုက်၊ တစ်ကယ်လို့ ပြည်သူတွေနဲ့ စစ်သားတွေပဋိပက္ခဖြစ်ပြီး မြို့ရိုးပေါ်က စစ်သားတွေကိုသတ်ပစ်မယ်ဆိုရင် ငါတို့အတွင်းနဲ့ အပြင်ပေါင်းပြီးတိုက်ခိုက်လို့ရပြီ"