အခန်း ၁၆၄
Vol. 17 Ch. 164
Ch-164
စစ်သားများက ပြည်သူများကို လုယက်ခြင်းမပြုဘဲ စစ်ဆေးရေးအရာရှိများနှင့် အစောင့်များအဖြစ် သူတို့မူလတာဝန်များကိုယူကာ ခရိုင်မြို့တော်ကို စတင်ကာကွယ်ပေးကြလေသည်။ ယခင်က အိမ်ထဲတွင်သာပုန်းနေခဲ့ကြပြီး စားနပ်ရိက္ခာများပြတ်လပ်လာသောပြည်သူများမှာ နောက်ဆုံးတွင် အပြင်မထွက်ဘဲမနေနိုင်တော့ပေ။ အစပိုင်းတွင် လူအနည်းငယ်စုဝေးကာ အစားအစာများကို ဖလှယ်ကြလေသည်။
သူတို့လုံခြုံသည်ဟု ခံစားရသည်နှင့် တစ်ပြိုင်နက် တစ်အိမ်ပြီးတစ်အိမ် ထွက်လာကြလေတော့သည်။ မကြာမီမှာပင် အရာအားလုံးပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်ကိုမြင်သောအခါ ပြည်သူအများစုမှာ သူတို့ဘဝများကို ယခင်ကအတိုင်း တဖြည်းဖြည်း ပြန်လည်စတင်လာကြလေ၏။ သို့သော် ကွာခြားချက်တစ်ခုရှိနေသည်မှာ မြို့တံခါးများကိုပိတ်ထားပြီး မည်သည့်ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်များကိုမျှ အတွင်းသို့ သယ်ယူခွင့်မပြုခြင်းပင်ဖြစ်သည်။
ခရိုင်အတွင်းရှိ မြေနေရာမှာအလွန်တန်ဖိုးကြီးမားပြီး နေရာအားလုံးနီးပါးမှာ လူနေအိမ်များဖြစ်ကာ စိုက်ပျိုးရန် လယ်ယာမြေမရှိပေ။ မိသားစု အနည်းငယ်ခန့်ကသာ သူတို့ခြံဝင်းများထဲတွင် ဟင်းသီးဟင်းရွက်အနည်းငယ် စိုက်ပျိုးကြပေမည်။ သို့သော် ယခုက ဆောင်းရာသီဖြစ်သဖြင့် အထွက်နှုန်းမှာ နည်းပါးလှပေသည်။
ယခင်က ကောက်ပဲသီးနှံဈေးနှုန်းများ တက်လာချိန်တွင် ခရိုင်သားအများစုမှာ မချမ်းသာကြသဖြင့် စပါးအများအပြား သိုလှောင်မထားနိုင်ခဲ့သည်ကိုတော့ ဆိုဖွယ်ရာမရှိတော့ပေ။ တောင်သူလယ်သမားပုန်ကန်မှုနှင့် ဓားပြတိုက်မှုများအတွင်း သူတို့က ကြောက်ရွံ့သဖြင့် အိမ်ထဲတွင် ပုန်းအောင်းနေခဲ့ကြပြီး စကားပင်မပြောရဲခဲ့ကြပေ။
သို့သော် ခရိုင်မြို့တော်ကိုသိမ်းပိုက်ထားသော စစ်သားများက မည်သူ့ကိုမျှ အန္တရာယ်ပြုရန် ရည်ရွယ်ချက်မရှိကြောင်း သူတို့တဖြည်းဖြည်း သဘောပေါက်လာသောအခါ ဆာလောင်မွတ်သိပ်မှုက သူတို့ရင်ထဲသို့ ဝင်ရောက်လာပြီး သူတို့စိတ်ကိုကြီးစိုးသွားကာ ကြောက်ရွံ့မှုထက်ပင် ပိုမို ပြင်းထန်လာလေသည်။
"ဒီမြို့တံခါးက ဘယ်လောက်ကြာကြာ ပိတ်ထားဦးမှာလဲ၊ သူတို့က ငါတို့ကိုမသတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့က ငတ်သေကြတော့မှာမို့လို့လေ"
"အဲဒီနေ့က ကောင်းကင်ကနေ အစားအသောက်တွေ ကျလာတယ်လို့ ငါကြားတယ်၊ အခု စစ်သားတွေက နေ့တိုင်း အသားတွေစားနေရတာတဲ့၊ ဒီပုန်ကန်တဲ့သူတွေက တကယ်ပဲ ကြီးကျယ်ခမ်းနားဖို့ကံပါလာတာများ ဖြစ်မလား"
"အဲဒါ အတုကြီးမဟုတ်ဘူးလား"
"ဘယ်သူက အတုလို့ပြောတာလဲ၊ ငါ တံခါးကို တိတ်တဆိတ်ဖွင့်ပြီးအပြင်ကို ခိုးကြည့်လိုက်တာ ငါ မြင်ခဲ့တယ်၊ အဲဒီအမျိုးသမီးပူဇော်ပသတဲ့ ဆုတောင်းစာ ရွတ်ဆိုအပြီးမှာပဲ တကယ်ကြီးဖြစ်သွားတာ၊ အသားတွေနဲ့ ဟင်းသီးဟင်းရွက် မျိုးစုံကောင်းကင်ကနေ တကယ်ကြီး ကျလာတာ"
"ဘုရားရေ အဲဒါတကယ်အံသြစရာပဲ"
"အဲဒါက ငါတို့နဲ့ဘာဆိုင်လို့လဲ၊ ငါတို့စားစရာ ဘာမှမရှိတော့ဘူးသေတော့မယ်"
အမျိုးသမီးတစ်ဦးက အော်ဟစ်ငိုကြွေးလေသည်။
"ငါ နို့ထွက်အောင်ညှစ်လို့ မရတော့ဘူး၊ ဘယ်လိုလုပ်ရမလဲ၊ ငါ့ကလေးကို နို့တိုက်ပေးနိုင်မယ့်လူရှိလား မဟုတ်ရင် ငါ့သားလေးသေသွားလိမ့်မယ်"
တစ်ရက် နှစ်ရက် သုံးရက်ကုန်လွန်သွားသောအခါ အံ့သြစရာကို လေးစားမှုကြောင့် အစပိုင်းတွင် စစ်သားများဘက်မှ ရပ်တည်ပြောဆိုခဲ့သူများပင် တဖြည်းဖြည်း မကျေမနပ်ဖြစ်လာကြလေသည်။ လှုံ့ဆော်သူက ယုံကြည်ချက်ရှိနေပြီး အခြေအနေကို နောက်ထပ် အကြိမ်အနည်းငယ်မျှ မွှေနှောက်ပြီးပါက သူ့လူများကို ဦးဆောင်ကာ မြို့တံခါးကိုအတင်းဝင်ရောက်ဖွင့်လှစ်ရန်သာ စောင့်ဆိုင်းနေလေသည်။ သို့သော် ထိုလူများ၏ဂနာမငြိမ်ဖြစ်မှုများကို ကုလင်စီစဉ်ထားသော ကင်းလှည့်စစ်သားများကလည်း သတိပြုမိသွားပြီး ကုလင်ထံသို့ သတင်းပို့ကြလေသည်။
သူတို့သည်လည်း လယ်သမားများဖြစ်ပြီး ဖိနှိပ်ခံရသောနောက်ခံမှလာကာ အလားတူ ဆင်းရဲဒုက္ခများကိုကြုံတွေ့ခဲ့ရသူများ ဖြစ်လေသည်။ လင်းယွဲ့က သူမစားပွဲတွင် ထောက်ပံ့ပို့ဆောင်ရေးနှင့် အိမ်ထောင်စုစာရင်းမှတ်တမ်းများကို လုပ်ဆောင်နေစဉ် ၎င်းကိုကြားသွားလေသည်။ ကုလင်၏ကူကယ်ရာမဲ့နေသောအမူအရာကို မြင်သောအခါ လင်းယွဲ့ပြောလိုက်၏။
"အခြေအနေကို သွားစစ်ဆေးကြည့်ရအောင် ကျွန်မဆီမှာနေ့စဉ် ရိက္ခာအဖြစ် သိမ်းထားတဲ့အစားအစာတွေ နည်းနည်းကျန်သေးတယ်၊ အဲဒါတွေကို ကယ်ဆယ်ရေးအတွက် သုံးလို့ရကောင်းပါရဲ့"
ကုလင်က လင်းယွဲ့လက်ကိုကိုင်လိုက်ရင်း သူရင်ထဲတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားကာပြောလိုက်သည်။
"မင်းရဲ့ ကျေးဇူးတွေကြောင့်ပါ"
အမှန်က သူ ပထမဆုံးကူးပြောင်းလာခဲ့စဉ်တွင် သိပ်အများကြီး မတွေးခဲ့ပေ။ အဖြစ်အပျက်များက သူ့ကိုတစ်လှမ်းချင်းစီ ရှေ့သို့တွန်းပို့ခဲ့ခြင်းသာဖြစ်၏။ ထို့ပြင် သူက လှုပ်ရှားမှုမရှိဘဲ ခံစစ်အနေအထားနဲ့နေရတာကို မနှစ်သက်ဘဲ အရာရာကို ထိန်းချုပ်ထားချင်သူဖြစ်လေသည်။
ဤလောကတွင် အစေခံများ၊ ဆင်းရဲသားများ၊ နိမ့်ကျသောနောက်ခံမှလာသူများ၊ တော်ဝင်မျိုးနွယ်များ၊ နန်းတွင်းအရာရှိများနှင့် စစ်သူကြီးများ အားလုံးမှာ နောက်ဆုံးတွင် ခံစစ်အနေအထားဖြင့်သာ ရှိနေကြရသည်။ အခြားသူများအားလုံးထက် မြင့်မားသောနေရာတွင်ရှိနေသည့် ဧကရာဇ်ပင်လျှင် ထိန်းချုပ်မှုများအောက်တွင်ရှိနေပြီး သိပ်ကောင်းမွန်သောဘဝမျိုးဖြင့် နေထိုင်ရချင်မှ နေရမည်ဖြစ်၏။
သို့သော် ထိုအရာက ကောင်းသည် ဆိုးသည်ဆိုတာ ဆုံးဖြတ်နိုင်ရန် ထိုနေရာကို အရင်ရောက်အောင်သွားရမည်ဖြစ်သည်။ လင်းယွဲ့သာမရှိခဲ့လျှင် သူ ဤမျှ လွယ်ကူခဲ့မည်မဟုတ်ပေ။ ဆာလောင်မွတ်သိပ်နေသော ခရိုင်သားအများစုမှာ ဆင်းရဲသားများစုဝေးရာ မြို့တောင်ဘက်တွင် စုရုံးနေကြလေသည်။
ယိုယွင်းပျက်စီးနေသော သက်ကယ်မိုး တဲအိမ်လေးများက ယိုင်နဲ့နဲ့ဖြစ်ကာ ပြိုကျမတတ်ရှိနေလေသည်။ နှင်းများ အဆက်မပြတ် ကျဆင်းမှုကြောင့် အိမ်များစွာ ပြိုကျခဲ့ရလေသည်။ လူအများအပြားမှာ အတူတကွစုဝေးကာ ကျုံ့ကျုံ့လေး နေနေကြပြီး လင်းယွဲ့နှင့် ကုလင်တို့ ချဉ်းကပ်လာသောအခါ သတိထားနေသော မျက်လုံးများဖြင့် ကြည့်ကြလေသည်။
ကလေးငယ်များမှာ ငိုကြွေးနေကြပြီး လူကြီးများမှာ ပိန်ချုံးနေကာ လေထုမှာ သေမတတ်တိတ်ဆိတ်နေလေသည်။ လူအနည်းငယ်ကသာ အခြေအနေကို အနည်းငယ်သက်ဝင်လှုပ်ရှားလာစေရန် လှုံ့ဆော်ပေးနေလေသည်။
"ဒီစစ်သားတွေက သူတို့ရဲ့ ခေါင်းဆောင်ကိုသတ်ပစ်လိုက်လို့ မြို့ပြင်ကလူတွေ အရမ်းဒေါသထွက်နေကြတာ၊ သူတို့ကစစ်သားတွေကို သတ်ချင်တာ ငါတို့ကိုမဟုတ်ဘူး၊ ငါ့အမြင်ကို ပြောရရင် ငါတို့မြို့ပြင်ကိုထွက်ပြီး အသက်ရှင်ဖို့ နည်းလမ်းရှာတာပိုကောင်းမယ်"
"ဟုတ်တယ်၊ ငါတို့က ဘာမှအမှားမလုပ်ခဲ့ဘဲနဲ့ ဘာလို့အပြစ်ပေးခံရမှာလဲ"
ကုလင်က ဝမ်တာ့ကျန်းကိုကြည့်လိုက်ပြီး စူးရှသောသူ့အကြည့်က လူအုပ်ထဲမှ ရှေ့သို့ထွက်လာသော လူအနည်းငယ်ပေါ်သို့ ဖြတ်သန်းသွားလေသည်။
"ဘာဖြစ်လို့လဲ တပ်မှူးကြီး၊ မျက်လုံးထဲ သဲဝင်သွားလို့လား"
ဝမ်တာ့ကျန်း စိုးရိမ်တကြီးကြည့်လိုက်သည်။
"ဒီမှာ လေနဲ့ ဖုန်တွေအရမ်းများတယ် တပ်မှူးကြီး သတိထားဖို့ လိုတယ်နော်"
ကုလင် ခဏမျှတိတ်ဆိတ်နေသော်လည်း အကဲခတ်ပိုကောင်းသော အခြားစစ်သားတစ်ဦးက ပြဿနာရှာသူများကိုဖမ်းဆီးရန် အခြားသူများကို အမိန့်ပေးလိုက်လေသည်။
"ခင်ဗျားတို့ ဘာလုပ်နေတာလဲ၊ ဘာလို့ ကျွန်တော့်ကို ဖမ်းတာလဲ"
"ဒီမှာ အမှန်တရားကိုပြောတဲ့သူတွေအတွက် နေရာမရှိဘူးလား"
"ခင်ဗျားတို့က တာ့ယုံမင်းဆက်ထက်တောင် ပိုရက်စက်သေးတယ်"
ဤလူများ၏အော်ဟစ်သံများက ဗြောက်အိုးတစ်တွဲကို ဖောက်လိုက်သကဲ့သို့ဖြစ်သွားပြီး လူအုပ်ကြီးထံမှ သေမတတ် တိတ်ဆိတ်နေသောလေထုကို ပြန့်ကျဲသွားစေကာ မကျေနပ်မှုများဖြင့် ပြည့်နှက်သွားစေလေသည်။ လူအများအပြား၏မျက်လုံးများမှာ သွေးများလွှမ်းနေပြီး ကုလင်ထံမှအသားတစ်စကို ဆွဲဆုတ်ချင်သည့်အလား သူ့ကို စူးစိုက်ကြည့်နေကြလေ၏။ သို့သော် သန်စွမ်းသောစစ်သားများကြောင့် သူတို့အနည်းငယ်တုံ့ဆိုင်းနေကြလေသည်။
‘ဒီလူတွေက ပေါက်ကွဲထွက်ဖို့ အခွင့်ကောင်းကို စောင့်နေကြတာပဲ’
ထို့နောက် စစ်သားအဖွဲ့များက နှစ်ယောက်တစ်တွဲဖြင့် သစ်သားစည်ပိုင်းကြီးများကို သယ်ဆောင်လာကာ ကွက်လပ်ပေါ်တွင် ချထားလိုက်ကြလေသည်။ စည်ပိုင်းများမှ အခိုးအငွေ့များ ထွက်ပေါ်နေပြီး အသားရနံ့က လူတိုင်း၏နှာခေါင်းထဲသို့ ဝင်ရောက်လာလေသည်။ ပေါက်ကွဲထွက်တော့မည့် တင်းမာနေသော အခြေအနေမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။ လူတိုင်းက အသားဆန်ပြုတ်စည်ပိုင်းများကို သွားရည်ကျမတတ်စိုက်ကြည့်နေကြပြီး ဖမ်းဆီးခံလိုက်ရသောလူအနည်းငယ်ကို လုံးဝဂရုမစိုက်ကြတော့ပေ။
‘ဖြစ်နိုင်တာက အဲဒီလူတွေက ရာဇဝတ်မှုကျူးလွန်ထားလို့ပဲ ဖြစ်မယ်’
လူတိုင်းက သူတို့ဘာသာတွေးလိုက်ကြလေသည်။ ခေါင်းဆောင်စစ်သားက အော်ပြောလိုက်၏။
"ဒါက တပ်မှူးကြီးနဲ့ သူ့ဇနီးဆီက ကယ်ဆယ်ရေးရိက္ခာတွေပါ၊ မြို့တံခါးတွေပိတ်ထားလို့ လူအများစု အစားအစာမရှိဘူးဆိုတာကို သူတို့သိတဲ့အတွက် ဆန်ပြုတ်ဝေပေးဖို့ ငါတို့ကို အထူးလွှတ်လိုက်တာ၊ အားလုံးပဲ ပန်းကန်တစ်ခုစီယူလာခဲ့၊ လူတိုင်းရစေရမယ်"
ဤစကားများက လူတိုင်းမျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာစေပြီး ပန်းကန်များယူရန် အိမ်သို့ အလျင်စလိုပြေးသွားကြလေသည်။ သူတို့အသားဆန်ပြုတ် အပြည့် တစ်ပန်းကန်စီရရှိသောအခါ ကြည်နူးဝမ်းနည်းဖွယ်ခံစားချက်တစ်ခု သူတို့ရင်ထဲတွင် ပေါ်လာလေ၏။ နောက်ဆုံးတွင် လင်းယွဲ့နှင့် ကုလင်တို့ကိုကြည့်ကာ သူတို့ရင်ထဲတွင် ကျေးဇူးတင်မှုများဖြင့်သာပြည့်နှက်နေလေတော့သည်။
ပြဿနာစတင်ခဲ့သူများကို စစ်ဆေးမေးမြန်းရန် အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားလေသည်။ မျက်စိလျင်သော စစ်သားကျောက်ထျန်းက ဤလူများကို စစ်ဆေးမေးမြန်းခဲ့ပြီး သူတို့နောက်ခံ ရည်ရွယ်ချက်များနှင့် အခြားသတင်းအချက်အလက်များကို နေ့တစ်ဝက်အတွင်းမှာပင် ဖော်ထုတ်နိုင်ခဲ့လေသည်။ ကုလင်က ၎င်းကိုအကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် စာကို လင်းယွဲ့ထံကမ်းပေးကာမေးလိုက်သည်။
"ကိုယ်တို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"
လင်းယွဲ့က ၎င်းတို့ကိုတစ်ချက်ကြည့်လိုက်ပြီး ဤလူများမှာ တကယ်ပင်မြို့ပြင်မှ ဓားပြများဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ ကုလင် အတင်းဝင်ရောက် တိုက်ခိုက်ချိန်တွင် သူတို့အိပ်ပျော်နေခဲ့သဖြင့် လွတ်မြောက်သွားခဲ့ခြင်းဖြစ်လေ၏။
နောက်ပိုင်းတွင် သူတို့ကမြို့ပြင်ရှိ ဒုတိယခေါင်းဆောင်နှင့် ဆက်သွယ်ကာ မြို့အတွင်းမှ သူလျှိုများအဖြစ် လုပ်ဆောင်ပြီး အပြင်ဘက်မှတိုက်ခိုက်မှုနှင့် ပေါင်းစပ်ရန် စီစဉ်ခဲ့ကြလေသည်။ သူတို့တွင် သတင်းစကားများ ပေးပို့ရန်နှင့် အဆက်မပြတ် အဆက်အသွယ်ပြုလုပ်ရန် အထူးခိုများ ရှိလေသည်။ အကယ်၍ သူတို့က မြို့ရိုးပေါ်တွင် အချက်ပေးမီးများ ထွန်းညှိလိုက်ပါက မြို့ပြင်ရှိဓားပြများက အလစ်အငိုက်တိုက်ခိုက်ကာ စစ်သားအားလုံးကိုသတ်ပြီး ခရိုင်မြို့တော်ကို သိမ်းပိုက်မည်ဖြစ်လေသည်။
"ဒါဆိုရင် ကျွန်မတို့ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်မယ်"
လင်းယွဲ့မျက်လုံးများတွင် အရောင်လက်သွားလေသည်။
"သူတို့ကို အိုးထဲကလိပ်တွေလို ဖမ်းမိအောင် ထောင်ချောက်ဆင်လိုက်မယ်"
ကုလင်ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ကိုယ်တို့က တကယ့်ကိုဇနီးမောင်နှံတွေပဲ၊ တွေးတာချင်းတောင် တူနေတယ်"
ကုလင်က သူတို့နေအိမ်ကို ရှာတွေ့ခဲ့ပြီး လိုအပ်သည့်အတိုင်း စကားလုံး အနည်းငယ်ကို သူတို့ကိုရေးခိုင်းကာ အပြင်ဘက်ရှိ ဓားပြများထံသို့ပေးပို့လိုက်လေသည်။ အမိန့်ကိုလက်ခံရရှိသောအခါ ဒုတိယခေါင်းဆောင်က အားရပါးရ ရယ်မောလိုက်ပြီးသုံးကြိမ်တိုင်တိုင် အော်ဟစ်လိုက်လေသည်။
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်၊ ညီအစ်ကိုတွေကို အဆင်သင့်ပြင်ထားဖို့နဲ့ ဒီနေ့ညအချိန်မရွေး တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်"
"ဟုတ်ကဲ့ပါ"
ထိုနေ့ညတွင် ကုလင်က လင်းယွဲ့နှင့် ကလေးသုံးယောက်ကို အခန်းထဲတွင်သာနေရန် ပြောလိုက်သည်။
"ဒီတိုက်ပွဲမှာ ကိုယ်တို့အနိုင်ရဖို့ အခွင့်အရေးအရမ်းများတယ်ဆိုပေမဲ့ အန္တရာယ်ကတော့ မသိနိုင်သေးဘူး၊ မင်းတို့ ဒီမှာနေတာကပိုလုံခြုံတယ်"
လင်းယွဲ့မှာ သိုင်းပညာကျွမ်းကျင်မှု မရှိပေ။ အကယ်၍ သူမအပြင်တွင်ရှိနေပါက ဝန်ထုပ်ဝန်ပိုးနှင့် အားနည်းချက်တစ်ခုသာဖြစ်ပေလိမ့်မည်။ ကုလင်မှာ သိုင်းပညာ အလွန်ကျွမ်းကျင်ကြောင်းနှင့် သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးသေဆုံးသွားလျှင်ပင် သူ အသက်ရှင်လွတ်မြောက်နိုင်ခြေအများဆုံးဖြစ်ကြောင်း သူမသိလေသည်။
သို့သော် သူမမှာ စိုးရိမ်နေဆဲဖြစ်ပြီး သူမရင်ခုန်သံများက ဒီရေကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ စိတ်မအေးနိုင်ဘဲ ဖြစ်နေလေသည်။ သူမမျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများကိုမြင်သောအခါ ကုလင်က သူမပါးပြင်ကို ညင်သာစွာ ထိတွေ့လိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ကိုယ်ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ့မယ်၊ အဲဒါတွေက အသေးအမွှားကောင်တွေပါ"
လင်းယွဲ့က သူ့အင်္ကျီလက်ကိုဆွဲကာ အောက်သို့ငုံ့ကြည့်စေရင်း ပြောလိုက်သည်။
"ကျွန်မ ရှင်အိမ်ပြန်လာတာကို စောင့်နေမယ်နော်"