အခန်း ၁၆၇
Vol. 17 Ch. 167
Ch-167
ကျီဝေ့လန်အနေဖြင့် သူကုန်ပစ္စည်းတစ်သုတ်လုံးကို ရောင်းချလိုက်ပြီးနောက် မြို့တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ဆော့စ်များအားလုံး အချိန်တိုအတွင်း ရောင်းထွက်သွားပြီး သူ ငွေအမြောက်အမြားရလိုက်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။ သူက စိတ်အားထက်သန်နေပြီး သံပူတုန်းရိုက်ချင်သဖြင့် နောက်ထပ်ဆော့စ်တစ်သုတ်ကို ယူဆောင်ကာ ရောင်းချရန်အလျင်စလို ပြန်လာခဲ့လေသည်။
သူက နာမည်တစ်လုံးရယူလိုစိတ်ဖြင့် ရည်မှန်းချက်ကြီးမားစွာ အိမ်သို့ ပြန်လာခဲ့လေသည်။ သို့သော်အိမ်အပြန်တွင် ခရိုင်မြို့၌ကြီးမားသော အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်နေသည်ကို သူ မြင်တွေ့လိုက်ရလေ၏။ ပုန်ကန်သူများက မြို့ထဲသို့အတင်းဝင်ရောက်သိမ်းပိုက်ကာ တံခါးများကို ပိတ်ဆို့ထားလိုက်သဖြင့် ပုန်ကန်သူများကြားတွင် အိမ်ထဲ၌သေမည့်နေ့ကို စောင့်ဆိုင်းနေရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူ့ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။ သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သော ပုန်ကန်မှုမျိုး၌ မည်သည့် ချမ်းသာသော ကုန်သည်မှဇာတ်သိမ်းမကောင်းခဲ့ကြပေ။ ကျီဝေ့လန်ကဲ့သို့ အတွေ့အကြုံရင့်ကျက်သူပင်လျှင် မျက်ရည်မကျဘဲ မနေနိုင်ခဲ့ပေ။
"ဒီလိုဖြစ်လာမယ်မှန်းသာကြိုသိခဲ့ရင် ဒီတစ်ကြိမ် မြို့တော်ကို စာသွားသင်ဖို့ ရှင်းအာကို ငါနဲ့အတူခေါ်သွားခဲ့သင့်တာ"
"သခင်ကြီး ကျွန်တော်တို့ဘာလုပ်ကြမလဲ"
"လှူလိုက်၊ အသက်ရှင်ဖို့မျှော်လင့်ချက်လေးနဲ့ ငါတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို လှူလိုက်၊ ပိုက်ဆံဆိုတာ ပြန်ရှာလို့ရတယ်၊ အသက်ကတော့ ပြန်ရှာလို့မရဘူး"
ကျီဝေ့လန်က ခရိုင်အစိုးရရုံးတော်သို့ ကိုယ်တိုင်သွားရောက်ကာ ဒူးထောက်၍ သူ့မိသားစုပိုင်ဆိုင်မှုအားလုံးကို လွှဲပြောင်းပေးအပ်ခဲ့လေသည်။ အရာရှိများက ၎င်းကိုလက်ခံပြီးနောက် ပြောလိုက်လေသည်။
"သခင်ကြီးကျီက တကယ်ကို အသိဉာဏ်ရှိပြီး အရည်အချင်းကြီးမားတဲ့သူပါပဲ"
သူ မော့ကြည့်လိုက်သောအခါ ရင်းနှီးနေသော လူတစ်ယောက် မတ်မတ်ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။ သို့သော် ထိုသူက ဘယ်သူဖြစ်သည်ကို ကျီဝေ့လန် မမှတ်မိနိုင်ခဲ့ပေ။ နောက်ရက်များတွင် ခရိုင်မြို့ရှိလူများက ဗုံများနှင့် မောင်းများကိုတီးခတ်ကာ ပြည်သူများ သူတို့မကျေနပ်ချက်များကို လာရောက်တိုင်တန်းရန် တိုက်တွန်းနှိုးဆော်ကြလေသည်။
သို့သော် အိမ်တိုင်းက တံခါးများကို တင်းကျပ်စွာပိတ်ထားကြပြီး မည်သူကမျှ မတိုင်တန်းရဲကြပေ။ သုံးရက်မြောက်နေ့တွင် သက်ကြီးရွယ်အိုတစ်ဦးက မြေပိုင်ရှင်တစ်ဦးအား အတင်းအဓမ္မအရောင်းအဝယ်ပြုလုပ်မှုနှင့် အပြစ်ကင်းသောအမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်မှုတို့ဖြင့် တိုင်တန်းခဲ့လေ၏။ စုံစမ်းစစ်ဆေးပြီး အတည်ပြုပြီးနောက် ထိုမြေပိုင်ရှင်ကို လမ်းမပေါ်တွင် ခေါင်းဖြတ်ကွပ်မျက်လိုက်ရာ လှုပ်လှုပ်ရှားရှားဖြစ်သွားစေလေသည်။
ယခုအခါ ခရိုင်အစိုးရရုံးတော်ရှေ့တွင် လူအုပ်ကြီးစုဝေးနေကြပြီ ဖြစ်လေသည်။ ပြည်သူများက သူတို့ခံစားခဲ့ရသော ဖိနှိပ်မှုများအကြောင်းကို တိုင်တန်းကြပြီး ဝင်ရောက်စွက်ဖက်ပေးရန် တောင်းပန်ကြလေသည်။ ကွပ်မျက်သူ၏ဓားပေါ်ရှိ သွေးများမှာ စိုရွှဲနေဆဲဖြစ်ပြီး ခရိုင်အစိုးရရုံးတော် ဝင်ပေါက်တစ်လျှောက် စီးဆင်းနေလေသည်။ သို့သော် ပြည်သူများမှာမကြောက်ရွံ့ကြတော့ပေ။ ထိုအစား သူတို့က စိတ်သက်သာရာရစွာအော်ဟစ် အားပေးကြလေသည်။
"သခင်ကြီးတို့က တရားမျှတပြီး ဖြောင့်မတ်တဲ့အရာရှိတွေပါပဲ"
သို့သော် ခရိုင်အတွင်းမကောင်းမှု ကျူးလွန်ခဲ့ဖူးသူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး သူတို့အမှားတစ်ခုခုများ လုပ်ခဲ့မိသလား၊ သူတို့ဖော်ထုတ်ခံရမလားဟု အဆက်မပြတ်တွေးတောနေကြလေသည်။ ကျီဝေ့လန်ပင်လျှင် မကြောက်ဘဲ မနေနိုင်ခဲ့ပေ။
‘ငါကိုယ်တိုင်ကတော့ ကိုယ်ကျင့်တရား ဖြူစင်တယ်လို့ ခံစားရပါတယ်၊ ဒါပေမဲ့ ငါ့ပတ်ဝန်းကျင်က အစေခံတွေကရော၊ ငါ့ကွယ်ရာမှာ မကောင်းမှုလုပ်နေတဲ့သူ၊ ဒါမှမဟုတ် ငါ့နာမည်ကိုသုံးပြီး မကောင်းမှုလုပ်နေတဲ့သူ ရှိနေမလား၊ မနာလိုစိတ်ကြောင့် တစ်ယောက်ယောက်ကများ မဟုတ်မမှန်စွပ်စွဲတိုင်တန်းလေမလား’
သို့သော် ကုလင်က အဖြေတစ်ခုကို အလျင်အမြန်ပေးခဲ့လေသည်။ မဟုတ်မမှန် စွပ်စွဲတိုင်တန်းသူများကိုလည်း ဖော်ထုတ်တွေ့ရှိပြီးနောက် လမ်းများတစ်လျှောက် လှည့်လည်အရှက်ခွဲခံရလေသည်။ စိတ်သက်သာရာရသွားပြီးနောက် ကျီဝေ့လန်မှာ နောင်တမရဘဲမနေနိုင်ခဲ့ပေ။ သူက သူ့ပိုင်ဆိုင်မှု အားလုံးကို လှူဒါန်းခဲ့ပြီးမှ ပုန်ကန်သူများက အပြစ်ကင်းသူများကို အကြောင်းမဲ့မသတ်ဖြတ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
‘ငါက အလကားသက်သက် ပေးလိုက်သလိုဖြစ်သွားတာ မဟုတ်ဘူးလား’
သူ့အစေခံများအားလုံး ထွက်သွားကြပြီ ဖြစ်သည်။ ဤရက်ပိုင်းအတွင်း သူ့ဇနီးနှင့်သမီးကပဲ သူ့အတွက်ဟင်းချက်ပေးနေရလေသည်။ ကျီဝေ့လန်မှာ သွေးအန်ချင်စိတ်ပေါက်သွားပြီး အနာဂတ်တွင် ဘာဖြစ်လာမည်ကို မသိတော့ပေ။ ထိုအချိန်တွင် လင်းယွဲ့ကသူ့အိမ်တံခါးကိုလာခေါက်လေသည်။
"မင်းလား ဒီမှာ ဘာလာလုပ်တာလဲ"
ကျီဝေ့လန်မှာ အလွန်တရာဝမ်းသာသွားပြီး လင်းယွဲ့ကို အမြန်ကြိုဆိုလိုက်လေသည်။ ဤရက်ပိုင်းအတွင်း လူတိုင်းမှာ သတိထားနေကြပြီး မည်သူကမျှ အချင်းချင်းအလည်မသွားရဲကြပေ။ ထို့အပြင် သူ့ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းခဲ့ကြောင်း သတင်းများပျံ့နှံ့သွားခဲ့ရာ လူအများအပြားက သူ့ကို အရူးနှင့် သတ္တိကြောင်သူအဖြစ် ရယ်မောခဲ့ကြလေသည်။ သဘာဝကျကျပင် ယခင်က သူ့ကိုဖားယားခဲ့သူများလည်း ပျောက်ကွယ်သွားကြလေသည်။ ထို့ကြောင့် ကျီဝေ့လန်က လင်းယွဲ့ကိုမြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားလေ၏။
"လုံရှီးခရိုင်ကို အခုပုန်ကန်သူတွေ သိမ်းပိုက်ထားပြီး အခြေအနေက အန္တရာယ်များတယ်၊ မင်းက ဘာလို့ တစ်ယောက်တည်း လာတာလဲ၊ မင်းယောကျ်ားရော ဘယ်မှာလဲ"
ရုတ်တရက် လင်းယွဲ့နှင့်အတူပါလာခဲ့ဖူးသော အမျိုးသား၏မျက်နှာက သူ့စိတ်ထဲတွင် ပေါ်လာလေသည်။
"သူ သူ သူ"
ကျီဝေ့လန်က သူမမျက်နှာကိုကြည့်ရင်း ထိုနေ့က ခရိုင်အစိုးရရုံးတော်၏စင်မြင့်ပေါ်တွင် ထိုင်နေသူ၏မျက်နှာကို မြင်ယောင်လာကာ အံ့အားသင့်စွာအော်လိုက်လေသည်။
"မင်းတို့ ပုန်ကန်လိုက်တာကိုး"
"ဟုတ်တယ်"
ကျီဝေ့လန် လက်သည်းများကို ကိုက်ရင်း ပြောလိုက်သည်။
"ရှီထိုင်ခရိုင်လည်း သိမ်းပိုက်ခံလိုက်ရပြီ၊ ပြီးတော့ မင်းတို့က ရှီထိုင်ခရိုင်က လာတာဆိုတော့”
သူက လင်းယွဲ့ကိုကြည့်သောအခါ သူ့မျက်လုံးများတွင် သတိထားမှုနှင့် ကြောက်ရွံ့မှု အနည်းငယ်ပါဝင်နေပြီး သူ့အသံတွင် မလိုလားမှုများရောယှက်နေလေသည်။
"မင်း ဘာလို့ ဒီကိုရောက်နေတာလဲ"
လင်းယွဲ့ပြုံးလိုက်သည်။ ကျီဝေ့လန်၏ စိတ်အပြောင်းအလဲက သူမအပေါ်သိပ်အများကြီး သက်ရောက်မှုမရှိပေ။ သူမက သူမကိုယ်ပိုင်ကိစ္စအတွက်သာ လာခဲ့ခြင်း ဖြစ်သည်။
"အစ်ကိုကျီ မြို့တော်မှာအဲဒီဆော့စ်တွေရောင်းအား ဘယ်လိုနေလဲလို့လာမေးတာပါ"
ဆော့စ်နှင့်မြို့တော်ဆိုသည့် စကားလုံးများကိုကြားသောအခါ ကျီဝေ့လန်မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင် အနည်းငယ်ပေါ်လာသော်လည်း မြန်မြန်ဖုံးကွယ်လိုက်ပြီး အေးစက်၏က်လေသံဖြင့် ပြောလိုက်သည်။
"ရောင်းအား အတော်လေးကောင်းပါတယ်၊ ဒါပေမဲ့ ကျန်နေတဲ့အမြတ်ငွေကို တောင်းမယ်ဆိုရင်တော့ ငါ့ဆီမှာမရှိတော့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေက မင်းယောကျ်ားဆီလှူလိုက်ပြီပဲလေ”
ဤစကားများတွင် သရော်သည့် အရိပ်အယောင် အနည်းငယ်ပါဝင်နေပြီး သူ မကျေမနပ်ဖြစ်နေကြောင်းကို လင်းယွဲ့သိလေသည်။ လင်းယွဲ့ ပြုံး၍ပြောလိုက်၏။
"အစ်ကိုကျီက ဦးဆောင်ပြီး ကိုယ်တိုင်ကိုယ်ကျအရင်ဆုံး လာကမ်းလှမ်းခဲ့တယ်လို့ ကျွန်မကြားတယ်"
"မင်း"
"အစ်ကိုကျီက တကယ်ကိုအခြေအနေကို သုံးသပ်ပြီး လိုက်လျောညီထွေ လုပ်ဆောင်နိုင်တဲ့သူပဲ၊ ဒီလို အမြော်အမြင်နဲ့ သဘောထားကြီးမှုမျိုးနဲ့ဆိုရင် အစ်ကိုကျီက အနာဂတ်မှာ သေချာပေါက်ပြန်ပြီး ချမ်းသာကြွယ်ဝလာမှာပါ"
ဤစကားများက ကျီဝေ့လန်ကို အနည်းငယ်ပျော်ရွှင်သွားစေသော်လည်း သူ မပျော်သေးပေ။ သူက စိတ်ထဲမှနေ တွေးလိုက်လေသည်။
‘ငါ့မိသားစု ပိုင်ဆိုင်မှုတွေကို ပြန်ပေးမယ်ဆိုရင် ငါအခုချိန်မှာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူဖြစ်နေမှာပေါ့’
သို့သော် သူထုတ်မပြောရဲပေ။ သူက လင်းယွဲ့ကို စူးစိုက်ကြည့်လိုက်၏။
"ဒီကို ဘာကိစ္စနဲ့လာတာလဲဆိုတာမေးလို့ရမလား ညီမလေး"
"အပေးအယူအကြီးကြီးတစ်ခုပါ"
လင်းယွဲ့ ပြောလိုက်သည်။
"ဖန်ပုလင်း ဆော့စ်ပဲဖြစ်ဖြစ် တခြား ဆော့စ်ပဲဖြစ်ဖြစ် အစ်ကိုကျီလိုချင်သလောက် ရနိုင်ပါတယ်၊ အစ်ကိုကျီက ဒီအပေးအယူကို လက်ခံနိုင်မလား လက်မခံနိုင်ဘူးလားဆိုတာပဲ မသိတာပါ"
ကျီဝေ့လန်မျက်လုံးများ အရောင်လက်သွားလေသည်။
"မင်း တကယ်ပြောနေတာလား"
"သေချာတာပေါ့"
"ဒါပေမဲ့ ငါ့သင်္ဘောက မင်းတို့လက်ထဲမှာရှိနေသေးတာ၊ ငါ မြို့တော်ကို ဘယ်လိုသွားရမှာလဲ"
"ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ သဘာဝကျကျပဲ သင်္ဘောကို ရှင့်ဆီပြန်ပေးမှာပေါ့"
ဤအတွေ့အကြုံက ကျီဝေ့လန်၏ခံစားချက်များကို လှုပ်နှိုးလိုက်နိုင်ပြီး သူပြောလိုက်လေသည်။
"ကောင်းပြီ"
ရက်အနည်းငယ်အကြာတွင် သူက ဆော့စ်များနှင့် အခြားကုန်ပစ္စည်းများ အပြည့်တင်ထားသော သင်္ဘောသုံးစီးဖြင့် မြို့တော်သို့ ထပ်မံထွက်ခွာသွားလေသည်။ ကုလင်ထံမှ စာတစ်စောင်ကိုလည်းရရှိခဲ့ပြီး ၎င်းကိုဆွေ့ကျိုးသို့ ပေးပို့ရန် တောင်းဆိုခံခဲ့ရလေ၏။ ကုလင်က လုယက်ရရှိလာသော ရွှေငွေရတနာများကို လင်းယွဲ့ရှေ့တွင် ထပ်မံ ပုံပေးလိုက်လေသည်။ လင်းယွဲ့က အဆုံးမရှိသောရွှေနှင့် ငွေများကိုကြည့်ကာ သူမရင်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားလေသည်။
ဤလုံရှီးခရိုင်မှာ တကယ်ကို ရှီထိုင်ခရိုင်ထက် အများကြီးပိုမိုစည်ကားချမ်းသာလေသည်။ ဤနေရာရှိရွှေနှင့် ငွေများကပင် အဆပေါင်းများစွာတန်ဖိုးပိုရှိလေသည်။လုံရှီးခရိုင်မှာ တောင်သူလယ်သမား ပုန်ကန်မှု သို့မဟုတ် ဓားပြတိုက်မှုများမကြုံတွေ့ခဲ့ရခြင်းကြောင့် ဤရွှေနှင့် ငွေများကျန်ရှိနေခြင်းလည်းဖြစ်နိုင်လေ၏။ လင်းယွဲ့က ရွှေဆယ်သေတ္တာကိုစုပ်ယူလိုက်ပြီး အဆင့်နှစ်ဆင့်တက်ရန် အောင်မြင်သွားလေသည်။ ပြန်လည်စတင်သည့် အချိန်မှာ ၃မိနစ်လျှင် တစ်ကြိမ်အဖြစ် ပြောင်းလဲသွားပြီး နေရာလွတ်မှာလည်း နှစ်ဆပိုကြီးလာလေသည်။
ကျန်ရှိနေသော ရွှေနှင့် ငွေများကို သူတို့က စစ်ရေးစွမ်းဆောင်ရည်အပေါ် မူတည်၍ ဆယ်ပုံခုနစ်ပုံကို ခွဲဝေပေးလိုက်လေသည်။ တောင်သူလယ်သမား ပုန်ကန်မှုအများစုမှာ စစ်သားများကို ထောက်ပံ့ရန် ရန်ပုံငွေမရှိသဖြင့် မြို့တစ်မြို့ကို သိမ်းပိုက်ပြီးနောက် စစ်သားများကို ပြည်သူများအားသတ်ဖြတ်ရန်နှင့် သူတို့ပိုင်ဆိုင်မှုများကို လုယက်ရန် အမိန့်ပေးလေ့ရှိကြလေသည်။ သို့သော် ကုလင်က ဤစစ်သားများကို ထိုသို့ ရက်စက်စွာပြုမူခွင့်မပြုသည့် တင်းကျပ်သော စစ်ရေးစည်းမျဉ်းများကို ချမှတ်ထားလေသည်။
သို့သော် သူတို့စွမ်းဆောင်ရည်ကို ဆုချီးမြှင့်ရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ဆုလာဘ်မရှိလျှင် စစ်သားများမှာ လှုံ့ဆော်မှုများ အလွယ်တကူဆုံးရှုံးသွားနိုင်လေသည်။ စစ်သားများအားလုံးရှေ့တွင် ရွှေနှင့် ငွေများဆုချီးမြှင့်ခြင်းက စိတ်ဓာတ်ကိုမြှင့်တင်ပေးရုံသာမက ဂုဏ်ယူမှုကိုလည်းဖြစ်ပေါ်စေလေ၏။ သို့သော် ခရိုင်နှစ်ခုကို သိမ်းပိုက်လိုက်ခြင်းက လျန်ကျိုးရှိ စီရင်စုမှူးဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေလေသည်။
သူ ရာထူးတက်စမှာပင် ဤကဲ့သို့သော ကြီးမားသည့် အဖြစ်အပျက်ကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကျန်းရှစီရင်စုတွင်လည်း ပုန်ကန်မှုများစွာ ဖြစ်ပွားနေသဖြင့် ကူညီရန် စစ်တပ်များကို စေလွှတ်ခဲ့ရလေသည်။ အဆက်မပြတ် ဖြစ်ပေါ်နေသော ပြဿနာများက သူ့ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်စေခဲ့လေသည်။ ခရိုင်သုံးခုက သူတို့တပ်စခန်းများနှင့် ပူးပေါင်း၍ သူတို့ကို နှိမ်နင်းရန်နှင့် အစပျိုးနေသောပုန်ကန်မှုကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် မျှော်လင့်လျက် သူနန်းတော်သို့ အသနားခံစာတစ်စောင်ကို အလျင်စလို တင်သွင်းခဲ့လေသည်။
လင်းယွဲ့မှာ ခရိုင်နှစ်ခုစလုံး၏ ထောက်ပံ့ပို့ဆောင်ရေးကို တာဝန်ယူရသဖြင့် အနည်းငယ်ဝန်ပိနေသလို ခံစားခဲ့ရလေသည်။ သူမနှင့် ကုလင်တို့က ကူညီရန်အတွက် ကျား၊မ မရွေး လူတစ်စုကို ငှားရမ်းရန် ဆုံးဖြတ်ခဲ့ကြလေ၏။ အကဲဖြတ်ပြီးနောက် အိမ်ထောင်မှုကိစ္စများကို စီမံခန့်ခွဲနိုင်စွမ်းကဲ့သို့သော ငွေကြေးဆိုင်ရာ အာရုံခံစားမှုထက်မြက်ခြင်းကြောင့် အမျိုးသမီး အများအပြားရွေးချယ်ခံခဲ့ရလေသည်။
သူတို့အလုပ်ကို ကျွမ်းကျင်လာပြီးနောက် လင်းယွဲ့မှာ ဖိအားများစွာ လျော့ကျသွားပြီး ကျီဝေ့လန်ဆော့စ်ရောင်းခြင်းအပြင် ငွေရှာရန် အခြား မည်သည့်နည်းလမ်းများရှိသေးသလဲဆိုသည်ကို ချက်ချင်း စတင်တွေးတောလေတော့သည်။