အခန်း ၁၆၉
Vol. 17 Ch. 169
Ch-169
လျန်ကျိုးစီရင်စုမှူးနှင့် တပ်စွဲထားသော စစ်သူကြီးတို့က တပ်သား ၂၀,၀၀၀ ကို ဦးဆောင်ကာ မြို့ကို တိုက်ခိုက်ခဲ့လေသည်။ သို့သော် မြို့ထဲတွင် စစ်သား ၃,၀၀၀ သာ ရှိလေသည်။ စစ်သားများက မြို့တံခါးဆီသို့ တစ်သုတ်ပြီးတစ်သုတ် ပြေးဝင်လာကြပြီး အကယ်၍သာ သတိမထားမိပါက တံခါးကို ကျော်တက်ကာ အတင်းဝင်ရောက်လာကြမည် ဖြစ်၏။ ထောက်ပံ့ပို့ဆောင်ရေး အရာရှိတစ်ဦးအနေဖြင့် လင်းယွဲ့လုပ်နိုင်သမျှမှာ ဆီပူများ လောင်းချကာ မြို့တံခါးကိုဖျက်ဆီးမည့် စစ်သားများကို မီးလောင်ကျွမ်းစေခြင်းသာဖြစ်လေသည်။
ကုလင်က လေးနှင့်မြှားများကို မွမ်းမံထားပြီး ထိုလေးနှင့်မြှားများက လူအများအပြားကို သတ်ဖြတ်နိုင်ခဲ့သော်လည်း မြှားအရေအတွက်မှာ အကန့်အသတ်ရှိနေပြီး အောက်ဘက်တွင် လူများလွန်းနေလေသည်။ ထို့နောက် ကုလင်က လေးနှင့်မြှားကိုယူကာ တစ်ကီလိုမီတာခန့် အကွာရှိ စစ်သူကြီးကို ချိန်ရွယ်လိုက်လေသည်။
စစ်သူကြီးမှာ စိတ်ဓာတ်မြှင့်တင်ရန် စစ်ဗုံများကို တီးခတ်နေလေသည်။ မြို့ရိုးပေါ်မှ တစ်စုံတစ်ယောက်က သူ့ကိုမြှားဖြင့် ပစ်ရန်ရွယ်နေသည်ကို မြင်သောအခါ သူ့မျက်လုံးများတွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာ၏။
‘ဒီလောက် အကွာအဝေးကနေ သူတို့က ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား၊ စိတ်ကူးယဉ်နေတာပဲ’
သူက ဗုံတီးသည့်အရှိန်ကို မြှင့်လိုက်ရာ ၎င်းက ပို၍ပင်စိတ်ဓာတ်တက်ကြွဖွယ် ကောင်းသွားလေသည်။ သို့သော် ချက်ချင်းပင် ၎င်းမှာရုတ်တရက် ရပ်တန့်သွားလေ၏။ သူမျက်လုံးပြူး၍ မြို့ရိုးဘက်သို့ခက်ခက်ခဲခဲလှည့်ကြည့်လိုက်ရာ ထိုလူ့နှုတ်ခမ်းများပေါ်ရှိ အပြုံးလေးတစ်ခုကို မြင်တွေ့လိုက်ရပြီးနောက် သတိလစ်ကာ မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။
"စစ်သူကြီး"
စစ်ဗုံသံများ ရုတ်တရက်ရပ်တန့်သွားပြီး စစ်သားများစွာ လှည့်ကြည့်လိုက်သောအခါ တိုက်ပွဲကိုကွပ်ကဲနေသော စစ်သူကြီးမှာ သူ့စစ်ရထားအောက်တွင် လဲကျနေသည်ကို တွေ့လိုက်ရလေသည်။
“သေသွားပြီလား”
“သူ သေသွားပြီ”
မြို့ရိုးပေါ်တွင်ရပ်နေသော ကုလင်က နှုတ်ခမ်းထောင့်များကို ကွေးလိုက်သည်။ သူ ခုလေးတင်ပစ်လွှတ်လိုက်သော မြှားအပြင် သူ့လက်ညှိုးမှ မီးခိုးငွေ့အနည်းငယ်ထွက်နေလေရာ ယင်းမှာ သူ့လက်ချောင်းကို သေနတ်အဖြစ် ပြောင်းလဲ၍ လူများကိုပစ်ခတ်လိုက်ခြင်း၏ဘေးထွက်ဆိုးကျိုးပင်ဖြစ်လေသည်။
‘ငါက မြှားနဲ့ပဲပစ်မယ်လို့ ဘယ်သူပြောလဲ၊ မြှားတွေက ဟန်ပြသက်သက်ပဲလေ၊ အဓိကလက်နက်က ငါ့ရဲ့သေနတ်ပဲ’
ကုလင်က လေးနှင့်မြှားကိုမြှောက်ကာ အခြားခေါင်းဆောင်တစ်ဦးထံသို့ လှည့်လိုက်လေသည်။
"သူ့ကို တားကြ၊ ဒီလူက အရမ်းယုတ်မာတယ်"
လျန်ကျိုးစီရင်စုမှူးမှာ စစ်သူကြီးတစ်ဦးမဟုတ်သော်လည်း စစ်သူကြီး၏ခေါင်းကို မြှားမှန်သွားခြင်းမဟုတ်ဘဲ ခေါင်းတွင်အပေါက်ကြီးတစ်ပေါက်ဖြစ်နေသည်ကို မြင်သောအခါ သူသေသွားပြီဖြစ်ကြောင်း သိလိုက်လေသည်။ သူတို့မှာအလွန်တရာ ကြောက်လန့်သွားသဖြင့် တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ကာ အနားယူရန်နှင့် ပြန်လည်စုဖွဲ့ရန် ဆုတ်ခွာသွားကြလေသည်။ သူက ပင်မတပ်စခန်းထဲတွင် ပုန်းအောင်းကာ ကြောက်ရွံ့တုန်လှုပ်နေပြီး ဒုတိယစစ်သူကြီးနှင့် ဤကိစ္စကိုဆွေးနွေးလေသည်။
"စစ်သူကြီးကို ဘာကသတ်သွားတာလဲဆိုတာ မင်း မြင်လိုက်လား"
သူက စစ်သူကြီး၏အလောင်းကို စိုက်ကြည့်နေသော်လည်း သဲလွန်စရှာမတွေ့သေးပေ။ ဆေးဆရာက ဒဏ်ရာထဲမှ သတ္တုစတစ်ခုကို ထုတ်ယူလိုက်သည်။
"ဘယ်လိုလုပ် ဒီလောက်သေးငယ်တဲ့ သတ္တုစလေးဖြစ်နေရတာလဲ"
"ဒါက ယမ်းမှုန့်ကြောင့်ဖြစ်ပုံရတယ်"
ထိုခေတ်က ယမ်းမှုန့်ကိုအသုံးပြုနေပြီ ဖြစ်သော်လည်း ၎င်းကိုအမြောက်ကြီးများတွင်သာ အသုံးပြုကြလေသည်။ ဤမျှ အကွာအဝေး အဝေးကြီးရောက်ပြီး ဤမျှသေးငယ်သောအပေါက်ဖြစ်စေသည့်အရာမျိုးကို မမြင်ဖူးခဲ့ပေ။ တစ်ခါမှလည်း မကြားဖူးခဲ့ပါချေ။
ဒုတိယစစ်သူကြီးမှာ အသိပညာပိုကြွယ်ဝသော်လည်း သူကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်နေပြီး သူ့စကားများတွင် တုံ့ဆိုင်းမှုများပြည့်နှက်နေလေသည်။ လျန်ကျိုးစီရင်စုမှူးမှာ ဆုတ်ခွာရန် တွေးတောနေပြီဖြစ်သည်။ တပ်စွဲထားသော စစ်တပ်မှာ လူ ၂၅,၀၀၀ရှိသင့်သော်လည်း ၂၀,၀၀၀သာ ရှိပြီး သူတို့ထဲမှ အများအပြားမှာ အိုမင်း၊ အားနည်း၊ ဖျားနာ သို့မဟုတ် မသန်စွမ်းသူများ ဖြစ်ကြလေသည်။ နေ့တစ်ဝက်ခန့်မြို့ကို တိုက်ခိုက်ပြီးနောက် မည်သည့် တိုးတက်မှုမျှမရှိခဲ့ပေ။
ရိက္ခာများထောက်ပံ့ရေး ခက်ခဲမှုကိုတော့ ဆိုဖွယ်ရာမရှိတော့ပေ။ သို့သော် သူ လက်ဗလာဖြင့်ပြန်သွားပါက စီရင်စုမှူးရာထူးကို ဆက်လက်ရယူထားနိုင်မည်လားဆိုသည်မှာ ပြောရန်ခက်ခဲလေသည်။သူ အနားယူရန်နှင့် ပြန်လည် အင်အားဖြည့်ရန် စီစဉ်ထားသော ညတွင်းချင်းမှာပင် နည်းပါးလှသော သူ့ရိက္ခာများ ရုတ်တရက်ပျောက်ကွယ်သွားလိမ့်မည်ဟု သူဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
ဒုတိယစစ်သူကြီးမှာလည်း သူ့အိပ်ရာထဲတွင် အသတ်ခံလိုက်ရပြီး သူ့ခေါင်းတွင်လည်း အပေါက်တစ်ပေါက်ရှိနေလေသည်။သို့တိုင် သူတို့ကလူသတ်သမားကိုပင် မဖမ်းနိုင်ခဲ့ပေ။ စိတ်ဓာတ်များ အကြီးအကျယ်ထိုးကျသွားသဖြင့် သူကမြို့ကို အလွယ်တကူမတိုက်ခိုက်ရဲတော့ပေ။ အကျိုးခံစားခွင့်များစွာရရှိထားသော လုံရှီးခရိုင်မှ ပြည်သူများကလည်း ခံစစ်ကိုဖြည့်တင်းရန် စစ်တပ်တစ်ခုကို သူတို့သဘောဆန္ဒအလျောက် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြလေသည်။
ရလဒ်အနေဖြင့် ရန်သူများမှာ ရက်အတော်ကြာသည်အထိ ခံစစ်များကိုမချိုးဖျက်နိုင်ခဲ့ပေ။ ကုလင်နှင့် လင်းယွဲ့တို့ ထိုညက ဤကိစ္စကိုဖန်တီးပြီးနောက် ရန်သူ့အခြေအနေကို ကြိုတင်ခန့်မှန်းကာ သူမကို ညတွင်းချင်းခရိုင်မြို့တော် သုံးခုသို့ ခေါ်ဆောင်သွားပြီး အခြား ခရိုင်သုံးခုရှိ အစိုးရစပါးကျီများကို ဖောက်ထွင်းကာ စပါးအားလုံးကို သိမ်းယူခဲ့လေသည်။ လေးရက်ကြာပြီးနောက် သူတို့ပြန်ရောက်လာသောအခါ ရန်သူ့တပ်စခန်းမှာ တကယ်ပင်မြို့ကို မတိုက်ခိုက်ခဲ့ပေ။
သို့သော် ရိက္ခာမရှိသဖြင့် သူတို့စိတ်ဓာတ်များမှာ ကြာမြင့်စွာကတည်းက ပြိုကျနေခဲ့ပြီး သူတို့မှာ အလွန်ဆာလောင်နေသဖြင့် ခွန်အားပင် မကျန်တော့ပေ။ စီရင်စုမှူးက သူမြို့ကို တိုက်ခိုက်လျှင်ပင် စစ်သားများ၏အသက်သာမက သူ့အသက်ပါ ဆုံးရှုံးရမည်ဖြစ်ကြောင်း သိလေသည်။ သို့သော် သူ မြို့ကိုမတိုက်ပါက သူ့အရာရှိဦးထုပ်နှင့်ခေါင်းမှာ သိပ်လုံခြုံမည် မဟုတ်ပေ။
‘ဘယ်လိုလုပ်ရမလဲ’
တပ်မှူးချုပ်က ဤသို့ဖြစ်နေလျှင် စစ်သားများမှာ ပို၍ပင်စိတ်ဓာတ်ကျနေကြလေသည်။ ကုလင်က ဤတိုက်ပွဲကို ပြတ်ပြတ်သားသားအနိုင်ရခဲ့လေသည်။ သူက ကျူးကျော်သူအများစုကို သတ်နိုင်ခဲ့ရုံသာမက သံချပ်ကာများနှင့် လက်နက်အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ကို သူ့စစ်သားများအား တပ်ဆင်ပေးခြင်းဖြင့် သူတို့တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များကို များစွာတိုးတက်လာစေခဲ့လေသည်။
ဤတိုက်ပွဲပြီးနောက် တာ့ယုံက အချိန်အတော်ကြာသည်အထိ စစ်တပ်များမစေလွှတ်တော့ပေ။ ယခုက နွေဦးရာသီဖြစ်ရာ အနားယူရန်နှင့် အင်အားပြန်လည်ဖြည့်တင်းရန် အကောင်းဆုံး အချိန်ဖြစ်လေသည်။ မြေနေရာများကို ခွဲဝေပေးပြီးနောက် လင်းယွဲ့က အာလူး၊ ပြောင်း၊ ကန်စွန်းဥနှင့် အခြား ကောက်ပဲသီးနှံမျိုးစေ့များကိုလည်း ဝေငှပေးခဲ့လေသည်။
ရိတ်သိမ်းချိန်ရောက်လာသောအခါ မယုံနိုင်လောက်အောင် အထွက်နှုန်း ကောင်းမွန်မှုကြောင့် လူတိုင်း အံ့အားသင့်သွားကြလေသည်။ ထို့အပြင် အလွန်နည်းပါးသော အခွန်ကောက်ခံမှုမှာ သူတို့အတွက် ယုံနိုင်စရာမရှိအောင်ဖြစ်နေခဲ့ပြီး ရိတ်သိမ်းရရှိမှုအများစုမှာ သူတို့ ပိုင်ဆိုင်လေသည်။ ထိုသို့ကောင်းမွန်သည့်ဘဝမျိုးကို ခံစားရသောကြောင့် သူတို့နေခဲ့သည်ကို ဝမ်းသာကြပြီး ကုလင်၏ဦးဆောင်မှုကို ပိုပိုပြီးကျေးဇူးတင်လာကြလေသည်။
နွေဦးရာသီတွင် စစ်တပ်ထဲသို့ဝင်ရောက်ရန် စာရင်းသွင်းသူ အရေအတွက်မှာ နှစ်ဆတိုးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်က နေ့စဉ်အသားများ ထောက်ပံ့ပေးပြီး သေဆုံးမှုနှုန်းလည်း နည်းပါးသောကြောင့်ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ကျီဝေ့လန်၏ဆော့စ်များမှာ မြို့တော်တွင် အလွန်အောင်မြင်ခဲ့လေသည်။ ဝမ်နှင့်ကျောက်မိသားစုတို့ ရောင်းချသောအရက်များကလည်း မြို့တော်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး သူတို့ကိုငွေအမြောက်အမြား ရရှိစေခဲ့လေသည်။
တစ်နိုင်ငံလုံးတွင် ပုန်ကန်မှုများမကြာခဏဖြစ်ပွားလာသည်နှင့်အမျှ အစိုးရအရာရှိ အများအပြားမှာ သူတို့အသက်အတွက် ကြောက်ရွံ့လာပြီး ငွေအမြန်ရရန် နည်းလမ်းရှာလာကြသဖြင့် ပိုမို အကျင့်ပျက်ခြစားလာကြလေ၏။ လင်းယွဲ့က သူမရရှိသောငွေများကို အသုံးပြု၍ အနီးအနားရှိအကျင့်ပျက် အရာရှိထံမှ သံကြမ်းအမြောက်အမြားကိုဝယ်ယူကာ စစ်တပ်ကိုတပ်ဆင်ပေးခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သတ္တုတွင်းများကို စစ်ဆေးသည့်အကြောင်းပြချက်ဖြင့် သူမနေရာလွတ်အစွမ်းကို အသုံးပြုကာ လူမသိသူမသိသံကြမ်း အမြောက်အမြားကို သူမနေရာလွတ်ထဲသို့ သိမ်းဆည်းခဲ့လေသည်။ သူတို့က ခရိုင်နှစ်ခုကိုသာ သိမ်းပိုက်ထားသော်လည်း သူတို့အင်အားကို တဖြည်းဖြည်း တည်ဆောက်လာခဲ့လေသည်။ ပုန်ကန်မှုများမှာ ကျန်းရှစီရင်စုတွင်သာမက ဆွေ့ကျိုး၊ ဖျင်ကျိုးနှင့် အခြားနေရာများတွင်လည်း ဖြစ်ပွားခဲ့လေသည်။
လင်းယွဲ့တို့ တာ့ယုံ၏အမြစ်ဖြတ်ခြေမှုန်းခြင်းကို ထပ်မံမခံရခြင်း၏ အကြောင်းရင်းမှာ အချို့သောပုန်ကန်သူစစ်တပ်များက အလွန်ထင်ပေါ်လွန်းသောကြောင့်ဖြစ်လေသည်။ ဥပမာအားဖြင့် ဖျင်ကျိုးနှင့် ကျိုကျိုးတို့မှာ ရဲတင်းလွန်းလှသည်။ ဤစီရင်စုနှစ်ခုရှိ ပုန်ကန်မှုများက စီရင်စုတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် သူတို့ရည်မှန်းချက်များကြီးမားလာကာ သူတို့ကိုယ်သူတို့ ဧကရာဇ်များအဖြစ် တိုက်ရိုက် ကြေညာခဲ့ကြလေသည်။
တာ့ယုံမင်းဆက်၏အဓိကတိုက်ခိုက်ရေးအင်အားစုမှာ သူတို့ဆီသို့ ဦးတည်သွားလေသည်။ အခြားပုန်ကန်သူ စစ်တပ်များနှင့်ယှဉ်လျှင် သူတို့၏ထီးနန်းတောင်းဆိုမှုမှာ ဗြောင်ကျကျရန်စခြင်းဖြစ်ပြီး တာ့ယုံမင်းဆက်က သည်းမခံနိုင်သောအရာဖြစ်လေသည်။ သူတို့ကိုနှိမ်နင်းရန် စစ်တပ် သိန်းပေါင်းများစွာကို စေလွှတ်ခဲ့သဖြင့် ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း နောက်ဆုံးတွင် သူတို့က အသစ်ဖွဲ့စည်းထားသော ပုန်ကန်သူများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်နေရလေသည်။
ဤအရာက တာ့ယုံမင်းဆက်ကို မျက်နှာပျက်သွားစေလေသည်။ ကျီဝေ့လန်က ကုလင်၏သတင်းစကားကို ဆွေ့ကျိုးသို့ပေးပို့ခဲ့ပြီး ထိုနေရာတွင် ဝမ်ကျုံးယွမ်မှာလည်း ဩဇာလွှမ်းမိုးမှု ရရှိနေသဖြင့် သူက လျန်ကျိုးသို့ပြန်ရန် မရည်ရွယ်တော့ပေ။ ထိုအစား သူက ကုလင်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ရန် အစီအစဉ်တစ်ခုကို ယူဆောင်လာခဲ့လေသည်။
လျန်ကျိုး၊ ကျန်းရှားကျိုးနှင့် ဆွေ့ကျိုးတို့က မျဉ်းတစ်ကြောင်းတည်းဖြစ်နေပြီး မြောက်ဘက်နှင့် တောင်ဘက်ကို ပိုင်းခြားထားလေသည်။ လျန်ကျိုး၊ ကျန်းရှားကျိုးနှင့် ဆွေ့ကျိုးစီရင်စုသုံးခုကို ထိန်းချုပ်ပြီးနောက် တောင်ဘက် တစ်ခုလုံးကို သိမ်းပိုက်ရန် ၎င်းတို့ကို ခံစစ်မျဉ်းအဖြစ် အသုံးပြုမည်ဖြစ်လေသည်။ တောင်ပိုင်းမှာ တာ့ယုံမင်းဆက်၏စီးပွားရေး အသက်သွေးကြောဖြစ်လေသည်။
အကယ်၍ ၎င်းကိုထိန်းချုပ်နိုင်ပါက ရိက္ခာများအတွက် ဆက်လက်စိုးရိမ်စရာလိုတော့မည် မဟုတ်ပေ။ ဝမ်ကျုံးယွမ်က ကျီဝေ့လန်အား ဝမ်ယွင်ချောင်းနှင့် ဝမ်စုန်းရှင်းတို့ထံသို့လည်း စာတစ်စောင်ပေးပို့ရန် တောင်းဆိုခဲ့လေသည်။ သူက ကုလင်အား သူ့မိသားစုကို စောင့်ရှောက်ပေးရန်လည်း တောင်းဆိုခဲ့လေ၏။ ဝမ်ယွင်ချောင်း သက်ပြင်းချလိုက်ပြီး သူ့သားဖြစ်သူက သူ့ကို ပုန်ကန်မှုတွင် ကူညီရန်အတင်းအကျပ် ဖိအားပေးခဲ့ကြောင်းသိလေသည်။
သို့သော် သူ့သားဖြစ်သူ နယ်စပ်တွင် ဒုက္ခရောက်ပြီး သစ္စာဖောက်ခံရကာ သေလုနီးပါးဖြစ်ခဲ့ရသည်ကိုမြင်ပြီးနောက် တာ့ယုံမင်းဆက်အပေါ်ထားရှိသော သူ့နောက်ဆုံးမျှော်လင့်ချက်ကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်ပြီး ကုလင်၏အဖွဲ့တွင် စစ်ဗျူဟာမှူးအဖြစ် ပူးပေါင်းခဲ့လေသည်။ လုံလောက်သော စပါးအရန်ရိက္ခာ၊ ပြည်သူများ၏ ခိုင်မာသော ထောက်ခံမှုနှင့် ပုံမှန်မဟုတ်သောနည်းလမ်းများ၏အားသာချက်များ ပေါင်းစပ်လိုက်သောအခါ ကုလင်က သုံးလအတွင်း လျန်ကျိုးရှိခရိုင်သုံးခုနှင့် ကျန်းရှစီရင်စုရှိခရိုင်တစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဝမ်ကျုံးယွမ်နှင့် အင်အားပေါင်းစည်းနိုင်ခဲ့လေသည်။
ဤအချိန်တွင် သူတို့ကိုပုန်ကန်သူ အင်အားစုများကြားတွင် အလယ်အလတ်အင်အားရှိသည်ဟု သတ်မှတ်နိုင်လေသည်။ သူတို့၏နောက်ထပ် ပစ်မှတ်မှာ လင်းကျိုးဖြစ်ပြီး ထိုနေရာရှိ ပုန်ကန်သူ ခေါင်းဆောင်မှာ မူလကအရှေ့တောင် ရေတပ်၏စစ်သူကြီးချုပ်ဖြစ်ကာ ရေတပ်သား ၁၀၀,၀၀၀ကို ကွပ်ကဲပြီး ကြီးမားလှသောအင်အားကို ပိုင်ဆိုင်ထားလေသည်။ ထို့အပြင် ထိုခေါင်းဆောင်က ဂျပန်ပင်လယ်ဓားပြများနှင့် မဟာမိတ်ဖွဲ့ကာ ကမ်းရိုးတန်း ရေပြင်ကို ထိန်းချုပ်ထားလေသည်။
"ဂျပန်တွေနဲ့ တကယ်သွားပူးပေါင်းတာကတော့ သည်းမခံနိုင်စရာပဲ"
ကုလင်က စစ်ချီမြေပုံကို စိုက်ကြည့်နေလေသည်။
"လင်းကျိုးမှာ မြို့တော်ဆီ တိုက်ရိုက်သွားလို့ရတဲ့ မြစ်တစ်စင်း ရှိတယ်၊ တစ်ကယ်လို့ ငါတို့က လင်းကျိုးက ရေတပ်ကို သိမ်းပိုက်နိုင်ရင် ဧကရာဇ်ရဲ့အိပ်ရာပေါ်မှာ စိတ်အေးလက်အေးအိပ်လို့ရပြီ၊ ပြီးတော့ အချိန်မရွေး မြို့တော်မှာနေလို့ရပြီ"
ဝမ်ကျုံးယွမ် သဘောမတူဘဲပြောလိုက်သည်။
"ငါတို့မှာ ရေတပ်မရှိဘူး၊ ပြီးတော့ လင်းကျိုးကို သိမ်းတာက အရမ်းအန္တရာယ်များတယ်"
သူက အခြားမြေနေရာတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"ဒါကို အရင်သိမ်းကြတာပေါ့"