← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

Ch-170

ဧကရာဇ်မင်းမြတ်သည် ဓာတ်လုံးများကိုသုံးစွဲခြင်းကြောင့် နတ်ရွာစံသွားခဲ့ပြီး မင်းသစ်တစ်ပါးနန်းတက်လာခြင်းနှင့်အတူ တာ့ယုံမင်းဆက်၏အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့လေသည်။ လင်းယွဲ့မှာ ထောက်ပံ့ပို့ဆောင်ရေးကို တာဝန်ယူရပြီး အခွန်ကောက်ခံခြင်းနှင့် ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းတို့ကို အဓိက အာရုံစိုက်လုပ်ဆောင်လေ၏။ သို့သော် သူမ၏နေရာလွတ်အစွမ်းများကြောင့် ရိက္ခာများစုဆောင်းရန်နှင့် ရန်သူ့စိတ်ဓာတ်ကို ပျက်ပြားစေရန်အတွက် သူမက ကုလင်နှင့်အတူ ရန်သူ့နောက်တန်းသို့ မကြာခဏလိုက်ပါသွားလေ့ရှိသည်။

ဤဗျူဟာမှာ အထူးသဖြင့် ထိရောက်မှုရှိပြီး ရန်သူ့စိတ်ဓာတ်ကို ရှုပ်ထွေးပျက်ပြားစေရုံသာမက မိမိတို့၏ရိက္ခာများကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်လေသည်။ ထို့အပြင် မြို့တစ်မြို့ကို သိမ်းပိုက်ပြီးနောက် အဆင့်မြင့်အရာရှိကြီးများကို သာမန်ပြည်သူများက စစ်ဆေးစီရင်နိုင်ရန် သူတို့ပြုလုပ်ပေးကြလေ၏။ အကယ်၍ ဤအရာရှိများသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကျူးလွန်ထားပါက သူတို့ကို ကွပ်မျက်ပြီး ပိုင်ဆိုင်မှုများကို သိမ်းဆည်းလေသည်။

ထို့နောက် ရရှိလာသော မြေယာများနှင့် ရွှေငွေများကို ပြည်သူများကြားခွဲဝေပေးလေသည်။ အဆင့်မြင့်အရာရှိကြီးများနှင့် ချမ်းသာသောလူများအပြင် ခရိုင်နှင့် ရွာများတွင်ပိုက်ဆံအများကြီးမရှိသော်လည်း မိမိတို့အာဏာကို အလွဲသုံးစားလုပ်ကာ အခြားသူများကို အနိုင်ကျင့်နေသော လူအများအပြားကိုလည်း အတူတကွပူးပေါင်းရှင်းလင်းပေးခဲ့ကြလေသည်။ သူတို့သည် ပြည်သူများအကြား အလျင်အမြန်ပင် ကြီးမားသော လူထုထောက်ခံမှုကိုရရှိခဲ့ကြလေ၏။

အချို့လူများမှာ သူတို့အကြောင်းကို ကြားသိရပြီးနောက် ၎င်းတို့နှင့် ပူးပေါင်းရန် အခြားနေရာများမှပင်လာရောက်ခဲ့ကြလေသည်။ ပြည်သူပြည်သားများမှာ အရေးအကြီးဆုံးအရင်းအမြစ် ဖြစ်လေသည်။ သူတို့အိမ်ထောင်စုစာရင်းကို စစ်ဆေးပြီးနောက် သူလျှိုများမဟုတ်ကြောင်း တွေ့ရှိပါက သူတို့အားလုံးကိုလက်ခံလိုက်၏။

ဒုက္ခသည်အမြောက်အမြားလည်း ရှိနေပြီး သူတို့ကိုလည်းလက်ခံပေးခဲ့ကြလေသည်။ ထိုအချိန်က ဆန်းပြားစွာပင် နွေဦးရာသီဖြစ်နေသဖြင့် လင်းယွဲ့က ကန်စွန်းဥနှင့် အခြားမျိုးစေ့များကို သူတို့ထံဝေငှပေးကာ အချိန်မီစိုက်ပျိုးခိုင်းခဲ့လေသည်။ သို့သော် ထိုဒုက္ခသည်များမှာ ဤနေရာသို့လှည့်လည်ရုန်းကန်လာခဲ့ကြရသဖြင့် စားစရာအစားအစာ သိပ်မကျန်တော့ပေ။

သူတို့မှာ နေ့စဉ်အသက်ရှင်သန်ရန် ရုန်းကန်နေကြရလေသည်။ လင်းယွဲ့က လုယက်ရရှိလာသော အစားအစာများကို ဆန်ပြုတ်အဖြစ် ဝေငှပေးခဲ့သော်လည်း ယခင်စည်းမျဉ်းများအတိုင်း ဆန်ပြုတ်နှင့် လဲလှယ်ရန်အတွက် သူတို့အလုပ်အချို့ကို လုပ်ဆောင်ရန် လိုအပ်နေသေးသည်။

"ဒါ တကယ့်ကိုအသက်ရှင်နေတဲ့ ဘုရားလောင်းပဲ၊ ဒီဆန်ပြုတ်ထဲမှာ တကယ်ကြီး အသားတွေပါတာပဲ"

"အသားမစားရတာ တော်တော်ကြာပြီဆိုတော့ အသားအရသာက ဒါမျိုးကိုး"

အချို့လူများမှာ ပြင်းထန်စွာငိုကြွေးကြပြီး အော်ဟစ်ကြလေသည်။

"ငါ ဒီကိုလာတာမမှားဘူး၊ ငါ ဒီကိုလာတာ လုံးဝမမှားဘူး၊ ငါ နောက်ဆုံးတော့ ပြန်ပြီးအသက်ရှင်ခွင့်ရပြီ"

လအနည်းငယ်အတွင်း ရိတ်သိမ်းပြီးနောက် လျန်ကျိုး၊ ကျန်းရှားကျိုးနှင့် ဆွေ့ကျိုးတို့တွင် ယခင်ကထက်ပင် ပိုမို၍မကြုံစဖူးသော စည်ကားချမ်းသာမှုနှင့် သက်ဝင်လှုပ်ရှားမှုများကို ခံစားခဲ့ကြရလေသည်။ စစ်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း မြို့တော်မှာ ယခင်ကထက် ပိုမို၍သက်ဝင်လှုပ်ရှားများဖြင့်ပြည့်နှက်နေ၏။ အထူးသဖြင့် ဆွေ့ကျိုးမှာ မြေဆီလွှာမကောင်းမွန်ခြင်းကြောင့် ဆင်းရဲပြီး ခြောက်သွေ့သောနေရာတစ်ခု ဖြစ်ခဲ့လေသည်။

သို့သော် ကန်စွန်းဥနှင့် အာလူးများမှာ မြေဩဇာအများအပြား မလိုအပ်ပေ။ ထို့အပြင် လင်းယွဲ့က ဓာတ်မြေဩဇာ အသုံးပြုသည့် ရိုးရာနည်းလမ်းများကိုလည်း သူတို့ကိုသင်ကြားပေးခဲ့လေသည်။ ဆောင်းဦးရာသီ၏နေ့တစ်နေ့တွင် လင်းယွဲ့က ဆွေ့ကျိုး၏ လယ်ကွင်းများကို ဖြတ်သန်းလျှောက်လှမ်းနေစဉ် ရယ်မောသံများနှင့် ပျော်ရွှင်စရာမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရလေသည်။ မိန်းကလေးငယ်တစ်ဦးပြေးလာပြီး သူမမျက်လုံးများမှာ အရောင်တလက်လက်ဖြင့် လင်းယွဲ့ထံ စိုက်ကြည့်ကာ ပြောလိုက်သည်။

"သမီး သိတယ်၊ အဒေါ်က သခင်မလင်း မဟုတ်လားဟင်"

"ဟုတ်တယ်"

လင်းယွဲ့ပြုံး၍ ခေါင်းညိတ်ပြလိုက်ရာ ထိုမိန်းကလေးငယ်က သူမလက်ထဲရှိ ကန်စွန်းဥကို ကမ်းပေးလိုက်သည်။

"သခင်မလင်းအတွက်ပါ၊ သမီးရဲ့မိဘတွေက သခင်မလင်းကျေးဇူးကြောင့် သမီးတို့ဘဝတွေ အခုလိုကောင်းမွန်လာတာလို့ ပြောကြတယ်"

ကန်စွန်းဥ၏အပြင်ခွံမှာ အနည်းငယ် မီးကျွမ်းနေပြီး ပျားရည်ကဲ့သို့အရည်များ စိမ့်ထွက်နေကာ အပူငွေ့များထွက်ပေါ်နေလေသည်။ လင်းယွဲ့က ကန်စွန်းဥကို လက်တစ်ဖက်ဖြင့်ယူလိုက်ပြီး ခွာလိုက်သောအခါ ရွှေဝါရောင်ကန်စွန်းဥမှာ အငွေ့တထောင်းထောင်းထွက်နေလေသည်။ မိန်းကလေးငယ်က ကန်စွန်းဥကို သေသေချာချာစိုက်ကြည့်နေပြီး တံတွေးကို ခက်ခဲစွာမျိုချနေကာ အတော်လေးအောင့်အည်းသည်းခံနေပုံ ရလေသည်။ လင်းယွဲ့က ကန်စွန်းဥကို တစ်ဝက်စီ အညီအမျှခွဲလိုက်ပြီး တစ်ဝက်ကို ကမ်းပေးကာပြောလိုက်၏။

"အတူတူ စားကြရအောင်"

"ကျေးဇူးတင်ပါတယ် သခင်မလင်း"

မိန်းကလေးငယ်က အမြန်ယူလိုက်ပြီး ဆတ်ကနဲ တစ်ကိုက်စားလိုက်ကာ အပူလျော့စေရန် ပါးစပ်ဖြင့်လေမှုတ်နေလေသည်။

"ရှောင်ဟွာ သမီး....”

အမျိုးသမီးတစ်ဦး နောက်ဘက်မှပြေးလာပြီး မိန်းကလေးငယ်ကိုဖက်ရန် ပြင်လိုက်သော်လည်း လင်းယွဲ့မျက်နှာကို မြင်လိုက်ရသောအခါ ခဏမျှမှင်သက်သွားပြီး ချက်ချင်းပင်ဒူးထောက်ချလိုက်၏။

"အသက်ရှင်နေတဲ့ ဘုရားလောင်းပဲ၊ သခင်မရောက်လာပြီ"

သူမအသံမှာ ကျယ်ပြန့်သော လယ်ကွင်းပြင်ကြီးတစ်လျှောက် ဝေးလံစွာ ပျံ့နှံ့သွားလေသည်။ ချက်ချင်းပင် လယ်ကွင်းထဲတွင် အလုပ်လုပ်နေသူ အားလုံးရပ်တန့်သွားကြပြီး လင်းယွဲ့ထံသို့ လှည့်ကြည့်လိုက်ကြလေသည်။

"ဒါ သခင်မလင်းပဲ"

"သူမ တကယ်ရောက်လာတာပဲ"

သူတို့အတွက်တော့ အစိုးရ၏ကြီးမားသော အခွန်အခများနှင့် ရက်စက်သောမူဝါဒများ၊ ဒေသခံ လူဆိုးများ၏ အနိုင်ကျင့်မှုများက သူတို့ကို ကိုးကွယ်ရာမဲ့ဖြစ်စေခဲ့၏။ နေရပ်စွန့်ခွာတိမ်းရှောင်ရသော ပြည်သူများအတွက်မူ သူတို့၏အိမ်ယာများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုပါ အလုခံလိုက်ရသဖြင့် လေလွင့်ကာဆင်းရဲမွဲတေခဲ့ကြရပြီး သူတို့ဆင်းရဲဒုက္ခမှာ သာမန်ပြည်သူများထက်ပင် ပိုမိုကြီးမားခဲ့လေသည်။ သို့သော် ထိုအရာများအားလုံး ယခုအခါ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူတို့၏ကျေးဇူးတင်မှုနှင့် စိတ်လှုပ်ရှားမှုများမှာ စကားလုံးများဖြင့် ဖော်ပြနိုင်ခြင်းမရှိတော့ဘဲ သူတို့ အားလုံး ဒူးထောက်ကာ ဦးချလိုက်ကြလေသည်။ ကျေးဇူးတင်စကားသံများက လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာပြီး လင်းယွဲ့အပေါ်သို့ ရိုက်ခတ်သွားကာ သူမနှလုံးသားထဲတွင် နက်နဲပြီးရေရှည်တည်တံ့မည့် အမှတ်ရစရာတစ်ခုချန်ထားခဲ့၏။ ကြီးမားသော စွမ်းအားနှင့်အတူ ကြီးမားသောတာဝန်ဝတ္တရားများ ပါလာလေသည်။

လူတိုင်း၏မျှော်လင့်ချက်ပြည့်နှက်နေသော အကြည့်များအောက်တွင် သူမက ယင်းကို ပိုမိုပြင်းထန်စွာ ခံစားလိုက်ရလေသည်။ ဤကာလအတွင်း သူမအနေဖြင့် အကောင်အထည်ဖော်ရန် ခက်ခဲသောအရာအချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့၏။ ဥပမာအားဖြင့် သူမက ခေတ်သစ်နိုင်ငံများကဲ့သို့ ဥပဒေစိုးမိုးရေးနိုင်ငံတစ်ခုကို တည်ဆောက်လိုသော်လည်း လက်တွေ့တွင် ယင်းကို ကျင့်သုံးရန် အလွန်တရာခက်ခဲလှပေသည်။

တာ့ယုံမင်းဆက်တွင်လည်း ဥပဒေများ ရှိသော်လည်း အာဏာကဥပဒေထက် သာလွန်နေပြီး ပြောင်းလဲရန်ခက်ခဲလှပေသည်။ ဧကရာဇ်အာဏာနှင့် မှူးမတ်မျိုးနွယ်စုများ၏အာဏာ၊ ဧကရာဇ်အာဏာနှင့် ဝန်ကြီးများ၏အာဏာတို့မှသည် နောက်ပိုင်းတွင် အရင်းရှင်အာဏာနှင့် ဥပဒေအာဏာတို့အထိ ၎င်းတို့အားလုံးမှာ အာဏာလုပွဲများသာ ဖြစ်ကြသည်။ ထို့ကြောင့် အရေးကြီးဆုံးမှာ သာမန်ပြည်သူများကို ချမ်းသာကြွယ်ဝသန်စွမ်းလာစေရန်ပြုလုပ်ပြီးနောက် စနစ်ကိုပြောင်းလဲရန်ဖြစ်ပေသည်။

ကုလင်က အရှေ့တောင်ရေတပ်၏ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် သူတို့မှာခေါင်းဆောင်မရှိဘဲ ဖရိုဖရဲဖြစ်သွားကြလေသည်။ အရှေ့တောင်ရေတပ်မှာ အပိုင်းအစများစွာကွဲထွက်သွားခဲ့ပြီး ၎င်းတို့ကို ကုလင်က စည်းရုံးခြင်း၊ အနိုင်ယူခြင်း သို့မဟုတ် နှိမ်နင်းခြင်းတို့ဖြင့် နောက်ဆုံးတွင် သူ့ထိန်းချုပ်မှုအောက်သို့ အားလုံးယူဆောင်လာခဲ့လေသည်။

ကုလင်က တောင်ပိုင်းကိုအောင်နိုင်ပြီးနောက် မြို့တံခါးကိုဖြတ်ကျော်ကာ မြို့တော်ဆီသို့ တိုက်ရိုက်ဦးတည်ခဲ့ရာ လမ်းခရီးတစ်လျှောက်တွင် မည်သည့် အတားအဆီးမျှမရှိခဲ့ပေ။ ကုလင် မြို့တော်တစ်ဖက်တွင်စခန်းချနေစဉ် ညဘက်၌ ဝမ်ကျုံးယွမ်နှင့် သူ့လူတစ်စုက သူ့အားဝတ်ရုံဝါတစ်ထည်ကို ဆင်မြန်းပေးခဲ့ကြလေသည်။ ကုလင် မလိုလားဟန်ဆောင်ခဲ့သော်လည်း လက်ခံလိုက်လေသည်။

နောက်တစ်နေ့တွင်ပင် သူကသူ့ဓားကို မြို့တော်ဆီသို့ ချိန်ရွယ်ကာ ထီးနန်းကို သိမ်းပိုက်လိုက်လေတော့သည်။ သူ ထီးနန်းတက်သောအခါ လင်းယွဲ့လက်ကိုကိုင်၍ ရှေ့သို့လှမ်းပြီးပြောလိုက်၏။

"ငါက မိဖုရားခေါင်ကြီးနဲ့အတူ ဒီလောကကြီးကို မျှဝေအုပ်ချုပ်ချင်တယ်"

"အရှင်မင်းကြီး ဒါလုံးဝမဖြစ်နိုင်ပါဘူး"

အောက်ဘက်ရှိ ဝန်ကြီးတစ်ဦးက အော်ဟစ်လိုက်သည်။

"သမိုင်းတစ်လျှောက်မှာ အမျိုးသမီးတစ်ဦးအာဏာရဖူးတာ မရှိခဲ့ပါဘူး၊ အရှင်မင်းကြီးက ထီးနန်းတက်တဲ့ ပထမဆုံးနေ့မှာပဲ လောကကြီးကို ဆန့်ကျင်ဖို့ ရည်ရွယ်နေတာလား"

ကုလင် သူ့ကိုအေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူက ထီးနန်းကို စိတ်မဝင်စားပေ။ အခြားသူများ၏ထိန်းချုပ်မှုကိုခံရခြင်းကိုသာ သူ မနှစ်သက်ခြင်းဖြစ်သည်။ ကမ္ဘာပျက်ကပ်တွင် သိုင်းပညာစွမ်းအားမှာ အာဏာ၏သော့ချက်ဖြစ်သဖြင့် သူက လူတိုင်းကိုသတ်ဖြတ်နိုင်လောက်သည့်အထိ သူ့ကျွမ်းကျင်မှုများကို အစွမ်းကုန် မြှင့်တင်ထားခဲ့ခြင်းဖြစ်၏။

“အကယ်၍ မင်းရှေးခေတ်ကို ကူးပြောင်းလာခဲ့ရင် မင်းအသက်က အလွယ်တကူဆုံးရှုံးသွားနိုင်တယ်၊ အာဏာရဲ့ထိပ်ဆုံးမှာရှိနေတဲ့သူတွေပဲ အတော်လေးထိခိုက်မှုမရှိဘဲ နေနိုင်မှာလေ”

ထို့ကြောင့် သူမြို့များကိုသိမ်းပိုက်ဖို့ အာရုံစိုက်ခဲ့ပြီး မြို့တော်ထဲထိ တိုက်ခိုက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

‘ဒါပေမဲ့ ငါအာဏာရတာ တစ်ရက်ပဲရှိသေးတယ်၊ ဒီအဘိုးကြီးက ငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီလား’

ကုလင် လှောင်ပြုံးပြုံးလိုက်သည်။

"တော်ဝင်စစ်ဆေးရေးအရာရှိကျောက် မဟုတ်လား၊ မြို့တံခါးကိုဖွင့်ပြီး အရှုံးပေးတုန်းက မင်းကိုငါသတိထားမိသားပဲ"

ကုလင်စကားများက လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။

"မင်းရဲ့ဗိုက်က အရမ်းကြီးနေတာထက် ဘာမှမပိုပါဘူး၊ မင်းဆီများတဲ့ဟင်းတွေ အများကြီးစားထားတာ သိသာပါတယ်"

ကုလင်ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်းက ပညာရှင်ကျောက်ဝူရဲ့ မျိုးဆက်တစ်ဦးလို့ ငါကြားဖူးတယ်၊ ပြီးတော့ အရင်မင်းဆက်ကတည်းက မင်းမြို့တံခါးတွေကိုဖွင့်ပြီး အရှုံးပေးဖို့ အမြဲတမ်းအကြံပြုခဲ့တာလေ၊ မင်းရဲ့ ပညာတတ်ဂုဏ်သိက္ခာက ငါးရှဉ့်တစ်ကောင်လို ပျော့အိနေတာပဲ"

ကျောက်ယွီမှာ ဒေါသထွက်ပြီး အရှက်ရသွားသော်လည်း ကုလင်က အမှန်ကိုပြောနေခြင်းဖြစ်သလို သူက ဧကရာဇ်ဖြစ်နေသဖြင့် ပြန်လည်မချေပရဲပေ။ သို့သော် သူပြောလိုက်သေးသည်။

"အရှင်က ပြည်သူတွေရဲ့အလိုဆန္ဒပဲလေ၊ ကျွန်တော်ကတော့ နောက်ထပ်မလိုအပ်တဲ့ အသေအပျောက်တွေမဖြစ်စေချင်ရုံတင်ပါ"

"ငါ့မိဖုရားကလည်း လူတိုင်းလိုလားတောင့်တနေတဲ့ သူပဲလေ၊ သူမက မျိုးစေ့ကောင်းတွေကို ရှာဖွေပေးတယ်၊ ကောက်ပဲသီးနှံနဲ့ ရိက္ခာတွေကို စီမံခန့်ခွဲပေးတယ်၊ အခွန်တွေကိုလျှော့ချပေးတယ်၊ ပြီးတော့ ပြည်သူတွေရဲ့မကျေနပ်ချက်တွေကို ငြိမ်းအေးစေခဲ့တယ်၊ သူမကအရာရာကို ငါ့ထက်တောင် ပိုကောင်းအောင်လုပ်နိုင်တာ၊ ငါက ဘာလို့ ငါ့မိဖုရားနဲ့အတူ လောကကြီးကို ပူးတွဲမအုပ်ချုပ်နိုင်ရမှာလဲ"

"အရှင်မင်းကြီး ဒါ လုံးဝမဖြစ်နိုင်ပါဘူး"

"လုံးဝ မဖြစ်နိုင်ပါဘူး"

တော်ဝင်စစ်ဆေးရေးအရာရှိ ကျောက်၏အချက်ပြမှုနှင့်အတူ အရာရှိများ တစ်ဦးပြီးတစ်ဦးဒူးထောက်ချလိုက်ကြရာ နောက်ဆုံးတွင် အရာရှိအားလုံးဒူးထောက်လိုက်ကြပြီး ကုလင်ကို ရွေးချယ်မှုတစ်ခုပြုလုပ်ရန် အတင်းအကျပ်ဖိအားပေးကြလေတော့သည်။ ပိုဆိုးသည်မှာ စစ်ဆေးရေးရုံးမှ အဆင့်နိမ့်အရာရှိတစ်ဦးက အော်ဟစ်လိုက်၏။

"အရှင်မင်းကြီး ဝေဝါးနေပါပြီ၊ ကျွန်တော်မျိုးကတော့ ပညာရှိတဲ့ အုပ်ချုပ်သူဖြစ်အောင်သတိပေးဖို့အတွက် အသက်စွန့်ဖို့အသင့်ပါပဲ"

ထိုသို့ပြောပြီးနောက် သူကတိုင်လုံးကြီးတစ်ခုကို သူ့ခေါင်းဖြင့် အတင်းဝင်ဆောင့်ရန် ပြင်လိုက်လေသည်။

"ဒါက ကျောက်စိမ်းဖြူတိုင်လုံးကြီးပဲဟာ"

ကုလင် ပျင်းရိစွာပြောရင်း ဓားတစ်လက်ကို အောက်သို့လွှဲပစ်ပေးလိုက်သည်။

"ဒီတိုင်းပဲ ကိုယ့်ကိုကိုယ်သတ်သေလိုက်စမ်းပါ၊ ဒီတိုင်လုံးကြီးကိုကြည့်ပြီး ငါ ကံမကောင်းတာတွေမဖြစ်ရအောင်လို့လေ"

ဤသည်မှာ ဧကရာဇ်အာဏာနှင့် အရာရှိများ၏အာဏာကြား ပထမဆုံးနှင့် အရေးကြီးဆုံးထိပ်တိုက်တွေ့ဆုံမှု ဖြစ်လေသည်။ အရာရှိများမှာ အရှုံးမပေးလိုကြပေ။ ထိုသို့မဟုတ်ပါက သူတို့က ဧကရာဇ်၏အမြဲတမ်းကန့်သတ်ချုပ်ချယ်မှုများကိုခံရပေလိမ့်မည်။ သို့သော် ကုလင်၏ဂရုမစိုက်သော သဘောထားနှင့် သူနောက်ထပ်ပြောလိုက်သောစကားများက သူတို့ကို ချက်ချင်းပင် ဂနာမငြိမ်ဖြစ်သွားစေလေသည်။

"မင်းတို့အားလုံးက တခြားလူတွေရဲ့ ကိစ္စကိုဝင်စွက်ဖက်နေကြတာပဲ၊ မင်းတို့က အရင်မင်းဆက်ရဲ့ဝန်ကြီးတွေဖြစ်ခဲ့ဖူးတယ်ဆိုတာကို မေ့နေကြပြီလား၊ မင်းတို့က ငါ့ကိစ္စတွေကို ဝင်စွက်ဖက်နေကြတယ်၊ မိဖုရားနဲ့ ငါတိုင်ပင်ပြီး ဆုံးဖြတ်ထားတာကတော့ မနက်ဖြန်ကစပြီး နန်းတော်တံခါးတွေရဲ့အပြင်ဘက်မှာ ဗုံတစ်လုံးချထားမယ်၊ ပြည်သူတွေထဲက တစ်ယောက်ယောက်များ မတရားခံရတာရှိမရှိဆိုတာကို ငါကိုယ်တိုင်ကြီးကြပ်စစ်ဆေးမယ်၊ ငါ့ရဲ့ ကိုယ်ရံတော်စစ်တပ်က လမ်းဖွင့်ပေးလိမ့်မယ်၊ လမ်းမှာပိတ်ဆို့တားဆီးတဲ့ ဘယ်သူ့ကိုမဆို နေရာမှာတင်အပြတ်သတ်ပစ်မယ်"

ဤစကားများက လူတိုင်းကိုမှင်သက်သွားစေလေသည်။ သူ့ယုံကြည်ချက်အတွက် အသက်စွန့်တော့မည့် ထိုလူမှာလည်း နေရာတွင်တင်ကျောက်ရုပ်ကဲ့သို့ မတ်တတ်ရပ်နေခဲ့လေသည်။ ကုလင်ရယ်မောရင်းပြောလိုက်၏။

"ဒါကြောင့် မင်းတို့ ဒါမှမဟုတ် မင်းတို့ရဲ့မိသားစုဝင်တွေထဲက တစ်ယောက်ယောက်များ ကောင်းကင်နဲ့ လူသားတွေကို စော်ကားမိတဲ့အမှားတစ်ခုခုလုပ်ထားမိသလားဆိုတာကို အမြန်ဆုံး သေချာပြန်စဉ်းစားထားကြတော့"

All Chapters