အခန်း ၁၇၁
Vol. 17 Ch. 171
Ch-171
လင်းယွဲ့ နဂါးပလ္လင်ပေါ်တွင်ထိုင်နေရာ သူမကျောရိုးမှတစ်ဆင့် အေးစိမ့်သော ခံစားချက်တစ်ခုထွက်ပေါ်လာလေသည်။ ပလ္လင်မှာ အမြင့်ကြီးတွင်ရှိနေသဖြင့် အရာရှိအားလုံး၏မျက်နှာအမူအရာများနှင့် သိမ်မွေ့သော လှုပ်ရှားမှုများကို သူမမြင်တွေ့နိုင်လေသည်။ အမြင့်မှနေ၍ အောက်သို့ ငုံ့ကြည့်ရသည်မှာ ဟာလာဟင်းလင်းဖြစ်မှုနှင့် အထီးကျန်ဆန်မှုခံစားချက်တစ်ခုလည်း ရှိနေ၏။
ရုတ်တရက် ကုလင်က သူမလက်ကို ဆုပ်ကိုင်လိုက်ရာ သူတို့လက်ချောင်းများ ယှက်နွယ်သွားပြီး နွေးထွေးမှုက ညင်သာသော ရေစီးကြောင်းတစ်ခုကဲ့သို့ သူမနှလုံးသားထဲသို့ စီးဆင်းသွားလေသည်။ ထိုအထီးကျန်ဆန်သော ခံစားချက်မှာ ပျောက်ကွယ်သွားလေသည်။ ကုလင်က သူမနားထဲသို့ တီးတိုးပြောလိုက်၏။
"ကိစ္စတွေအားလုံး ဖြေရှင်းပြီးသွားရင် ကိုယ်တို့လက်ထပ်ကြမလား၊ ကိုယ်တို့အတွက် သီးသန့်ဖြစ်တဲ့မင်္ဂလာပွဲလေး တစ်ပွဲပေါ့"
နွေးထွေးသောလေငွေ့က သူမနားရွက်များကို ပွတ်တိုက်သွားပြီး ၎င်းကြောင့် လင်းယွဲ့နှလုံးသားမှာ အနည်းငယ်တုန်ခါသွားသလို ခံစားလိုက်ရလေသည်။ ၎င်းက သူတို့အတွက်သာ သီးသန့်ဖြစ်ပေမည်။ သူတို့က ဤခန္ဓာကိုယ်နှစ်ခုထဲသို့ ကူးပြောင်းလာခဲ့သူများဖြစ်ကြပြီး ခန္ဓာကိုယ်ပိုင်ရှင်အစစ်များမှာ လက်ထပ်ပြီးသူများ ဖြစ်ကြလေသည်။
သို့သော် လင်းယွဲ့နှင့် ကုလင်တို့မှာ မလက်ထပ်ရသေးပေ။ သူက ရန်သူ၏ ဝိုင်းရံထားမှုကို တစ်ယောက်တည်း ဖောက်ထွက်ခဲ့စဉ်က သူမကိုတင်းကျပ်စွာဖက်ထားရင်း ပြေးလွှားကာ နံရံများကိုကျော်တက်ပြီး နောက်မှလိုက်လာသူများကို ရှောင်တိမ်းခဲ့လေသည်။
တိတ်ဆိတ်မှောင်မိုက်သော ညဉ့်နက်ယံတွင် လင်းယွဲ့က စာရင်းစာအုပ်ရှေ့၌ အိပ်ပျော်သွားလေ့ရှိပြီး သူကသူမကို အိပ်ရာဆီသို့ ညင်သာစွာပွေ့ချီသွားလေ့ ရှိလေသည်။ သူတို့တွင် ရင်းနှီးကျွမ်းဝင်သောအချိန်များစွာရှိခဲ့သော်လည်း မည်သည့်နယ်နိမိတ်ကိုမျှ မကျူးလွန်ခဲ့ကြပေ။ လင်းယွဲ့က ကုလင်ကို ကြည့်လိုက်၏။
‘ဒီလူက ငါ့တစ်ဘဝလုံး အတူ ဖြတ်သန်းချင်တဲ့သူဟုတ်ရဲ့လား၊ အခုအချိန်မှာတော့ ဟုတ်တယ်၊ အနာဂတ်အတွက်ကတော့ ကောင်းပြီလေ အဲဒီကျမှပဲဆက်ပြောကြတာပေါ့’
လင်းယွဲ့သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ကုလင်၏မျက်လုံးများထဲတွင် မရေမတွက်နိုင်သော မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည်ကို သူမမြင်လိုက်ရပြီး သူ့ရင်ထဲတွင် မကြုံစဖူးပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေ၏။ ကုလင်က ထျန်းရှန်းနားနေဆောင်သို့ပင်သွားခဲ့လေသည်။ ထိုနေရာမှာ မူလကလင်းယွဲ့၏ပိုင်ဆိုင်မှုဖြစ်သော်လည်း ဦးလေးဖြစ်သူက ထိုနေရာကိုသိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။ ထိုနေ့က လင်းယွဲ့ ရောက်လာသည်ကို ထျန်းရှန်းနားနေဆောင်၏ပိုင်ရှင်မြင်သောအခါ အလွန်တရာကြောက်လန့်သွားသဖြင့် ဘောင်းဘီထဲသေးထွက်ကျသွားလေ၏။
"ဦးလေး နေကောင်းရဲ့လား"
လင်းယွဲ့ပြုံး၍ မေးလိုက်သည်။
"ကျွန်မကို ဖမ်းဆီးပြီး ရောင်းစားဖို့ လူတွေလွှတ်ခဲ့တဲ့နေ့ကို ကျွန်မဘယ်တော့မှ မေ့မှာမဟုတ်ဘူး အရှင်မင်းကြီး"
လင်းယွဲ့ ကုလင်ကိုလှည့်ကြည့်လိုက်သည်။
"အရှင်မင်းကြီး ကျွန်မနေရာကိုလုယူတာ ပြီးတော့ လူကုန်ကူးတာတွေအတွက် သူတို့ကိုကျွန်မတရားစွဲချင်ပါတယ်၊ အာဏာပိုင်တွေဆီကို အယူခံဝင်ဖို့ ခွင့်ပြုနိုင်မလားသိချင်ပါတယ်"
"အဲဒါတွေနဲ့ အလုပ်ရှုပ်ခံပြီးဘာလုပ်မှာလဲ၊ အခုပဲ ကိုယ်သူတို့အသက်ယူလိုက်မယ်"
ကုလင်က သူ့ဓားကိုဆွဲထုတ်ကာ ထိုလူ့လည်ပင်းတွင် တေ့ထားရင်းပြောလိုက်သည်။ လင်းဖုန်းမှာ အလွန်တရာ ကြောက်လန့်သွားသဖြင့် ဘောင်းဘီထဲ သေးထွက်ကျသွားလေသည်။
"ငါတို့အားလုံးက မိသားစုတွေပါ၊ ဒါ ငါ့အမှားပါ၊ ဒီတစ်ကြိမ်တော့ ငါ့ကို ခွင့်လွှတ်ပေးပါ၊ တူမလေး အရင်က ဦးလေး မင်းကိုအချစ်ဆုံးလေ၊ ကိုယ့်သမီးအရင်းထက်တောင် ပိုချစ်ခဲ့တာပါ၊ ဦးလေးက လောဘကြောင့် ခဏတာ မျက်ကန်းဖြစ်သွားခဲ့တာ၊ ပြီးတာနဲ့ ချက်ချင်းနောင်တရပြီး မင်းကိုလိုက်ရှာဖို့ လူတွေလွှတ်ခဲ့ပေမဲ့ သူတို့ မင်းကိုရှာမတွေ့ခဲ့ဘူး"
"ဒီစကားတွေကို ငရဲပြည်ကျမှပဲသွားပြောလိုက်ပါ"
'ဒီခန္ဓာကိုယ်ပိုင်ရှင်အစစ်က သေဆုံးသွားပြီမလို့ ဒီတရားခံကို ခွင့်လွှတ်ပေးဖို့ တောင်းပန်စကားတွေကို ငရဲပြည်က ပိုင်ရှင်အစစ်ဆီမှာပဲ သွားပြောခိုင်းပြီး သူမက ဘယ်လိုတုံ့ပြန်ဖို့ဆုံးဖြတ်မလဲ ဆိုတာကိုကြည့်လိုက်တာ အကောင်းဆုံးပဲ'
လင်းယွဲ့လှည့်ထွက်သွားစဉ်မှာပင် ကုလင်၏ဓားက ခုတ်ချလိုက်ရာ သွေးများ မြေကြီးပေါ်သို့ ပန်းထွက်ကျသွားလေသည်။
‘နင့်အတွက် ငါလက်စားချေပေးလိုက်ပြီ’
လင်းယွဲ့စိတ်ထဲမှ တွေးလိုက်သည်။
"နောင်ဘဝမှာ နင်ပျော်ရွှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
သူမ၏မင်္ဂလာဆောင်နေ့တွင် ဖီးနစ်သရဖူနှင့် အနီရောင်ဝတ်ရုံကိုဆင်မြန်းထားပြီး နားကွဲမတတ်မောင်းသံ ဗုံသံများကြားတွင် နန်းတွင်းတီးဝိုင်းကအသံမြင့်မြင့်ဖြင့် စိတ်လှုပ်ရှားဖွယ်တေးသွားကို တီးခတ်နေလေသည်။ လင်းယွဲ့ဖြတ်လျှောက်သွားသောအခါ မရေမတွက်နိုင်သောလူများက ဒူးထောက်ကာ သူတို့၏ကောင်းချီးများကိုပေးကြပြီး သူတို့မျက်နှာများတွင် ပျော်ရွှင်မှုများ တောက်ပနေလေသည်။
အနီရောင် နံရံများအတွင်းတွင် လင်းယွဲ့ ဝေါယာဉ်ပေါ်မှဆင်းပြီးနောက် သူတို့က အဓိကခန်းမဆောင်ကြီးဆီသို့ တိုက်ရိုက်ဦးတည်နေသော အနီရောင် ကော်ဇောခင်းထားသည့် လမ်းမကြီး တစ်လျှောက် လျှောက်လှမ်းသွားကြလေ၏။ ကုလင်က သတ်မှတ်ထားသော ထုံးတမ်းစဉ်လာများကိုမလိုက်နာခဲ့ပေ။
တကယ်ဆိုလျှင် မိဖုရားအဖြစ်ဘွဲ့အမည်တစ်ခုသာ ပေးအပ်သင့်သော်လည်း သူနှင့် လင်းယွဲ့တို့က သာမန်လူများကဲ့သို့ပင် ပြုမူခဲ့ကြပြီး မင်္ဂလာဦးညအခန်းထဲသို့မဝင်မီ ကောင်းကင်နှင့် မြေကြီးကိုဦးညွှတ် ကန်တော့ခဲ့ကြလေသည်။ ကုလင်က လင်းယွဲ့၏မျက်နှာဖုံးပဝါကို မ,တင်လိုက်သောအခါ သူမမျက်နှာတွင် အဖြူရောင်ပေါင်ဒါများ လိမ်းခြယ်ထားပြီး နှုတ်ခမ်းများနီမြန်းနေကာ အလွန်တရာလှပနေသည်ကို တွေ့လိုက်ရလေ၏။ သူ့ရင်ခုန်သံများမြန်ဆန်လာပြီး လေထဲတွင် လွင့်မျောနေသလို ဘယ်ကိုရောက်နေမှန်းမသိတော့သကဲ့သို့ ခြေထောက်များအားနည်းသွားသည်ဟု ခံစားလိုက်ရလေသည်။ လင်းယွဲ့လက်လှမ်းကာ သူ့လည်ပင်းကိုသိုင်းဖက်လိုက်သည်။
"ယောကျ်ား ဒီဖီးနစ်သရဖူကိုချွတ်ဖို့ ကူညီပါဦး"
ကုလင် တံတွေးကို ခက်ခဲစွာမျိုချလိုက်ပြီး လင်းယွဲ့၏ဖီးနစ်သရဖူကို အလွန် ညင်သာစွာချွတ်ပေးလိုက်လေသည်။
"ကျွန်မ အရင်သွားဆေးကြောလိုက်ဦးမယ်"
လင်းယွဲ့ပြောလိုက်သော်လည်း သူမ မတ်တတ်မရပ်နိုင်မီမှာပင် ကုလင်က သူမပခုံးကို အောက်သို့ဖိချလိုက်လေသည်။ အခန်းထဲရှိ အစေခံမလေးများ အားလုံးကို အပြင်သို့ထွက်သွားရန် အမိန့်ပေးထားပြီးဖြစ်ရာ အခန်းထဲတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။ ကုလင်က သူမကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေပြီး သူတို့အသက်ရှူငွေ့များ ရောယှက်သွားကာ လင်းယွဲ့လည်း တင်းမာနေသောလေထုကို ခံစားလိုက်ရလေသည်။
သူ့လက်က သူမ၏အင်္ကျီကြယ်သီးကို ထိတွေ့သွားပြီး ညင်သာစွာဖြုတ်လိုက်လေသည်။ သူမအတိတ်ဘဝတွင် လင်းယွဲ့က သူမအသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက်သာ အာရုံစိုက်ခဲ့ပြီး တစ်ခါမှ ရည်းစားမထားခဲ့ဖူးပေ။ သေချာပြင်ဆင်ထားသော်လည်း အခြေအနေက ဤမျှညှဉ်းပန်းနှိပ်စက်သလိုဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမမျက်တောင်များ တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး ကုလင်၏လက်ကို မသိစိတ်အရဆုပ်ကိုင်ကာ သူ့ကိုတားဆီးလိုက်လေသည်။
"မကြောက်ပါနဲ့၊ ကိုယ် ညင်သာပါ့မယ်"
ကုလင်၏နူးညံ့စွာချော့မော့သံတွင် လှည့်စားမှုနှင့် သွေးဆောင်ဖြားယောင်းမှု အရိပ်အယောင် အနည်းငယ်ပါဝင်နေလေသည်။ လင်းယွဲ့မျက်လုံးများကို မှိတ်လိုက်၏။ ညတစ်ညလုံး သူမက ရေချိုးရန် လေးကြိမ်ခေါ်တောင်းခဲ့ရပြီး မိုးလင်းစပြုချိန်မှသာ အိပ်ပျော်သွားလေတော့သည်။
သို့သော် သူတို့၏ပျားရည်ဆမ်းခရီးကို အချိန်အတော်ကြာအောင် မခံစားလိုက်ရမီမှာပင် တိုင်တန်းဖို့ထားသောဗုံကြီးကို တပ်ဆင်ပြီးကတည်းက နန်းတွင်း အရာရှိအများစုမှာ အရေးယူဖြေရှင်းခြင်းခံလိုက်ရကြောင်း သူတို့တွေ့ရှိလိုက်ရလေသည်။ ကုလင်နှင့် လင်းယွဲ့တို့မှာ အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ နန်းတွင်းစာမေးပွဲများအတွက် စည်းမျဉ်းများရေးဆွဲရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
သို့သော် သူတို့က သမားရိုးကျ လမ်းကြောင်းကို ထပ်မံဆန့်ကျင်ခဲ့ပြီး စာမေးပွဲများတွင် မိသားစုနောက်ခံကို ထည့်သွင်းမစဉ်းစားဘဲ မည်သူမဆိုဝင်ရောက်ဖြေဆိုခွင့်ရှိရမည်ဟု တောင်းဆိုခဲ့ကြလေသည်။ ဤတစ်ကြိမ်တွင် နန်းတွင်းအရာရှိများက ငြင်းဆန်ခဲ့ကြသော်လည်း ကန့်ကွက်မှုမှာ အရင်လောက်မပြင်းထန်တော့ပေ။
လင်းယွဲ့၏စိတ်ကူးများမှာလည်း ပိုမို သက်ဝင်လှုပ်ရှားလာလေသည်။ သူမက ပင်လယ်ပြင်သို့ထွက်ချင်နေလေသည်။ သို့သော် ပထမဆုံးအနေဖြင့် သူမက ဂျပန်ကဲ့သို့သော လက်ငင်း အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အီဝါမီငွေတွင်းကို သိမ်းပိုက်ရန် လိုအပ်လေသည်။ ထို့နောက်မှ တဖြည်းဖြည်း ချဲ့ထွင်ရမည်။
သမိုင်းတစ်လျှောက် မိဖုရားခေါင်ကြီးများကို နန်းတော်မှထွက်ခွာခွင့် တားမြစ်ထားပြီး မြို့ရိုးများအတွင်းတွင်သာ ကန့်သတ်ထားလေ့ရှိသော်လည်း ကုလင်နှင့် လင်းယွဲ့တို့က စည်းကမ်းများကို လိုက်နာမည့်သူများ ဘယ်သောအခါမှမဟုတ်ခဲ့ပေ။ သူတို့ကပြောင်းလဲပစ်ချင်သူများဖြစ်ပြီး ပြောင်းလဲခံရမည့်သူများမဟုတ်ပေ။
ရှေ့ဆက်ရမည့် လမ်းခရီးက ရှည်လျားနေဦးမည်ဆိုလျှင်တောင်မှ လင်းယွဲ့က သူမနှလုံးသားထဲတွင် ကိန်းအောင်းနေသော ပြည်သူ့အကျိုးကို ထမ်းဆောင်ရန်ဟူသည့် ရည်မှန်းချက်အတွက် ဆက်လက်ကြိုးပမ်းအားထုတ်သွားမည် ဖြစ်သည်။