အခန်း (၇၃၃-၇၃၄)
Vol. 62 Ch. 733-734
အခန်း(၇၃၃)
မိုက်ကယ်က သဲကန္တာရအလယ်ကို ပြန်ရောက်သွားပြီးနောက် သက်ပြင်းချလိုက်တယ်။ အမှောင်နတ်ဆိုးတွေ ပြည့်နှက်နေတဲ့ တားမြစ်ကျွန်း ရဲ့ အလယ်တည့်တည့်မှာ သူ ရောက်နေခဲ့မှန်း သိလိုက်ရပြီးတဲ့နောက် အဲဒီသတ္တဝါ တစ်ကောင် နှစ်ကောင်လောက်က သူ့အနောက်ကနေ ရုတ်တရက် ကပ်လာပြီး သတိပေးချက်မရှိဘဲ ပေါက်ကွဲသွားမှာကို သူ စိုးရိမ်နေခဲ့တာလေ။
ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ဘဲ အယ်လ်ဖ်ဘုရင့်နိုင်ငံဆီကနေ သူ လိုအပ်တဲ့ မြေကြီးကို ရရှိခဲ့တယ်။
သူက အနှေးနဲ့အမြန် တားမြစ်ကျွန်းကို စူးစမ်းလေ့လာဖို့ စီစဉ်ထားပြီး အယ်လ်ဖ်ဘုရင့်နိုင်ငံရဲ့ ပင်မတိုက်ကြီးဆီကိုတောင် သွားကောင်းသွားနိုင်ပေမဲ့ အဲဒါက နောက်မှလုပ်ရမယ့် ကိစ္စလေ။ အနည်းဆုံး ဒရာဂွန်ဘွန်းတွေ အားလုံး သူတို့ရဲ့ စွမ်းရည်တွေကို နိုးထလာပြီးတဲ့အချိန်မှပေါ့။ အဲဒီလိုဆိုရင် သူ တစ်ယောက်တည်း ဖြစ်မနေတော့ဘူးလေ။
'ဒါနဲ့စကားမစပ် ဒရာဂွန်ဘွန်းတွေ နိုးထလာမယ်ဆိုတဲ့ စွမ်းအားနဲ့ပတ်သက်ပြီး ငါ စပ်စုချင်မိသား'
အခုလောလောဆယ်မှာတော့ ရှီနာ တစ်ယောက်တည်းကသာ ဒီဗာ ကို နိုးထနိုင်ခဲ့တဲ့ ဒရာဂွန်ဘွန်း ဖြစ်တယ်။ ပြီးတော့ သူမရဲ့ နေ့စဉ် အစီရင်ခံစာတွေအရ လေ့ကျင့်နေစဉ်အတွင်း ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ဘူး။
'သူတို့က ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ သတ်မှတ်ထားတဲ့ အဆင့်တစ်ခုအထိ တက်လှမ်းဖို့ လိုအပ်နေတာလား'
အမှန်တရား ပေါ်ထွက်လာမယ့်အချိန်အထိ သူ စောင့်ရုံပဲ ရှိတော့တယ်။ သူ လုပ်နေကျအရာတွေကို ဆက်လုပ်ဖို့ပဲ နတ်ဘုရားမက ပြောခဲ့တယ်လေ။
'အခု ငါ စိုက်ခင်းကို ပြင်ဆင်ဖို့ လိုနေပြီ'
သူ့မှာ မြေကြီး ရှိနေပြီဖြစ်သလို ဘယ်လို လုပ်ရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေလည်း ရှိနေတယ်။ အခု သူ လိုအပ်တာက တကယ့် ရေဂီယို သက်သက်ပဲ။
[မှော်ကမ္ဘာငယ်လေး]
- - ရေဂီယို
- - သီးသန့်အခန်း = ၁
- - XXXXX
အဲဒီ အဆင့်မြှင့်တင်မှုကို ဝယ်ယူဖို့ ဝိညာဉ်ဆီ တစ်စက်ပဲ သူ လိုအပ်တော့တယ်။ ပြဿနာက သူ့မှာ ပိုလျှံနေတာ မရှိတော့တာပဲ။ ဒရုန်းအသေးကို အဆင့်မြှင့်တင်ဖို့ သူ့ဆီမှာရှိတဲ့ ဝိညာဉ်ဆီတွေနဲ့ သဲဒင်္ဂါးတွေ အားလုံးကို သုံးပစ်လိုက်ပြီလေ။
'ရိုလာကိုစတာတော့ အဆင်ပြေနေမယ်လို့ မျှော်လင့်ရတာပဲ'
သဲဒင်္ဂါးတွေ ရနိုင်မယ့် သူ့ရဲ့ တစ်ခုတည်းသော ဝင်ငွေရင်းမြစ်က ရေလူသား အပြင်အဆင်နဲ့ ရိုလာကိုစတာ နှစ်ခုပဲ ရှိတယ်။ အဲဒါက တစ်ရက်တည်းနဲ့တင် သဲဒင်္ဂါး ရာပေါင်းများစွာကို ဝင်ငွေရှာပေးနေတာမို့ တစ်လတောင် မပြည့်သေးပေမဲ့ လက်မှတ်ရောင်းရငွေကနေ သဲဒင်္ဂါးတွေ အများကြီး ရနေလောက်ပြီ။
သူက ရီနေးတားနိုင်ငံဆီ ချက်ချင်းပဲ ပြန်လည်ကူးပြောင်းသွားပြီး ကက်စတယ်လာကို လိုက်ရှာတော့တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း CEO အစေခံမလေးက အလုပ်များနေခဲ့ပြီး မိန်းလမ်းမက သူတို့ရဲ့ ကုမ္ပဏီအပြင် ကစားကွင်းကိုပါ ကြီးကြပ်ပေးနေရတာမို့ ရက်အနည်းငယ်ကြာတိုင်း မက်ထရိုပိုလစ် ကနေ ရီနေးတားနိုင်ငံဆီကို အသွားအပြန် ခရီးသွားနေခဲ့ရတယ်။
"ဟေး ကက်စတယ်လာ"
ကက်စတယ်လာက သူမ စားပွဲပေါ်က စာရွက်စာတမ်းပုံကြီးကြားထဲကနေ ထွက်ကြည့်လာပြီး သူ့ကို မြင်တာနဲ့ အရိုအသေပေးလိုက်တယ်။ "သခင်လေး"
"ရိုလာကိုစတာ အခြေအနေ ဘယ်လိုရှိလဲ" လို့ သူက သူမကို မေးလိုက်တယ်။
"သိပ်ကို အဆင်ပြေနေပါတယ် သခင်လေး... ပြီးခဲ့တဲ့လက လက်မှတ်ရောင်းရငွေထက်တောင် ကျော်လွန်သွားဖို့ ရှိနေပါတယ်"
ဒါက ကြားရတာ သိပ်ကို ကောင်းတဲ့ကိစ္စပဲ။ "တစ်သောင်း ပြည့်သွားပြီလား"
ကက်စတယ်လာက မှတ်တမ်းစာအုပ်တွေကိုတောင် လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်တယ်။ "သဲဒင်္ဂါး ၈၅၆၆ တိတိပါ သခင်... ဒီနေ့အကုန်မှာတော့ ၈၆၀၀ ပြည့်ပါလိမ့်မယ်"
"ဒါဆို အဆင်ပြေတာပေါ့"
သူ့ရဲ့ သိုလှောင်ခန်းထဲမှာ သဲဒင်္ဂါး ၁၅၂၃ ပြား တိတိ ကျန်နေသေးတယ်။ အဲဒါကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရောင်းရထားတဲ့ ၈၅၀၀ နဲ့ ပေါင်းလိုက်ရင် ဝိညာဉ်ဆီ တစ်စက် ဝယ်ဖို့ အလုံအလောက် ဖြစ်သွားပြီလေ။
"အခုလောလောဆယ် အဲဒီ သဲဒင်္ဂါးတွေကို ငါ လိုအပ်တယ်" လို့ သူက သူမကို ပြောလိုက်တယ်။
"ဟုတ်ကဲ့ပါ" လို့ ကက်စတယ်လာက ပြန်ဖြေလိုက်တယ်။ ပြီးတော့ သူမက အရိပ်ထဲကို လက်နှိုက်လိုက်ပြီး သူတို့ ရရှိထားတဲ့ သဲဒင်္ဂါးတွေ အားလုံး ပါဝင်တဲ့ အိတ်တစ်လုံးကို ထုတ်ယူလိုက်တယ်။
မိုက်ကယ်က ပိုက်ဆံတွေကို ဝမ်းသာအားရ ယူလိုက်ပြီး ကျေးဇူးတင်စကား ဆိုကာ ရီနေးတားနိုင်ငံထဲက ရေလူသားတွေရဲ့ ယာယီနေအိမ်ဆီကို ကူးပြောင်းသွားခဲ့တယ်။
ဝိညာဉ်ဆီ ထပ်ဝယ်ဖို့ သူက ဆရီနာရဲ့ အကူအညီကို တောင်းခံလိုက်ပြီး သူမကလည်း မှော်ရေဝဲကြီးကို ဝမ်းပန်းတသာ ဆင့်ခေါ်ပေးခဲ့တယ်။
သူ့ရဲ့ ပိုက်ဆံတွေအားလုံးကို အဲဒီထဲ ထည့်လိုက်ပြီးတဲ့နောက် ဝိညာဉ်ဆီ ဖန်ပုလင်းငယ် တစ်လုံးက အပေါက်ထဲကနေ ပန်းထွက်လာပြီး သူ့လက်ဖဝါးပေါ် တိုက်ရိုက် ကျဆင်းလာတယ်။
သူ လိုအပ်တာကို ရပြီးတာနဲ့ တစ်ပြိုင်နက် ဝိညာဉ်ဆီ တစ်စက်ကို သူ့ရဲ့ အဓိကဒရုန်းပေါ် အမြန် လောင်းချလိုက်ပြီး ကိုယ်ထည်ထဲကို စိမ့်ဝင်သွားစေလိုက်တယ်။
[မီသရယ် မှော်ဝင်ပစ္စည်း... ဒရုန်း]
[ဝိဉာဉ်ဆီ... ၁ စက်]
[မှော်ကမ္ဘာငယ်လေး]
- - ရေဂီယို
- - သီးသန့်အခန်း = ၁
- - XXXXX
သူက အဆင့်မြှင့်တင်မှုကို ဝယ်ယူလိုက်တာနဲ့ ဒရုန်းထဲက နာနိုအမှုန်တွေ အလုပ်စလုပ်နေတာကို ချက်ချင်း မြင်လိုက်ရတယ်။ အဲဒါတွေက မျက်နှာပြင်ပေါ်ကနေ လွင့်ပျံသွားပြီး ကိုယ်ထည်ထဲက တံခါးပေါက်ငယ်လေးတွေကနေတစ်ဆင့် တကယ့် မှော်ကမ္ဘာငယ်လေးထဲကို ဝင်ရောက်သွားကြတယ်။
ဆယ်မိနစ်လောက် ကြာပြီးနောက်မှာတော့ အဆင့်မြှင့်တင်မှုက နောက်ဆုံးမှာ ပြီးစီးသွားခဲ့တယ်။
သူက ရေဂီယိုထဲ ဝင်လိုက်တာနဲ့ ထိန်းချုပ်ခန်းထဲကို ပြန်ရောက်သွားတယ်။
သူက ခေါင်းလှည့်လိုက်ပြီး ဘယ်ဘက်အစွန်ဆုံးမှာ ရှိနေတဲ့ အခန်းကို မြင်လိုက်ရတယ်။
ဘဏ်ငွေတိုက်လို သော့ခတ်ထားလေ့ရှိတဲ့ အခန်းက အခုတော့ အပြည့်အဝ ပွင့်ဟနေပြီး အတွင်းက အဖြူရောင် လွတ်လပ်တဲ့ နေရာလွတ်ကြီးတစ်ခုဆီကို ဦးတည်နေတယ်။
ဒါပေမဲ့ အခန်းထဲ မဝင်ခင် တံခါးဘေးက ကွန်ပျူတာတွေပေါ်က စောင့်ကြည့်စခရင်တွေနဲ့ တိုင်းတာမှု အချက်အလက်တွေကို သူ ကြည့်လိုက်တယ်။
အခုတော့ အဲဒါတွေက ပွင့်နေပြီး အတွင်းဘက် သီးသန့်အခန်း ရဲ့ CCTV မြင်ကွင်းတွေကို ပြသနေတယ်။ ဒါတင်မကဘဲ အဲဒီမှာပါတဲ့ မောက်စ်နဲ့ ကီးဘုတ်ကို သုံးပြီး ကွန်ပျူတာပေါ်က ဆက်တင်တွေကို ဝင်ကြည့်လိုက်တဲ့အခါ အခန်းတွင်း အပူချိန်၊ စိုထိုင်းဆနဲ့ အလုံပိတ်အခန်းတစ်ခုအတွက် အရေးကြီးတဲ့ တခြား အတိုင်းအတာ မှန်သမျှလိုမျိုး သူ ဖွင့်လို့ရတဲ့ ရွေးချယ်စရာ အမျိုးစုံကိုပါ မြင်တွေ့လိုက်ရတယ်။
ဒီဆက်တင်တွေနဲ့ဆိုရင် အမှောင်သစ်သား ကို စောင့်ကြည့်ဖို့ အများကြီး ပိုလွယ်ကူသွားတော့မှာပဲ။
ပြီးတော့ နောက်ဆုံးမှာ သူက သီးသန့်အခန်း ထဲကို ဝင်လိုက်တယ်။
အထဲကို ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် လုံးဝ ဖြူဖွေးနေတဲ့ နေရာလွတ်ကြီးတစ်ခုထဲကို သူ ရောက်သွားတယ်။ နံရံတွေမှာ မြင်နိုင်တဲ့ အနားသတ်တွေ မရှိတာမို့ အဆုံးအစမရှိသလို ဖြစ်နေတယ်။
ဒါပေမဲ့ နံရံရဲ့ အနားသတ်ဘက်ကို လျှောက်သွားလိုက်တဲ့အခါ ခိုင်မာတဲ့ နံရံတစ်ခုနဲ့တူတဲ့ မျက်မြင်မရတဲ့ အတားအဆီးတစ်ခုကို သူ ခံစားလိုက်ရတယ်။
ဖော်ပြချက်ထဲကအတိုင်းပဲ အခန်းရဲ့ အကျယ်အဝန်းက ၁၀ ပေ ပတ်လည် အတိအကျဖြစ်ပြီး စိုက်ခင်းငယ်လေး တစ်ခုအတွက်တော့ အတော်ပဲလေ။
'မြေကြီးတွေ ခင်းရမယ့် အချိန်ရောက်ပြီ... စမ်းသပ်ချက်တွေအရ အမှောင်သစ်သား တွေ အမြစ်တွယ်နိုင်ဖို့ အယ်လ်ဖ်ဘုရင့်နိုင်ငံက မြေကြီး အနက် ၂ ပေ တိတိ လိုအပ်တယ်'
သူက တားမြစ်ကျွန်း ကနေ တိုက်ရိုက် သယ်ဆောင်လာတဲ့ အယ်လ်ဖ်မြေကြီး ကုဗပေ ၂၀၀ တိတိကို ထုတ်ယူလိုက်တယ်။
သူ့ရဲ့ အရိပ်သိုလှောင်ခန်းထဲကနေ မြေကြီးပုံကြီး ထွက်မလာခင် သူ့လက်ဖဝါးတွေရှေ့မှာ မှော်အစီအရင်တစ်ခု ပေါ်လာခဲ့တယ်။
မြေကြီးကို ညီညာအောင် ညှိလိုက်ပြီးတဲ့နောက် စိုက်ခင်းရဲ့ ပထမဆုံးအပိုင်းက နောက်ဆုံးတော့ ပြီးစီးသွားခဲ့တယ်။
'နိုဗာ... မြေကြီးကို ခွဲခြမ်းစိတ်ဖြာပြီး အမှောင်သစ်သား စမ်းသပ်ချက်တွေအရ အတိုင်းအတာတွေနဲ့ ကိုက်ညီမှု ရှိမရှိ ကြည့်ပေးနိုင်မလား'
သူ့ရဲ့ ကိုယ်ပိုင် အေအိုင် လက်ထောက်က သူမရဲ့ အကဲဖြတ်ချက်ကို ထုတ်မပေးခင် စက္ကန့်အနည်းငယ်သာ ကြာလိုက်တယ်။
[အယ်လ်ဖ်မြေကြီးကို ကောင်းစွာ ထိန်းသိမ်းထားပြီး အမှောင်သစ်သား လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ အကျိုးပြု ဘက်တီးရီးယား ဂေဟစနစ် အများစုကို ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ အမှောင်သစ်သား ရှင်သန်ဖို့ လိုအပ်တဲ့ သင့်လျော်တဲ့ စိုထိုင်းဆနဲ့ အပူချိန်တော့ လိုအပ်နေဆဲပါ]
အမှောင်သစ်သားကို ဒီကို မယူလာခင် အရာအားလုံး အဆင်သင့် ဖြစ်မဖြစ် သူ သေချာစစ်ဆေးဖို့ လိုအပ်တယ်။
'စိုထိုင်းဆအတွက်ဆိုရင် ရိုးရှင်းတဲ့ ရေဖျန်းစနစ်တစ်ခုက လုံလောက်တယ် မဟုတ်လား'
[ဟုတ်ပါတယ် မိုက်ကယ်... သင့်လျော်တဲ့ ရေဖျန်းစနစ်တစ်ခုကို အခု ပုံဖော်နေပါတယ်]
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဗိသုကာပုံစံ အသစ်တစ်ခုက သူ့ဦးနှောက်ထဲကို ဒေါင်းလုဒ်ဝင်လာတယ်။
အလိုအလျောက် အလုပ်လုပ်နိုင်ဖို့အတွက် လေထုနဲ့ မြေကြီးရဲ့ စိုထိုင်းဆက သင့်လျော်တဲ့ အဆင့်မှာ မရှိတဲ့အချိန်တိုင်း ရေဖျန်းပေးမယ့် ရိုးရှင်းတဲ့ လျှပ်စစ်ပတ်လမ်းတစ်ခုကို နိုဗာက ဖန်တီးပေးခဲ့တယ်။
သေချာတာကတော့ ဒါက လျှပ်စစ်စွမ်းအင် လိုအပ်ပြီး တော်တော်လေး လွယ်ကူတဲ့ ကိစ္စပဲလေ။ သဟဇာတဗုံး မှာ ပါပြီးသားဖြစ်တဲ့ ဘက်ထရီတစ်ခုပဲ သူ လိုအပ်တာ။ မီသရယ်ကို ဒြပ်စင်ရှစ်မျိုးစလုံးရဲ့ မှော်စွမ်းအင်တွေနဲ့ ပေါင်းစပ်လိုက်ရင် ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖန်တီးနိုင်တယ်။ ဒါပေမဲ့ အဲဒါက သေးငယ်လွန်းရင်တော့ အကန့်အသတ်မရှိတဲ့ စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်လာနိုင်တယ်။
အခု သူ့မှာ ရှိနေတဲ့ ပြဿနာက တကယ့် ရေအရင်းအမြစ်ပဲ။
စမ်းသပ်ချက်တွေအရ မှော်ပညာကနေ ရတဲ့ရေကို လုံးဝ တားမြစ်ထားတယ်။ အဲဒါက အမှောင်သစ်သား ကို ညစ်ညမ်းစေပြီး ညှိုးနွမ်းသေဆုံးသွားစေနိုင်တယ်။
သူ သဘာဝရေ လိုအပ်တာမို့ သီးသန့်အခန်း ထဲမှာ ရေကန်တစ်ခု တည်ဆောက်ရမှာဖြစ်ပြီး ရက်အနည်းငယ်ကြာတိုင်း ရေပြန်ဖြည့်ပေးဖို့ လိုအပ်နေတယ်။
* * * * * * * *
စာစဉ်(၆၂)
အခန်း(၇၃၄)
အမှောင်သစ်သားက သူစုပ်ယူသမျှ ရေအားလုံးကို သူ့ရဲ့ အမြစ်တွေထဲ စုပ်ယူသွားတာမို့ မြေကြီးထဲကနေ ရေကို ပြန်သုံးလို့မရနိုင်ဘူး။
ဒါက အဆင်မပြေပေမဲ့ စိုက်ပျိုးရေးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတော့ မဟုတ်ဘူး။
အခု ရေထုတ်လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ ဥပမာ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ဓာတ်ငွေ့အရောအနှောကို လောင်ကျွမ်းစေတာကနေ အရည်အဖြစ် ရေကို ဖြစ်ပေါ်စေတဲ့ ဓာတ်ပြုမှုတစ်ခု ထွက်ပေါ်လာနိုင်တယ်။ အာကာသစခန်းတွေမှာ သုံးနေကြတဲ့ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်စနစ် လို့ခေါ်တဲ့ အရာတွေတောင် ရှိသေးတယ်။
ဒါပေမဲ့ အဲဒီအရာတွေအားလုံးက ဒီလို နေရာကျဉ်းကျဉ်းလေးမှာ အကောင်အထည်ဖော်ဖို့ အရမ်းကြီးမားနေတယ်။ ၁၀ ပေ ပတ်လည် အခန်းလေးက အမှောင်သစ်သားတစ်ပင် စိုက်ဖို့ပဲ လုံလောက်တဲ့ နေရာလေးလေ။
သီးသန့်အခန်းကို ပိုကြီးလာအောင် အဆင့်မြှင့်လို့ ရပေမဲ့ ဒီအမှောင်သစ်သားစိုက်ပျိုးမှုက အကျိုးအမြတ်များတယ်ဆိုတာ သေချာသွားရင် ပိုကြီးတဲ့ စိုက်ပျိုးမြေတစ်ခု အရင်ဖန်တီးဖို့ သူ စီစဉ်ထားခဲ့တာ။
သူက အမှောင်သစ်သားတွေကို တတ်နိုင်သမျှ အများဆုံး စိုက်ပျိုးဖို့ ဦးစားပေးချင်တာမို့ ရေအလိုအလျောက်ရဖို့ စက်ကိရိယာကြီးတစ်ခု တပ်ဆင်ဖို့ နေရာချန်ထားတာမျိုးက လောလောဆယ် ဖြစ်နိုင်မှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် ရေပြန်ဖြည့်တာက သိပ်ပြီး အလုပ်ရှုပ်တာမျိုး မဟုတ်ပါဘူး။ သူ့အတွက် အများဆုံးမှ မိနစ်အနည်းငယ်လောက်ပဲ ကြာမှာလေ။
'နောက်ထပ် အပူနဲ့ နေရောင်ခြည် ဖန်တီးဖို့ နည်းလမ်းတစ်ခု ရှာရမယ်'
ရေလိုပဲ အမှောင်သစ်သားက မှော်ပညာ အကူအညီမပါဘဲ သဘာဝအပူနဲ့ အလင်းရောင် လိုအပ်တယ်။
နေရောင်ခြည် ထုတ်လုပ်ဖို့ကတော့ လွယ်ကူတယ်။ သူ့ရဲ့ ယခင်ကမ္ဘာက မှန်လုံအိမ်တွေ လုပ်ခဲ့တဲ့အတိုင်း သူ လိုက်လုပ်ဖို့ပဲ။
[သင့်လျော်တဲ့ အလင်းရင်းမြစ်တစ်ခု ဖန်တီးနေပါတယ်]
စက္ကန့်အနည်းငယ်ကြာတော့ သီးသန့်အခန်းရဲ့ အပေါ်ဘက်မှာရှိတဲ့ မီးအလင်းရောင်တပ်ဆင်မှု အသစ်တွေရဲ့ ပုံစံကြမ်းတစ်ခု သူ့ကို ပြသလာတယ်။ အဲဒါက ရေဖျန်းစက်တွေလိုပဲ သဟဇာတဘက်ထရီကလာတဲ့ လျှပ်စစ်ကို အသုံးပြုမှာဖြစ်ပြီး စမ်းသပ်ချက်တွေအရ အမှောင်သစ်သားရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် အထူးချိန်ညှိထားတဲ့ အာရုံခံကိရိယာနဲ့ အချိန်တိုင်းစက် ပါဝင်မှာပဲ။
သဟဇာတဘက်ထရီနဲ့ ချိတ်ဆက်ထားတဲ့ အပူပေးစက်တစ်ခုပဲ လိုအပ်တာမို့ အပူပိုင်းကလည်း လွယ်ကူတယ်။
'နောက်တစ်ခုက လေပဲ... အမှောင်သစ်သားက သူ့ပင်စည်တစ်ခုလုံး ပတ်ပတ်လည်မှာ လေဝင်လေထွက် အလုံအလောက် လိုအပ်တယ်'
နိုဗာက သီးသန့်အခန်းရဲ့ မမြင်ရတဲ့ နံရံတွေ ပတ်ပတ်လည်မှာ လေဝင်လေထွက်စနစ်တစ်ခုကို ပုံစံထုတ်ပေးခဲ့ပြီး ပန်ကာတွေက အမှောင်သစ်သား ကြီးထွားလာမယ့်နေရာကို တိုက်ရိုက် ချိန်ရွယ်ထားတယ်။
နောက်ဆုံးမှာတော့ ပုံစံထုတ်တဲ့အဆင့် ပြီးဆုံးသွားပြီ။ အခု သူ ဒီစနစ်တွေကို တည်ဆောက်ဖို့ပဲ လိုတော့တယ်။
သူက ဝင်လာခဲ့တဲ့ တံခါးကနေ ပြန်ထွက်ပြီး သီးသန့်အခန်းထဲကနေ အမြန်ထွက်သွားခဲ့တယ်။
ပြီးတော့ ဒရုန်းထဲကနေ ရီနေးတားနိုင်ငံမှာရှိတဲ့ လူပုပန်းပဲဖိုတွေဆီကို တိုက်ရိုက် နေရာရွှေ့ပြောင်းသွားခဲ့တယ်။
ဘယ်ညာပခုံးတွေပေါ်မှာ သတ္တုတုံးကြီးတွေကို သယ်ဆောင်နေကြတဲ့ လူပုတွေနဲ့အတူ အလုပ်များနေတဲ့ အလုပ်ချိန်တစ်ခုရဲ့ အလယ်ဗဟိုကို သူ ရောက်သွားခဲ့တာပဲ။
"သခင်... မတွေ့ရတာ ကြာပြီနော်"
"သခင် ဘေ့စ်ဘောပွဲတွေမှာ မပေါ်လာတာ အတော်ကြာနေပြီ"
လူပုတွေက သူတို့ရဲ့ ပေတုံးတွေပေါ်မှာ သတ္တုတွေကို ထုနှက်နေရင်းနဲ့ သူ့ကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြတယ်။ ရီနေးတားနိုင်ငံရဲ့ အခြေအနေတွေအရ သူတို့အားလုံး အတော်လေး အလုပ်များနေကြတာ။ နေ့စဉ်နဲ့အမျှ ကြီးကျယ်ခမ်းနားတဲ့ သူတို့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ဖို့ ရွေးချယ်လာသူတွေ ပိုများလာတာနဲ့အမျှ တည်ဆောက်ဖို့ လိုအပ်တဲ့ အဆောက်အအုံသစ်တွေနဲ့ အိမ်တွေ ရှိနေခဲ့တယ်လေ။
"အားတဲ့သူ ရှိလား... ငါ ပရောဂျက်တစ်ခုအတွက် အကူအညီ နည်းနည်း လိုနေတယ်" လို့ သူက အော်ပြောလိုက်တယ်။
ချက်ချင်းပဲ လူပုတော်တော်များများက သူတို့ လုပ်လက်စအလုပ်တွေကို ချထားခဲ့ပြီး သူတို့ရဲ့ တူတွေကို လေထဲ မြှောက်ပြလိုက်ကြတယ်။
"ကျွန်တော် လုပ်ပေးမယ် သခင်"
"ကျွန်တော် ကူညီနိုင်တယ်"
"ကျွန်တော့်ကိုသာ လုပ်ခိုင်းလိုက်ပါ သခင်"
နိုဗာရဲ့ ကျေးဇူးကြောင့် ဒီအလုပ်အတွက် ဘယ်သူက အကောင်းဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ လူပုတစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေကို သူ အကဲဖြတ်နိုင်ခဲ့တယ်။
အဲဒီနောက် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး လေထဲမှာ ပုံစံကြမ်းတော်တော်များများကို ပုံဖော်လိုက်တယ်။ အဲဒီပုံစံကြမ်း တစ်ခုချင်းစီက ပရောဂျက်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ အရည်အချင်းရှိတဲ့ လူပုတွေဆီကို အသီးသီး ရောက်သွားခဲ့တယ်။
ပြီးတော့ သူတို့က နိုဗာ ဖန်တီးပေးထားတဲ့ ပုံစံကြမ်းနဲ့အညီ တိကျစွာ ပုံသွင်းထားတဲ့ သတ္တုတွေကို ထုတ်လုပ်ရင်း အလုပ်ကို အမြန် စတင်လိုက်ကြတယ်။
သူတို့က လေးလံတဲ့ အလုပ်တွေအားလုံးကို လုပ်နေချိန်မှာ သူကိုယ်တိုင်ကတော့ အီလက်ထရောနစ်ပစ္စည်းတွေအတွက် လိုအပ်တဲ့ အတွင်းပိုင်း လျှပ်စစ်ပတ်လမ်းအလုပ်ကို စတင်ခဲ့တယ်။
ကံကောင်းတာက လိုအပ်တဲ့ လျှပ်စစ်ပတ်လမ်းတွေ ဖန်တီးဖို့ သူ့အတွက် ကြေးနီနဲ့ အခြား လျှပ်စစ်ကူးလူးနိုင်တဲ့ သတ္တုတွေ၊ စပ်သတ္တုတွေ အများကြီး ရှိနေခဲ့တယ်။
ရိုးရိုးသားသားပြောရရင် သူက လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဘာမှ နားမလည်ဘူး။ ဒါပေမဲ့ နိုဗာက အဆင့်လိုက် အသေးစိတ် လမ်းညွှန်မှုတွေ ပေးခဲ့တဲ့ ကျေးဇူးကြောင့် အလုပ်ကို နာရီအနည်းငယ်အတွင်း ကောင်းကောင်းမွန်မွန် ပြီးစီးနိုင်ခဲ့တယ်။
လူပုတွေရဲ့ အလုပ်ရုံဆီ သူ ပြန်ရောက်သွားတဲ့အခါ သူ တောင်းဆိုထားတဲ့ ကြီးမားတဲ့ သတ္တုလုပ်ငန်းကို သူတို့ ပြီးစီးနေကြပြီ။
အဲဒီမှာ လေဝင်လေထွက်အတွက် လိုအပ်တဲ့ ပန်ကာဒလက်တွေ၊ ရေဖျန်းစနစ်အတွက် ပိုက်တွေနဲ့ မီးသီးတွေအတွက် တပ်ဆင်စရာတွေ အများကြီး ရှိနေခဲ့တယ်။
လိုအပ်တာတွေ အားလုံးရပြီးတဲ့နောက် စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေအားလုံးကို သယ်ဆောင်ပြီး ဒရုန်းထဲကို သူ ချက်ချင်း ပြန်သွားခဲ့တယ်။
အဲဒီနောက် မြေကြီးပေါ်မှာ ရေဖျန်းစက်တွေကို အရင်တပ်ဆင်ရင်း သီးသန့်အခန်းထဲက စနစ်တွေကို သူ စတင်တည်ဆောက်ခဲ့တော့တယ်။
အမှောင်သစ်သားက အခန်းရဲ့ အလယ်တည့်တည့်မှာ ကြီးထွားလာမှာဖြစ်ပြီး မြေကြီးပေါ်မှာ ၆ ပေ ပတ်လည် နေရာယူမှာပဲ။
အဲဒီအပင်ကို ဝန်းရံထားမှာက ရေဖျန်းစက် ရှစ်ခုဖြစ်ပြီး တောင်၊ အရှေ့၊ အနောက်နဲ့ မြောက် အရပ်တွေမှာ နှစ်ခုစီ နေရာချထားတယ်။ တစ်ခုချင်းစီမှာ နိုဗာရဲ့ အကူအညီနဲ့ သူ တည်ဆောက်ထားတဲ့ အလိုအလျောက် အာရုံခံကိရိယာတွေကို တပ်ဆင်ထားတယ်။
ပြီးတော့ သူက ရေဖျန်းစက်တွေကို ပိုက်တွေနဲ့ ချိတ်ဆက်လိုက်ပြီး အဲဒီပိုက်တွေအားလုံးက အခန်းထောင့်မှာရှိတဲ့ ရိုးရှင်းတဲ့ ၅ ဂါလံဆံ့ ရေကန်တစ်ခုဆီကို ဦးတည်သွားတယ်။
တပ်ဆင်ပြီးတာနဲ့ သူ စမ်းသပ်မှုကို စတင်လိုက်တယ်။
သူက ရေဖျန်းစက်ကို ကိုယ်တိုင်ဖွင့်လိုက်ပြီး အခန်းရဲ့ အလယ်ဗဟိုဆီကို ရေမှုန်ရေမွှားတွေ ပန်းထွက်လာတာကို မြင်လိုက်ရတယ်။
အဲဒီနောက် အမှောင်သစ်သား စိုက်ပျိုးမယ့် အခန်းရဲ့ အလယ်ဗဟိုကို ကျရောက်တဲ့ ရေပမာဏကို နိုဗာက စတင်ခွဲခြမ်းစိတ်ဖြာခဲ့တယ်။
[ဖျန်းလိုက်တဲ့ စုစုပေါင်း ရေပမာဏက လုံလောက်မှုရှိပါတယ်]
ဆက်လက်ပြီး သူက အခန်းပတ်လည်က နံရံတွေမှာ ပန်ကာတွေကို တပ်ဆင်လိုက်တယ်။ လူပုတွေ လုပ်ပေးထားတဲ့ အစိတ်အပိုင်းတွေအားလုံးကို အံဝင်ခွင်ကျဖြစ်အောင် တပ်ဆင်ရုံပဲမို့ ဒါက တော်တော်လေး ရိုးရှင်းတယ်။
ပြီးတော့ ရေကန်ဘေးမှာရှိတဲ့ သဟဇာတဘက်ထရီ အသေးစားလေးဆီကို ဝိုင်ယာကြိုးတွေ ချိတ်ဆက်လိုက်တယ်။
ပန်ကာဒလက်တွေက ပုံမှန်နှုန်းနဲ့ လည်ပတ်လာတာနဲ့အမျှ လေတွေ စတင် စီးဆင်းလာခဲ့တယ်။
[လေဝင်လေထွက်က ကျေနပ်စရာကောင်းကြောင်း အတည်ပြုပါတယ်]
အဲဒါ ပြီးသွားတဲ့အခါ အမှောင်သစ်သားဆီ အလင်းရောင် ဖြာကျစေမယ့် မီးတပ်ဆင်မှုတွေကို မျက်နှာကြက်မှာ လုပ်ဆောင်ခဲ့တယ်။
အမှောင်သစ်သားရဲ့ ပင်စည် မျက်နှာပြင်ဧရိယာ တစ်ခုလုံးကို အခြေခံအားဖြင့် ဖုံးလွှမ်းနိုင်ဖို့ မီးတွေ အများကြီး တပ်ဆင်ဖို့ သူ သေချာဂရုစိုက်ခဲ့တယ်။
အဲဒီနောက် သီးသန့်အခန်းထဲက အပူရှိန်ကို ထိန်းညှိပေးမယ့် အပူပေးစက်ကိုလည်း တပ်ဆင်လိုက်တယ်။
ဝိုင်ယာကြိုးတွေနဲ့ အားလုံးကို ချိတ်ဆက်ပြီးတာနဲ့ မီးသီးတွေကနေ တောက်ပတဲ့ အလင်းရောင်တွေ စတင် ထွက်ပေါ်လာခဲ့တယ်။
ပြီးတော့ သူက အခန်းအလယ်မှာ ရပ်ပြီး ထွက်ပေါ်လာတဲ့ အပူနဲ့ အလင်းရောင်အားလုံးကို ခံစားကြည့်လိုက်တယ်။
[အပူနဲ့ အလင်းရောင်က ပုံစံကြမ်းတွေ ရည်ရွယ်ထားတဲ့အတိုင်း အလုပ်လုပ်နေပါတယ်]
သေချာတာကတော့ စမ်းသပ်မှု တစ်ကြိမ်တည်းနဲ့ သူ အဆုံးမသတ်ခဲ့ဘူး။ အမှောင်သစ်သားကို စိုက်ပျိုးပြီးတာနဲ့ ချို့ယွင်းချက် မဖြစ်ပေါ်စေဖို့ သူ တပ်ဆင်ထားတဲ့ စနစ်တွေကို တင်းကျပ်စွာ အလုပ်လုပ်ခိုင်းဖို့ သူ သေချာလုပ်ဆောင်ခဲ့တယ်။
ရလဒ်တွေကို နောက်ဆုံးမှာ သဘောကျလက်ခံနိုင်ဖို့ စမ်းသပ်မှု သက်သက်အတွက် နောက်ထပ် တစ်ရက် အချိန်ယူခဲ့ရတယ်။
ပြီးတော့ သူ ထားခဲ့တဲ့ အခြေအနေတွေအတိုင်း တကယ်ပဲ ရှိနေမလားဆိုတာကို သိနိုင်ဖို့ သီးသန့်အခန်းရဲ့ အပြင်ဘက်မှာ နောက်ထပ် တစ်ရက် အချိန်ဖြုန်းခဲ့ပြန်တယ်။
ကျေးဇူးတင်စရာကောင်းတာက သီးသန့်အခန်းက သူ့ရဲ့ ဖော်ပြချက်အတိုင်း မှန်ကန်နေခဲ့တယ်။ အလင်းရောင်၊ အပူ ဒါမှမဟုတ် ရေ ဘယ်အရာကမှ အပြင်ကို မယိုစိမ့်ဘဲ အတွင်းမှာပဲ အားလုံး ရှိနေခဲ့တာလေ။
'ငါ အမှောင်သစ်သား စိုက်ဖို့ အချိန်ရောက်ပြီ'
သူ အမှောင်သစ်သားနဲ့ တကယ် လက်တွေ့မစမ်းသပ်မချင်း ဘယ်လိုစမ်းသပ်မှုမျိုးကမှ လုံလောက်မှု ရှိမှာ မဟုတ်ဘူး။
အခြား ဒရာဂွန်ဘွန်းတွေနဲ့အတူ လေ့ကျင့်ရေးဆင်းနေတဲ့ ရှီနာ့ဆီကို သူ သွားရောက်ပြီး သူမဆီက အကူအညီလေးတစ်ခု တောင်းခဲ့တယ်။
သူမရဲ့ ကြိုးကနေ အမှောင်သစ်သားရဲ့ အလွန်သေးငယ်တဲ့ အမျှင်လေးတစ်ခု သူ လိုချင်ခဲ့တာ။
ဒါက သူ့ရဲ့ အစပြုစိုက်ပျိုးမယ့် မျိုးစေ့ ဖြစ်လာမှာလေ။
* * * * * * * *