အခန်း (၇၃၅-၇၃၆)
Vol. 62 Ch. 735-736
အခန်း(၇၃၅)
အမြဲတမ်း သစ္စာရှိတဲ့ အတွင်းရေးမှူးဖြစ်သူ ရှီနာက မိုက်ကယ် ယူဖို့အတွက် သူမရဲ့ ကိုယ်ပိုင်လေးကို ချက်ချင်း ကမ်းပေးလိုက်တယ်။ သူက သူမရဲ့ လက်နက်ထဲကနေ အမှောင်သစ်သား တစ်ခုလုံးကို ထုတ်ယူသွားရမယ်ဆိုရင်တောင် သူမအနေနဲ့ လုံးဝကို စိတ်ကသိကအောက် ဖြစ်နေမှာ မဟုတ်ဘူးလေ။
"သခင်လေး မိုက်ကယ်.. အမှောင်သစ်သားရဲ့ နောက်ဆုံးအမျှင်လေးအထိ ယူလို့ရပါတယ်"
မိုက်ကယ်အပေါ်ထားရှိတဲ့ သူမရဲ့ ယုံကြည်မှုက နားလည်နိုင်စွမ်းထက်ကို ကျော်လွန်နေခဲ့တယ်။
"ကျေးဇူးပါပဲ.. စိတ်မပူပါနဲ့၊ ဒီအမျှင်သေးသေးလေး တစ်မျှင်ကြောင့် မင်းရဲ့လေးက ထိခိုက်ပျက်စီးသွားမှာ မဟုတ်ပါဘူး" လို့ သူက သူမကို ပြောလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမှောင်သစ်သား စိုက်ခင်းသာ အဆင်ပြေပြေ လည်ပတ်သွားပြီဆိုတာနဲ့ အမှောင်သစ်သားကနေ မျိုးစေ့လေးတစ်ခု ယူလိုက်လို့ သူမရဲ့ လေးကြိုးသာ ပျက်စီးသွားခဲ့မယ်ဆိုရင်လည်း သူက အသစ်ပြန်လဲပေးနိုင်မှာပဲလေ။
အဲဒီနောက် သူက သူမရဲ့ လေးကို ယူလိုက်ပြီး လက်သည်းခွံထက် သေးငယ်ကာ ဆံပင်မွေးထက် ပိုပါးလွှာတဲ့ အမှောင်သစ်သား အမျှင်လေးတစ်ခုကို ဖဲ့ယူလိုက်တယ်။
တကယ်လို့ သူသာ မှော်ပညာကို သုံးပြီး ကိုင်မထားဘူးဆိုရင် အဲဒီအမျှင်လေးက လေထဲလွင့်ပါသွားပြီး တစ်နေရာရာကို ရောက်သွားလောက်ပြီ။
စမ်းသပ်ချက်တွေအရ အမှောင်သစ်သားအတွက် အစပြုမယ့် မျိုးစေ့က ဘယ်လောက် ကြီးသလဲဆိုတာက အရေးမကြီးဘူး။ ရင့်ကျက်နေတဲ့ အမြစ်ကနေ ယူထားသရွေ့ ကျန်ရစ်ခဲ့တဲ့ ဒီအန်အေတွေရဲ့ ကျေးဇူးကြောင့် သူ့ရဲ့ မူလခန္ဓာကိုယ်ကို ပြန်လည် ကြီးထွားလာစေနိုင်မှာ ဖြစ်တယ်။
သူ မျိုးစေ့ကို ရသွားတာနဲ့ ချက်ချင်းပဲ သူ့ရဲ့ သီးသန့်အခန်းဆီ ပြန်သွားပြီး စိုက်ခင်းထဲကို ဝင်သွားခဲ့တယ်။
သူက အခန်းရဲ့ အလယ်ဗဟိုမှာ ဒူးထောက်ထိုင်ချလိုက်ပြီး မြေကြီးထဲကို တစ်လက်မလောက် နက်တဲ့ အပေါက်တစ်ခု တူးလိုက်တယ်။
အဲဒီနောက် မျိုးစေ့ကို အထဲကို သေသေချာချာ ထည့်လိုက်ပြီး ဂရုတစိုက်နဲ့ မြေပြန်ဖို့ကာ ပြန့်ပြူးသွားအောင် ပုတ်ပေးလိုက်တယ်။
ဒါတွေပြီးတဲ့အခါ သူ့အိတ်ကပ်ထဲကို နှိုက်လိုက်ပြီး အဘိုးအိုဆီကနေ သူရလာခဲ့တဲ့ မိုရဲလ်မှိုမျိုးစေ့တွေ ပါတဲ့ အိတ်လေးကို ထုတ်ယူလိုက်တယ်။
သူက လက်တစ်ဆုပ်စာလောက် ယူလိုက်ပြီး အသားကင်ကို ဟင်းခတ်အမွှေးအကြိုင် ဖြူးသလိုမျိုး မြေကြီးပေါ်ကို ဖြန့်ကြဲလိုက်တယ်။
"ကဲ.. အခု ဒီစိုက်ပျိုးရေးစနစ်က အလုပ်ဖြစ်မလားဆိုတာ ငါတို့ စောင့်ကြည့်ရမှာပေါ့" လို့ သူက ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။
တတိယနေ့ ရောက်တဲ့အခါ မြေကြီးထဲကနေ အစိမ်းရောင် နွယ်ပင်လေးတစ်ခု ထွက်လာတဲ့ လက္ခဏာတွေကို သူ မြင်တွေ့ရလိမ့်မယ်။ အဲဒီအချိန်ရောက်လို့မှ ဘာတိုးတက်မှုမှ မတွေ့ရဘူးဆိုရင်တော့ ဒီစိုက်ခင်းက သူ မျှော်မှန်းထားသလို အလုပ်မဖြစ်ဘူးလို့ ဆိုလိုတာပဲ။
'အခုတော့ ငါ စောင့်ရတော့မှာပဲ'
* * * * * * * *
အမှောင်သစ်သားကို စိုက်ပျိုးပြီး တတိယမြောက်နေ့ မနက်စောစောမှာပဲ မိုက်ကယ်က စိုက်ခင်းရဲ့ တိုးတက်မှုကို ကြည့်ဖို့အတွက် သီးသန့်အခန်းဆီကို စိတ်အားထက်သန်စွာနဲ့ ပြန်သွားခဲ့တယ်။
သူက ထိန်းချုပ်ခန်းထဲကို ဝင်ဝင်ချင်းပဲ လှည့်လိုက်ပြီး သီးသန့်အခန်းရဲ့ အဝေးထိန်း အတိုင်းအတာတွေကို ပြသနေတဲ့ မော်နီတာတွေဆီကို လှမ်းကြည့်လိုက်တယ်။
အပူချိန်၊ အပူဓာတ်နဲ့ စိုထိုင်းဆတွေ အားလုံးက လွန်ခဲ့တဲ့ သုံးရက်က သူ ထားခဲ့တဲ့ အတိုင်းအတာတွေအတိုင်း ရှိနေတာမို့ အခုချိန်ဆို အမှောင်သစ်သားရဲ့ တိုးတက်မှုက အညှောက်ထွက်တဲ့ အဆင့်ကို ရောက်နေလောက်ပြီ ဖြစ်တယ်။
ဒါပေမဲ့ အထဲက စီစီတီဗွီ မြင်ကွင်းကို သူ ကြည့်လိုက်တဲ့အခါ မြေကြီးထဲကနေ အမြစ်ထွက်လာတဲ့ ဘယ်အရာကိုမှ မတွေ့ရဘူး။
'အလုပ်မဖြစ်ဘူးလား'
သူက သီးသန့်အခန်းထဲကို မြန်မြန်ဆန်ဆန် ဝင်သွားလိုက်ရာ အဖြူရောင် စိုက်ခင်းအခန်းထဲကို ချက်ချင်း ရောက်သွားသလို ခံစားလိုက်ရတယ်။
အဲဒီနောက် သူက မြေကြီးကို ကြည့်လိုက်တော့ သူ ပထမဆုံး စိုက်ပျိုးခဲ့တဲ့ နေ့ကတည်းက ဘာအပြောင်းအလဲမှ မရှိဘဲ ကျန်နေခဲ့တာကို တွေ့လိုက်ရတယ်။ အရွက်၊ ပင်စည် ဒါမှမဟုတ် အမြစ် တစ်ခုမှ မြေကြီးထဲကနေ ထွက်ပေါ်လာခြင်း မရှိသေးဘူး။
'ဒါက အလုပ်ဖြစ်သင့်တာ.. ပတ်ဝန်းကျင်က အချက်အလက်တွေ အားလုံးက အမှောင်သစ်သား စမ်းသပ်ချက်တွေမှာ ဖော်ပြထားတဲ့အတိုင်း တိတိကျကျပဲကို'
ရေကန်တွေကို သေချာ ပြည့်နေအောင် သူ ထားခဲ့တယ်၊ မိုရဲလ်မှိုမျိုးစေ့ အနည်းငယ်ကိုလည်း မြေကြီးပေါ် နေ့တိုင်း ဖြူးပေးခဲ့တယ်၊ ပြီးတော့ နတ်မျိုးနွယ်တွေရဲ့ လေချွန်သံတွေနဲ့ နေ့တိုင်း သီချင်းဆိုပြဖို့တောင် သူ သေချာ လုပ်ဆောင်ခဲ့သေးတာပဲ။
ဒါတောင်မှ အလုပ်မဖြစ်ခဲ့ဘူး။
ဒီစိုက်ခင်း ဘာကြောင့် ကျရှုံးရလဲဆိုတဲ့ အကြောင်းရင်းကို စဉ်းစားဖို့ ကြိုးစားရင်း သူက ထပ်ခါတလဲလဲ စဉ်းစားခန်း ဝင်နေတော့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ သဘောပေါက်သွားခဲ့တယ်။ အမှောင်သစ်သား စမ်းသပ်ချက် စာအုပ်က ရှာမတွေ့သေးတဲ့ တခြား အကြောင်းရင်း တစ်ခုခုများ ရှိနေမလားဆိုတာကိုပေါ့။
ဘာပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်လည်း အမှောင်သစ်သားကို အောင်မြင်အောင် မစိုက်ပျိုးနိုင်သေးဘူးလေ။ တကယ်လို့ သူတို့သာ အောင်မြင်ခဲ့ရင် နတ်မျိုးနွယ်တွေဆီကို ဈေးကောင်းကောင်းနဲ့ သေချာပေါက် ရောင်းပြီးလောက်ပြီ။
'ဆိုလိုတာက ငါ့ဘာသာငါ စမ်းသပ်မှုတွေ လုပ်ရတော့မယ်.. နိုဗာ၊ အကြံဉာဏ်များ ရှိလား'
အမှောင်သစ်သားရဲ့ ကြီးထွားမှု ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် အဆင့်များစွာပါတဲ့ အစီအစဉ်တစ်ခုကို မပေးခင် နိုဗာက ပြန်လည် တွက်ချက်ဖို့ အချိန်ခဏ ယူလိုက်တယ်။
သူမက စမ်းသပ်မှုတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပေါင်းစပ်မှုတွေနဲ့ ထပ်ခါတလဲလဲ လုပ်ဆောင်မှု ထောင်သောင်းချီပြီး ဖြတ်သန်း တွက်ချက်ခဲ့တယ်။ သူမက ဘယ်လောက်တောင် သေချာစေ့စပ်သလဲဆိုရင် စိုထိုင်းဆ အဆင့်တွေကို ဒသမကိန်း အနည်းငယ်လောက် အပြောင်းအလဲလုပ်ဖို့တောင် စီစဉ်ထားခဲ့တယ်။
ဒါက အလုပ်ဖြစ်နိုင်ပေမဲ့ သူသာ ဒီအတိုင်း အတင်းအကျပ် ဆက်လုပ်သွားမယ်ဆိုရင် အဖြေရှာတွေ့ဖို့ အချိန်အတော်ကြာ ယူရမှာ သေချာတယ်။
'ထင်တဲ့အတိုင်းပဲ.. ငါ နတ်မျိုးနွယ်တွေရဲ့ အကူအညီကို လိုအပ်လိမ့်မယ်'
သူတို့ဆီမှာ ဒီအခြေအနေ တစ်ခုလုံးနဲ့ ပတ်သက်ပြီး နောက်ထပ် ရှုထောင့်တစ်ခု ရှိနေနိုင်လောက်တယ်။
သူ သီးသန့်အခန်းထဲကနေ ထွက်ခါနီးလေးမှာပဲ ရုတ်တရက် တဝုန်းဝုန်း မြည်နေတဲ့ အသံတိုးတိုးလေး တစ်ခုကို သူ ကြားလိုက်ရတယ်။
သူ အမြန် လှည့်ကြည့်လိုက်တော့ မြေကြီးထဲကနေ ထွက်လာတဲ့ အစိမ်းရောင် အညှောက်လေး တစ်ခုကို တွေ့လိုက်ရတယ်။
'အမှောင်သစ်သားက ကြီးထွားလာနေပြီ'
'ဘာတွေဖြစ်နေတာလဲ.. ငါပဲ စိတ်မရှည်ဖြစ်နေခဲ့တာလား'
[မဟုတ်ပါဘူး.. အမှောင်သစ်သားက အခြားအပင်အများစုလိုပဲ အလွန် နှေးကွေးစွာ ကြီးထွားတတ်ပါတယ်]
အမှောင်သစ်သားနဲ့ ပတ်သက်ပြီး လုပ်ခဲ့တဲ့ စမ်းသပ်ချက်တွေ အားလုံးတစ်လျှောက်မှာ သူ့ရဲ့ ပင်စည်က နာရီအနည်းငယ်ကြာတဲ့အထိ အမြဲတမ်း အလွန်နှေးကွေးစွာ ကြီးထွားလေ့ရှိတယ်။ မြေကြီးထဲကနေ ဖြည်းဖြည်းချင်း ထွက်လာတတ်ပြီး ပြောင်းဖူးပေါက်ပေါက်လို ရုတ်တရက်ကြီး ပေါက်ထွက်လာလေ့ မရှိဘူး။
ဒါက အမှောင်သစ်သားဆီကနေ တွေ့ရတဲ့ ထူးဆန်းတဲ့ အပြုအမူတစ်ခု ဖြစ်နေတာ သေချာတယ်။
'အမှောင်သစ်သား ကြီးထွားလာတာက ကောင်းပါတယ်.. ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ ငါတို့ မသိရဘူး'
[ငါတို့ ထည့်သွင်းစဉ်းစားဖို့ ကျန်နေသေးတဲ့ အမည်မသိ အကြောင်းရင်းတစ်ခု ရှိနေပုံရတယ်.. ပြီးတော့ တစ်နည်းနည်းနဲ့ အဲဒီအကြောင်းရင်းက အမှောင်သစ်သားကို ကြီးထွားစေရုံသာမက ကြီးထွားမှုကိုပါ အရှိန်မြှင့်ပေးနိုင်ခဲ့တယ်]
အဲဒီစကားတွေကို ကြားပြီးတဲ့နောက် မိုက်ကယ် တော်တော်လေး စူးစမ်းချင်စိတ် ဖြစ်သွားခဲ့တယ်။ နတ်မျိုးနွယ်တွေနဲ့ ရှေးဟောင်းခေတ်က အမှောင်သစ်သားနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေအားလုံးအရ ဆိုရင် ဒါက ရင့်ကျက်တဲ့အဆင့်ကို ရောက်ဖို့ တစ်လ အချိန်ယူရမှာ ဖြစ်တယ်။
ဒါပေမဲ့ ဒီအမည်မသိ အကြောင်းရင်းက သူ့ရဲ့ ကြီးထွားမှုကို သိသိသာသာ အရှိန်မြှင့်ပေးနိုင်တာမို့ တကယ်လို့ သူသာ ဒါ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အပြည့်အဝ နားလည်သွားခဲ့ရင် ကြီးထွားမယ့် အချိန်ကာလကို အများကြီး လျှော့ချပစ်နိုင်ပြီး အထွက်နှုန်းကိုပါ တိုးလာစေနိုင်တယ်လို့ ဆိုလိုတာပဲ။
'ဒါက အံ့ဩစရာပဲ'
'နိုဗာ.. အခုချက်ချင်း အကြောင်းရင်း အားလုံးကို ခွဲခြမ်းစိတ်ဖြာစမ်း.. မှော်စွမ်းအင်ကနေ တန်ခိုးစွမ်းရည်အထိ အားလုံးကို ထည့်တွေး'
[နားလည်ပါပြီ မိုက်ကယ်]
သူနဲ့ နိုဗာတို့က သူတို့ရဲ့ သီအိုရီတွေကို ဟိုဘက်ဒီဘက် စတင် စမ်းသပ်ကြတော့တယ်။ သူက ဒီစမ်းသပ်မှုတွေမှာ အရမ်းကို အာရုံစိုက်နေခဲ့တာမို့ အမည်မသိ အကြောင်းရင်းကို ရှာဖွေဖို့ သီးသန့်အခန်းထဲမှာ အောင်းနေတာ သုံးရက်လောက်တောင် ကြာသွားခဲ့တယ်။
ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ့ စမ်းသပ်မှုတွေ အားလုံးက အလကား ဖြစ်သွားခဲ့တယ်။ အဲဒီတစ်ကြိမ်တုန်းကလိုမျိုး အလွန် လျင်မြန်စွာ ကြီးထွားလာအောင် သူ မလုပ်နိုင်ခဲ့ဘူး။
သူက မှိုရဲ့ အာနိသင်အောက်မှာ ရှိနေတုန်းမို့ ဒီကိစ္စတစ်ခုလုံးကို စိတ်ကူးယဉ် အာရုံချောက်ချားခဲ့တာပဲလို့ စပြီး တွေးလာမိတယ်။
[ရှင် အသိစိတ် လန်းဆန်းနေဆဲပါပဲ] လို့ နိုဗာက သူ့ကို သတိပေးလိုက်တယ်။
စမ်းသပ်မှုတွေ လုပ်ရင်း နာရီပေါင်းများစွာ အချိန်ကုန်ဆုံးပြီးနောက် သူ ဆက်ပြီး မခံနိုင်တော့ဘဲ အနားယူဖို့ လိုအပ်လာတယ်။
သူက သီးသန့်အခန်းထဲကနေ ထွက်လာပြီး သူ့ကုတင်ပေါ်မှာ လှဲလျောင်းလိုက်တယ်။
'ဒီအမည်မသိ အကြောင်းရင်းကို ခြေရာခံဖို့က မဖြစ်နိုင်ဘူး.. ဒါကို ရှာဖွေဖို့ ကြိုးစားရင်းနဲ့ ငါ့ရဲ့ နေ့ရက်တွေကို အလကား အချိန်ဖြုန်းနေမိမှာပဲ'
ဒီကနေ ထွက်ပေါ်လာတဲ့ တစ်ခုတည်းသော သတင်းကောင်းကတော့ အမှောင်သစ်သားဟာ မျှော်လင့်ထားတဲ့အတိုင်း ကြီးထွားလာတယ် ဆိုတဲ့ အချက်ပဲ။ ဒီအခြေအနေအရဆိုရင် နောက်လထဲမှာ ဒါက ရင့်ကျက်တဲ့အဆင့်ကို ရောက်သွားလောက်တယ်။
အခုလောလောဆယ်တော့ ဒါနဲ့တင် သူ ကျေနပ်နေပါပြီ။ ပထမဆုံးအနေနဲ့ ဒါကို ကြီးထွားလာအောင် လုပ်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကတင် သူ့အတွက်တော့ ကြီးမားတဲ့ အောင်ပွဲတစ်ခု ဖြစ်နေခဲ့ပြီလေ။
* * * * * * * *
မိုက်ကယ် တစ်ယောက် သူ့ရဲ့ စမ်းသပ်မှုတွေနဲ့ အလုပ်ရှုပ်နေချိန်မှာပဲ မက်ထရိုပိုလစ်မှာတော့ ကိစ္စတော်တော်များများ ဖြစ်ပျက်နေခဲ့တယ်။
အဲလ်ရစ်၊ ဘော်ဘီ၊ အဲရစ်၊ လူးရှပ်စ်နဲ့ အဓိကနဲ့ သာမန် အဖွဲ့အစည်းတွေထဲက တခြား ခေါင်းဆောင်တွေ အားလုံးက နေရာတစ်ခုတည်းမှာ စုဝေးနေခဲ့ကြတယ်။
"အဲလ်ရစ်.. ငါတို့ ဘာလို့ ဒီကို ရောက်နေကြတာလဲ" လို့ အဲရစ်က မေးလိုက်တယ်။
ဒါက အဲလ်ရစ်ရဲ့ အိမ်တော်ဆီကို လာရောက်ဖို့ ခေါ်ယူထားတဲ့ စာကို ရရချင်းမှာပဲ လူတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ်။ မက်ထရိုပိုလစ်က အရေးကြီးတဲ့ လူတိုင်းကို သူက အခြေခံအားဖြင့် စုဝေးစေခဲ့တာမို့ ဒါက ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်နေရမယ်လေ။
"ဒါက လူတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခုပဲ" လို့ အဲလ်ရစ်က ပြောလိုက်တယ်။
* * * * * * * *
စာစဉ်(၆၂)
အခန်း(၇၃၆)
လူတိုင်းက အဲလ်ရစ်ဆီ အာရုံစိုက်ထားကြပြီး သူ့နှုတ်ကနေ ဘာဆက်ပြောမလဲဆိုတာကို စောင့်စားနေကြတယ်။
ဒါပေမဲ့ သူ စကားမဆက်ခင်မှာပဲ ရိန်နာက လက်ထောင်လိုက်တယ်။ "ဒီကိစ္စက လူတိုင်းနဲ့ သက်ဆိုင်တယ်ဆိုရင် မိုက်ကယ်က ဘယ်မှာလဲ" လို့ သူမက မေးလိုက်တယ်။
အဓိကအဖွဲ့နဲ့ သာမညအဖွဲ့တွေထဲမှာ တရားဝင် မပါဝင်ပေမဲ့လည်း မိုက်ကယ်က အနည်းဆုံးတော့ သူတို့နဲ့ တန်းတူအဆင့်မှာရှိကြောင်း သက်သေပြထားတာ ကြာလှပြီလေ။
"ငါ သူ့ဆီ စာတစ်စောင် ပို့ထားသလို မက်ထရိုပိုလစ်မှာရှိတဲ့ သူ့ရဲ့စနစ်အရောင်းဆိုင်ကိုလည်း ကိုယ်တိုင် သွားခဲ့တယ်၊ ဒါပေမဲ့ သူ့အဖော်တွေ ပြောပုံအရဆိုရင်တော့ သူက အခု ခရီးထွက်နေတယ်လို့ သိရတယ်
မြို့စားကတော်လည်း အတူတူပဲ၊ သူမ အခု ဒီမှာ ရှိနေသင့်ပေမဲ့ စာပို့ခိုတွေကတစ်ဆင့် ဆက်သွယ်တာတောင်မှ သူမကို အဆက်အသွယ် မရခဲ့ဘူး"
အဲဒီ ပုဂ္ဂိုလ်နှစ်ဦးတည်းသာ ဒီအစည်းအဝေးမှာ မရှိကြတာ။
"မြို့စားကတော် အဆင်ပြေရဲ့လား၊ သူမ မက်ထရိုပိုလစ်ကနေ ထွက်သွားတာ တော်တော်လေး ကြာနေပြီ" လို့ လူးရှပ်စ်က ပြောလိုက်တယ်။
သူတို့အားလုံး မသိခဲ့ကြတာက မြို့စားကတော်က အခုလောလောဆယ် ရီနေးတားနိုင်ငံမှာ အားလပ်ရက် ခရီးထွက်ပြီး အပန်းဖြေနေတာကိုပဲ။
မိုက်ကယ်ကတော့ အစည်းအဝေးမှာ မရှိနေပေမဲ့ ရီနေးတားဘက်က ဘယ်သူမှ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ။
အခန်းထောင့်က အရိပ်တစ်ခုထဲမှာ တစ်စုံတစ်ယောက်က အခြေအနေတစ်ရပ်လုံးကို တိတ်တဆိတ် စောင့်ကြည့်လေ့လာနေခဲ့တယ်။
"မင်းတို့အားလုံး သိတဲ့အတိုင်း မြို့စားကတော်နဲ့ ငါက ခရီးသွားဧည့်သည်တွေကို မက်ထရိုပိုလစ်ဆီ ကြိုဆိုဖို့အတွက် စီတန်းလှည့်လည်ပွဲတစ်ခု စီစဉ်ထားခဲ့တယ်၊ ဒါက သူတို့ ငါတို့မြို့ကို ပိုသိလာစေဖို့နဲ့ ငါတို့ကြား ကုန်သွယ်မှုတွေ ပိုမိုလွယ်ကူချောမွေ့စေဖို့ ရည်ရွယ်ထားတာလေ၊ ဒါမှမဟုတ် သူတို့ကို ငါတို့မြို့ထဲ အပြီးတိုင် ပြောင်းရွှေ့လာအောင် လုပ်နိုင်ဖို့ပေါ့"
လူတိုင်းက ခေါင်းညိတ်လိုက်ကြတယ်။ ဒါက အခုထိတော့ တော်တော်လေး ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မက်ထရိုပိုလစ်ထဲ ဝင်လာတဲ့ ခရီးသွားဧည့်သည်တွေကြောင့် ကုမ္ပဏီတော်တော်များများ အကျိုးအမြတ် ရရှိနေကြတာလေ။
သေချာတာကတော့ စီတန်းလှည့်လည်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေသူတွေလောက်သာ ခရီးသွားဧည့်သည်တွေဆီကနေ တိုက်ရိုက် အကျိုးအမြတ် ရနိုင်တာပါ။ ဒါပေမဲ့ မက်ထရိုပိုလစ်မှာ လာလည်တဲ့သူတွေ ပိုများလာရင်တော့ အခြေအနေက ပြောင်းလဲသွားမှာပဲ။
ဒါကြောင့်လည်း လူတိုင်းက နောက်ထပ် ခရီးသွားဧည့်သည်အသုတ် ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေကြတာလေ။ နတ်မျိုးနွယ်တွေ၊ ဝံပုလွေလူသားတွေနဲ့ နဂါးမျိုးနွယ်ဝင်တွေ ကျန်နေသေးတယ်လေ။
"ခရီးသွားဧည့်သည်တွေ တစ်ခုခုများ ဖြစ်လို့လား" လို့ အာလော့စ်က မေးလိုက်တယ်။
အဲလ်ရစ်က ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တယ်၊ ကံမကောင်းစွာနဲ့ သူတို့က မက်ထရိုပိုလစ်ဆီ လာလည်မယ့် အစီအစဉ် မရှိတော့ဘူးထင်တယ်"
အဲဒီစကားကို သူ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လူတိုင်းက မတ်တတ်ရပ်လိုက်ကြပြီး စတင် ညည်းညူကြတော့တယ်။
"ဘာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မက်ထရိုပိုလစ်မှာ ခရီးသွားဧည့်သည်တွေ မရှိတော့ဘူးဆိုရင် ငါတို့ သဲဒင်္ဂါးတွေ ထပ်ရအောင် ဘယ်လိုလုပ်ရတော့မလဲ"
"မင်း နောက်နေတာ မဟုတ်လား"
အဲလ်ရစ်က ခေါင်းယမ်းလိုက်တယ်။ "မဟုတ်ဘူး... ငါ နောက်နေတာ မဟုတ်ပါဘူး၊ ခရီးသွားဧည့်သည်တွေနဲ့ ငါတို့ကြား နားလည်မှုတစ်ခု ရထားပြီလို့ ထင်ခဲ့ပေမဲ့ သူတို့ စိတ်ပြောင်းသွားကြတယ်"
"သူတို့က ဘယ်လိုလုပ် စိတ်ပြောင်းသွားနိုင်မှာလဲ၊ သူတို့ ဘယ်သွားကြမှာလဲ၊ တောထဲမှာပဲ အမြဲတမ်း စခန်းချနေလို့မှ မရတာ" လို့ အဲရစ်က ပြောလိုက်တယ်။
ထို့နောက် အဲလ်ရစ်က တော်ဝင်တိုက်ကြီးရဲ့ ဧရာမမြေပုံကြီးတစ်ခုကို ထုတ်ယူလိုက်ပြီး သီးခြားနေရာသုံးခုကို အသားပေး ပြသလိုက်တယ်။
မြေပုံရဲ့ ဘယ်ဘက်အစွန်ဆုံး အပိုင်းမှာက သူတို့ အခု လက်ရှိရောက်နေတဲ့ မက်ထရိုပိုလစ် ရှိနေတယ်။
ညာဘက်အစွန်ဆုံးမှာကတော့ တိုက်ကြီးတွေကြား ခရီးသွားပြီးတဲ့နောက် ခရီးသွားဧည့်သည်တွေကို တောင်ပံနဂါးသားရဲတွေ ချပေးခဲ့တဲ့ နေရာဖြစ်တယ်။
သူတို့အားလုံး ဒီမြေပုံနဲ့ ရင်းနှီးပြီးသားဖြစ်သလို ကမ်းခြေကနေ မက်ထရိုပိုလစ်ဆီ လွယ်လွယ်ကူကူ သွားနိုင်တဲ့ ဖြောင့်တန်းလုနီးပါး လမ်းကြောင်းတစ်ခု ရှိကြောင်း သိထားကြတာမို့ ခရီးသွားဧည့်သည်တွေအတွက် သူတို့မြို့ဆီ လာဖို့ လွယ်ကူစေတာလေ။
ဒါပေမဲ့ အခုတော့ အဲဒီ အထင်ကရနေရာ နှစ်ခုကြားမှာ မကြာသေးခင်ကမှ အသစ်ရေးဆွဲထားတဲ့ နယ်မြေတစ်ခု ရှိနေတယ်။
အဲဒီနေရာက 'နယူးစပါတာ' ဆိုတဲ့ နာမည်ကို တပ်ထားတယ်။
"နယူးစပါတာဆိုတာမျိုး မရှိပါဘူး" လို့ ဘိုးက ပြောလိုက်တယ်။ "အဲဒီ လွင်ပြင်တွေထဲမှာ ဘယ်နယ်မြေမှ မရှိသင့်ဘူး"
သူမ ပြောတာ မှန်တယ်။ မက်ထရိုပိုလစ်နဲ့ ကမ်းခြေကြားက လမ်းကြောင်းဟာ လူလုပ်အဆောက်အအုံတွေ လုံးဝမရှိတဲ့ သဘာဝပတ်ဝန်းကျင် သက်သက်သာ ဖြစ်ရမှာလေ။
ဒါပေမဲ့ ရှင်းရှင်းလင်းလင်းကိုပဲ ဒီ နယူးစပါတာ ရဲ့ ပုံကြမ်းထဲမှာ ခံတပ်တွေ တည်ဆောက်ထားတဲ့ လက္ခဏာတွေ ပြသနေတယ်။
လူတိုင်း စိတ်ရှုပ်ထွေးနေချိန်မှာပဲ လူးရှပ်စ်က မြေပုံကို မျက်လုံးမှေးကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ မှတ်မိသွားတဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတယ်။ "စပါတာ... အဲဒါ နဂါးမျိုးနွယ်ဝင်တွေရဲ့ မြို့ပဲ"
အဲလ်ရစ်က ခေါင်းညိတ်လိုက်တယ်။ "မင်း ပြောတာ မှန်တယ်၊ အဲဒါ နဂါးမျိုးနွယ်ဝင်တွေရဲ့ မြို့ပဲ၊ နဂါးမျိုးနွယ်ဝင်တွေနဲ့ ကျန်တဲ့ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေက သူတို့ရဲ့ ရပ်တည်ချက်ကို ယူလိုက်ကြပြီ၊ သူတို့က နယူးစပါတာမှာ အခြေချပြီး ယာယီ အိမ်တွေ ဆောက်လိုက်ကြပြီ"
ဒါက လူတိုင်းကို နောက်ထပ် ဆူညံပွက်လောရိုက်သွားစေတယ်။ ဒါက ဖြစ်မလာသင့်တဲ့ကိစ္စလေ။ သူတို့ တော်ဝင်တိုက်ကြီးဆီ ခရီးသွားလာခဲ့ရတဲ့ အဓိက အကြောင်းရင်းက မျိုးနွယ်စုတွေကြား လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုမယ်ဆိုတဲ့ ကတိစကားကြောင့်ပဲ။ ဒါပေမဲ့ ဒီလို 'အခြေချနေထိုင်မှု' က ကုန်စည်ဖလှယ်ဖို့ ရည်ရွယ်တာ မဟုတ်မှန်း ရှင်းနေတာပဲ။
"သူတို့က အဲဒီမှာ သူတို့ပိုင်နယ်မြေအဖြစ် အခြေချဖို့ စီစဉ်နေကြတာလား" လို့ ဘိုးက မေးလိုက်တယ်။
လူတိုင်း တိတ်ဆိတ်သွားကြတယ်။ ဒါက သူတို့အတွက် အဆိုးရွားဆုံး အခြေအနေ ဖြစ်လာနိုင်တယ်။ ခရီးသွားဧည့်သည်တွေ မက်ထရိုပိုလစ်ဆီ လာမယ်ဆိုတဲ့ အတွေးနဲ့ သူတို့က ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ကြတာလေ။
"သူတို့က အဲဒီမှာ အမြဲတမ်းနေဖို့ အစီအစဉ်မရှိဘူးလို့ ငါ ကြားထားတယ်" လို့ အဲလ်ရစ်က ဖြေလိုက်တယ်။ "သူတို့ သွားဖို့ သင့်တော်တဲ့ နေရာတစ်ခု မတွေ့မချင်း အဲဒီမှာပဲ နေကြမှာ"
ဘိုးက ချက်ချင်းပဲ ခေါင်းမော့လိုက်တယ်။ သူ့စကားတွေရဲ့ အဓိပ္ပာယ်ကို သူမ သိလိုက်တယ်။
"ဒီတော့ ဒါက သူတို့ လုပ်နေတဲ့အရာပေါ့" လို့ သူမ သဘောပေါက်သွားတယ်။ "သူတို့က ငါတို့ကို အချင်းချင်း ရန်တိုက်ပေးနေတာပဲ"
"ဘာ... မင်း ဘာကို ဆိုလိုတာလဲ" လို့ ရက်ပ်တာက အာမေဍိတ်သံနဲ့ မေးလိုက်တယ်။
"ဒီသတင်းကို ကြားပြီးရင် တခြားနယ်မြေတွေက ဘယ်လိုတွေးမလဲလို့ မင်း ထင်လဲ၊ သူတို့ မက်ထရိုပိုလစ်ကို မလာတော့လို့ ငါတို့အတွက် ဝမ်းနည်းပေးနေမယ်လို့ မင်း ထင်နေတာလား" လို့ သူမက ရက်ပ်တာကို မေးလိုက်တယ်။
"မဟုတ်ဘူး... သူတို့... သူတို့က အခွင့်အရေးကို အသုံးချကြမှာပဲ" လို့ သူက တီးတိုးရေရွတ်လိုက်တယ်။
အဲလ်ရစ်က သက်ပြင်းချလိုက်တယ်။ "အဲဒါကပဲ ငါတို့ ပြဿနာရဲ့ အဓိကအချက်ပဲ လူကြီးမင်းတို့... နဂါးမျိုးနွယ်ဝင်တွေက တခြားနယ်မြေတွေကို ငါတို့အပေါ် အသာစီးရနိုင်မယ့် အခွင့်အရေးတစ်ခု ပေးလိုက်တာပဲ၊ ပြီးတော့ သူတို့ အဲဒါကို အသုံးချမယ်ဆိုတာ ယုံလိုက်
တကယ်လို့ သူတို့က ခရီးသွားဧည့်သည်တွေကို သူတို့နယ်မြေဆီ အောင်မြင်စွာ မြှူဆွယ်နိုင်ခဲ့ရင် တော်ဝင်တိုက်ကြီးထဲက အကြီးဆုံး မြို့တော်တွေထဲက တစ်ခုဆိုတဲ့ ငါတို့ရဲ့ ဂုဏ်ပုဒ်ကို ဆုံးရှုံးရလိမ့်မယ်
အခု ငါတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်တွေ၊ ဆန့်ကျင်ဘက်တွေနဲ့ ရန်သူတွေအဖြစ် သတ်မှတ်ထားကြတယ်ဆိုတာ ငါ သိပါတယ်
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါတို့အားလုံး ပေါင်းစည်းပြီး စည်းလုံးတဲ့ အဖွဲ့တစ်ဖွဲ့အနေနဲ့ လှုပ်ရှားနိုင်မယ်လို့ မျှော်လင့်တယ်
နဂါးမျိုးနွယ်ဝင်တွေက မာနကြီးတဲ့ အဖွဲ့ပဲ၊ သူတို့က ငါတို့ဆီကို အလည်အပတ်လာရလောက်အောင် ငါတို့က ထိုက်တန်တယ်လို့ မယုံကြည်ကြဘူး၊ ဒါကြောင့် ငါတို့က သူတို့ကို ပြသရမယ်၊ မက်ထရိုပိုလစ်က ဘာလို့ ထိပ်ဆုံးမှာ ရပ်တည်နေလဲဆိုတာကို သူတို့ကို ပြသရမယ်"
အဲလ်ရစ် စကားပြောပြီးတာနဲ့ လူတိုင်းရဲ့ စိတ်ထဲမှာ ရည်မှန်းချက် တစ်ခုတည်းသာ ရှိနေခဲ့တယ်။ သူတို့က နယူးစပါတာမှာ သူတို့ရဲ့ စွမ်းအားတွေကို သက်သေပြချင်နေကြတယ်။
သူတို့က ကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ရလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် တခြားနယ်မြေတွေကလည်း သူတို့ကို ဆွဲချဖို့ သေချာပေါက် ပူးပေါင်းလုပ်ဆောင်ချင်ကြမှာပဲလေ။
အတိုချုပ်ပြောရရင် ထိပ်ဆုံးမှာ အချိန်အကြာကြီး ရပ်တည်နေခဲ့တာက သူတို့ကို ပစ်မှတ်တစ်ခု ဖြစ်စေခဲ့ပြီး ဒီခရီးသွားဧည့်သည် ခေတ်သစ်မှာ အသက်ရှင်ကျန်ရစ်ချင်ရင် သူတို့အားလုံး အချင်းချင်း ဖေးမကူညီပေးရမယ်ဆိုတဲ့ သဘောပဲ။
အဲဒီအချိန်မှာပဲ ထောင့်တစ်နေရာက အရိပ်တစ်ခုက ပြုံးလိုက်ပြီးနောက် အခန်းထဲကနေ ထွက်ခွာသွားခဲ့တယ်။
* * * * * * * *
တစ်ညတာ ကောင်းကောင်း အိပ်စက်ပြီးနောက်မှာတော့ သူ့တံခါးကို ခေါက်လိုက်တဲ့ အသံတွေကြောင့် မိုက်ကယ် ရုတ်တရက် နိုးလာခဲ့တယ်။
သူ ထလိုက်ပြီး တံခါးကို ဖွင့်လိုက်တယ်။ "ဘာကိစ္စလဲ" လို့ သူက အိပ်ချင်မူးတူးနဲ့ မေးလိုက်တယ်။
သူ အံ့ဩသွားတာက အဲဒါက တကယ်တော့ ဂီလာမိုနဲ့ တခြား ဗန်ပိုင်ယာတွေ ဖြစ်နေတာပဲ။
သူတို့ကို ဘုရားကျောင်းထဲမှာ မဟုတ်ဘဲ ဒီမှာ လာတွေ့ရတာ တော်တော်လေး ထူးဆန်းနေတယ်။ ဒါကြောင့် တစ်ခုခုတော့ ဖြစ်နေပြီဆိုတာကို သူ ချက်ချင်း သိလိုက်တယ်။
"ပြဿနာ တစ်ခုခုရှိလို့လား"
ဂီလာမိုက ခေါင်းညိတ်လိုက်တယ်။ "ငါတို့ ဆက်သွယ်လို့ရသမျှ ဗန်ပိုင်ယာတွေအားလုံးကို အိုင်းရွန်းမေဒင်ရဲ့ ဘာသာတရားထဲ ဝင်လာအောင် စည်းရုံးဖို့ ကြိုးစားနေခဲ့တာ
ဒါပေမဲ့ နောက်ပိုင်းမှာ မက်ထရိုပိုလစ်ဆီ လာတဲ့ ဗန်ပိုင်ယာတွေ ပိုပိုနည်းလာတာကို ငါတို့ တွေ့ရတယ်၊ တစ်ခုခုတော့ ဖြစ်နေပြီ မိုက်ကယ်
ဆာဖတ်ချ်နဲ့ အရိပ်ဝံပုလွေတွေရဲ့ ကျေးဇူးကြောင့် အကြောင်းရင်းကို ငါတို့ သိခဲ့ရတယ်။
အဲဒါ တော်ဝင်သွေး ဗန်ပိုင်ယာတွေပဲ၊ တခြား ဗန်ပိုင်ယာတွေအားလုံးက သူတို့ရဲ့ ဦးဆောင်မှုကို လိုက်နာနေကြပြီး သူတို့က မက်ထရိုပိုလစ်နဲ့ ဝေးရာကို ခေါ်ဆောင်သွားခံနေရတာ ပြီးတော့ ဒါကို နားထောင်ကြည့်ဦး... သူတို့က ဂိုင်ယာကို တွေ့ပြီလို့ ပြောနေကြတယ်"