အခန်း (၇၄၅-၇၄၆)
Vol. 63 Ch. 745-746
အခန်း(၇၄၅)
ဒါပေမဲ့ ဘာမှမလုပ်ခင်မှာ မိုက်ကယ်က ပတ်ဝန်းကျင်ကို အရင်လှည့်ပတ်ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်တယ်။ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ပိုပြီးကောင်းကောင်း နားလည်သဘောပေါက်နိုင်ဖို့အတွက် ဒေသအခြေအနေကို လေ့လာတာက ဆိုးမယ့်ကိစ္စတော့ မဟုတ်ဘူးလေ။
သူက ဘာအကြောင်းပြချက်မှ မရှိဘဲ ကွန်ကရစ်မိုးမျှော်တိုက်ကြီးတွေကို ရုတ်တရက် ထဆောက်လို့ မရဘူး။ အချို့သော ယဉ်ကျေးမှုတွေက သဘာဝတရားနဲ့ ဆန့်ကျင်ပြီး လုပ်ထားတဲ့ ဒီလိုမျိုးအရာတွေကို သဘောကျချင်မှ ကျကြမှာ။
ကွန်ကရစ် အဆောက်အအုံတွေ တည်ဆောက်တာက အဆင်ပြေဖို့ များပေမဲ့လည်း သေချာအောင် အရင်ဆုံး လုပ်ထားတာကတော့ အကောင်းဆုံးပဲ။
သူက ရက်ပ်တာရဲ့ တဲဆီ ပြန်လျှောက်သွားပြီး နယူးစပါတာထဲ ဝင်ခွင့်နဲ့ပတ်သက်ပြီး မေးလိုက်တယ်။
"မင်းက လှည့်ပတ်ကြည့်ချင်လို့လား... ရတာပေါ့၊ လည်ပတ်ဖို့ သက်သက်ဆိုရင် ဘယ်သူမဆို အထဲဝင်ခွင့်ရှိတယ်... ဒါပေမဲ့ အချို့သော မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေက သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားကြတာမို့ ဖိတ်ကြားမခံရဘဲ သူတို့အိမ်ထဲကိုတော့ ဝင်သွားလို့ မရဘူးနော်"
သေချာတာကတော့ မိုက်ကယ်က အဲဒီလိုလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ သူက ဒီအတိုင်း လှည့်ပတ်ကြည့်ရှုပြီး သူ အခုထိ မမြင်ဖူးသေးတဲ့ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို လေ့လာဖို့ပဲလေ။
သူက ဗန်ပိုင်ယာတွေ၊ နတ်မျိုးနွယ်တွေနဲ့ ရေလူသားတွေကို သူတို့ရဲ့ နေရပ်ပြင်ပမှာ မြင်တွေ့ခဲ့ဖူးတယ်။ သူတို့ကို သူတို့ရဲ့ ကိုယ်ပိုင်အိမ်တွေမှာ သက်တောင့်သက်သာ ရှိနေတာကို မြင်ရတာကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မယ်။
ထို့နောက် သူက ပဟေဠိတစ်ခုလို အချိတ်အဆက်မိမိ တွဲဆက်ထားတဲ့ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ နယူးစပါတာရဲ့ မြို့ရိုးနံဘေးအတိုင်း လျှောက်သွားခဲ့တယ်။
လမ်းမှာ တော်ဝင်တိုက်ကြီး တစ်ခွင်က လူတွေနေထိုင်ကြတဲ့ တဲတွေနဲ့ သစ်လုံးအိမ် အများအပြားကို မြင်တွေ့ခဲ့ရတယ်။ သူ ကြုံတွေ့ခဲ့ရတဲ့ စကားဝိုင်းအချို့ကို ခိုးနားထောင်ပြီးတဲ့နောက်မှာတော့ ကွင်းစ်နယ်မြေရဲ့ မြောက်ပိုင်းဒေသကနေ လာကြတဲ့ ဧည့်သည်အချို့တောင် ရှိနေမှန်း သူ သိလိုက်ရတယ်။
မက်ထရိုပိုလစ်ရဲ့ အလွန်မှာတော့ ကုမ္ပဏီစုကြီး အများစု အခြေစိုက်တဲ့ နယ်မြေတွေ ရှိတယ်။ ဒါက အဲဒီက လူနေမှုအဆင့်အတန်းနဲ့ ကျင့်စဉ်စွမ်းရည်တွေက အောက်ပိုင်းဒေသက လူတွေထက် ယေဘုယျအားဖြင့် အများကြီး ပိုအားကောင်းတယ်ဆိုတဲ့ သဘောပဲ။
"ကုမ္ပဏီစုကြီးတွေတောင် နယူးစပါတာကို စိတ်ဝင်စားနေကြတယ်လို့ ငါ ကြားတယ်"
"ကျစ်... မက်ထရိုပိုလစ်က ငါတို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာမယ်လို့ ငါ ထင်နေခဲ့တာ၊ သူတို့ မြောက်ပိုင်းမှာပဲ နေနေကြလို့ မရဘူးလား"
"မရဘူးလေ... နဂါးမျိုးနွယ်ဝင်တွေ ပါဝင်ပတ်သက်နေမှတော့ သူတို့လည်း နေလို့ မရဘူးပေါ့"
မိုက်ကယ်က ဆက်လျှောက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ နယူးစပါတာရဲ့ ဝင်ပေါက်ဆီ ရောက်ရှိသွားခဲ့တယ်။
သူ အထဲကို ခြေလှမ်းလိုက်တာနဲ့ တစ်ပြိုင်နက် လုံးဝ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင် နှစ်ခုကြားမှာ ရောက်နေမှန်း သတိထားမိလိုက်တယ်။
သူ ညာဘက်ကို ကြည့်လိုက်တဲ့အခါ ဒါက ဘယ်မျိုးနွယ်ရဲ့ နေရာလဲဆိုတာ ချက်ချင်း သိလိုက်တယ်။
ဒီနေရာလေးမှာ အဆောက်အအုံတွေအစား ရေကန်ကြီးတစ်ခုသာ ရှိနေခဲ့တယ်။
ဒါက ရေလူသားတွေရဲ့ နေရာပဲ။
သူက သမုဒ္ဒရာလို ပြာလဲ့နေတဲ့ ရေပြင်ကို စူးစိုက်ကြည့်လိုက်တော့ တောက်ပနေတဲ့ သန္တာကျောက်တန်းတွေနဲ့ မြုပ်နေတဲ့ အလင်းရောင် ဝါးဝါးလေးတွေကို မြင်လိုက်ရပြီး ဒီရေကန်ကြီးရဲ့ အောက်ခြေမှာ ရေအောက်ရှုခင်းတစ်ခု ရှိနေကြောင်း ပြသနေတယ်။
ဒီရေကန်ကြီးကို ဖန်တီးဖို့အတွက် ကြီးမားတဲ့ မှော်စွမ်းအင်တွေ သုံးထားရမှာ သေချာတယ်။
အဲဒီပတ်ဝန်းကျင်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဘယ်ဘက်ခြမ်းကတော့ လုံးဝ ကွဲပြားခြားနားပြီး ကမ္ဘာမြေနဲ့ ပိုတူတယ်။
အဲဒီမှာ အရပ်ရှည်ရှည် သစ်ပင်ပိန်ပိန်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ တောအုပ်တစ်ခု ရှိနေပြီး သူ့ကို ကျေးလက်ဒေသကို သတိရသွားစေတယ်။ ကျယ်ပြန့်တဲ့ တောင်တန်းတွေသာ ရှိမယ်ဆိုရင် ဒါက တကယ့်ကို ကြည့်ရှုချင်စရာ မြင်ကွင်းတစ်ခု ဖြစ်လာမှာပဲ။
ခပ်လှမ်းလှမ်းမှာတော့ သစ်လုံးအိမ်တွေနဲ့ တဲအိမ်လေးတွေက နီးနီးကပ်ကပ် စုဖွဲ့နေတာကို သူ မြင်လိုက်ရတယ်... လူမျိုးစုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဒါက ဝံပုလွေလူသားတွေရဲ့ နေရာပဲ။
လူတွေ အထဲကို လှမ်းကြည့်လို့ မရအောင် ကာကွယ်ပေးထားတဲ့ ထူထပ်တဲ့ မြူခိုးတွေ ရှိနေပေမဲ့ မိုက်ကယ်က တောအုပ်ထဲက အလင်းမှော်စွမ်းအင် အရိပ်အယောင်တွေကို မြင်နိုင်ဖို့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသုံးပြုလိုက်တယ်။
နောက်ဆုံးမှာတော့ အဲဒီနေရာမှာ ဝံပုလွေလူသားတွေရဲ့ ပထမဆုံး အရိပ်အယောင်တွေကို သူ မြင်တွေ့လိုက်ရတယ်။
သူနဲ့ အနီးဆုံး လူမျိုးစုဆီမှာ အလင်းမှော်စွမ်းအင် အရိပ်အယောင် အနည်းငယ်က ထင်းအဖြစ် သုံးဖို့လို့ ယူဆရတဲ့ သစ်လုံးတွေကို ခုတ်ထစ်နေကြတာကို မြင်လိုက်ရတယ်။
'သူတို့က... ဝံပုလွေလူသားတွေလား'
မှော်စွမ်းအင် ရှုထောင့်ကနေ ကြည့်ရင်တော့ သူတို့က... လူသားတွေနဲ့ တူတယ်။
သူနဲ့ သူတို့ကြားမှာ ဘာကွာခြားချက်မှ မရှိတာကို သူ မြင်တွေ့ခဲ့ရတယ်။ သူတို့သာ ဒီနေရာမှာ နေထိုင်မနေဘူးဆိုရင် သူတို့ကို ပုံမှန်လူသားတွေလို့ပဲ သူ ထင်မိမှာ သေချာတယ်။
'နေဦး... ကွာခြားချက်တစ်ခုတော့ ရှိတယ်'
အခု သူက မြူခိုးတွေကို ဖောက်ထွင်းမြင်နိုင်ဖို့ ဒရုန်းရဲ့ အမြင်အာရုံ စွမ်းရည်ကို အသုံးပြုလိုက်တယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ နှလုံးသားတွေက လိမ္မော်ရောင် အလင်းတန်းတွေနဲ့ ပြင်းထန်စွာ ခုန်ပေါက်နေတာကို သူ မြင်လိုက်ရတော့တယ်။
ဒါက တာအိုနှလုံးသားပဲ။
'သူတို့က လူသားတွေ ဖြစ်နေလို့ လူသားပုံပေါက်နေတာ ဖြစ်ရမယ်... သူတို့က ဝံပုလွေအဖြစ် အသွင်မပြောင်းသေးတာပဲ နေမှာ'
သူ့ဘေးနားက နေရာနှစ်ခုကို ကြည့်ပြီးသွားတဲ့နောက်မှာတော့ သူက သူ့ရှေ့တည့်တည့်ကို အာရုံစိုက်လိုက်တယ်။
ကြမ်းတမ်းတဲ့ လမ်းမကြီးရဲ့ ဖြောင့်တန်းတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားရင် မိုးကုတ်စက်ဝိုင်းမှာ ပြည့်နှက်နေတဲ့ အရပ်ရှည်ရှည် မျှော်စင်ကြီးတွေနဲ့ သူ မျက်နှာချင်းဆိုင် တွေ့ရလိမ့်မယ်။
ဒါက နဂါးမျိုးနွယ်ဝင်တွေရဲ့ နေရာပဲ။
သူက သူတို့နဲ့ တွေ့ဆုံဖို့ကိုလည်း စိတ်ဝင်စားနေခဲ့တယ်။
'ငါ ဘယ်နေရာကို အရင်သွားသင့်လဲ'
အခုလောလောဆယ်တော့ မှော်သားရဲ တစ်ပိုင်းသတ္တဝါ မျိုးနွယ်တွေထဲမှာ သူနဲ့ အရင်းနှီးဆုံး ဖြစ်တဲ့ ရေလူသားတွေရဲ့ နေရာကို အရင်လည်ပတ်တာက ပိုကောင်းလိမ့်မယ်လို့ ထင်ရတယ်။
သူက ရေကန်စပ်ဆီ လျှောက်သွားပြီး ရေအောက်ခြေဆီ ငုပ်ဆင်းသွားချိန်မှာ အသက်ရှင်နိုင်ဖို့ ရိုးရှင်းတဲ့ ရေအောက်အသက်ရှူမန္တန်တစ်ခုကို အသင့်ပြင်ထားလိုက်တယ်။
ဒါပေမဲ့ ရေထဲကို ခြေတစ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်တယ်။
"ဒီကနေ ဝင်သွားလို့ မရဘူး"
သူ လှည့်ကြည့်လိုက်တော့ မက်ထရိုပိုလစ်ရဲ့ ရိုးရာမဟုတ်တဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူသားအမျိုးသားတစ်ယောက်ကို မြင်လိုက်ရတယ်။
"ဘာလို့လဲ" လို့ သူက မေးလိုက်တယ်။
"လတ်တလော ဘယ်သူမှ ရေလူသားတွေဆီ လည်ပတ်ခွင့် မရှိဘူး" လို့ အမျိုးသားက ပြန်ဖြေတယ်။ "စမ်းကြည့်လေ... မင်း ရေထဲကို ဝင်လို့ မရဘူး"
မိုက်ကယ်က လှည့်ပြီး သူ့ခြေထောက်ကို ရေထဲ နှစ်လိုက်ပေမဲ့ သူက အမာခံမျက်နှာပြင်ပေါ်မှာ လျှောက်နေရသလို ဖြစ်နေတာကိုပဲ တွေ့လိုက်ရတယ်။
သူက ရေခဲပေါ် လျှောက်နေရသလို ဖြစ်နေပေမဲ့ သူ့ခြေအောက်က ရေကတော့ ရှင်းရှင်းလင်းလင်းကို အရည်ဖြစ်နေပြီး လေတိုက်လို့ဖြစ်လာတဲ့ တိတ်ဆိတ်တဲ့ လှိုင်းလုံးလေးတွေကြောင့် ဂယက်ထနေဆဲပဲ။
"ရေလူသားတွေက တစ်ခုခုနဲ့ တော်တော်လေး အလုပ်ရှုပ်နေပုံရတယ်" လို့ မိုက်ကယ်ဘေးမှာ လျှောက်လာရင်း အမျိုးသားက ပြောလိုက်တယ်။ "ဟိုင်း... ငါက ဘရော့ခ် ပါ"
"မိုက်ကယ် ပါ" လို့ သူက လက်ဆွဲနှုတ်ဆက်ရင်း ပြန်ဖြေလိုက်တယ်။
ဘရော့ခ် က သူ့ကို အထက်အောက် ကြည့်လိုက်တယ်။ "ပြောပါဦး... မင်းက ဒီလိုနေရာမျိုးအတွက် တော်တော်လေး ငယ်သေးတယ် မဟုတ်လား၊ မင်း တစ်ယောက်တည်းလား... မင်းရဲ့အဖွဲ့ကရော ဘယ်မှာလဲ"
"သူတို့ နောက်မှ လာလိမ့်မယ်" လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။
"အင်း... ဒီမှာ ပြိုင်ဆိုင်မှုတွေ အများကြီး ရှိနေတာမို့ မင်း အကူအညီတွေ အများကြီး ခေါ်လာတာ ပိုကောင်းလိမ့်မယ်၊ မက်ထရိုပိုလစ်၊ ဇန်သေဗန်မြို့ နဲ့ ဘိုနာကိုးမြို့... ငါ ပြဿနာမတက်ချင်တဲ့ နာမည်ကြီးတွေ အများကြီးပဲ"
"ငါက အရှေ့ဘက်ကမ်းရိုးတန်းနားက မြို့ငယ်လေးတစ်မြို့က လာတာ... ဘယ်သူမှ သူ့နာမည်ကိုတောင် မသိကြဘူး၊ ဒါကြောင့် ဘယ်သူကမှ ငါ့ကို အရေးတယူ လုပ်မှာ မဟုတ်ဘူး"
"ဒါကြောင့် ငါတို့လို အဖွဲ့ငယ်လေးတွေက အတူတူ ပူးပေါင်းသင့်တယ်၊ ငါတို့အချင်းချင်းသာ တိုက်ခိုက်နေမယ်ဆိုရင် အဲဒီအဖွဲ့ကြီးတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ဘရော့ခ် က မိုက်ကယ်ကို တစ်ခုခုအတွက် စည်းရုံးဖို့ မျှော်လင့်ချက်နဲ့ ချဉ်းကပ်လာခဲ့ပုံရတယ်။ မိုက်ကယ်ရဲ့ ငယ်ရွယ်မှုကို မြင်တော့ ဘရော့ခ် က မိုက်ကယ်ကို နယူးစပါတာမှာ နာမည်တစ်ခု ရဖို့ မျှော်လင့်နေတဲ့ လူငယ် စီးပွားရေးသမားလေး တစ်ယောက်လို့ ထင်နေတာပဲ။
မိုက်ကယ်က သူ့ကို မပြင်ပေးခဲ့ဘူး။
"မင်း ဘယ်လိုသဘောရလဲ" လို့ ဘရော့ခ် က သူ့ကို မေးလိုက်တယ်။
"ရပါတယ်... ငါတို့ ဘာလုပ်ကြမှာလဲ"
"လာ... ငါ မင်းကို လိုက်ပြမယ်" လို့ ပြောရင်း ဘရော့ခ် က သူ့ကို လိုက်ခဲ့ဖို့ လက်ဟန်နဲ့ ပြလိုက်တယ်။
ဘရော့ခ် က သူ့ကို ဝံပုလွေလူသားတွေရဲ့ နယ်မြေအစပ်ဆီ ခေါ်သွားခဲ့တယ်။ အဲဒီမှာတော့ တိုက်ပွဲတစ်ခုအတွက် အဆင်သင့်ဖြစ်နေပုံရတဲ့ လူသားတွေ အများကြီး စုဝေးနေတာကို သူ မြင်လိုက်ရတယ်။
သူတို့ရဲ့ မျက်နှာပေါ်က အမူအရာတွေ၊ ကျောပေါ်က လေးလံတဲ့ သံချပ်ကာတွေနဲ့ သေသေချာချာ သွေးထားတဲ့ လက်နက်တွေကို ကြည့်ရတာ ဒီနေရာမှာ တိုက်ခိုက်ရမယ့် ကိစ္စတစ်ခုခု ရှိနေပုံပဲ။
"ဘာတွေ ဖြစ်နေတာလဲ" လို့ သူက ဘရော့ခ် ကို မေးလိုက်တယ်။
"ဒီလူတွေအကုန်လုံးက ဘရောင်းဘလဒ် မျိုးနွယ်စု ထဲ ဝင်ခွင့်ရဖို့ တိုက်ခိုက်ကြမယ့်သူတွေချည်းပဲ" လို့ ဘရော့ခ် က ပြန်ဖြေတယ်။
"ဘရောင်းဘလဒ် မျိုးနွယ်စု"
ဘရော့ခ် က ခေါင်းညိတ်လိုက်တယ်။ "အင်း... အဲဒါက ဝံပုလွေလူသား မျိုးနွယ်ထဲက လူမျိုးစုတစ်ခုပဲ၊ သူတို့က လောလောဆယ် လူသားတွေကို သူတို့နေရာထဲ ဝင်ခွင့်ပေးပြီး ဆက်ဆံရေး တည်ဆောက်ခွင့်ပေးမယ့် လူမျိုးစု အနည်းငယ်ထဲမှာ ပါတယ်လေ"
မိုက်ကယ်က ဒီလိုကိစ္စမျိုးနဲ့ ကြုံလိုက်ရလို့ တော်တော်လေး အံ့အားသင့်သွားပြီး ဝမ်းသာသွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒါက သူ လိုချင်နေတဲ့ အရာပဲလေ။ သူက ဝံပုလွေလူသားတွေနဲ့ တွေ့ဆုံချင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲက သူ့ကို အဲဒီအခွင့်အရေး ပေးမယ့်ပုံပဲ။
"ပြိုင်ပွဲက ဘာအကြောင်းလဲ"
"ငါတို့လည်း မသိသေးဘူး... ဒါပေမဲ့ ဝံပုလွေလူသား အများစုက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တခြားအရာတွေထက် ပိုတန်ဖိုးထားကြတာမို့ သူတို့က ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်စမ်းသပ်မှုတစ်ခု လုပ်လိမ့်မယ်လို့ ငါတို့ ထင်တယ်၊ အဲဒါအတွက် ငါတို့အားလုံး ပြင်ဆင်နေကြတာပဲ"
ဘရော့ခ် နဲ့ တခြားသူတွေက ဝံပုလွေလူသားတွေ မျက်စိကျလောက်မယ့် လက်နက်တွေနဲ့ သံချပ်ကာအမျိုးမျိုးကို ယူဆောင်လာပြီး တတ်နိုင်သမျှ ပြင်ဆင်ထားကြပုံရတယ်။ သူတို့က အားနည်းတဲ့ပုံစံမျိုး မပြချင်ကြဘူးလေ။
အဲဒီအချိန်မှာပဲ အုပ်စုထဲကနေ တီးတိုးရေရွတ်သံအချို့ ထွက်ပေါ်လာတာကို မိုက်ကယ် ကြားလိုက်ရတယ်။
သူတို့က ခပ်လှမ်းလှမ်းက လူတစ်ယောက်အကြောင်း ပြောနေကြပုံပဲ။
မိုက်ကယ်က ဆံပင်ဖြူဖြူနဲ့ ခါးကုန်းကုန်း အဘိုးအိုတစ်ယောက် သားမွေးဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အသားအရောင်ညိုညို လူသားအနည်းငယ်နဲ့အတူ လမ်းလျှောက်လာတာကို မြင်လိုက်ရတယ်။
"အဲဒါ ဝံပုလွေလူသားတွေပဲ" လို့ ဘရော့ခ် က မိုက်ကယ်ကို တီးတိုးပြောလိုက်တယ်။
"ဟို အဘိုးကြီးကောပဲလား" လို့ မိုက်ကယ်က မေးလိုက်တယ်။
ကြွက်သားအမြွှာမြွှာနဲ့ အဲဒီလူတွေက စိတ်ကူးယဉ်ပုံပြင်တွေထဲမှာ သူ မြင်ဖူးတဲ့ သာမန် ဝံပုလွေလူသားတွေနဲ့ တူတယ်။ ဒါပေမဲ့ အဘိုးကြီးကတော့ မတူဘူး။ သူက သိပ္ပံဇာတ်လမ်းတွေထဲက လူနဲ့ ပိုတူနေတယ်။
"မဟုတ်ဘူး... အဲဒီ အဘိုးကြီးက ကွာတယ်၊ မင်း သူ့ကို မသိဘူးလား"
မိုက်ကယ်က ခေါင်းယမ်းလိုက်တယ်။
"သူက ပါမောက္ခ လစ်ချ်တန်စတိုင်း လေ... အိုင်းဇ် ဗန်ဒါဘစ် တောင် အကြီးအကျယ် လေးစားရတဲ့ နာမည်ကြီး သမိုင်းပညာရှင်ပဲ၊ သူက ရုပ်ပိုင်းဆိုင်ရာအရ မသန်မာပေမဲ့ သူပိုင်ဆိုင်ထားတဲ့ အသိပညာက သူ့ကို အလွန် သြဇာညောင်းတဲ့ လူသားတစ်ယောက် ဖြစ်စေတာ"
မိုက်ကယ်က အဘိုးကြီးရဲ့ နှေးကွေးတဲ့ ခြေလှမ်းအတိုင်း လိုက်လျှောက်ပြီး လေးစားမှုပြသနေကြတဲ့ ဝံပုလွေလူသားတွေနဲ့ လမ်းလျှောက်လာတဲ့ ပါမောက္ခကို စိုက်ကြည့်နေမိတယ်။
"သူက ဘာလို့ ဒီရောက်နေတာလဲ" လို့ သူက ဘရော့ခ် ကို မေးလိုက်တယ်။
"အဲဒါတော့ ငါလည်း မသိဘူး... ဒါပေမဲ့ ပါမောက္ခ လစ်ချ်တန်စတိုင်း သာ ဒီရောက်နေတယ်ဆိုရင် တစ်ခုခု အသစ်ရှာဖွေတွေ့ရှိသွားတာ သေချာတယ်၊ အဲဒါက သူ နယူးစပါတာမှာ ပေါ်လာရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ"
* * * * * * * *
စာစဉ်(၆၃)
အခန်း(၇၄၆)
ပါမောက္ခ လစ်ချ်တန်စတိုင်းက သမိုင်းကို ရူးသွပ်တဲ့သူတစ်ယောက်လို ပုံပေါက်နေတယ်။ သူက သမိုင်းမှာ ပျောက်ကွယ်သွားပြီလို့ ထင်ရတဲ့ သီးသန့်အကြောင်းအရာတစ်ခုအကြောင်းကို အကုန်သိနေနိုင်မယ့် ပညာရပ်ပိုင်းဆိုင်ရာကလွဲလို့စိတ်မဝင်စားတဲ့ တောမှီတစ်ပါးလိုမျိုး မြင်နေရတာပဲ။
'သူတို့က ဘယ်လိုရှာဖွေတွေ့ရှိမှုမျိုးကို ပြောနေကြတာလဲ'
ပါမောက္ခ လစ်ချ်တန်စတိုင်း စိတ်ဝင်စားနေတဲ့ အရာက ဘာပဲဖြစ်ဖြစ် မိုက်ကယ်တစ်ယောက် သိချင်စိတ် ပြင်းပြနေမိတယ်။ ဒါက သူကိုယ်တိုင်လည်း သိချင်နေမယ့် အကြောင်းအရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။
ဒါကြောင့် သူက ဒရုန်းကို တိတ်တဆိတ် ထုတ်လိုက်ပြီး ပါမောက္ခနဲ့ သူ့ဘေးနားက ဝံပုလွေလူသားသုံးယောက်ဆီကို နီးကပ်စွာ ပျံသန်းသွားအောင် ထိန်းချုပ်လိုက်တယ်။
ဒရုန်းရဲ့ မျက်နှာပြင်က တဖျပ်ဖျပ် လက်သွားပြီး အနားခြောက်စွန်းပုံစံ အကွက်လေးတွေက တဖြည်းဖြည်းနဲ့ ပိုပြီး ဖောက်ထွင်းမြင်နိုင်လာတယ်။ သူတို့က ပတ်ဝန်းကျင်ရဲ့ အရောင်နဲ့ အလင်းအားအတိုင်း အတိအကျ ပြောင်းလဲသွားပြီး လုံးဝကို ကိုယ်ပျောက်သွားတော့တာပဲ။
ပန်ကာတွေဆီကနေ အသံကျယ်ကျယ် ထွက်နေတာက ပုန်းကွယ်ဖို့အတွက် ပြဿနာတစ်ခု ဖြစ်နေဆဲဆိုပေမဲ့ ဒရုန်းကို သူ့လက်ဖဝါးပေါ် အတိအကျ တင်လို့ရတဲ့ အရွယ်အစားအထိ သေးငယ်သွားအောင် လုပ်ပြီးတော့ သူက ဒီပြဿနာကို ဖြေရှင်းထားပြီးသားလေ။
ဒီလို အရွယ်အစားမှာဆိုရင် ပန်ကာရဲ့ အသံက မီတာအနည်းငယ်အကွာကနေပဲ ကြားနိုင်တဲ့ တဝီဝီမြည်သံ တိုးတိုးလေးအဖြစ် လျော့ကျသွားမှာလေ။
ဒါပေမဲ့ ဝံပုလွေလူသားတွေက လူသားတွေထက် သာလွန်တဲ့ အကြားအာရုံတစ်ခု ပိုင်ဆိုင်ထားနိုင်ခြေ ရှိနေဆဲပဲ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အရင်ဘဝတုန်းကလည်း ဝံပုလွေလူသားတွေက အဲဒီအချက်နဲ့ နာမည်ကြီးခဲ့တာကိုး။
ဝံပုလွေလူသားတွေက လူသားတွေနဲ့ တူနေဆဲဖြစ်ပြီး အများအားဖြင့် သာမန်လူတွေရဲ့ ဝိသေသလက္ခဏာတွေ ရှိနေပေမဲ့ သူကတော့ စွန့်စားရတာမျိုး မလုပ်ချင်ဘူး။
သူက အချိန်အနည်းငယ်ရှေ့ကမှ ဝယ်ယူထားတဲ့ အရာဝတ္ထုများကို ဖြတ်သန်းသွားလာနိုင်ခြင်း အဆင့်မြှင့်တင်မှုကို အသုံးပြုပြီး ဒရုန်းကို မြေအောက်ထဲ နစ်ဝင်သွားအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒရုန်းက သူ့ခြေဖဝါးအောက်က မြေကြီးထဲကို နစ်ဝင်သွားတာနဲ့ တစ်ပြိုင်နက် တဝီဝီမြည်သံက လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့တယ်။ သူ ဒရုန်းကို ပိုပြီး နက်နက်ကို ဆင်းခိုင်းလေ ပိုပြီး သတိမထားမိအောင် ပုန်းကွယ်နိုင်လေပဲ။
ဒါပေမဲ့ ပါမောက္ခ လစ်ချ်တန်စတိုင်းနဲ့ သူ့ဘေးနားက လူတွေရဲ့ စကားပြောသံတွေကို သူမကြားရတော့မှာ စိုးတဲ့အတွက် အရမ်းကြီး အနက်ကြီးအထိတော့ မသွားခဲ့ဘူး။
ဒရုန်းက ပါမောက္ခရဲ့ အောက်တည့်တည့်ကို ရောက်သွားတဲ့အခါ သူက ဒရုန်းကို ဖြည်းဖြည်းချင်း အပေါ်ပြန်တက်ခိုင်းလိုက်ပြီး နောက်ဆုံးမှာတော့ သူ့အပေါ်ဘက်က အသံတွေကို စတင် ဖမ်းယူနိုင်ခဲ့တော့တယ်။
"ဒီအစည်းအဝေးအတွက် ငါ နောက်ကျလို့မဖြစ်ဘူး၊ မင်းတို့ရဲ့ အကြီးအကဲကို ငါ့အပေါ် ဧည့်ဝတ်ကျေပွန်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပေးပါ၊ ဒါပေမဲ့ ငါ ဒီမှာ အကြာကြီး ဆက်နေလို့မရတော့ဘူး၊ ငါ သွားရတော့မယ်၊ ခေတ်သစ်လူသားတွေရဲ့ သမိုင်းကြောင်းကို ရှာတွေ့ဖို့ ငါ တော်တော်လေး နီးစပ်နေပြီ" လို့ ပါမောက္ခ လစ်ချ်တန်စတိုင်းက ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
"အကြီးအကဲက တောင်းဆိုထားတာပါ၊ သူက ဝံပုလွေလူသားတွေရဲ့ သမိုင်းနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ အမြင်တွေကို အလွန် တန်ဖိုးထားပါတယ်" လို့ သူ့ဘေးမှာရှိနေတဲ့ အသားညိုညိုနဲ့ လူတွေထဲက တစ်ယောက်က ပြောလိုက်တယ်။
ခဏတာအတွင်းမှာပဲ အဲဒီလူတွေဆီကနေ ခပ်သဲ့သဲ့ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာတာကို သူ ကြားလိုက်ရတယ်။
ဒါက တမင်တကာ လုပ်လိုက်တာမျိုးနဲ့ မတူဘဲ သူတို့ရဲ့ လူတစ်ဝက် ဝံပုလွေတစ်ဝက် သဘာဝကြောင့် အလိုအလျောက် ထွက်လာတဲ့ပုံပဲ။
"မင်းတို့ နားမလည်ကြဘူးလား" ပါမောက္ခက သူ့ဆံပင်တွေကို ဆွဲဖွရင်း စိတ်အားထက်သန်စွာနဲ့ မေးလိုက်တယ်။ "ရှေးဟောင်းခေတ်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ငါတို့ နောက်ဆုံးမှာ ရှာတွေ့နိုင်တော့မယ်၊ ဒြပ်စင်ရှစ်ခုစလုံးကို အသုံးပြုနိုင်တဲ့ ငါတို့ရဲ့ စွမ်းရည်တွေ ဘာလို့ ပျောက်ဆုံးသွားရတာလဲ ဆိုတာကိုပေါ့"
ပါမောက္ခရဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်တဲ့ စကားတွေကို ကြားလိုက်ရတော့ မိုက်ကယ်တစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
သူပြောတာသာ အမှန်ဆိုရင်တော့ သူ ဒီလောက် စိတ်လောနေတာက လုံးဝကို သဘာဝကျနေတယ်။ တကယ်လို့ သူသာ အဲဒီနေရာမှာဆိုရင် ယဉ်ကျေးမှုတွေကိုတောင် ဂရုစိုက်နေမှာ မဟုတ်ဘဲ ချက်ချင်းကို နေရာရွှေ့ပြောင်းသွားမှာ သေချာတယ်။
ပါမောက္ခက ရှေးဟောင်းခေတ်နဲ့ ခေတ်သစ်ကို ပိုင်းခြားထားတဲ့ ပျောက်ဆုံးနေတဲ့ သမိုင်းကြောင်းကို ရှာဖွေနေခဲ့ပုံရတယ်။
ပြီးတော့ သူက အဖြေတစ်ခု ရဖို့ နောက်ဆုံးမှာ နီးစပ်လာခဲ့တဲ့ပုံပဲ... လူသားတွေ ဘာကြောင့် အသုံးပြုနိုင်စွမ်း ပျောက်ဆုံးသွားခဲ့ရသလဲ ဆိုတဲ့ အဖြေပေါ့...
"...သဟဇာတ..." မိုက်ကယ်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်တယ်။
သူ အဲလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ပါမောက္ခက ခပ်လှမ်းလှမ်းမှာရှိနေတဲ့ လူအုပ်စုဆီကို ခေါင်းလှည့်ကြည့်လိုက်တယ်။
သူ့မျက်လုံးတွေက တစ်စုံတစ်ယောက်ကို ရှာဖွေနေပြီး သူ့ရဲ့ သူငယ်အိမ်တွေထဲမှာ ရူးသွပ်မှုတွေက လုံးဝကို ထင်ဟပ်နေခဲ့တယ်။
ဒါပေမဲ့ အချိန်ခဏလောက် ကြာပြီးတဲ့နောက် သူက ခေါင်းယမ်းလိုက်တယ်။
"ကြည့်ရတာ ငါ စိတ်လောလွန်းလို့ ရူးတော့မလို့ ထင်တယ်၊ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါ အခု သွားမှရတော့မယ်" လို့ ပါမောက္ခ လစ်ချ်တန်စတိုင်းက ပြောရင်း သူ့ကျောက ကျောပိုးအိတ်ကို ဆွဲတင်လိုက်ပြီး ဇွတ်တောင်းဆိုနေတဲ့ ဝံပုလွေလူသားတွေဆီကနေ လှည့်ထွက်သွားခဲ့တယ်။ သူက သူတို့ရဲ့ ဘယ်စကားကိုမှ နားထောင်မနေဘဲ ရှေ့ကို ဆက်လျှောက်သွားတော့တာပဲ။
ဒါကို မြင်တော့ မိုက်ကယ်က သူ့နောက်ကို လိုက်သွားချင်တဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့တယ်။
ပါမောက္ခ ဘာကိုပဲ ရှာတွေ့တော့မှာ ဖြစ်ဖြစ် သူလည်း အဲဒါကို ရှာတွေ့ချင်နေတာလေ။
သူနဲ့ သူ နှိုးထလာစေခဲ့တဲ့ ရီနေးတားနိုင်ငံသားတွေသာ သဟဇာတကို အသုံးပြုနိုင်တဲ့ တစ်ဦးတည်းသော သူတွေ ဖြစ်ကြတယ်။ တကယ်လို့ ပါမောက္ခကသာ ဒီနက်နဲမှုနဲ့ပတ်သက်တဲ့ အမှန်တရားကို တစ်နည်းနည်းနဲ့ ရှာဖွေဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင် သူ ဝင်စားလာတုန်းက နတ်ဘုရားမက သူ့ကို ဘာကြောင့် ဒီစွမ်းအားတွေ ပေးခဲ့တာလဲဆိုတာကို သူ ရှာတွေ့နိုင်လောက်တယ်။
သူ ချက်ချင်းပဲ လှည့်ပြီး ပါမောက္ခနောက်ကို လိုက်သွားခဲ့တယ်။ သူ နည်းနည်းလေးတောင် တုံ့ဆိုင်းမနေခဲ့ဘူး။
"ဟေး... မင်း ဘယ်သွားမလို့လဲ" လို့ ဘရော့ခ်က သူ့ကို မေးလိုက်တယ်။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါ့မှာ ပိုအရေးကြီးတဲ့ ကိစ္စလေး လုပ်စရာရှိလို့ပါ" လို့ သူက ပြန်ဖြေလိုက်တယ်။
ပြီးတော့ ဘရော့ခ်က သူ့အနောက်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။ "ဒါပေမဲ့ ဟိုမှာ ကြည့်ပါဦး၊ ဘရောင်းဘလဒ် မျိုးနွယ်စုက နောက်ဆုံးတော့ သူတို့ကိုယ်သူတို့ ထုတ်ပြလိုက်ပြီ၊ သူတို့က ပြိုင်ပွဲကို ကြေညာဖို့ အဆင်သင့်ဖြစ်နေကြပြီကွ"
သူ့အနောက်မှာတော့ အသားညိုညိုနဲ့ ကြွက်သားအမြွှာမြွှာ ထွက်နေတဲ့ အမျိုးသားတစ်စုက ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်စတစ်ခုကိုသာ ခါးတောင်းကျိုက် ဝတ်ဆင်ထားကြတယ်။
သူတို့တွေက ဘရောင်းဘလဒ် မျိုးနွယ်စုရဲ့ ဝံပုလွေလူသားတွေပဲ ဖြစ်ကြတယ်။
မျိုးနွယ်စုအတွင်း သူတို့ရဲ့ ခွန်အားကို ကိုယ်စားပြုတဲ့ အနက်နဲ့ အနီရောင် တက်တူးမြောက်မြားစွာကို သူတို့ရဲ့ မျက်နှာ၊ လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ထိုးနှံထားကြတယ်။
ခန္ဓာကိုယ်ပေါ်မှာ တက်တူးအများဆုံး ရှိနေပြီး လေးထောင့်စပ်စပ် မေးရိုးနဲ့ ငှက်မွေးခေါင်းဆောင်းကို ဆင်မြန်းထားတဲ့ အမျိုးသားက ရှေ့ကို ထွက်လာပြီး သူ့ရှေ့က လူသားတွေကို နှုတ်ဆက်လိုက်တယ်။
"လမင်းကြီးက မင်းတို့နဲ့အတူ ရှိပါစေ"
(TR Note: Star Warထဲက May the Force be with you ကိုကူးချထားတယ်)
ဝံပုလွေလူသားတွေက မျှော်လင့်ချက်တွေနဲ့ လူသားတွေကို စိုက်ကြည့်နေကြတယ်။
"...လမင်းကြီးကလည်း... ခင်ဗျားတို့နဲ့အတူ ရှိပါစေ" လို့ ဘရော့ခ်က ကပျာကယာ ပြောရင်း အနေရခက်တဲ့ပုံစံနဲ့ အရိုအသေပေးလိုက်တယ်။
သူ အဲလိုလုပ်လိုက်တာနဲ့ တခြားလူသားတွေကလည်း သူ့နောက်ကို လိုက်လုပ်ကြတော့တယ်။
"ဒါက ဝံပုလွေလူသားတွေ အချင်းချင်း နှုတ်ဆက်ကြတဲ့ ပုံစံလေ" လို့ ဘရော့ခ်က မိုက်ကယ်ကို တီးတိုးပြောလိုက်တယ်။
အဲဒီအခါကျမှပဲ ငှက်မွေးခေါင်းဆောင်းကို ဆင်မြန်းထားတဲ့ ဝံပုလွေလူသားက ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြလိုက်တော့တယ်။
"ငါက ဘရောင်းဘလဒ် မျိုးနွယ်စုရဲ့ ခေါင်းဆောင်နဲ့ အကြီးအကဲ လူပန် ပဲ၊ ဒီနယ်မြေထဲမှာ ငါတို့နဲ့အတူ တာဝန်ထမ်းဆောင်ဖို့ လုံလောက်တဲ့ အရည်အချင်းရှိတဲ့ စစ်သည်တော်ကောင်း တစ်ယောက်ကို ရှာဖွေဖို့ ငါ ဒီကို လာခဲ့တာ"
လူပန်ရဲ့ စကားတွေက ဒီအခွင့်အရေးကို အတိအကျ စောင့်မျှော်နေကြတဲ့ လူများစွာဆီ စိတ်လှုပ်ရှားမှုတွေ ယူဆောင်လာပေးခဲ့တယ်။
တကယ်လို့ သူတို့သာ ဘရောင်းဘလဒ် မျိုးနွယ်စုအတွက် အလုပ်လုပ်ပေးခွင့်ရမယ်ဆိုရင် ရနိုင်ခြေရှိတဲ့ စီးပွားရေးအခွင့်အလမ်းတွေနဲ့ သူတို့ ရရှိမယ့် သဲဒင်္ဂါးလစာတွေက သူတို့ကို တစ်သက်စာ စားမကုန်အောင် ထောက်ပံ့ပေးနိုင်မှာလေ။
"ဒါပေမဲ့ လမင်းကြီးရဲ့ ကောင်းချီးပေးခြင်း ခံရတဲ့သူတွေကိုပဲ ငါတို့ မျိုးနွယ်စုထဲကို ဝင်ခွင့်ပြုမှာဖြစ်တယ်"
လူပန်ရဲ့ ဘေးမှာရှိနေတဲ့ တခြားဝံပုလွေလူသားတွေက ရင်ဘတ်ပေါ် လက်ပိုက်လိုက်ပြီး သူတို့ရှေ့က လူသားတွေကို စူးရဲစွာ စိုက်ကြည့်လိုက်ကြတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်တွေဆီကနေ သဲ့သဲ့လေး ကြားရတဲ့ ဝံပုလွေဟိန်းဟောက်သံ ထွက်ပေါ်လာပြီး မမြင်ရတဲ့ ဖိအားလှိုင်းတစ်ခုက လေပြင်းတွေအဖြစ် ပြောင်းလဲသွားကာ လူသားတွေဆီ တိုက်ခတ်သွားခဲ့တယ်။
ဒါက စမ်းသပ်မှုတစ်ခုပဲ။ နောက်တွန့်သွားတဲ့ သူတွေက ဒီပြိုင်ပွဲက သူတို့ရဲ့ အဆင့်ထက် ကျော်လွန်နေပြီ ဆိုတာကို ကိုယ့်ဘာသာ သိသွားကြမှာလေ။
လူအနည်းငယ်ကတော့ အကြောက်တရားကြောင့် ခန္ဓာကိုယ်တွေ တုန်ယင်နေဆဲဖြစ်ပြီး စိတ်ပျက်လက်ပျက်နဲ့ လှည့်ပြန်သွားကြတယ်။
ဘရော့ခ်ကတော့ တုန်လှုပ်နေပုံရပေမဲ့လည်း ငြိမ်ငြိမ်သက်သက် ရပ်နေနိုင်ဆဲဖြစ်ပြီး ဝံပုလွေလူသားတွေကို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နေခဲ့တယ်။
"ကောင်းတယ်" လို့ လူပန်က ချီးကျူးလိုက်တယ်။ "အကြမ်းဆုံး သားရေတွေကိုတောင် ဖြတ်တောက်နိုင်လောက်တဲ့ ဓားပညာမှာ ထူးချွန်တဲ့ အရည်အချင်းရှိတဲ့ လူသားတွေကို ငါတို့ တန်ဖိုးထားတယ်"
"ငါတို့က သာမန်လူတွေကို ရှာနေတာ မဟုတ်ဘူး၊ အကောင်းဆုံးကိုပဲ လိုချင်တာ၊ ဒါကြောင့် မင်းတို့ လူသားတွေအနေနဲ့ တခြားသူတွေကို စိန်ခေါ်တိုက်ခိုက်ပွဲမှာ အနိုင်ယူပြီး မင်းတို့ ကိုယ်မင်းတို့ ထိုက်တန်ကြောင်း သက်သေပြရမယ်"
ဒါကို ကြားလိုက်ရတော့ ဘရော့ခ်တစ်ယောက် စိတ်ထဲကနေ အောင်ပွဲခံလိုက်တော့တယ်။ "မင်း ကြားလိုက်လား မိုက်ကယ်... သူတို့က ဓားသမားတွေကို ရှာနေတာကွ၊ ဒါက ငါ နိုင်ဖို့ အခွင့်အရေးရှိတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာတော့မှာပဲ"
ဒါပေမဲ့ ဘရော့ခ်နဲ့ သူ့ပတ်ဝန်းကျင်က တခြားလူသားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်စွာပဲ မိုက်ကယ်ကတော့ ဒီလို ဖော်ထုတ်ပြောဆိုမှုအတွက် စိတ်လှုပ်ရှားဖို့ထက် တခြားကိစ္စတစ်ခုမှာ အတော်လေး စိတ်ရောက်နေခဲ့တယ်။
သူ အကျပ်ရိုက်နေခဲ့တယ်။
သူ ပါမောက္ခ လစ်ချ်တန်စတိုင်း နောက်ကိုပဲ လိုက်သွားသင့်သလား ဒါမှမဟုတ် ဝံပုလွေလူသားတွေနဲ့ အဆက်အသွယ်ရဖို့ အခွင့်အရေးကိုပဲ ယူသင့်သလား ဆိုတာကိုပေါ့။
* * * * * * * *