အခန်း (၇၄၇-၇၄၈)
Vol. 63 Ch. 747-748
အခန်း(၇၄၇)
သူ တော်တော်လေး ပြဿနာတက်နေတယ်။
တစ်ဖက်မှာက သူဟာ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်နိုင်ခါနီးဖြစ်နေပြီး အခြားတစ်ဖက်မှာကျတော့ သဲဒင်္ဂါး တွေရနိုင်မယ့် ဝင်ငွေလမ်းကြောင်းအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာလေ။
နှစ်ခုစလုံးက အလွန်အရေးကြီးတာမို့ သူက ဘယ်တစ်ခုကိုမှ အလွတ်မခံချင်ဘူး။
"မင်း ဘာလုပ်နေတာလဲ မိုက်ကယ်၊ ပြိုင်ပွဲမှာ နာမည်စာရင်း သွားသွင်းရအောင်လေ"
ဘရော့ခ် က ဝံပုလွေလူသားတွေ ဆီ သူတို့ရဲ့ ဓားရေးစွမ်းရည်ကို ပြသဖို့ စောင့်ဆိုင်းနေကြတဲ့ တခြားလူသားတွေနဲ့အတူ တန်းစီဖို့ မိုက်ကယ် ကို တိုက်တွန်းလိုက်တယ်။
နေရာအကန့်အသတ်ပဲရှိတာမို့ မိုက်ကယ် အနေနဲ့ ဆက်ပြီး တွေဝေနေမယ်ဆိုရင် ဒီအခွင့်အရေးကို လက်လွတ်သွားနိုင်တယ်။
စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးတဲ့နောက် သူ ဆုံးဖြတ်ချက်ချလိုက်တယ်။
ပါမောက္ခဆီ အမီလိုက်ဖို့ ရည်ရွယ်ပြီး သူ နောက်ကို လှည့်လိုက်တယ်။
"မင်း ပြိုင်ပွဲကို မဝင်တော့ဘူးလား" လို့ ဘရော့ခ် က စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်။
မိုက်ကယ် က သူ့ကို ပြန်ကြည့်လိုက်ပြီး "ငါ ဝင်မှာပါ" လို့ ပြန်ဖြေလိုက်တယ်။
"ဒါပေမဲ့ ဘယ်လိုလုပ်ပြီးတော့လဲ"
"ငါကိုယ်တိုင် ဝင်ပြိုင်မှာ မဟုတ်ရုံလေးပါ"
ဒါက ဓားသမားတွေအတွက် ရည်ရွယ်ထားတဲ့ ပြိုင်ပွဲတစ်ခုလေ။
သူ့ရဲ့ သဟဇာတဓါး ကိုသုံးပြီး မကြာခဏ တိုက်ခိုက်လေ့ရှိတာမို့ မိုက်ကယ် က ဓားနဲ့ပတ်သက်ပြီး နည်းနည်းတော့ ရင်းနှီးကျွမ်းဝင်မှုရှိတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ ဓားသမားတစ်ယောက်လို့ ကြေညာလိုက်ရင် ဒါက တခြားဓားသမားတွေအားလုံးကို စော်ကားသလို ဖြစ်သွားလိမ့်မယ်။ ဓားကို ကိုင်သုံးတတ်ရုံနဲ့ ဓားရေးကျွမ်းကျင်တယ်လို့ ဆိုလိုတာမှ မဟုတ်တာ။
အခုချိန်မှာ သူ့အနေနဲ့ ဓားသမားတစ်ယောက်အဖြစ် မဖြစ်မနေ ဝင်ပြိုင်ရမယ်ဆိုရင် ကန်ဒို၊ အာနစ်စ် ကိုယ်ခံပညာ ဒါမှမဟုတ်ဓားရှည်ကစားနည်း လိုမျိုး ကိုယ်ခံပညာရပ်တွေ ပါဝင်တဲ့ နိုဗာ ရဲ့ ဧရာမအချက်အလက်သိုမှီးခန်းကို သုံးဖို့ ရွေးချယ်စရာတစ်ခုတော့ ရှိနေဆဲပဲ။
ဒါတောင်မှ အစစ်အမှန် ဓားရေးပါရမီရှင်တွေနဲ့ ယှဉ်လာရင် သူက နောက်ကျကျန်နေဦးမှာပဲ။
ဒါကြောင့် သူ့ကိုယ်စား ဓားရေးတကယ်ကျွမ်းကျင်တဲ့သူတစ်ယောက်ကို ပြိုင်ပွဲဝင်ခိုင်းတာက အကောင်းဆုံးဖြစ်လိမ့်မယ်။
သူ့စိတ်ထဲမှာ ရွေးထားတဲ့သူတစ်ယောက် ရှိနေပြီးသားလေ။
သူ့ခြေအောက်က အရိပ်က အပြင်ဘက်ကို ကျယ်ပြန့်သွားပြီး လေထုထဲက မှော်စွမ်းအင် တွေကို ဝါးမျိုပစ်လိုက်တဲ့ ဧရာမအရိပ်အမိုးခုံးဝက်ကြီးတစ်ခုအဖြစ် ပုံပေါ်လာတယ်။
နောက်တစ်စက္ကန့်အကြာမှာတော့ အရိပ်က ပြန်လည်ငြိမ်သက်သွားပြီး ဒရာဂွန်ဘွန်း တွေထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဂျာကူ ထွက်ပေါ်လာခဲ့တယ်။
အပြာရင့်ရောင် အကြေးခွံတွေရှိတဲ့ ရီနေးတားနိုင်ငံသား က မျက်လုံးတွေ မှိတ်လျက် ဘေးစောင်းလှဲလျောင်းနေဆဲဖြစ်ပြီး သူ့နှာခေါင်းထဲကနေ ရယ်စရာကောင်းတဲ့ ပူဖောင်းလေးတစ်ခု ထွက်ပေါ်နေတယ်။
"ဖောက်... ဟင်... ဝါး... ငါ ဘယ်ရောက်နေတာလဲ"
ဂျာကူ က သက်တောင့်သက်သာရှိတဲ့ ခုတင်နဲ့ ခေါင်းအုံးတွေကို စမ်းသပ်ရှာဖွေရင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ့အောက်က အေးစက်ပြီး မာကျောတဲ့ မြေပြင်ကလွဲလို့ သူ ဘာကိုမှ မခံစားရဘူး။
"ထတော့ ဂျာကူ၊ မင်းအတွက် အလုပ်တစ်ခု ရှိတယ်" လို့ မိုက်ကယ် က ပြုံးဖြီးဖြီးနဲ့ ပြောလိုက်တယ်။
* * * * * * * *
ဓားရေးပြိုင်ပွဲအတွက် ဂျာကူ ကို တာဝန်လွှဲပေးပြီးတဲ့နောက် မိုက်ကယ် က ပါမောက္ခ လစ်ချ်တန်စတိုင်း ဆီ အမီလိုက်ဖို့ ချက်ချင်း ပြေးထွက်သွားခဲ့တယ်။
အိုမင်းရင့်ရော်ပြီး အားနည်းတဲ့ပုံပေါက်နေပေမဲ့လည်း ပါမောက္ခက သွက်သွက်လက်လက် လှုပ်ရှားနေပြီး သူ့ရဲ့ဦးတည်ရာဆီကို ပြေးလုနီးပါး သွားနေခဲ့တယ်။
ကံကောင်းထောက်မစွာနဲ့ မိုက်ကယ် က ဒရုန်း ကို ပါမောက္ခရဲ့ အနောက်ကနေ လိုက်ခိုင်းထားဖို့ ကြိုတင်တွေးတောနိုင်ခဲ့လို့သာပေါ့။ မဟုတ်ရင် သူ နယူးစပါတာ ရဲ့ ဧရာမနယ်မြေကြီးထဲမှာ ပါမောက္ခကို မျက်ခြည်ပြတ်သွားနိုင်တယ်။
မှော်သားရဲ တစ်ပိုင်းသတ္တဝါ တွေအတွက် သတ်မှတ်ထားတဲ့ ရပ်ကွက်တွေကြားက နေရာလွတ်ကြီးက အလွန် ကြီးမားကျယ်ပြန့်တယ်။ ရပ်ကွက်ရဲ့ အတွင်းပိုင်းနယ်မြေနဲ့ နယ်နိမိတ်ကို ခွဲခြားထားတဲ့ အတွင်းတံတိုင်းတွေနဲ့ ကင်းမျှော်စင်တွေလည်း ရှိနေတယ်။
ပြီးတော့ ဒီတံတိုင်းတွေကြားက လမ်းတစ်လျှောက်မှာ ကိုယ်ပိုင် ဈေးဆိုင်တွေ ဖွင့်လှစ်ခွင့်ရတဲ့ ကံကောင်းတဲ့ လူသားအချို့လည်း ရှိနေကြတယ်။
လူသားတော်တော်များများက ဖြတ်သွားဖြတ်လာတွေကို အော်ဟစ်ခေါ်ငင်ပြီး သူတို့ရဲ့ ထူးခြားတဲ့ ကုန်ပစ္စည်းတွေကို စမ်းသုံးကြည့်ဖို့ ဆွဲဆောင်နေကြတယ်။
"ဒီမှာ ဝံပုလွေလူသား ရနံ့ဆီ ရမယ်ဗျို့... တစ်ချက်လေး ဆွတ်လိုက်ရုံနဲ့ ဝံပုလွေလူသားတွေ က သင့်ကို အနံ့ခံလို့ ပိုကောင်းသွားလိမ့်မယ်... အခုပဲ သဲဒင်္ဂါး ၁၀ ပြားတည်းနဲ့ ဝယ်ယူနိုင်ပါပြီ"
"ကျွန်တော့်ဆီမှာ ဗန်ပိုင်ယာ ရပ်ကွက်ရဲ့ မြေပုံ ရှိတယ်ဗျို့... အမှောင်ထဲမှာ လမ်းမပျောက်တော့ဘဲ သင်္ချိုင်းဂူတွေထဲ အမှတ်မထင် ရောက်သွားတာမျိုး ဖြစ်မှာမဟုတ်တော့ဘူး... သဲဒင်္ဂါး ၅ ပြားတည်းပါဗျာ"
ဒါက လမ်းမထက်မှာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အော်ဟစ်ရောင်းချနေကြတဲ့ ကုန်သည်များစွာထဲက နှစ်ယောက်ရဲ့ အသံသာဖြစ်ပြီး ရပ်ကွက်တွေကြားက နယ်နိမိတ်ကို တော်တော်လေး စည်ကားအသက်ဝင်စေခဲ့တယ်။
ငါးသေတ္တာဘူးထဲက ငါးတွေလို ကျပ်ညပ်နေအောင် သွားလာနေကြတဲ့ လူတွေ၊ မြင်းလှည်းတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းမတွေကြားထဲကနေ မိုက်ကယ် တစ်ယောက် တိုးဝှေ့သွားလာနေခဲ့တယ်။
သူ့ရဲ့ ဒရုန်း ညွှန်ပြတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူ ပါမောက္ခဆီ အမီလိုက်နိုင်သွားတယ်။ ပါမောက္ခက လမ်းထောင့်တစ်ခုဆီ မပြေးသွားခင် သူ့ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး လိုက်ကြည့်နေတာကို သူ မြင်လိုက်ရတယ်။
သူက ပါမောက္ခနောက်ကို ပြေးလိုက်သွားပြီး နောက်ဆုံးမှာတော့ လူအုပ်ကြီးကို ဖြတ်ကျော်ကာ လူပြတ်တဲ့ လမ်းထောင့်လေးထဲကို ရောက်သွားခဲ့တယ်။
သူ လမ်းထောင့်ကို ကွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ပါမောက္ခ လစ်ချ်တန်စတိုင်း က အရူးတစ်ယောက်လို မျက်နှာပေးနဲ့ သူ့ရှေ့ကို ရုတ်တရက် ခုန်ထွက်လာခဲ့တယ်။
"မင်း ဘယ်သူလဲ၊ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ"
မိုက်ကယ် က သူ့လက်တွေကို ချက်ချင်း မြှောက်လိုက်ပြီး သူ့မှာ ဘာအန္တရာယ်ပေးလိုတဲ့ ရည်ရွယ်ချက်မှ မရှိဘူးဆိုတာကို ပြသဖို့ ကြိုးစားလိုက်တယ်။
"ကျွန်တော့်ကို ဘယ်သူမှ မလွှတ်လိုက်ပါဘူး" လို့ သူက ပါမောက္ခကို အာမခံပြောဆိုလိုက်ပေမဲ့ အလုပ်ဖြစ်ပုံ မပေါ်ဘူး။ အဲဒီလူက လတ်တလောမှာ အလွန်အမင်း သံသယလွန်ကဲနေတာမို့ ဘာကိုမှ ယုံကြည်မယ့်ပုံ မပေါ်ဘူး။
"အခုချက်ချင်း ပြောစမ်း၊ မဟုတ်ရင် မင်း အတန်ဖိုးထားရဆုံးအရာကို ငါ ဖျက်ဆီးပစ်လိုက်မယ်"
ပါမောက္ခ လစ်ချ်တန်စတိုင်း က သူ့အိတ်ကပ်ထဲကနေ ဓားတစ်ချောင်း ထုတ်ယူလိုက်တယ်။
ပြီးတော့ အဲဒီဓားကို သူ့ခေါင်းသူ ပြန်ချိန်ထားလိုက်တယ်။
"မင်း အခု ဝန်မခံရင် ငါ့ဦးနှောက်ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်" လို့ လစ်ချ်တန်စတိုင်း က ခြိမ်းခြောက်လိုက်တယ်။
ပါမောက္ခ ဘယ်လောက်တောင် ရူးသွပ်နေလဲဆိုတာကို မိုက်ကယ် လျှော့တွက်မိသွားတယ်။ ပါမောက္ခနောက်ကို လိုက်လာတာက သူ့ကိုယ်သူ သတ်သေချင်လောက်တဲ့အထိ ဖြစ်သွားစေမယ်လို့ သူ မထင်ထားခဲ့ဘူးလေ။
သာမန်ဆိုရင် ဒီဓားကိုသုံးပြီး သူ့ကို အနိုင်ကျင့်တဲ့သူတွေကို သတ်ဖို့ ကြိုးစားမယ်လို့ ထင်ကြမှာပဲ။ ဒါပေမဲ့ အဲဒီအစား သူ့ရဲ့ ပထမဆုံးအတွေးက သူ့ဦးနှောက်ကို ဖျက်ဆီးပစ်ဖို့ ဖြစ်နေတယ်။
ဒီလိုမျိုး တွေးတောနိုင်ဖို့ဆိုတာ လူတစ်ယောက်က ဘယ်လောက်တောင် ရူးသွပ်နေဖို့ လိုအပ်မလဲ။
"တစ်ယောက်ယောက်က လွှတ်လိုက်လို့ ကျွန်တော် ဒီကို ရောက်လာတာ မဟုတ်ပါဘူး၊ ခင်ဗျား စောစောက ပြောသွားတဲ့စကားတွေကို စပ်စုချင်လို့ လာခဲ့တာပါ"
ပါမောက္ခက ဓားကို သူ့ခေါင်းဆီ ချိန်ထားဆဲဖြစ်ပြီး နားထင်ကို ဖောက်ဝင်ဖို့ တစ်လက်မလောက်ပဲ လိုတော့တယ်။
ဒါပေမဲ့ ကံကောင်းတာက သူ့မျက်လုံးထဲက ရူးသွပ်မှုတွေ နည်းနည်း လျော့ကျသွားခဲ့တယ်။ မိုက်ကယ် ရဲ့ စကားတွေကို သူ စတင်ယုံကြည်လာပုံရတယ်။
ပါမောက္ခက မိုက်ကယ် ရဲ့ အနောက်ကို လှမ်းကြည့်လိုက်တယ်။ "မင်း တကယ်ပဲ တစ်ယောက်တည်း ဖြစ်ပုံရတယ်၊ ဒါပေမဲ့ ငါ မယုံနိုင်သေးဘူး... ငါ ဘာအကြောင်းပြောနေလဲဆိုတာကို မင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ"
"ကျွန်တော့်မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်" လို့ မိုက်ကယ် က ပြောလိုက်တယ်။ "ဒါပေမဲ့ ဒါက အရေးကြီးလို့လား... ဘာလို့ ဒီလောက်တောင် သံသယလွန်ကဲနေရတာလဲ"
ပါမောက္ခက မိုက်ကယ် ကို စိုက်ကြည့်နေပြီးနောက် လက်သည်းတွေကို ကိုက်ရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့တယ်။ "ငါ အရမ်း နီးစပ်နေပြီ၊ ငါ ခံစားသိရှိနိုင်တယ်... ဒါက ဘဝတစ်သက်တာရဲ့ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုဖြစ်လာပြီး ငါတို့သိထားတဲ့ ကမ္ဘာကြီးကိုပါ ပြောင်းလဲပစ်လိမ့်မယ်... ဒီအဖြေကို ရှာဖွေဖို့ ငါ့ဘဝတစ်သက်တာလုံး အချိန်ပေးခဲ့ရတာမို့ ဒါကို ငါ့အတွက်ငါ ကာကွယ်သွားမယ်ဆိုတာ မင်း အသေအချာ ယုံကြည်လိုက်စမ်းပါ"
ပါမောက္ခက ဘယ်လိုလူမျိုးလဲဆိုတာကို မိုက်ကယ် စတင်နားလည်လာခဲ့ပြီ။
လစ်ချ်တန်စတိုင်း က ထီပေါက်မယ့် နံပါတ်တစ်ခုကို ကိုင်ထားတဲ့လူနဲ့ တူနေတယ်။ ဒီထီလက်မှတ်ကို ကိုင်ထားရရင် ဘယ်သူမဆို စိုးရိမ်ပူပန်နေကြမှာပဲလေ။
ဘာပဲဖြစ်ဖြစ် ရှေးဟောင်းခေတ်နဲ့ပတ်သက်ပြီး ကာလရှည်ကြာ ရှိနေခဲ့တဲ့ လျှို့ဝှက်ချက်ကိုသာ သူ ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ နာမည်က ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်အနေနဲ့ သမိုင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ခံရမှာလေ။
လစ်ချ်တန်စတိုင်း လို သမိုင်းပညာရှင်နဲ့ ပါမောက္ခတစ်ယောက်အတွက်တော့ ဒါက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှာ ရနိုင်တဲ့ အကြီးမားဆုံး ဂုဏ်ပြုခံရမှုပဲဖြစ်လိမ့်မယ်။
ဒါကြောင့် အဖြေရှာတွေ့ဖို့ အချိန်ခဏလေးပဲ လိုတော့တယ်လို့ တွေးရင်း ပါမောက္ခက အခုလိုမျိုး ပြုမူနေတာ အဓိပ္ပာယ်ရှိလှပါတယ်။
"မင်း ငါ့ကို မယုံလည်း ရပါတယ်" လို့ ပါမောက္ခက ညှိုးငယ်စွာ ပြောလိုက်တယ်။ "လူတိုင်းက ငါ့ကို ရူးနေတယ်လို့ ထင်ကြတာပဲ... ဒါပေမဲ့ ငါ သိတယ်... အကယ်လို့ ပဟေဠိရဲ့ နောက်ဆုံးအပိုင်းအစလေးကိုသာ ငါ ရနိုင်ခဲ့မယ်ဆိုရင် ဒြပ်စင် ရှစ်ပါးစလုံးရဲ့ မှော်စွမ်းအင် တွေကို ကိုင်တွယ်အသုံးပြုနိုင်တဲ့ စွမ်းအားကို ငါတို့ ဘာကြောင့် ဆုံးရှုံးခဲ့ရလဲဆိုတာ နောက်ဆုံးမှာ ငါ သိရတော့မယ်... အဲဒါကို ခေါ်တာက..."
"...သဟဇာတ ပေါင်းစည်းခြင်း" လို့ မိုက်ကယ် က တီးတိုးရေရွတ်လိုက်ရင်း ပါမောက္ခရဲ့ စကားကို အဆုံးသတ်ပေးလိုက်တယ်။
သူ အဲဒီလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ပါမောက္ခက အလွန်တုန်လှုပ်သွားပြီး သူ့အနားကနေ နောက်ဆုတ်သွားခဲ့တယ်။
"မင်း... မင်း အဲဒါကို ဘယ်လိုလုပ် သိတာလဲ"
မိုက်ကယ် က ပါမောက္ခကို ကြည့်လိုက်တယ်။ "သဟဇာတ ပေါင်းစည်းခြင်း ဆိုတာ ဒြပ်စင် ရှစ်ပါးစလုံးကို ပေါင်းစပ်လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့အရာလေ... ပြီးတော့ အဲဒါက ရှေးဟောင်းလူသားတွေကို သူတို့ပိုင်ဆိုင်ခဲ့တဲ့ ဧရာမစွမ်းအားကြီးကို အသုံးပြုနိုင်အောင် လုပ်ပေးခဲ့တာပဲ"
ပါမောက္ခက စကားတစ်ခွန်းမှ မပြောနိုင်ဘဲ အဲဒီနေရာမှာတင် ရပ်နေခဲ့တယ်။ သူ့ကလွဲပြီး တခြားဘယ်သူကမှ ဒီအကြောင်းကို သိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
ဒါပေမဲ့ ပါမောက္ခက စကားပြောဖို့ ပြင်လိုက်ချိန်မှာပဲ သူတို့အနောက်က တံခါးကြီး ပွင့်လာခဲ့တော့တယ်။
* * * * * * * *
စာစဉ်(၆၃)
အခန်း(၇၄၈)
တံခါးပွင့်သွားပြီး မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားတဲ့ ဟူဒီဝတ်ထားတဲ့ အမျိုးသားတစ်ယောက် သူတို့ရှေ့မှာ ပေါ်လာခဲ့တယ်။ သူတို့ရဲ့ စကားဝိုင်းကို သူများတွေ ခိုးနားထောင်မှာကို သတိထားနေတဲ့ပုံစံနဲ့ ဘေးဘီကို ဆက်တိုက်ကြည့်နေတာမို့ သူက သူ့ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို တော်တော်လေး တန်ဖိုးထားမှန်း သိသာလှတယ်။
"ပါမောက္ခ လစ်ချ်တန်စတိုင်း" လို့ အမျိုးသားက နှုတ်ဆက်လိုက်တယ်။ "ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က အခု ခင်ဗျားကို တွေ့ပါလိမ့်မယ်"
ဒါပေမဲ့ သူ စကားတောင် မဆုံးသေးခင်မှာပဲ အဲဒီမှာ ကြိုမပြောထားတဲ့ နောက်ထပ်လူတစ်ယောက် ရှိနေတာကို သတိပြုမိသွားခဲ့တယ်။
"တောင်းပန်ပါတယ်၊ ဒါက ဘယ်သူလဲ" လို့ ဟူဒီနဲ့လူက မိုက်ကယ်ဆီ မေးငေါ့ပြရင်း မေးလိုက်တယ်။
ပါမောက္ခ လစ်ချ်တန်စတိုင်းက တစ်စက္ကန့်လေးတောင် တုံ့ဆိုင်းမနေဘဲ မိုက်ကယ်အတွက် ဆင်ခြေတစ်ခု ပေးလိုက်တယ်။
"သူက ကျုပ်ရဲ့ တပည့်လေ၊ ကမ္ဘာ့သမိုင်းကြောင်းကို ပိုပြီး လေ့လာနိုင်ဖို့ ကျုပ်ဆီမှာ ပညာသင်နေတာ"
အဲဒီလူက မိုက်ကယ်ကို ခေါင်းအစခြေအဆုံး စိုက်ကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေကို ဟူဒီနဲ့ ဖုံးကွယ်ထားပေမဲ့ သူ့ကို တော်တော်လေး စူးစူးစိုက်စိုက် အကဲခတ်နေမှန်း မိုက်ကယ် ခံစားနေရတယ်။
ကံမကောင်းစွာပဲ ပါမောက္ခရဲ့ ဆင်ခြေက သူ့ဆီမှာ အလုပ်ဖြစ်ပုံမပေါ်ဘူး။
"ပါမောက္ခ၊ ကျွန်တော်တို့ ခေါင်းဆောင်က ဒီတွေ့ဆုံမှုကို တတ်နိုင်သမျှ လျှို့ဝှက်ထားချင်တယ်ဆိုတာ ခင်ဗျား သိပြီးသားပါ၊ ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူတွေ ဒါကို သိသွားတာမျိုး ကျွန်တော်တို့ အဖြစ်မခံနိုင်ဘူး" လို့ ဟူဒီနဲ့လူက ပြောလိုက်တယ်။
ဒါက ပါမောက္ခအတွက် မိုက်ကယ်ကို ချန်ထားခဲ့ဖို့ အကောင်းဆုံး ဆင်ခြေတစ်ခု ဖြစ်လာနိုင်တယ်။
ဒါပေမဲ့ မိုက်ကယ် ရေရွတ်ခဲ့တဲ့ သဟဇာတ ဆိုတဲ့ စကားလုံးက ကောင်လေးရဲ့ တကယ့်ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး သူ့ကို ပိုပြီး သိချင်စိတ် ဖြစ်စေခဲ့တယ်။ မိုက်ကယ်သာ ကမ္ဘာကြီးရဲ့ အဲဒီလျှို့ဝှက်ချက်အကြောင်းကို သိနေခဲ့မယ်ဆိုရင် သူ ပထမဆုံး တွေးထင်ခဲ့တာထက် သူတို့ကြားမှာ တူညီတာတွေ ပိုရှိနေနိုင်တယ်။
"သူ ကျုပ်နဲ့အတူ ရှိနေမှဖြစ်မယ်" လို့ ပါမောက္ခက အခိုင်အမာ ပြောလိုက်တယ်။ "သူသာ ကျုပ်ဘေးမှာ မရှိရင် ကျုပ် အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒါမှမဟုတ် ကျုပ်ရဲ့ အကူအညီကို မလိုတော့လို့လား"
ဒီတွေ့ဆုံမှုကို လုံးဝ ဖျက်သိမ်းပစ်မယ်ဆိုတဲ့ လစ်ချ်တန်စတိုင်းရဲ့ ခြိမ်းခြောက်မှုက နောက်ဆုံးတော့ ဟူဒီနဲ့လူဆီမှာ အလုပ်ဖြစ်သွားပုံရတယ်။ သူက နှုတ်ခမ်းကိုကိုက်လိုက်ပြီးမှ နောက်ဆုံးမှာ ခေါင်းညိတ်ပြလိုက်တယ်။
"ကောင်းပြီ၊ ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော့်နောက် လိုက်ခဲ့ကြ၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျွန်တော့်ဘေးကနေ မခွာရဘူး" လို့ သူက သူတို့ကို ညွှန်ကြားလိုက်တယ်။
အဲဒီနောက် အဲဒီလူက မိုက်ကယ်နဲ့ ပါမောက္ခတို့ လာခဲ့တဲ့ နေရာဆီ ပြန်မလျှောက်ခင် သူ့မျက်နှာကို ပိုပြီး ဖုံးကွယ်သွားအောင် ဟူဒီကို အောက်ဆွဲချလိုက်တယ်။
"ကျုပ်နောက် လိုက်ခဲ့" လို့ ပါမောက္ခက သူ့ဘေးမှာ ကပ်နေဖို့ အချက်ပြရင်း မိုက်ကယ်ကို ပြောလိုက်တယ်။
သူတို့ လမ်းလျှောက်နေစဉ်မှာပဲ ပါမောက္ခက မိုက်ကယ်ဆီ ကိုင်းညွတ်လာပြီး တီးတိုးပြောလိုက်တယ်။
"သူတို့ မင်းကို တစ်ခုခု မေးခဲ့ရင် ကျုပ်က မင်းရဲ့ ဆရာဖြစ်ကြောင်းနဲ့ ဘာမှမပြောဖို့ ကျုပ်က ညွှန်ကြားထားတယ်လို့ပဲ ပြောလိုက်"
မိုက်ကယ်က သူ့ကို ကြည့်လိုက်တယ်။ "ခင်ဗျား ဘာလို့ လိမ်ပြောရတာလဲ"
ပါမောက္ခက သူ့ကို ဖုံးကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပေမဲ့ အစကတည်းက လိမ်ပြောဖို့ လိုအပ်တယ်လို့ မိုက်ကယ် မမြင်မိဘူး။
"ကျုပ် လုပ်မယ့် ဒီတွေ့ဆုံမှုက တတ်နိုင်သမျှ လျှို့ဝှက်ထားရမှာလေ၊ သူတို့ ကျုပ်ကို ဒီသတင်းအချက်အလက်တွေ ပေးတော့မယ်ဆိုတာကို လူတွေ သိသွားခဲ့ရင် သူတို့ ဒုက္ခရောက်နိုင်တယ်၊ ဒါကြောင့် သူတို့နည်းနည်း သံသယလွန်ကဲနေရင်လည်း မင်း ခွင့်လွှတ်ပေးရလိမ့်မယ်"
မိုက်ကယ်က ဒါကို နားလည်တာမို့ ထပ်ပြီး မမေးတော့ဘူး။ သူက ပါမောက္ခနဲ့ ဟူဒီဝတ်ထားတဲ့လူရဲ့နောက်ကနေသာ လိုက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့က နယူးစပါတာ ကနေ ထွက်လာခဲ့ကြကာ ခပ်လှမ်းလှမ်းက တဲအိမ်လေးတစ်ခုဆီ ရောက်လာခဲ့ကြတယ်။
တဲအိမ်လေးက ကမန်းကတန်း ဆောက်ထားတာပါ။ အဝတ်တံခါးကြားက အက်ကွဲကြောင်းငယ်လေးထဲကနေ ချောင်းကြည့်လိုက်တဲ့အခါ အထဲမှာ ပရိဘောဂ တစ်စုံတစ်ရာ ရှိနေတဲ့ အရိပ်အယောင်တောင် သူ မမြင်ရဘူး။
ဒီတဲအိမ်လေးက တွေ့ဆုံမှု ပြီးတာနဲ့ တစ်ပြိုင်နက် ချက်ချင်း ပြန်ဖြုတ်သိမ်းဖို့ သီးသန့်ဆောက်လုပ်ထားပုံရတယ်။
နောက်ဆုံးတော့ သူတို့ တဲအိမ်လေးဆီ ရောက်သွားခဲ့ပြီး အဲဒီလူက မိုက်ကယ်နဲ့ ပါမောက္ခကို ရပ်ဖို့ အချက်ပြလိုက်တယ်။
"ပထမဆုံး ခင်ဗျားတို့ ရောက်လာတဲ့အကြောင်း ကျွန်တော့်ခေါင်းဆောင်ကို သွားပြောလိုက်ဦးမယ်" လို့ သူက တဲအိမ်ငယ်လေးထဲ မဝင်ခင် ပြောလိုက်တယ်။
သူ့အကြောင်းပြောနေတဲ့ အမျိုးသားနှစ်ယောက်ရဲ့ တီးတိုးဆွေးနွေးသံကို မိုက်ကယ် ကြားနေရတယ်။ အဓိကကတော့ ဟူဒီနဲ့လူက ပါမောက္ခရဲ့ တပည့် ရုတ်တရက် ပါလာတဲ့အပေါ် သူ့ရဲ့ခေါင်းဆောင်ဆီကနေ ခွင့်ပြုချက် တောင်းခံနေတာပါ။
နောက်ဆုံးမှာတော့ သူတို့ရဲ့ခေါင်းဆောင်က လျှော့ပေးလိုက်ပုံရတယ်။ ဟူဒီနဲ့လူက ပြန်ထွက်လာပြီး မိုက်ကယ်နဲ့ ပါမောက္ခကို အထဲဝင်လာဖို့ လက်ဟန်နဲ့ ပြလိုက်တယ်။
သူတို့ အထဲကို ဝင်သွားတဲ့အခါ သူတို့က လူတစ်ယောက်တည်းနဲ့သာ တွေ့ရမယ်ဆိုတာ မိုက်ကယ် မြင်လိုက်ရတယ်။
သူက တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်နဲ့ ထိပ်ပြောင်ပြောင်၊ ညာဘက်မျက်လုံးမှာ မျက်လုံးဖုံးတပ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ပါ။
"ကြိုဆိုပါတယ် ပါမောက္ခ" လို့ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့သူက ပြောလိုက်တယ်။
ပါမောက္ခ လစ်ချ်တန်စတိုင်းက အဲဒီလူဆီ ချက်ချင်းလျှောက်သွားပြီး မျက်နှာချင်းဆိုင်က ကုလားထိုင်ပေါ်မှာ ထိုင်လိုက်တယ်။ သူက အချိန်မဆွဲဘဲ သူ အလွန်သိချင်နေတဲ့ မေးခွန်းကို မေးလိုက်တော့တယ်။
"ရှေးဟောင်းအမွေအနှစ် ဘယ်မှာရှိလဲဆိုတာ ခင်ဗျား သိလား"
မျက်လုံးဖုံးနဲ့ ထိပ်ပြောင်ပြောင်အမျိုးသားက ပါမောက္ခရဲ့မေးခွန်းကို မဖြေဘဲ မိုက်ကယ်ဆီ လှည့်လာကာ ပါမောက္ခရဲ့ဘေးမှာ ထိုင်ဖို့ လက်ဟန်နဲ့ ပြလိုက်တယ်။
"ထိုင်ပါ၊ ကျုပ်ကို တစ်ဖက်လပ် လို့ ခေါ်နိုင်ပါတယ်၊ မင်းက ဘယ်သူလဲဆိုတာ သိခွင့်ရမလား၊ ကျုပ်ကို ခွင့်လွှတ်ပါ၊ ပါမောက္ခရဲ့ဘေးမှာ တပည့်တစ်ယောက်ရှိတယ်လို့ ကျုပ် မကြားဖူးလို့ပါ၊ သူက သူ့ရဲ့လေ့လာမှုတွေမှာပဲ အရမ်းအာရုံစိုက်လွန်းလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူလေ၊ သူ နစ်မြုပ်နေတဲ့ ပရပိုဒ်တွေ၊ စာအုပ်တွေကလွဲရင် အပြင်က ဘယ်အဆက်အသွယ်ကိုမှ ဂရုမစိုက်တတ်ဘူး"
မိုက်ကယ် စကားပြောတော့မယ့်ဆဲဆဲမှာတင် ပါမောက္ခက သူ့ကိုယ်စား မေးခွန်းကို ဝင်ဖြေလိုက်တယ်။
"သူ့နာမည်က ကီယို ပါ၊ မိဘမဲ့တစ်ယောက်အနေနဲ့ သူ့ကို ကျုပ် တွေ့ခဲ့တာ၊ သမိုင်းဘက်မှာ သူ့ရဲ့ပါရမီကို သိသွားပြီးနောက်မှာ သူ့ကို ကျုပ်ရဲ့ တပည့်အဖြစ် ခေါ်ထားလိုက်တာ"
"အိုး" လို့ တစ်ဖက်လပ် က ရေရွတ်လိုက်တယ်။ "သမိုင်းမှာ ပါရမီပါအောင် ဘာကလုပ်ပေးတာလဲ၊ မင်းများ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေရဲ့ သမိုင်းကြောင်းကို သိနေမလား"
ဒါက ကီယို ဟာ တကယ်ပဲ ပါမောက္ခရဲ့ တပည့် ဟုတ်မဟုတ် သိရအောင် ရည်ရွယ်ပြီး စမ်းသပ်လိုက်တာပဲ။
တစ်ဖက်လပ် က သူ ထင်သလောက် အလွယ်တကူ လှည့်စားလို့ရမှာ မဟုတ်ဘူးဆိုတာကို ပါမောက္ခ သိသွားတဲ့အခါ ချွေးစေးတွေ ပြန်လာခဲ့တယ်။
သူက ဖြေဖို့အတွက် ချက်ချင်းပဲ ပါးစပ်ဟလိုက်ချိန်မှာ မိုက်ကယ်က ဝင်ရောက်လာပြီး အဖြေပေးလိုက်တယ်။
"သမိုင်းနဲ့ပတ်သက်ပြီး ကျွန်တော် လေ့လာထားသလောက်ဆိုရင် နတ်ဘုရားပန်းပဲဖို က တစ်ချိန်က တစ်စပ်တည်းရှိတဲ့ အရာတစ်ခုပါ၊ ဒါပေမဲ့ ကြီးမားတဲ့ ကပ်ဘေးဆိုးကြီးတစ်ခုကြောင့် အဲဒါက အပိုင်းအစတွေအဖြစ် ကွဲကြေသွားခဲ့တယ်၊ လူပုတွေက အပိုင်းအစကြီးတစ်ခုကို ထိန်းသိမ်းထားပေမဲ့ အများစုကတော့ ကမ္ဘာတစ်ဝန်းလုံးကို ပြန့်ကျဲသွားခဲ့တယ်"
မိုက်ကယ်က သူ့မေးခွန်းကို ဖြေနိုင်သွားလို့ အံ့သြသွားတဲ့အနေနဲ့ တစ်ဖက်လပ် က မျက်ခုံးပင့်လိုက်တယ်။
ပါမောက္ခ လစ်ချ်တန်စတိုင်းတောင် အံ့အားသင့်သွားခဲ့တယ်။ သူ့ရဲ့ အလိမ်အညာက အမှန်များဖြစ်နေမလားပဲ။ ဒီကောင်လေးက သူ့လိုပဲ သမိုင်းဘက်မှာ တကယ်ပဲ ပါရမီပါနေတာလည်း ဖြစ်နိုင်တယ်။
"သဘောကျစရာပဲ" လို့ တစ်ဖက်လပ် က ချီးကျူးလိုက်တယ်။ "မင်းရဲ့ တကယ့်ကိုယ်ရည်ကိုယ်သွေးကို ကျုပ် မသိပေမဲ့ သမိုင်းနဲ့ပတ်သက်တဲ့ မင်းရဲ့ ကျွမ်းကျင်မှုက ဒီနေရာမှာ ရှိနေဖို့ မင်းမှာ အခွင့်အရေးရှိတယ်ဆိုတာကို သက်သေပြနေတယ်"
ပါမောက္ခက တက်ကြွသွားခဲ့တယ်။ "ဒါဆို ကျွန်တော်တို့ ရှေးဟောင်းအမွေအနှစ်အကြောင်း နောက်ဆုံးတော့ ဆွေးနွေးလို့ရပြီဆိုတဲ့ သဘောလား"
တစ်ဖက်လပ် က ခေါင်းညိတ်ပြလိုက်တယ်။ "ဟုတ်တယ်၊ ကတိပေးထားတဲ့အတိုင်း မင်းက ကျုပ်ရဲ့ ပြဿနာကို ကူညီပေးမယ်ဆိုရင် ကျုပ်ကလည်း မင်းရဲ့ ပြဿနာကို အပြန်အလှန်အနေနဲ့ ကူညီပေးမယ်"
အဲဒီနောက် အခန်းထောင့်က သေတ္တာထဲကနေ တစ်ခုခုသွားယူဖို့ ဟူဒီနဲ့လူကို တစ်ဖက်လပ် က လက်ဟန်နဲ့ ပြလိုက်တယ်။
အဲဒီပစ္စည်းကို ယူလာပြီးနောက် ဟူဒီနဲ့လူက အဲဒါကို ပါမောက္ခနဲ့ မိုက်ကယ်တို့ဆီ ထုတ်ပြလိုက်တယ်။
အဲဒါက လိပ်ထားတဲ့ ပရပိုဒ်တစ်ခုဖြစ်ပြီး ဖြန့်လိုက်တဲ့အခါမှာတော့ အချိန်ကြာလာတာနဲ့အမျှ ဟောင်းနွမ်းနေတဲ့ မြေပုံတစ်ခု ဖြစ်နေခဲ့တယ်။ အဲဒီမှာ အပေါက်ငယ်လေးတွေနဲ့ စုတ်ပြဲနေတာတွေ အများကြီးရှိနေတာမို့ ဒီနေရာက တကယ်ကို ဘယ်မှာရှိနေလဲဆိုတာ လုံးဝ မသဲကွဲတော့ဘူး။
မြေပုံရဲ့ အလယ်တည့်တည့်မှာတော့ X အမှတ်အသားတစ်ခု ရှိနေတယ်။
"ဒါက ကျွန်တော်တို့ တိုက်ဆိုင်စွာ တွေ့ခဲ့တဲ့ ရတနာမြေပုံတစ်ခုပဲ၊ ပြီးတော့ အဲဒါနဲ့အတူ ပါလာတဲ့ နေ့စဉ်မှတ်တမ်းအရဆိုရင် ဒီအထဲမှာ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ မီသရယ် ရှေးဟောင်းအမွေအနှစ်တစ်ခု ပါဝင်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်၊ အဲဒါကို ကျွန်တော်တို့ လိုချင်တယ် ပါမောက္ခ၊ အဲဒီရဲ့ တိကျတဲ့ တည်နေရာကို ရှာပေးဖို့ ခင်ဗျား ကူညီပေးနိုင်မလား"
ပါမောက္ခက မြေပုံကို ကြည့်ရင်း မသိမသာ သူ့မေးစေ့ကို ပွတ်သပ်နေခဲ့တယ်။ သူ့မျက်နှာပေါ်က ရူးသွပ်နေတဲ့ အမူအရာနေရာမှာ လေးနက်ပြီး အာရုံစူးစိုက်နေတဲ့ အမူအရာက အစားထိုးဝင်ရောက်လာတယ်။ သမိုင်းထဲက မြေပုံတစ်ခုတည်းကသာ သူ့ကို ဒီလိုမျိုး ပြုမူအောင် လုပ်နိုင်တာလေ။
"ဟင်း... ဒါက နှစ်အနည်းငယ် ရာနဲ့ချီ ကြာနေလောက်ပြီ" လို့ ပါမောက္ခက ကောက်ချက်ချလိုက်တယ်။ "အဲဒါက တော်ဝင်တိုက်ကြီး ရဲ့ ဘယ်နေရာကမှ မဟုတ်ဘူးဆိုတာတော့ သေချာတယ်"
တစ်ဖက်လပ် က မျက်မှောင်ကြုတ်လိုက်တယ်။ "သေချာရဲ့လား ပါမောက္ခ၊ ဒါက အတိအကျ ဘယ်နေရာမှာလဲ"
လစ်ချ်တန်စတိုင်းက ခေါင်းညိတ်ပြလိုက်တယ်။ "ဒီမြေပုံက လူသားတွေ ဖန်တီးထားတာ မဟုတ်ဘူး"
* * * * * * * *