အခန်း (၇၅၅-၇၅၆)
Vol. 63 Ch. 755-756
အခန်း(၇၅၅)
"ဂိုင်ယာ" မိုက်ကယ်က ရုတ်တရက် ထအော်လိုက်တယ်။ သူမနာမည်ကို ဒီလို ရုတ်တရက်ကြီး ကြားရလိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ဘူးလေ။
သူက 'အိုင်းရွန်းမေဒင်' ကို ဗန်ပိုင်ယာတွေနဲ့ပဲ သက်ဆိုင်တဲ့သူလို့ အမြဲတမ်း ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူမက ရေလူသားတွေရဲ့ ဒဏ္ဍာရီထဲမှာလည်း ပါဝင်ပတ်သက်နေပုံရတယ်။
"ဂိုင်ယာက သူမဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ ကြီးမားတဲ့ ကပ်ဘေးကြီးအတွင်း ဒါကို လုံခြုံအောင်ထားဖို့ သူမရဲ့ စွမ်းအားတွေကို အသုံးပြုခဲ့တယ်။ အဲဒါ ဘယ်ကို ရောက်သွားလဲဆိုတာ ကျွန်တော်တို့ မသိပေမဲ့ ဂိုင်ယာရဲ့ လုပ်ရပ်တွေက အဲဒီအရာကို ပျက်စီးမယ့်ဘေးကနေ ကယ်တင်ပေးခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့ သိထားတယ်၊ အခုအချိန်အထိပေါ့"
မိုက်ကယ်က ပါမောက္ခပြောသွားတဲ့ နောက်ဆုံးစကားလုံးတွေကို အာရုံစိုက်နေမိတယ်။
'အခုအချိန်အထိ'
"အခုအချိန်အထိ ဒါက လုံခြုံနေသေးတယ်ဆိုတာ ပါမောက္ခ ဘယ်လိုလုပ် သေချာသိနေတာလဲ"
ဒီတစ်ကြိမ်မှာတော့ ဖြေလိုက်သူက မင်းသမီး အော့တေးဗီးယား ဖြစ်နေခဲ့တယ်။ "ဘာလို့လဲဆိုတော့ ငါတို့ အခုထိ အသက်ရှင်နေသေးလို့ပေါ့ လူသားလေးရဲ့"
မိုက်ကယ်က ပါမောက္ခဘက်ကို လှည့်ပြီး ရှင်းပြဖို့ တောင်းဆိုလိုက်တယ်။ ပြီးတော့ ပါမောက္ခကလည်း ဆရာကောင်းတစ်ယောက်လိုပဲ ရှင်းပြလာခဲ့တယ်။
"မာရီယာနာရဲ့ ရတနာမှာ ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ပါဝင်တယ်လို့ ဆိုကြတယ်။ ဒါက ကမ္ဘာမြေပေါ်က သက်ရှိတွေကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ အရာတစ်ခုပဲ"
မင်းသမီး အော့တေးဗီးယားက ခေါင်းညိတ်လိုက်တယ်။ "အဲဒါက ငါတို့ကို ဆင့်ကဲပြောင်းလဲနိုင်စေခဲ့တာပဲ။ ရှေးဟောင်းလူသားတွေကို ကမ္ဘာပေါ်မှာ ကြီးစိုးတဲ့ သတ္တဝါတွေ ဖြစ်လာစေခဲ့တာလည်း အဲဒီအရာပဲ။ ပြီးတော့ အခုအချိန်အထိ ငါတို့ရဲ့ အသက်ရှင်သန်မှုကို ဆက်လက်တည်ရှိနေစေတာလည်း အဲဒါပဲလေ။ မာရီယာနာရဲ့ ရတနာသာ မရှိတော့ရင် ဒီကမ္ဘာပေါ်က သက်ရှိတွေလည်း ပျောက်ကွယ်သွားလိမ့်မယ်" လို့ သူမက ထပ်ဖြည့်ပြောလိုက်တယ်။
ဒီသတင်းအချက်အလက်အသစ်တွေကို ခေါင်းထဲမှာ စဉ်းစားချင့်ချိန်နေရင်း မိုက်ကယ်တစ်ယောက် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့တယ်။
ပထမဆုံးအနေနဲ့ ပစ္စည်းတစ်ခုတည်းက ဒီလောက်အထိ အရေးပါပြီး တန်ဖိုးကြီးမားနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ အရာဝတ္ထုတစ်ခု ပျက်စီးသွားတာနဲ့ ကမ္ဘာပေါ်က သက်ရှိတွေအားလုံး လုံးဝ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ အသိက တကယ့်ကို ကြောက်စရာကောင်းနေတယ်။
အခုတော့ သူတောင်မှ ဒီမာရီယာနာရဲ့ ရတနာကို ရှာဖွေဖို့ စိတ်ဝင်စားလာခဲ့ပြီ။ ဒါက သူ အတ္တလန်တစ် ဘုရင့်နိုင်ငံကို ဆက်ခံချင်လို့ မဟုတ်ဘဲ အဲဒီရတနာကို သူကိုယ်တိုင် ကာကွယ်စောင့်ရှောက်ချင်လို့ပဲ ဖြစ်တယ်။
"ပါမောက္ခ၊ ရှင်တို့ရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာ မာရီယာနာရဲ့ ရတနာ ရှိနေတဲ့ နေရာအတိအကျကို ဖော်ပြထားတာမျိုး ရှိလား" လို့ ရေဘဝဲမင်းသမီးက သူမရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်ရောင်ခြည်လေး သန်းနေလျက် မေးလိုက်တယ်။
ဒါပေမဲ့ ပါမောက္ခက ကံမကောင်းစွာနဲ့ပဲ ခေါင်းယမ်းလိုက်တယ်။ "မာရီယာနာရဲ့ ရတနာ လုံခြုံရေး သေချာစေဖို့အတွက် ဂိုင်ယာက အဲဒီနေရာကို တခြားလူတစ်ယောက်တည်းကိုပဲ ပြောပြခဲ့တယ်"
"ဘယ်သူလဲ" လို့ မိုက်ကယ်နဲ့ မင်းသမီး နှစ်ယောက်လုံးက ပြိုင်တူမေးလိုက်ကြတယ်။
"သူမက အဲဒါကို သူမရဲ့ အသစ္စာအရှိဆုံး ယုံကြည်သူကို ပြောပြခဲ့တာ။ ကြီးမားတဲ့ ကပ်ဘေးကြီးအတွင်း သူမအတွက် အသက်ပါ ပေးဆပ်ခဲ့တဲ့အထိ ဂိုင်ယာအပေါ် အရမ်းကို ကြည်ညိုမြတ်နိုးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ လူသားအများစုကတော့ သူမကို ဂိုင်ယာရဲ့ ယုံကြည်ကိုးကွယ်သူ တစ်ယောက်အနေနဲ့လောက်ပဲ သိကြပေမဲ့ ဗန်ပိုင်ယာတွေကတော့ သူမကို ဘယ်လိုခေါ်လဲဆိုတော့"
"မူလဗန်ပိုင်ယာ" လို့ မိုက်ကယ်က တီးတိုးရေရွတ်လိုက်တယ်။
ပါမောက္ခက မိုက်ကယ်ရဲ့ ဗဟုသုတကို သဘောကျအံ့ဩသွားရင်း ခေါင်းညိတ်ပြလိုက်တယ်။ "ဒီအကြောင်းကို သိတဲ့သူ သိပ်မများဘူး၊ ဒါပေမဲ့ ဒီယုံကြည်ကိုးကွယ်သူကပဲ ဗန်ပိုင်ယာမျိုးနွယ်ကို စတင်ဖြစ်ပေါ်စေခဲ့ပြီး သူတို့ကို တခြား မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေနဲ့ ကွဲပြားသွားစေခဲ့တာပဲ။
ဂိုင်ယာရဲ့ တည်ရှိမှုက ပျောက်ပြယ်လုနီးပါး ဖြစ်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့ ဒီနေ့အချိန်အထိ သူမကို ကိုးကွယ်ယုံကြည်မှုတွေ ဆက်လက်တည်ရှိနေအောင် အဲဒီအမျိုးသမီးက လုပ်ဆောင်ပေးခဲ့တာ။
မင်းတို့အနေနဲ့ မာရီယာနာရဲ့ ရတနာကို ရှာချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက ဂိုင်ယာရဲ့ ဘာသာရေးနဲ့ မူလဗန်ပိုင်ယာရဲ့ အကြွင်းအကျန် တစ်ခုခုကို ရှာဖွေဖို့ပဲ။ မူလဗန်ပိုင်ယာကများ မာရီယာနာရဲ့ ရတနာ တည်နေရာနဲ့ပတ်သက်တဲ့ အချက်အလက် တစ်ခုခု ချန်ထားခဲ့မယ်ဆိုရင် မင်းတို့အနေနဲ့ တော်ဝင်သွေးတွေကို အရင်ဆုံး မေးကြည့်သင့်တယ်"
ပါမောက္ခရဲ့ စကားတွေကြောင့် မင်းသမီး အော့တေးဗီးယားက တကယ်ကို ကျေနပ်သွားပုံရတယ်။ ဒါက သူမ မသိခဲ့တဲ့ အချက်အလက်ဖြစ်သလို သူမရဲ့ တခြားညီမတွေလည်း သိမှာမဟုတ်တဲ့ အရာလေ။
ဒါက သူမကို တခြားသူတွေထက် ပိုပြီး အသာစီးရသွားစေတယ်။
"ပါမောက္ခပေးတဲ့ အချက်အလက်က ကျွန်မအတွက် အရမ်းကို အသုံးဝင်ပါတယ်။ သူတို့က ကျွန်မကို သဘောတူကြည်ဖြူစွာနဲ့ ပြောပြပါ့မလားဆိုတာ သံသယရှိစရာဖြစ်ပေမဲ့ တော်ဝင်သွေး အချို့ဆီကနေ သူတို့ တစ်ခုခုသိထားတာ ရှိ၊ မရှိ ကျွန်မ မေးကြည့်ရမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အာရုံစိုက်မှုကို တော်ဝင်တိုက်ကြီးရဲ့ မျက်နှာပြင်ပေါ် ရှာဖွေနေတာကနေ လွှဲပြောင်းပြီးတော့ မှော်ကမ္ဘာငယ်လေးတွေဆီမှာပဲ အစားထိုး အာရုံစိုက်တော့မယ်"
မာရီယာနာရဲ့ ရတနာက တခြားကမ္ဘာတစ်ခုမှာ ရှိနေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက်မှာ မင်းသမီးက အဲဒါကို အရင်က ဘယ်သူမှ မရောက်ဖူးသေးတဲ့ လျှို့ဝှက် မှော်ကမ္ဘာငယ်လေး တစ်ခုခုထဲမှာ ရှိနေတာလို့ ယူဆလိုက်တယ်။
ဒါပေမဲ့ သူမအတွက် ခက်ခဲတဲ့အလုပ်တွေ ရှိနေတာတော့ အသေအချာပဲလေ။ အကူအညီမပါဘဲ သူမတစ်ယောက်တည်းသာ ရှာဖွေရမယ်ဆိုရင် သန်းနဲ့ချီတဲ့ မှော်ကမ္ဘာငယ်လေးတွေကို လိုက်ရှာနေရလိမ့်မယ်။
မိုက်ကယ်ကတော့ တစ်ဖက်မှာ ဒါတွေနဲ့ပတ်သက်ပြီး ခေါင်းစားနေစရာ မလိုဘူး။
ဘာပဲဖြစ်ဖြစ် ပါမောက္ခရဲ့ အဆိုအရ ရတနာရဲ့ တည်နေရာကို သိတဲ့ နောက်ထပ် တစ်ယောက်တည်းသောသူက မူလဗန်ပိုင်ယာဖြစ်တဲ့ ကူနိုမှလွဲပြီး တခြားသူ မဟုတ်ဘူးလေ။
ဒါပေမဲ့ အလွန်ကို ကံဆိုးစေတဲ့ အချက်တစ်ချက် ရှိနေတာကတော့ သူမက မှတ်ဉာဏ်တွေ အားလုံး ဆုံးရှုံးနေတာပဲ။
သူမကိုယ် သူမ နာမည်တောင် မမှတ်မိနိုင်ဘူးဆိုမှတော့ လူဆိုးတွေလက်ထဲသာ ကျရောက်သွားရင် တစ်ကမ္ဘာလုံးကို ပျက်စီးသွားစေနိုင်တဲ့ လျှို့ဝှက်ချက်အဆင့်ရှိ တည်နေရာနဲ့ပတ်သက်ပြီး သူမ ဘာမှမှတ်မိမှာ မဟုတ်တာ သေချာတယ်။
'နေပါဦး၊ ဒါကြောင့်များ သူမမှာ မှတ်ဉာဏ်တွေ မရှိတော့တာလား။ မာရီယာနာရဲ့ ရတနာ တည်နေရာကို မေ့ပစ်ဖို့ သူမကိုယ်သူမ တမင်သက်သက် မှတ်ဉာဏ်ပျောက်အောင် လုပ်ခဲ့တာများလား'
သူမ မှတ်ဉာဏ်ပျောက်ဆုံးသွားတာက ရတနာနဲ့ ပတ်သက်တာလည်း ဖြစ်နိုင်သလို တခြားသော အကြောင်းပြချက်ပေါင်း သန်းနဲ့ချီပြီးတော့လည်း ရှိနိုင်သေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မာရီယာနာရဲ့ ရတနာကို ရှာဖွေနိုင်မယ့် လျှို့ဝှက်ချက်ကို ဂိုင်ယာက ကူနိုဆီ ယုံကြည်စွာ အပ်နှင်းခဲ့တာကို ကြည့်ရင် သူတို့နှစ်ယောက်ကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပုံရတယ်။ ကူနိုအနေနဲ့ ရတနာလိုပဲ ကမ္ဘာကြီးကို ပျက်စီးစေနိုင်လောက်တဲ့ တခြားလျှို့ဝှက်ချက်တွေ ထပ်ပြီး ပေးအပ်ခံခဲ့ရမယ်ဆိုရင်တောင် အံ့ဩစရာ မဟုတ်တော့ဘူး။
ဒီလို အန္တရာယ်များတဲ့ အသိပညာတွေ ရှိနေတာမို့ ကူနိုအနေနဲ့ သူမရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ခဲ့တာက ယုတ္တိတန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူက မာရီယာနာရဲ့ ရတနာကို ရှာချင်တယ်ဆိုရင် ကူနိုရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာအောင် သူ ကူညီပေးရလိမ့်မယ်။
ဒါပေမဲ့ အမှန်တိုင်းပြောရရင် သူ့စိတ်တစ်ပိုင်းကတော့ မာရီယာနာရဲ့ ရတနာကို လျှို့ဝှက်ချက် တစ်ခုအနေနဲ့ပဲ ဆက်ရှိနေစေချင်တယ်။ အဲဒါ ဘယ်မှာရှိလဲဆိုတာကို ဘယ်သူမှ မသိဘူးဆိုရင် ကမ္ဘာပေါ်က သက်ရှိတွေအားလုံးကို ဖျက်ဆီးဖို့ ဘယ်သူမှ အဲဒါကို အသုံးပြုနိုင်မှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ မာရီယာနာရဲ့ ရတနာဟာ အရေးကြီးတယ်ဆိုတာကို သူ့ရဲ့ အလိုအလျောက် သိစိတ်က ပြောပြနေတယ်။
သူ မသိလိုက်ဘဲ ဂိုင်ယာရဲ့ ဘာသာရေးကို ပြန်လည်အသက်သွင်းမိတာကစလို့ မူလဗန်ပိုင်ယာကို ရှာတွေ့ခဲ့တာ၊ ပြီးတော့ အခု မာရီယာနာရဲ့ ရတနာအကြောင်း သိလာရတာတွေ အားလုံးက တိုက်ဆိုင်မှုလို့ ပြောဖို့တောင် အရမ်းကို ကြီးမားလွန်းနေပြီ။
ကံကြမ္မာက သူ့ကို အဲဒါတွေ ရှာတွေ့ဖို့ လမ်းပြနေသလိုပဲ ခံစားနေရတယ်။
'ဒါပေမဲ့ ငါ အခု ဒါကို စဉ်းစားနေစရာ မလိုသေးဘူး။ သူမရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာအောင် ကူညီပေးမယ်လို့ ငါ ကူနိုကို ကတိပေးထားခဲ့ပြီးပြီ။ ပြီးတော့ အဲဒီမှတ်ဉာဏ်တွေထဲက တစ်ခုက မာရီယာနာရဲ့ ရတနာအကြောင်း ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီအချိန်ကျမှပဲ ငါ အဲဒါကို ရှာသင့်၊ မရှာသင့် ဆုံးဖြတ်ရမယ်'
'အခုလောလောဆယ် ဘာသဲလွန်စမှ မရှိသေးတဲ့အချိန်မှာ ဒီလိုကိစ္စတွေကို စိတ်ပူနေတာက ငါ့အတွက် အလကားပဲ'
"ကျေးဇူးတင်ပါတယ် ပါမောက္ခ" လို့ မင်းသမီး အော့တေးဗီးယားက ပြောလိုက်တယ်။
"ငါ့ဘက်က ကတိတည်ပြီးပြီ၊ အခု ငါ့ကို ရှေးဟောင်းအမွေအနှစ် ပေးတော့" လို့ ပါမောက္ခက တောင်းဆိုလိုက်တယ်။
"ပါမောက္ခရဲ့ အကူအညီတွေ အများကြီး ရခဲ့တဲ့အတွက် ရှင်လိုချင်တာကို ပေးဖို့ကလွဲပြီး ကျွန်မ ဘာမှမလိုချင်ပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ရှေးဟောင်းအမွေအနှစ်က ကျွန်မဆီမှာ မရှိတော့ဘူး"
"ဘာပြောတယ်" လို့ ပါမောက္ခက ဟိန်းဟောက်လိုက်တယ်။
"တကယ်တော့ အဲဒါက ကျွန်မဆီမှာ ခဏတာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပိုင်ရှင်အစစ်ဆီကို ကျွန်မ ပြန်ပေးလိုက်ပြီလေ" လို့ ပါမောက္ခကို စိတ်အေးသွားစေဖို့ ကြိုးစားရင်း မင်းသမီး အော့တေးဗီးယားက ပြောလိုက်တယ်။
ဒါပေမဲ့ ဒါက ပါမောက္ခကို ပိုပြီးတော့တောင် ဒေါသထွက်သွားစေပုံရတယ်။
သူ့ရဲ့ ရည်မှန်းချက်နဲ့ အရမ်းနီးစပ်နေပြီးမှ ဝေးကွာသွားရတာက ပါမောက္ခကို ရူးမတတ်ဖြစ်သွားစေလောက်တဲ့အထိ ဒေါသထွက်စေခဲ့တယ်။
"ရှေးဟောင်းအမွေအနှစ်... ရှေးဟောင်းအမွေအနှစ်... အရမ်းနီးနေပြီကို" လို့ ပါမောက္ခက သူ့ဆံပင်တွေကို ဆွဲဖွရင်း တီးတိုးရေရွတ်နေတယ်။
"အမှန်တိုင်းပြောရရင် ကျွန်မက အဲဒီ ရှေးဟောင်းအမွေအနှစ်မှာ မာရီယာနာရဲ့ ရတနာနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက် ပါဝင်မယ်လို့ ထင်ခဲ့လို့ ငှားခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို မဟုတ်ခဲ့တော့ ကျွန်မလည်း နှစ်ခါမစဉ်းစားဘဲ ချက်ချင်း ပြန်ပေးလိုက်တာပဲ။ ကုန်းမြေပေါ်က အရာတွေအပေါ် ကျွန်မ စိတ်ဝင်စားမှုမှ မရှိတာ။
ဒါပေမဲ့ ပါမောက္ခ ကျွန်မဆီ လာလည်မယ်ဆိုတာကို သာသိခဲ့ရင် ရှင် သေချာကြည့်လို့ရအောင် အဲဒါကို ကျွန်မ နောက်ထပ် နည်းနည်းလောက် ထပ်ထားထားပေးမှာပေါ့" လို့ မင်းသမီး အော့တေးဗီးယားက သနားစာနာတဲ့ လေသံနဲ့ ပြောလိုက်တယ်။
သူမက ပါမောက္ခကို မကူညီနိုင်ခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်နေပုံရတယ်။
အဲဒီနောက် ချက်ချင်း သတိဝင်လာပုံနဲ့ ပါမောက္ခက မင်းသမီးဘက်ကို ပြန်လှည့်လာခဲ့တယ်။ "ဒါဆို အဲဒါ ဘယ်မှာလဲ... ရှေးဟောင်းအမွေအနှစ်က ဘယ်သူ့ဆီမှာလဲ"
မင်းသမီး အော့တေးဗီးယားက သူမရဲ့ ထိုင်ခုံပေါ် မှီချလိုက်ပြီး "နဂါးမျိုးနွယ်ဝင်တွေဆီမှာ ပါမောက္ခ။ သူတို့ဆီမှာ ရှေးဟောင်းအမွေအနှစ် ရှိတယ်" လို့ ဖြေလိုက်တယ်။
* * * * * * * *
စာစဉ်(၆၃)
အခန်း(၇၅၆)
ပါမောက္ခဟာ မင်းသမီးရဲ့ နှုတ်က ထွက်လာတဲ့ စကားလုံးတွေကို နားလည်သဘောပေါက်ဖို့ ကြိုးစားရင်း တစ်ခဏလောက် ငြိမ်သက်သွားခဲ့တယ်။
"နဂါးမျိုးနွယ်ဝင်တွေ ဟုတ်လား" သူက သံသယဖြစ်စွာနဲ့ မေးလိုက်တယ် "နဂါးမျိုးနွယ်ဝင်တွေက ဘာလို့များ ရှေးဟောင်းအမွေအနှစ်ကို လိုချင်ရမှာလဲ"
သူ ဒါကို နားမလည်နိုင်ဖြစ်နေတယ်။ မင်းသမီး အော့တေးဗီးယားလိုပဲ နဂါးမျိုးနွယ်ဝင်တွေကလည်း လူသားတွေနဲ့ သက်ဆိုင်တဲ့ ရှေးဟောင်းအမွေအနှစ်ကို လိုချင်နေစရာ အကြောင်းမရှိဘူးလေ။ အဲဒီအရာက သူတို့ရဲ့ စားပွဲပေါ်မှာ အလှတင်ထားတဲ့ ပစ္စည်းတစ်ခုကလွဲပြီး သူတို့အတွက် ဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူး။
"ဒီတိုင်း ထူးခြားတဲ့တန်ဖိုးရှိလို့များလား... မဟုတ်သေးပါဘူး... အဲဒီလိုသာဆိုရင် သူတို့က တစ်ကမ္ဘာလုံးကို လိုက်ပြီး ကြွားလုံးထုတ်နေလောက်ပြီ... ဒါမှမဟုတ် ဈေးကြီးကြီးနဲ့ ပြန်ရောင်းချင်လို့များလား... အင်း ဒါလည်း မဖြစ်နိုင်ဘူး... နဂါးမျိုးနွယ်ဝင်တွေက ဘယ်လောက်ပဲ ပစ္စည်းတွေကို စုဆောင်းတတ်ပါစေ သူတို့မှာ ပိုက်ဆံအများကြီးရနိုင်တဲ့ တခြားနည်းလမ်းတွေ အများကြီးရှိတယ်လေ"
ပါမောက္ခ လစ်ချ်တန်စတိုင်းက နဂါးမျိုးနွယ်ဝင်တွေ ဘာကြောင့်များ ရှေးဟောင်းအမွေအနှစ်ကို လိုချင်နိုင်သလဲဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးကို တီးတိုးရေရွတ်နေတာကြောင့် မိုက်ကယ်နဲ့ မင်းသမီး အော့တေးဗီးယားတို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တယ်။
"ဒါနဲ့နေပါဦး ရှေးဟောင်းအမွေအနှစ်ဆိုတာ တကယ်တော့ ဘာကြီးလဲ" လို့ သူက မင်းသမီးကို မေးလိုက်တယ်။ အချိန်ခဏလေးပဲ ဖြစ်ပေမဲ့ သူမက ရှေးဟောင်းအမွေအနှစ်ကို ကိုင်တွယ်ခဲ့ဖူးတယ်လေ။ ဒီရှေးဟောင်းအမွေအနှစ်ရဲ့ ပုံပန်းသဏ္ဌာန်ကို သိတဲ့ တစ်ဦးတည်းသောသူက သူမပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။
မင်းသမီး အော့တေးဗီးယားက မိုက်ကယ်ကို ပြုံးပြလိုက်တယ်။ "အဲဒါက အရိုးတစ်ခုပါ"
"အရိုး ဟုတ်လား"
"ဟုတ်တယ် အရိုးတစ်ခုလေ... ရှင်တို့လူသားတွေရဲ့ အရေပြားအောက်မှာ ရှိတဲ့ဟာမျိုးပေါ့"
ဒီအချိန်တွေတစ်လျှောက်လုံး သူတို့ပြောနေကြတဲ့ ရှေးဟောင်းအမွေအနှစ်ဆိုတာ အရိုးတစ်ပိုင်းသာဖြစ်နေတာကို သိလိုက်ရလို့ မိုက်ကယ်တစ်ယောက် အလွန်အံ့အားသင့်သွားတယ်။
သူက ဒါကို ရိုဆက်တာကျောက်စာလိုမျိုး အရေးပါတဲ့အရာတစ်ခုဖြစ်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒါက သာမန်အရိုးတစ်ခုပဲတဲ့။ ကမ္ဘာပေါ်က အကြီးမားဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုကို ဖြေရှင်းပေးနိုင်လောက်တဲ့အထိ ဒီအရိုးက ဘယ်လောက်တောင် အရေးပါနေလို့လဲ။
နေပါဦး ဒါက ရှေးခေတ်လူသားတစ်ယောက်ဆီက အရိုးများ ဖြစ်နေမလား။
"ဒါက ဘယ်လောက်ကြီးလဲ" လို့ သူက သူမကို မေးလိုက်တယ်။
"ကျွန်မအရပ်လောက် ရှိတယ်" လို့ သူမက ဖြေလိုက်တယ်။
ဒါက တော်တော်ကြီးမားတဲ့ အရိုးတစ်ခုပဲ။ တကယ်လို့ ဒါက အရိုးတစ်ပိုင်းတည်းသာဆိုရင်တော့ လူသားတစ်ယောက်ရဲ့ အရိုး လုံးဝ မဖြစ်နိုင်တော့ဘူး။
ဂျစ်ကန်ကန် နတ်ဘုရားမရဲ့ ကျေးဇူးကြောင့် အတိတ်ကို ခဏတာ စိတ်အာရုံနဲ့ ရောက်သွားခဲ့တုန်းက သူ ရှေးခေတ်လူသားတွေကို မြင်ဖူးခဲ့ပြီး သူတို့က ဧရာမလူသားကြီးတွေ မဟုတ်ကြဘူးလေ။ သူတို့က သာမန်လူသားတွေနဲ့ပဲ တူတာ။ "ဒီတော့ ဒါက ရှေးခေတ်လူသားတွေဆီက အရိုးမဟုတ်ဘူးပေါ့" လို့ သူ တီးတိုးရေရွတ်လိုက်တယ်။
သူ အဲဒီလိုပြောလိုက်တာနဲ့ တစ်ပြိုင်နက် ပါမောက္ခက သူ့ဘက်ကို ချက်ချင်း ခေါင်းလှည့်လာတယ်။ "မင်း ဘာပြောလိုက်တယ်"
"ဒါက ရှေးခေတ်လူသားတွေဆီက အရိုးမဟုတ်ဘူးလို့ ပြောတာပါ" လို့ သူ ထပ်ပြောလိုက်တယ်။
ပါမောက္ခ လစ်ချ်တန်စတိုင်းက ရုတ်တရက် သူ့နဖူးသူ ရိုက်လိုက်ပြီးနောက် အရူးတစ်ယောက်လို တခစ်ခစ် ရယ်မောလိုက်တယ်။ "ဒါပေါ့... ငါ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တုံးအသွားရတာလဲ... မင်းပြောတာ မှန်တယ်... ငါက ရှေးခေတ်လူသားတွေကိုချည်းပဲ အာရုံစိုက်လွန်းနေတော့ အဲဒီအချိန်တုန်းက သူတို့တစ်တွေတည်း ရှိခဲ့တာမဟုတ်ဘူးဆိုတာကို မေ့သွားခဲ့တာပဲ"
"ပါမောက္ခ" လို့ မိုက်ကယ်က ခေါ်လိုက်တယ်။ ဒါပေမဲ့ ပါမောက္ခက သူ့ရဲ့ တွေ့ရှိချက်အသစ်မှာ အရမ်းကို နစ်မျောနေတာကြောင့် မိုက်ကယ်ရဲ့ စကားကိုတောင် မကြားတော့ဘူး။
"သူတို့က ရှေးဟောင်းအမွေအနှစ်ကို မလိုအပ်ဘူး... အဲဒီလိုမဟုတ်ဘဲ လိုအပ်နေတာမျိုးဆိုရင်ရော... မင်းသမီး အော့တေးဗီးယား၊ နဂါးမျိုးနွယ်ဝင်တွေက မျိုးရိုးအမွေအနှစ်နဲ့ ပတ်သက်ပြီး တစ်ခုခုများ ပြောခဲ့သေးလား"
ရေဘဝဲမင်းသမီးက ခေါင်းညိတ်ရင်း ပြုံးလိုက်တယ်။ "အခုမှပဲ မှန်ကန်တဲ့ မေးခွန်းကို မေးတော့တယ် ပါမောက္ခ... ဟုတ်ပါတယ် တကယ်ပဲ ရှေးဟောင်းအမွေအနှစ်ဟာ သူတို့ရဲ့ တရားဝင် မျိုးရိုးအမွေအနှစ်ဖြစ်ကြောင်း သူတို့ ပြောနေကြတာကို ကျွန်မ ကြားခဲ့ရတယ်"
ပါမောက္ခက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး လက်သီးဆုပ်ရင်း နေရာကနေ ဝုန်းခနဲ ထခုန်လိုက်တယ်။ "ငါ ထင်သားပဲ"
မိုက်ကယ်ကတော့ ဘာတွေဖြစ်နေမှန်းမသိဘဲ နားလည်ရခက်နေခဲ့တယ်။ "ဘာကို ထင်တာလဲ ပါမောက္ခ"
"ရှေးဟောင်းအမွေအနှစ်က ရှေးခေတ်လူသားတွေနဲ့ သက်ဆိုင်တာ မဟုတ်ဘူးကွ... အဲဒါတွေက ဒဏ္ဍာရီလာ မှော်သားရဲတွေနဲ့ သက်ဆိုင်တာ"
မင်းသမီး အော့တေးဗီးယားကလည်း ပါမောက္ခရဲ့ စကားတွေကို နားလည်သွားတဲ့ပုံပဲ။ "သြော်... ဒါဆိုရင် သူတို့က ဘာလို့ ဒီရှေးဟောင်းအမွေအနှစ်ကို ဒီလောက်တောင် တန်ဖိုးထားနေကြလဲဆိုတာ အဓိပ္ပာယ်ရှိသွားပြီပေါ့"
"ဒဏ္ဍာရီလာ မှော်သားရဲတွေဆိုတာ ဘာတွေလဲ" လို့ မိုက်ကယ်က ဗြုန်းစားကြီး မေးလိုက်တယ်။
"ရှေးဟောင်းခေတ်တုန်းက ဒီစိမ်းလန်းတဲ့ ကမ္ဘာမြေကြီးပေါ်မှာ ရှေးခေတ်လူသားတွေပဲ နေထိုင်ခဲ့ကြတာ မဟုတ်ဘူး... သူတို့က အချုပ်အခြာအာဏာအတွက် ရှေးခေတ်လူသားတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတဲ့ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ဒဏ္ဍာရီလာ မှော်သားရဲ မျိုးနွယ်စုကြီးနဲ့ အတူတကွ နေထိုင်ခဲ့ကြတာ"
မိုက်ကယ်အနေနဲ့ ဒီဒဏ္ဍာရီလာ မှော်သားရဲတွေအကြောင်းကို အရင်က မကြားဖူးခဲ့တာကြောင့် သူတို့တွေ ရှေးခေတ်လူသားတွေနဲ့ တစ်ခေတ်တည်းမှာ ရှိနေခဲ့တယ်ဆိုတာကိုတောင် စိတ်ကူးကြည့်ဖို့ ခက်ခဲနေခဲ့တာ၊ ရှေးခေတ်လူသားတွေကို ယှဉ်ပြိုင်နိုင်လောက်တဲ့အထိ သန်မာတယ်ဆိုတာကတော့ ပြောစရာတောင် မလိုတော့ဘူး။
ဘာပဲဖြစ်ဖြစ် ရှေးခေတ်လူသားတွေက သဟဇာတကို ကိုင်တွယ်အသုံးပြုနိုင်ရုံတင်မကဘဲ တန်ခိုးစွမ်းရည်တွေကိုပါ အသုံးပြုနိုင်ကြတာလေ။ သူတို့တစ်ယောက်ချင်းစီက ဧရာမစွမ်းအားရှင်ကြီးတွေပဲ။
"ဒဏ္ဍာရီလာ မှော်သားရဲတွေက ရှေးခေတ်လူသားတွေကို ဘယ်လိုလုပ်ပြီး ယှဉ်တိုက်နိုင်ခဲ့တာလဲ... ကျွန်တော်က ရှေးခေတ်လူသားတွေကို ကမ္ဘာကြီးရဲ့ အထွတ်အထိပ် သတ္တဝါတွေလို့ ထင်ထားခဲ့တာ"
"သူတို့က အထွတ်အထိပ်တွေ ဟုတ်ပါတယ်" လို့ ပါမောက္ခက ဖြေလိုက်တယ်။ "ရှေးခေတ်လူသားတွေက ဒီကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး သတ္တဝါတွေပါ... ဒါပေမဲ့ အဲဒါက သူတို့ကို ဘယ်သူမှ မနိုင်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ... ဒဏ္ဍာရီလာ မှော်သားရဲတွေက ရှေးခေတ်လူသားတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ဆဲပဲ... အထူးသဖြင့် အငိုက်မိသွားချိန် ဒါမှမဟုတ် အကူအညီမဲ့နေတဲ့ အချိန်မျိုးမှာပေါ့"
ဒဏ္ဍာရီလာ မှော်သားရဲတွေဆီမှာ တန်ခိုးစွမ်းရည်ကို ထိန်းချုပ် သိမ်းပိုက်နိုင်ပြီး အဲဒီစွမ်းရည်ကို အသုံးမဝင်အောင် လုပ်ပစ်နိုင်တဲ့ ထူးခြားတဲ့ ခွန်အား ရှိကြတယ်။
ရှေးခေတ်လူသားတွေဟာ မည်သည့်အခြေအနေမှာမဆို သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေ မပါဘဲနဲ့ ဒီဒဏ္ဍာရီလာ မှော်သားရဲတွေကို မတိုက်ခိုက်ရဘူးလို့ သမိုင်းစာအုပ်တွေထဲမှာ ရေးသားထားတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင် တန်ခိုးစွမ်းရည်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တာကို တွေ့ရမှာဖြစ်ပြီး နောက်ဆုံးမှာ ဒီဘီလူးကြီးတွေရဲ့ သားကောင်ဖြစ်သွားနိုင်လို့ပဲ။
တခြားတစ်နည်းနဲ့ပြောရရင် ဒဏ္ဍာရီလာ မှော်သားရဲတွေဟာ ခေတ်သစ်ကမ္ဘာက ကျားတွေ၊ ခြင်္သေ့တွေနဲ့ ငါးမန်းတွေလိုမျိုးပဲ။ လူသားတွေက နည်းပညာနဲ့ ကမ္ဘာကြီးကို လွှမ်းမိုးထားပြီး သေနတ်တွေ၊ လက်နက်တွေကို အသုံးပြုနိုင်ပေမဲ့လည်း ကျားတစ်ကောင်က ချောင်းမြောင်းတိုက်ခိုက်မယ်ဆိုရင် လူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ဆဲပဲလေ။
"ဒီအရိုးကသာ ဒဏ္ဍာရီလာ မှော်သားရဲတွေနဲ့ သက်ဆိုင်တယ်ဆိုရင် နဂါးမျိုးနွယ်ဝင်တွေက ဒါကို ဘာလို့ လိုအပ်ရတာလဲ"
ပါမောက္ခက မိုက်ကယ်ကို လက်ညှိုးထိုးရင်း ပြုံးလိုက်တယ်။ "အဲဒါက အဓိကပဲ... မျိုးနွယ်စုများ ပေါင်းစည်းခြင်းနဲ့ ပတ်သက်တဲ့ သီအိုရီသာ မမှန်ကန်ဘူးဆိုရင် သူတို့ လိုအပ်စရာအကြောင်းကို မရှိဘူး"
လူသားတွေဟာ ရှေးခေတ်လူသားတွေဆီကနေ ဆင်းသက်လာသလိုပဲ လူတစ်ပိုင်းသတ္တဝါတွေ အားလုံးကလည်း ဒီဒဏ္ဍာရီလာ မှော်သားရဲတွေဆီကနေ ဆင်းသက်လာတယ်ဆိုတာကို ပြသနေတဲ့ အထောက်အထားတွေ ရှိတယ်။
ဒါပေမဲ့ အဲဒါက ဘယ်တုန်းကမှ သက်သေမပြနိုင်ခဲ့သလို သားစဉ်မြေးဆက် မျိုးပွားခြင်းဆိုင်ရာ ပြဿနာရှိနေတာကြောင့်လည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတာမျိုး မရှိဘူးလေ... သားရဲတွေက ဘယ်လိုလုပ်ပြီး လူနဲ့တူလာနိုင်မှာလဲ။ သူတို့က လူသားတွေနဲ့ သွေးနှောသွားတာမျိုး မဟုတ်ရင် လုံးဝ မဖြစ်နိုင်ဘူး... ဒါပေမဲ့ အချို့လူတွေကတော့ အဲဒါကို မဖြစ်နိုင်ဘူးလို့ ထင်ကြပြီး ရိုင်းစိုင်းတဲ့ အယူအဆလို့တောင် ထင်ကြတယ်လေ။
ဒီသီအိုရီအရ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်က အောက်ပါအတိုင်း ဖြစ်တယ်။ ဒဏ္ဍာရီလာ မှော်သားရဲများ > လူတစ်ပိုင်းသတ္တဝါများ > မှော်သားရဲ တစ်ပိုင်းသတ္တဝါများ။
"ဒီသီအိုရီမှာ ပြဿနာတွေ အများကြီး ရှိတယ်... ပထမဆုံးအနေနဲ့ ဗန်ပိုင်ယာတွေဟာ မူလဗန်ပိုင်ယာကနေ ဆင်းသက်လာတာဖြစ်ပြီး ဒဏ္ဍာရီလာ မှော်သားရဲတွေရဲ့ သွေးဆက်တွေ မဟုတ်ဘူးဆိုတာကို အမှန်တရားတစ်ခုအဖြစ် သက်သေပြပြီးသားပဲ... ဒါပေမဲ့လည်း သူတို့မှာ တခြားသော မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေလိုပဲ တူညီတဲ့ တာအိုနှလုံးသား ရှိနေကြဆဲပဲ"
"ဒါပေမဲ့ ရှင်းရှင်းလင်းလင်း သိရတာက နဂါးမျိုးနွယ်ဝင်တွေက ဒါကို အမှန်လို့ ယုံကြည်နေကြဆဲပဲ... သူတို့က ဒဏ္ဍာရီလာ မှော်သားရဲတွေဆီကနေ ဆင်းသက်လာတယ်လို့ ယုံကြည်နေကြတာ"
"အဲဒါက သူတို့ ဘာကြောင့် ရှေးဟောင်းအမွေအနှစ်ကို လိုချင်နေရတာလဲဆိုတဲ့ အဖြေကို မပေးနိုင်သေးဘူးလေ ပါမောက္ခ" လို့ မိုက်ကယ်က မေးလိုက်တယ်။
ပါမောက္ခက သူ့မေးခွန်းကို ခေါင်းညိတ် ထောက်ခံလိုက်တယ်။ "သူတို့ရဲ့ မျိုးရိုးအမွေအနှစ်အတွက် သက်သေအထောက်အထား လိုချင်လို့ ဖြစ်နိုင်သလို သူတို့ရဲ့ စွမ်းအားကို မြှင့်တင်ချင်လို့လည်း ဖြစ်နိုင်တယ်"
"အဲဒါသာ အမှန်ဆိုရင် ပါမောက္ခ... နဂါးမျိုးနွယ်ဝင်တွေနဲ့ တခြားမျိုးနွယ်စုတွေ ကြားက ကွာဟချက်ဟာ အခုထက်ပိုပြီး ကြီးမားလာတော့မှာပဲ... အခုတောင် သူတို့က တော်တော်လေး လွှမ်းမိုးထားနိုင်နေပြီလေ" လို့ မင်းသမီး အော့တေးဗီးယားက လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။
ကံကောင်းစွာနဲ့ပဲ ပါမောက္ခက သူ့ရဲ့ အစပိုင်းက အံ့ဩနေမှုတွေကနေ သတိပြန်ဝင်လာပုံရပြီး မေးခွန်းတွေ ပြည့်နှက်နေတဲ့ မိုက်ကယ့်ရဲ့ မျက်နှာကို သတိပြုမိသွားတယ်။
"နဂါးမျိုးနွယ်ဝင်တွေကို တစ်ကမ္ဘာလုံးမှာ အသန်မာဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံး မျိုးနွယ်အဖြစ် ဘာကြောင့် သတ်မှတ်ထားကြလဲဆိုတာကို မင်း စဉ်းစားဖူးလား... အဲဒါက တခြားသူတွေထက် တန်ခိုးစွမ်းရည်ကို ပိုပြီး ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်း သူတို့ဆီမှာ ရှိနေလို့ပဲ... တချို့က ဒါဟာ ဒဏ္ဍာရီလာ မှော်သားရဲတွေရဲ့ ခွန်အားနဲ့ အများကြီး ဆင်တူတယ်လို့တောင် ပြောကြပေမဲ့ အဲဒီအယူအဆက အမြဲလိုလို ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံစရာ ဖြစ်ခဲ့ရတယ်လေ"
ပါမောက္ခနဲ့ မင်းသမီးက အဲဒီလို တွေ့ရှိမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း ဆက်ပြောနေကြတယ်။ မိုက်ကယ်ကိုယ်တိုင် နဂါးမျိုးနွယ်ဝင် တစ်ယောက်ကိုမှ မမြင်ဖူးသေးပေမဲ့ ဒီနှစ်ယောက် ပြောနေတဲ့ ပုံစံအရ နဂါးမျိုးနွယ်ဝင်တွေဟာ တခြား မျိုးနွယ်စုတွေထက် အများကြီး ပိုပြီး သန်မာနေပုံရတယ်။
ရေဘဝဲမင်းသမီးက သူမရဲ့ ကိုယ်ပိုင် ဘုရင့်နိုင်ငံတစ်ခု တည်ထောင်ချင်တဲ့ ရည်မှန်းချက်တွေကြောင့် အထူးသဖြင့် အစိုးရိမ်ဆုံး ဖြစ်နေခဲ့တယ်။
"မင်းသမီး အော့တေးဗီးယား... သီအိုရီတွေအကြောင်း ခန့်မှန်းနေရုံနဲ့တော့ ငါတို့ ဘယ်ကိုမှ ရောက်မှာမဟုတ်ဘူး... ငါ ရှေးဟောင်းအမွေအနှစ်ကို ကိုယ်တိုင် မြင်တွေ့ရမှဖြစ်မယ်" လို့ ပါမောက္ခက တောင်းဆိုလိုက်တယ်။ "မင်းသမီးက အရင်က နဂါးမျိုးနွယ်ဝင်တွေဆီကနေ အဲဒါကို ငှားခဲ့ဖူးတာဆိုတော့ ငါ လေ့လာလို့ရအောင် နောက်တစ်ကြိမ် ထပ်ငှားပေးဖို့ ဖြစ်နိုင်မလား"
မင်းသမီးဟာ တစ်စက္ကန့်လောက် ငြိမ်သက်သွားပြီး သူမရဲ့ မျက်လုံးတွေထဲမှာ စဉ်းစားတွက်ချက်မှုတွေ ဖြတ်ပြေးသွားတယ်။
သူမ တုံ့ဆိုင်းနေတာကို မြင်တော့ ပါမောက္ခက သူမကို တစ်ခုခု ပြန်လုပ်ပေးမယ်လို့ ကတိပေးလိုက်တယ်။ "တကယ်လို့ မင်းသမီးက ငါ့ကို ကူညီမယ်ဆိုရင် ငါ့ရဲ့ တွေ့ရှိချက် ရလဒ်တွေကို မင်းသမီးကို ပြန်ဝေမျှပေးပါ့မယ်"
သူမရဲ့ မျက်နှာက တည်ငြိမ်နေဆဲဖြစ်တာကို ကြည့်ခြင်းအားဖြင့် ဒါက မင်းသမီးကို အဲဒီလောက်ကြီး စိတ်ဝင်စားမှု မဖြစ်စေခဲ့ဘူး။
"အဲဒီရှေးဟောင်းအမွေအနှစ်ကို ငှားပြီးတဲ့နောက်မှာ ကျွန်မ လိုက်လျောမှုတွေ အများကြီး ပေးဆပ်ခဲ့ရတယ် ပါမောက္ခ... အဲဒါကို နောက်တစ်ကြိမ် ထပ်ပြီး ပေးဆပ်နိုင်ပါ့မလားဆိုတာ ကျွန်မ သေချာမသိဘူး"
"ကျစ်" လို့ ပါမောက္ခက ကျိန်ဆဲလိုက်တယ်။ "နီးစပ်နေပြီကို"
ဒါပေမဲ့ ရေဘဝဲမင်းသမီးက ငြင်းဆိုနေသလောက်ပဲ သူမက ဒီအကြံအစည်အပေါ် လုံးဝကြီး သဘောမတူတာမျိုး မဟုတ်မှန်း မိုက်ကယ် မြင်နိုင်တယ်။ သူမကို နည်းနည်းလောက် ဖြားယောင်းသွေးဆောင်ပေးဖို့ပဲ လိုတာ။
"မင်းသမီး တစ်ခုခု လိုချင်နေလို့လား" လို့ သူက သူမကို မေးလိုက်တယ်။
မင်းသမီး အော့တေးဗီးယားက ပြုံးလိုက်တယ်။ "သမိုင်းကလွဲပြီး တခြားဘာကိုမှ စိတ်ဝင်စားပုံမရတဲ့ ပါမောက္ခနဲ့မတူဘဲ အခြေခံနားလည်နိုင်စွမ်းရှိတဲ့ သူတစ်ယောက်နဲ့ စကားပြောရတာ အများကြီး ပိုလွယ်တာပဲ... ရှင် ပြောတာ မှန်တယ်... ကျွန်မ တစ်ခုခု လိုအပ်နေတာပါ... ကျွန်မ အကူအညီနည်းနည်း လိုအပ်နေတယ်"
ပါမောက္ခက ပြန်လည် တက်ကြွလာတယ်။ "ဘာများလဲ"
"ရှင်လည်း သိတဲ့အတိုင်း ဒီရေကန်ထဲမှာ ကျွန်မတစ်ယောက်တည်း တော်ဝင်မျိုးနွယ် ရှိနေတာ မဟုတ်ဘူးလေ... ပြီးတော့ ကျွန်မတို့ ရေလူသားတွေ အချင်းချင်းပဲ အားကိုးချင်ပေမဲ့လည်း ကျွန်မတို့အနေနဲ့ အချို့သော လိုက်လျောမှုတွေ လုပ်ပြီး တခြားလူတွေကို အားကိုးရမှာပဲ"
"ကျွန်မတို့ ဘယ်လောက်ပဲ ကောင်းကောင်း ပြန်လည် ဖန်တီးနိုင်ပါစေ အဆုံးမှာတော့ ဒီနေရာက အတ္တလန်တစ် မဟုတ်ဘူးလေ... ရေထုညစ်ညမ်းတာတွေ၊ အစားအစာ မျိုးစုံမရှိတာတွေ စတဲ့ ပြဿနာပေါင်းများစွာ ကျွန်မတို့မှာ ရှိနေတယ်"
"ကျွန်မတို့က ကုန်းပေါ်က ကမ္ဘာနဲ့ သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိတာကြောင့် လူသားတွေရဲ့ အကူအညီကို လိုအပ်တယ်... တခြား ရေလူသား စခန်းတော်တော်များများက နယူးစပါတာမှာ သူတို့ရဲ့ ကိုယ်ပိုင် မဟာမိတ်တွေကို ရရှိနေကြပြီဆိုပေမဲ့ ကျွန်မကတော့ မရသေးဘူး"
"တကယ်လို့ ကျွန်မက ဒီနယူးစပါတာမှာရှိတဲ့ ရေလူသားအားလုံးရဲ့ ခေါင်းဆောင် ဖြစ်လာရမယ်ဆိုရင် ဒါက အဆင်ပြေမယ့် အခြေအနေ မဟုတ်ဘူး"
မိုက်ကယ်က သူမကို စိုက်ကြည့်လိုက်တယ်။ "မင်းသမီးက ကျွန်တော်တို့ကို ဘာလုပ်ပေးစေချင်တာလဲ"
* * * * * * * *