အခန်း (၄၈၅)
Vol. 49 Ch. 485
အခန်း(၄၈၅) ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို ရယူခြင်း
ဆရာတော် ဖာမင်က ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို ဤမျှလောက် အလွယ်တကူ လက်လွှတ်ခံနိုင်မည်နည်း။
တကယ်တမ်း သူက သိပ်အဝေးကြီး မသွားခဲ့ပေ။ သူတော်စင် ဟွာကျင်း၏ အခြေအနေက သိသိသာသာ ပုံမှန်မဟုတ်ပေ။ အဆိပ်မိထားသလိုမျိုး သတိလွတ်နေပြီး အဓိပ္ပာယ်မရှိသည်များ ယောင်ယမ်းပြော၏။
သူတော်စင် ဟွာကျင်း အဆိပ်ပြယ်သွားသည်အထိစောင့်ပြီးမှ ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို လုယူရန် သူ စီစဉ်ထားခဲ့သည်။ မမျှော်လင့်ဘဲနှင့် သူတော်စင် ဟွာကျင်းက ဖုံးကွယ်ခြင်း အခင်းအကျင်းတစ်ခုကို တည်ဆောက်လိုက်သည်။ အထဲကို မြင်ခွင့်မရ၍ တန်ဖိုးကြီးကျောက်စိမ်းခြင်ဆီကို ကိုင်ပြီး တစ်ယောက်ယောက် ထွက်လာမည့်အချိန်အထိ သူ အပြင်မှသာ စောင့်နေနိုင်တော့သည်။
ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အရှိန်အဝါ။ ခွန်းလွန်အင်မော်တယ်နန်းတော်မှ အကြီးအကဲတစ်ယောက် ဖြစ်နိုင်၏။
ဆရာတော် ဖာမင်အတွက် ၎င်းက အရင်တစ်ခါမှ မကြုံဖူးသော အခွင့်အရေးတစ်ခုပင်။
ထို့ကြောင့် သူက ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
သူ၏ ပထမဆုံးလှုပ်ရှားမှုမှာ ကံကြမ္မာလုယူခြင်း မဟာပညာရပ်ပင်။
လျူယွမ်ချင်းသည် အခင်းအကျင်းထဲမှ ယခုလေးတင် ထွက်လာခဲ့ပြီး သူတော်စင် ဟွာကျင်းနှင့် ဝမ်ရှိုယီတို့၏... ထူးဆန်းသော အနေအထားကို စိတ်ထဲတွင် တွေးတောနေဆဲ ဖြစ်သည်။
ရုတ်တရက် တောင်တန်းကြီးတစ်ခုကဲ့သို့ လေးလံသောဖိအားကြီးတစ်ခု ဟင်းလင်းပြင်ထဲမှ ကျဆင်းလာသည်။
မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးတစ်ပါး ပေါ်လာချိန်တွင် ဟင်းလင်းပြင်မှာ ပုံပျက်သွား၏။
"အော်မီတော်ဖော်၊ ဒကာရဲ့လက်ထဲက အဲဒီပစ္စည်းက ဒီဘုန်းကြီးရဲကံကြမ္မာနဲ့ ဆက်စပ်နေတယ်။"
ဆရာတော် ဖာမင်သည် လက်အုပ်ကိုချီလိုက်ပြီး လေသံမှာ အေးချမ်းနေသော်လည်း မျက်လုံးများတွင်မူ ဖုံးကွယ်မထားနိုင်သောလောဘများ လောင်ကျွမ်းနေသည်။
"ဒီပစ္စည်းရဲ့ကံကြမ္မာက မင်းလို ဂျူနီယာတစ်ယောက် ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်ဘူး။ အဲဒါကို ပေးလိုက်ပါ။ ဒီဘုန်းကြီးကို အဲဒီရဲ့ကံတရားကို ထိန်းချုပ်ခွင့်ပြုလိုက်။"
လျူယွမ်ချင်းသည် ဘုန်းကြီး၏ကျင့်ကြံမှုအဆင့်ကို ချက်ချင်း အကဲဖြတ်လိုက်သည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်။
သူ့ထက် အဆင့်ကြီးတစ်ခုလုံး ပိုမြင့်နေခြင်းင်။
"ဒီမြည်းကတုံးက ဘယ်ကရောက်လာပြီး လရိပ်ဂိုဏ်းတပည့်ရဲ့လမ်းကို လာပိတ်ရဲတာလဲ။"
လျူယွမ်ချင်းသည် ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာ နေလိုက်သည်။
တကယ်တော့... သူက အတော်လေး စိတ်အားထက်သန်နေမိသည်။
ဤနေရာမှ ကျင့်ကြံသူများက ချင်းယွန်ဘုံမှ ကျင့်ကြံသူများထက် အများကြီး အားနည်းကြောင်း စုချီနျန် ပြောခဲ့ဖူးသည်။
အတိအကျ မည်မျှ အားနည်းကြောင်းကိုမူ တိုက်ပွဲကသာ အဖြေပေးနိုင်လိမ့်မည်။
သူ သေရမည်ကို ကြောက်နေခြင်း မဟုတ်ပေ။ ဘိုးဘေးကြီးချန်က အရေးကြီးသောအချိန်တိုင်း သူ့ကို ပြန်လည်ဆင့်ခေါ်နိုင်ကြောင်း သူ ယုံကြည်သည်။
ဒါဆို ဘာလို့ တွန့်ဆုတ်နေရဦးမှာလဲ။ တိုက်မယ်။
ဆရာတော် ဖာမင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ နောက်ထပ် မရင်းနှီးတဲ့ ဂိုဏ်းတစ်ခုပဲ။
"လရိပ်ဂိုဏ်းဖြစ်ဖြစ်၊ လဂိုဏ်းဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒီနေ့ ဒီထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီက ဒီဘုန်းကြီး မျက်စိကျတာကို ခံလိုက်ရပြီ။ ပါးနပ်တယ်ဆိုရင် ပေးလိုက်။ ဒါဆိုရင် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်။"
စကားသံ မဆုံးမီမှာပင် ဖာမင် ပျောက်ကွယ်သွားပြီး၊ လျူယွမ်ချင်း၏ရှေ့တွင် ပြန်လည်ပေါ်လာကာ ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသော ဧရာမဗုဒ္ဓလက်ဝါးရိုက်ချက် ကြီးတစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။ အစကတည်းက သေစေနိုင်သော တိုက်ခိုက်မှုဖြစ်ပြီး လျူယွမ်ချင်းကို ချမ်းသာပေးမည့်ရည်ရွယ်ချက် လုံးဝ မရှိကြောင်း ပြသနေသည်။
လျူယွမ်ချင်း၏ မျက်လုံးများတွင် အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားပြီး သူသည် သရဲတစ္ဆေကဲ့သို့ နောက်သို့ဆုတ်လိုက်ကာ ကျန့်ဝူမြင့်မြတ်နယ်မြေ၏ အန္တိမပညာရပ်တစ်ခု ဖြစ်သော ဆန်းကြယ်လေနက် ကောင်းကင်ယန်ခြေလှမ်းကို အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ လက်ညှိုးထိုးလိုက်ရာ သူ၏လက်ချောင်းထိပ်မှ ဓာချီးစွမ်းအင်တစ်ခု စုစည်းလာပြီး ဖာမင်၏ လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်မိသွားသည်။
"ဝုန်း။"
ပေါက်ကွဲမှု လှိုင်းလုံးကြီးက အပျက်အစီးများကြား ဖြတ်သန်းသွားပြီးနောက် ကွဲအက်နေသော အုတ်ကြွပ်ခဲများက သူတော်စင် ဟွာကျင်း၏ အခင်းအကျင်းကို မိုးသီးများကဲ့သို့ ရိုက်ခတ်သွားသည်။ အတွင်းရှိ သူတို့နှစ်ဦးမှာမူ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် နစ်မွန်းနေပြီး ပြင်ပကမ္ဘာကို လုံးဝသတိမထားမိကြပေ။
ဆရာတော် ဖာမင်က ပိုမိုနက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။
ဒီဆံပင်အဖြူနဲ့အဘိုးကြီးက ပေါင်းစည်းခြင်းအဆင့်ပဲ ရှိနေတာလေ။ သာမန်တိုက်ခိုက်မှုတစ်ခုကို သူ ဘယ်လိုလုပ် ကာကွယ်နိုင်ခဲ့တာလဲ။
လျူယွမ်ချင်းလည်း အလားတူပင် သံသယ ဝင်သွားသည်။ ဒီမီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးက ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်လေ။ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်မှုက... သိပ်အားမပါသလိုပဲ။
ဒါက အနိုင်ရနိုင်လောက်တယ် မဟုတ်ဘူးလား။
"ငါ မင်းကို အထင်သေးမိသွားသလိုပဲ။" ဆရာတော် ဖာမင်၏ မျက်လုံးများ အေးစက်သွားပြီးနောက် မုဒြာလက်ဟန်များ ဖော်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ဗုဒ္ဓအလင်းတန်းများ ပြည့်နှက်သွားပြီး လျူယွမ်ချင်းကို အမြောက်ဆန်များကဲ့သို့ ဗုံးကြဲတိုက်ခိုက်နေသော လက်ဝါးရိုက်ချက်များအဖြစ် စုစည်းသွားသည်။
ယခုတော့ ကြီးမားလှသော အဆင့်ကွာဟမှု၏ဖိအားက သိသာထင်ရှားလာလေပြီ။
လျူယွမ်ချင်း၏အမူအရာ လေးနက်သွားပြီး သူ၏အသက်ကယ်မှော်လက်နက်ဖြစ်သော ဧရာမ စိမ်းပြာရောင်ထီးကြီးတစ်လက်ကို ဆင့်ခေါ်လိုက်သည်။ ၎င်း၏ မျက်နှာပြင်က လက်ဝါးရိုက်ချက် သုံးချက်ကို ကာကွယ်ပေးနိုင်ခဲ့ပြီးမှ အက်ကွဲသွားသည်။
ကျိုးပဲ့သွားသောထီး၏ နောက်ကွယ်တွင် လျူယွမ်ချင်းသည် နောက်ထပ် အခင်းအကျင်းတစ်ခုကို ချထားပြီး ဖြစ်သည်။
သူက ၎င်း၏ အလယ်ဗဟိုတွင် နက်ရှိုင်းစွာ တရားထိုင်နေပြီး သူ၏အောက်တွင် ယင်-ယန် ငါးပုံစံ လည်ပတ်နေကာ အခင်းအကျင်း၏ ပတ်လည်တွင် အနက်နှင့်အဖြူဓားများ တစ်လှည့်စီ ပေါ်လာသည်။ ၎င်းတို့၏ ရောယှက်နေသော ဓားချီစွမ်းအင်များက ကျန်ရှိနေသော လက်ဝါးရိုက်ချက်အားလုံးကို တားဆီးပေးသည့် ထိုးဖောက်၍မရနိုင်သော ကန့်လန့်ကာတစ်ခုကို ဖန်တီးလိုက်၏။
သို့သော် ၎င်းမှာ အကန့်အသတ်ပင်။
သူ၏ စစ်မှန်သောအနှစ်သာရ လုံးဝနီးပါး ကုန်ခမ်းသွားသဖြင့် မျက်နှာဖြူရော်သွားသည်။
သူက ချန်ဟွိုက်အန်ထံသို့ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
[ဘိုးဘေးကြီး။ ဒီဂျူနီယာ ဆက်တောင့်မခံနိုင်တော့ဘူး။ ပြန်ခေါ်ဖို့ အချိန်တန်ပါပြီ]
အဝေးတွင် ပုန်းအောင်းနေသော ချန်ဟွိုက်အန်သည် ဂိုဏ်းဆင့်ခေါ်မိန့်၏ ပြန်လည်ဆင့်ခေါ်ခြင်း လုပ်ဆောင်ချက်ကို ချက်ချင်းပင် အသက်သွင်းလိုက်သည်။
သာမန်တိုက်ခိုက်မှုတစ်ခုက လျူယွမ်ချင်းကို မသတ်နိုင်ခဲ့ပေ။
အင်အားအပြည့်နှင့် တိုက်ခိုက်သည်ကိုပင် ကာကွယ်နိုင်ခဲ့သည်။
ဆရာတော် ဖာမင်သည် တစ်ခုခုက အလွန်ပင် မှားယွင်းနေကြောင်း သိလိုက်ပြီး လက်တွေ့ဘဝကိုပင် သူ စတင်၍ သံသယဝင်လာသည်။
"မဖြစ်နိုင်ဘူး။ ပေါင်းစည်းခြင်းအဆင့် ကောင်လေးတစ်ယောက်က ငါ့ကို ဒီလောက်အထိ ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ။"
အခင်းအကျင်းထဲတွင် တည်ငြိမ်အေးချမ်းစွာ ထိုင်နေသော လျူယွမ်ချင်းကို စိုက်ကြည့်ရင်း သူ၏ အကြည့်များမှာ လူသတ်လိုသော ရည်ရွယ်ချက်များအဖြစ် ပြောင်းလဲသွားသည်။ ထိုတည်ငြိမ်သော အမူအရာက သူ့အတွက်တော့ မာနထောင်လွှားမှု သက်သက်သာ ဖြစ်နေသည်။
မာနထောင်လွှားမှုနှင့် ပတ်သက်လျှင် ဖာမင်က သူ့ကိုယ်သူ ဆရာတစ်ဆူဟု သတ်မှတ်ထား၏။
မည်သူကမှ သူ့ထက်ပိုပြီး မာနကြီး၍ မရပေ။
သူ၏သင်္ကန်းထဲမှ ရွှေရောင် ဗုဒ္ဓဓာတ်တော်တစ်ခုကို ထုတ်ယူလိုက်သည်။
ဖောက်ထွင်းမြင်နိုင်လုနီးပါး ဖြစ်နေသော ထိုဓာတ်တော်က ကောင်းကင်ဘုံ ဓမ္မတေးသံများနှင့် ပဲ့တင်ထပ်နေပြီး မြင့်မြတ်သော အေးချမ်းမှုကို ဖြာထွက်နေပုံရသည်။
"ဒီနေ့ ဒီစစ်မှန်တဲ့ ဗုဒ္ဓဓာတ်တော်က မင်းရဲ့လိပ်ခွံကြီးကို ခွဲခြေပစ်လိမ့်မယ်။"
ဤမြင့်မြတ်သော မှော်လက်နက်သည် အနောက်ဘက်ရှိ နှစ်တစ်ထောင် သက်တမ်းရှိသော ဘုရားကျောင်းတစ်ခုမှ ဖြစ်သည်။
စစ်မှန်သော ဗုဒ္ဓမီးတောက်တစ်မျှင် ပါဝင်ပြီး ဗုဒ္ဓ၏စွမ်းအားကို ယာယီငှားရမ်းအသုံးပြုနိုင်သည်။
သို့သော် ကံကောင်းထောက်မစွာ ရရှိထားသည့် တစ်ခါသုံးရတနာ ဖြစ်သဖြင့် အသုံးပြုပြီးသည်နှင့် ပျောက်ကွယ်သွားမည် ဖြစ်သည်။
သူတော်စင် ဟွာကျင်းသည် အချိန်မရွေး ထွက်လာနိုင်သဖြင့် တွန့်ဆုတ်နေပါက ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို လက်လွှတ်ရနိုင်သည်။ ဓာတ်တော်ကို အသုံးပြုလိုက်ခြင်းက တန်ရဲ့လား။
သို့သော် စကားပုံတစ်ခု ရှိလေသည်။ သစ်ပင်များက အခေါက်အတွက် တိုက်ခိုက်ကြပြီး လူများသည် ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ကြ၏။
ဖာမင်သည် ဓာတ်တော်ကို အသက်သွင်းရန် ပြင်ဆင်နေစဉ် စိမ်းပြာရောင် အလင်းတန်းတစ်ခုက လျူယွမ်ချင်းကို လွှမ်းခြုံသွားသည်။
နေရာလွတ်အတက်အကျများကို ခံစားမိလိုက်သော လျူယွမ်ချင်းသည် ရုတ်တရက်ပင် ရူးသွပ်စွာ ရယ်မောလိုက်ပြီး ဖာမင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မြည်းကတုံးစုတ်။ သတ္တိရှိရင် လာသတ်ကြည့်လေ။ ငါ့အင်္ကျီစကိုတောင်ထိနိုင်မလား ကြည့်ကြတာပေါ့။"
"ထွက်ပြေးဖို့ ကြိုးစားနေတာလား။" ဖာမင်က ဟိန်းဟောက်လိုက်ရာ ဓာတ်တော်မှာ ရွှေရောင် တောက်ပလာပြီး ဓမ္မတေးသံများ ပိုမိုကျယ်လာကာ ကြီးမားလှသော ဗုဒ္ဓစွမ်းအားများ ပေါက်ကွဲထွက်လာ၏။
နေရာလွတ်အတက်အကျ ဆိုသည်မှာ အဓိပ္ပာယ် တစ်မျိုးတည်းသာ ရှိသည်။ ထွက်ပြေးခြင်းပင်။
ဓာတ်တော်ကို အသက်သွင်းပြီးပြီ ဖြစ်ရာ သူ၏သားကောင်ကို ထွက်ပြေးခွင့်ပြုရန် လုံးဝ လက်ခံနိုင်စရာ မရှိပေ။
ဗုဒ္ဓစွမ်းအားများ လှိမ့်တက်လာပြီး ဖာမင်က လက်ခုပ်တီးလိုက်သည်။
"ပညာပါရမီ ဗုဒ္ဓများ၊ သံသရာပင်လယ်နယ်ပယ်၊ ပွင့်စေ။" သူ၏ ဟိန်းဟောက်အမိန့်ပေးသံကြောင့် ပတ်ဝန်းကျင်ရှိ နေရာလွတ်က ရွှေရောင်အလင်းတန်းအောက် ခဲသွားပြီး ပယင်းကျောက်ထဲမှ ပိုးကောင်များကဲ့သို့ အရာအားလုံး အေးခဲသွားသည်။ ထွက်ပြေးရာလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်ပြီး နေရာလွတ် ကိုယ်တိုင်ကို အသေမှတ်ထားလိုက်သည်။
"သူခိုး။ ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို ထားခဲ့စမ်း။"
လျူယွမ်ချင်းသည် ဖာမင်၏ အောင်ပွဲခံနေသောမျက်နှာကိုကြည့်ကာ ပြုံးစိစိ လုပ်လိုက်သည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ပုံရိပ်သည် ဖောက်ထွင်းမြင်နိုင်လုနီးပါး ဖြစ်လာကာ... လုံးဝပျောက်ကွယ်သွားလေတော့သည်။
ဖာမင်က မှင်တက်စွာ ရပ်နေပြီး သူ၏သားကောင်က မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"လွတ်သွားတာလား။ သူ တကယ်ကြီး ထွက်ပြေးသွားတာလာ။။"
သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ရှာဖွေကြည့်သော်လည်း အဝေးတွင် ကွေးကွေးလေးထိုင်နေသော ခွန်းလွန်အင်မော်တယ်နန်းတော်မှ တပည့်တစ်ဦးမှလွဲ၍ မည်သည့်အရာမျှ မတွေ့ရပေ။
သဲလွန်စမှမရှိ။ အရှိန်အဝါမရှိ။ လျူယွမ်ချင်းဆိုသည်မှာ လုံးဝ မတည်ရှိခဲ့သလိုမျိုးပင်။
"ငါ့ရဲ့ ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ။ ငါ့ရဲ့ဓာတ်တော်။"
ဖာမင်၏မျက်နှာ မှောင်မိုက်သွားပြီး သူ၏ ဒေါသတကြီးမှော်စွမ်းအင်များက ပတ်ဝန်းကျင်မြေကြီးကို ဖုန်မှုန့်အဖြစ် ကြေမွသွားစေသည်။
ယခုအခါတွင် သာမန်အရိုးပုတီးစေ့တစ်ခုသာ ဖြစ်နေသော လက်ထဲရှိအရာကို စိုက်ကြည့်ရင်း သူ၏မျက်လုံးများမှာ စိတ်ပျက်ဒေါသထွက်မှုများဖြင့် လောင်ကျွမ်းနေသည်။
ပေါက်ကွဲတော့မည့် ယမ်းအိုးကြီးတစ်လုံးကဲ့သို့ပင် ဒေါသကို ပေါက်ကွဲထုတ်ပစ်ရန် သူက အလွန်အမင်း လိုအပ်နေသည်။
ဟွာကျင်းသည် အခင်းအကျင်းထဲတွင် ရှိနေသဖြင့် သွားရောက်ပတ်သက်၍ မရနိုင်ပေ။
ထိုသို့ဆိုလျှင် တစ်ခုတည်းသာ ကျန်တော့သည်...
ဖာမင်က သူ၏ လူသတ်လိုသောအကြည့်များကို ချန်ဟွိုက်အန်ထံသို့ လှည့်လိုက်လေသည်။
…