အခြေတည်အဆင့်အတွက် အပြင်ထွက်ခြင်း ( ၁)
Vol. 13 Ch. 200
ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးထဲ၌ လရောင်ခြည်က မြေပြင်ပေါ်သို့ သဲမှုန်လေးများအလား ငွေရောင် တဖျပ်ဖျပ်ဝင်းလက်နေလျက် ဖြာကျနေသည်။
ရွှီချင်းက လရောင်ပေါ်နင်းလျှောက်ကာ ခရီးဆက်နေ၏။
သူက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပါသော်လည်း သူ၏ဒဏ်ရာဟောင်းများ ရှိနေဆဲပင်။ ချီရွှဲ့ထုံဂိုဏ်းသို့ စရောက်သည့်အချိန်ကအတိုင်း သူ သတိထားနေ၏။
ထို့ပြင် သူ့ကိုယ်ပေါ်၌ သက်စောင့်မီးအိမ်လည်း ရှိနေသေးသည်ဖြစ်၍ သူ အလွန် သတိထားနေရသည်။ သူ၏ညာလက်က သဘာဝကျစွာ လှုပ်ရှားနေပါသော်လည်း အမှန်စင်စစ် မည်သည့်လှုပ်ရှားမှုမဆို ဖြစ်သွားသည့် သူ၏ဟန်ပန်အမူအရာက သံတုတ်ကို ချက်ချင်း ဆွဲထုတ်နိုင်စေမည်ဖြစ်သည်။
ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၌ နေထိုင်စဉ်အတောအတွင်း သူ ရရှိခဲ့သည့် အတွေ့အကြုံဖြစ်သည်။ ဝါဂွမ်းထဲတွင် အပ်ကို သိမ်းထားခြင်းသည် ရှင်သန်ရန် နည်းလမ်း ဖြစ်သည်။ ရည်ရွယ်ချက်မရှိပါဘဲ သူ၏အစွန်းကို သတိလက်လွတ် သူ ထုတ်ပြမည် မဟုတ်ပေ။
ယင်းအပြင် ချီရွှဲ့ထုံဂိုဏ်းထဲမှ အတွေ့အကြုံများက သူ ပို၍ သတိထားနေလေလေ သူ့ခန္ဓာကိုယ်က လွတ်လပ်ပေါ့ပါးနေရမည်ဖြစ်ကြောင်းကိုလည်း သူ့ကို သင်ကြားပေးခဲ့သည်။
ထိုအချက်ကို ဆင်းရဲသားရပ်ကွက်နှင့် ရတနာမုဆိုးစခန်းမှာလည်း သူ သတိထားမိခဲ့သည်။ ခန္ဓာကိုယ် တောင့်တင်းနေပါက ချက်ချင်း တိုက်ခိုက်နေမည့်ဟန် ရှိပါသော်လည်း အမှန်စင်စစ် မဆိုစလောက် နှေးကွေးသွားမည်သာ ဖြစ်သည်။
စစ်မှန်သော နည်းလမ်းမှာ ခန္ဓာကိုယ်ကို ဖြေလျော့ထားပြီး စိတ်ထဲတွင် သတိအပြည့်ထားနေရန် ဖြစ်သည်။ ထိုနည်းအားဖြင့် အပြင်လူများက မူမမှန်သောအရာများကို မြင်နိုင်မည်မဟုတ်ဘဲ သူ့အနေဖြင့် ခန္ဓာကိုယ်ကို ချက်ချင်း လှုပ်ရှားရန် တွေးလိုက်ရုံသာ လိုအပ်သည်။
ယင်းသည် သူ သင်ကြားခဲ့ရသည့် နည်းလမ်းများဖြစ်ပြီး သူ၏အပြုအမူများသည်လည်း မသိလိုက်မသိဘာသာ ပြောင်းလဲလာခဲ့သည်။ ရွှီချင်းက ငယ်လွန်းသေးသည်ဖြစ်ရာ ဟန်ပန်အမူအရာများကို ဘယ်သူမှမသိအောင် ကွယ်ဝှက်ထားနိုင်သည့် ခေါင်းဆောင်နှင့်တော့ မယှဉ်နိုင်သေးပေ။
သို့သော်လည်း ရွှီချင်းက အတင်းအကြပ် တုပနေမည် မဟုတ်ပေ။ အရာအားလုံးက သူ့အလိုလိုသာ ဖြစ်သွားမည်ဖြစ်သည်။ သူ တဟုန်ထိုး သွားနေရင်း ကျန်းစန်း၏ သယ်ယူပို့ဆောင်ရေးဌာနနှင့် နီးကပ်သည်ထက် နီးကပ်လာသည်။
နေရာတစ်ခုကို သူ ဖြတ်ကျော်သွားသောအခါ ရုတ်တရပ် ခြေလှမ်းများ ရပ်သွားပြီး ခေါင်းလှည့်၍ နောက်သို့ ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွား၏။
သူ၏အကြည့်အောက်တွင် မနီးမဝေးရှိ ချောင်တစ်ချောင်မှ ပိန်ပိန်ပါးပါး လူရိပ်လေးတစ်ခု တရွေ့ရွေ့ဖြင့် လျှောက်လာသည်။ ယင်းလူရိပ်လေးမှာ လူအလေးမှလွဲ၍ တခြားမဟုတ်ပေ။
ချီရွှဲ့ထုံဂိုဏ်း၏ တာအိုဝတ်ရုံက သူ့ခန္ဓာကိုယ်နှင့် ကြီးနေသေးသည်။ အထဲမှ ခွေးသားရေအနွေးထည်သည်ပင် သူနှင့် ဖောင်းပွနေသေး၏။ သို့သော်လည်း ယခင်နှင့်မတူဘဲ သူ၏တာအိုဝတ်ရုံပေါ်၌ တံဆိပ်တစ်ခု အပိုပါလာသည်။ ယင်းသည် လူဆိုးထိန်းဌာန၏ တရားဝင်အဖွဲ့ဝင်အမှတ်အသားဖြစ်သည်။
သူက အဝေးတွင် ပေါ်လာပြီး ရွှီချင်းကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် သူက ခပ်ကုပ်ကုပ်လေး ဖြစ်သွားပြီး သူ့ကိုယ်နေဟန်ထားက တိုက်ခိုက်တော့မည့်ပုံစံမဟုတ်ဘဲ နောက်မှ လိုက်ကာ ကာကွယ်ပေးမည့်ပုံစံနှင့် တူသွားသည်။
ရွှီချင်းက လူအလေးကို ကြည့်လိုက်ပြီးနောက် တာအိုဝတ်ရုံပေါ်ရှိ တံဆိပ်ကို ကြည့်လိုက်သည်။ ယခင်က လူအလေးအကြောင်း စာတွဲကို သူ ဖတ်ခဲ့ဖူးပြီး ပထမဆုံးအကြိမ် လူဆိုးထိန်းဌာနကို လူအလေး ဝင်ရောက်စဉ်အခါက အလုပ်သင်အဖွဲ့ဝင်အဖြစ်သာ ရှိသေးသည်ကို သိခဲ့ရသည်။ ယခုမှသာ လူအလေးက တရားဝင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခြင်း ဖြစ်သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ငါ့နောက်လိုက်တာ မကြိုက်ဘူး ”
လူအလေး ငြိမ်သွားပြီး နောက်ဆုတ်ကာ ညအမှောင်ထုထဲသု့ိ တိုးဝှေ့ပျောက်ကွယ်သွားသည်။
ထိုအခါမှသာ ရွှီချင်း အကြည့်လွှဲလိုက်သည်။ တစ်ဖက်လူတွင် စိတ်ကောင်းများ ရှိနေသလား၊ စိတ်ယုတ်မာများ ရှိနေမလား ဆိုသည်ကို သူ ဂရုမစိုက်ချေ။ ယခုအချိန်တွင် ထိုသည်ကို သူ ဆုံးဖြတ်ချင်စိတ် မရှိပေ။ သို့သော်လည်း သူ ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပါလျက် နောက်မှ ဆက်လိုက်နေဦးမည်ဆိုပါက သူ သတ်ပစ်မည်သာ ဖြစ်သည်။
ရွှီချင်းက ဆက်သွားလိုက်သည်။
မကြာခင် သယ်ယူပို့ဆောင်ရေးဌာနသို့ ရောက်သွားသည်။ အဝေးမှနေ၍ စာရင်းစစ်နေသော ကျန်းစန်းကို သူ လှမ်းမြင်လိုက်ရသည်။ ပြိုင်ပွဲမှရောက်လာပြီးနောက် ကျန်းစန်းက သူ့ရတနာများ အခိုးခံရမည်ကို စိုးရိမ်နေသည်မှာ သိသာသည်။
ကျန်းစန်းသည်လည်း ရွှီချင်းကို မြင်သွားသည်။ ရွှီချင်းကို နှုတ်ဆက်သည့်အနေဖြင့် လက်ပြလိုက်ပြီးနောက် သူက ရေတွက်နေခြင်းကို အဆုံးသတ်လိုက်ပြီး ကျေနပ်နေသည့်အမူအရာဖြင့် ဆေးတံကြီးကို ထုတ်လိုက်သည်။
“ ညီလေးရွှီချင်း၊ အနားတောင်မယူဘဲ ဒီကို လာတာ ဘာကိစ္စလဲကွ ”
ရွှီချင်းက ကျန်းစန်းအား ပစ္စည်းများကို မည်သည့်အတွက် သိုလှောင်အိတ်ထဲ မထည့်ထားရသည်ကို မေးမြန်းမနေတော့ဘဲ မှော်လှေကို ထုတ်လိုက်သည်။
မြေပြင်သို့ မှော်လှေ ဝုန်းခနဲ ကျသွားသည်နှင့် မြေပြင် တုန်ခါသွားပြီး မှော်လှေမှ အပျက်အစီးစများ အောက်သို့ ပြုတ်ကျလာသည်။
“ မှော်လှေကို ပြုပြင်ချင်လို့ပါ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျန်းစန်း၏မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သွားသည်။ လက်ထဲမှ ဆေးတံကို သောက်ရန်ပင် မေ့လျော့သွားပြီး ရင်းနှီးသလိုလို မရင်းနှီးသလိုလို ဖြစ်နေသည့် မှော်လှေကြီးကို အဓိပ္ပာယ်မဲ့ငေးစိုက်ကြည့်လိုက်မိသည်။
“ ပြိုင်ပွဲတုန်းက ငါတို့ ဆုံခဲ့တယ်မလား။ ဘုရားကျောင်းထဲမှာ ငါတို့ခေါင်းဆောင်ကို စောင့်ပြီး အတူတူ ပြန်ခဲ့ကြတာလေ ”
အချိန်အတော်ကြာသည့်တိုင်အောင် ကျန်းစန်းမှာ အနည်းငယ် မှင်တက်နေဆဲပင်။
“ ဟုတ်တယ်လေ ”
ရွှီချင်းက ကျန်းစန်းကို အံ့အားတသင့် ကြည့်လိုက်သည်။
“ ငါ အမြင်မမှားဘူးဆိုရင် ပြိုင်ပွဲမှာ မင်း တွေ့ခဲ့တဲ့လူက ငါတစ်ယောက်တည်းပါ။ ဘယ်လိုလုပ် မှော်လှေက ဒီလောက်ကြီး ဖြစ်သွားရတာတုံး။ သောက်ကျိုးနဲဟေ့ … ဒါက ငါ့အကောင်းဆုံးလက်ရာကွ။ ငါ ငါ ငါ … အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်တောင် ဒီလောက်ကြီးအထိ ဖျက်ဆီးနိုင်တာ မဟုတ်ဘူး ”
“ မှော်လှေတစ်ဝက်ကို မင်း ဘယ်လိုလုပ် ဖျက်ဆီးပစ်လိုက်တာတုံး။ ဒါကို ဒိုင်းကာအနေနဲ့များ သုံးလိုက်တာလား ”
ကျန်းစန်းက ရင်ဘတ်ကို ဆုပ်၍ ဆိုသည်။ ထိုအချိန်၌ သူသည် ရွှီချင်းထက်ပင် ယူကြုံးမရဖြစ်နေဟန်တူသည်။
ပြိုင်ပွဲအတွင်း ရွှီချင်းက မှော်လှေကို သုံး၍ ဧရာမအလောင်းကြီးအား တိုက်ခိုက်ခဲ့သည်ကို သတိရမိလိုက်သည်။ ထိုအချိန်က မှော်လှေကြီးမှာ အကောင်းအတိုင်း ရှိနေသေးသော်လည်း ယခုတွင် ထိုမျှအထိ ပျက်စီးသွားခဲ့လေပြီ။ ခေါင်းဆောင်ကဲ့သို့ ရူးသွပ်သည့်အရာတစ်ခုခုသာ မလုပ်ခဲ့ပါက ထိုမျှ မယုံနိုင်စရာကောင်းလောက်အောင်ထိ ပျက်စီးသွားမည်မဟုတ်ဟု သူခံစားလိုက်ရသည်။
ထိုအတွေးကြောင့် ကျန်းစန်းမှာ ဒိန်းခနဲ ရင်ခုန်သွားရသည်။ ရေအောက်လောကအပြင်ဘက်တွင် ရွှီချင်းကို ပြန်တွေ့ခဲ့စဉ်အခါက အားနည်းနေသည်ကို သူ ပြန်တွေးမိလိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။
“ ခေါင်းဆောင်လိုမျိုး ရူးမိုက်တဲ့အလုပ်မျိုး လုပ်ခဲ့တာတော့ မဟုတ်ဘူးမလား ”
ရွှီချင်းက ခေါင်းယမ်းပြလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုကျန်းစန်း၊ အဲဒီမှော်လှေကြီးကို ပြုပြင်ဖို့ ဘယ်လောက်ကြာမှာတုံး ”
ကျန်းစန်းက မှော်လှေကြီးကို ကြည့်ကာ ဟင်းခနဲ သက်ပြင်းချလိုက်သည်။
“ အေးကွာ၊ ထားပါတော့။ နောက်ဆုံးတစ်ခေါက်တုန်းက လှေမြန်လေးပဲ ပြန်ပါလာတာထက်စာရင် မှော်လှေတစ်ပိုင်း ပါလာသေးတော့ မဆိုးဘူးလို့ ပြောရမှာပဲ ”
“ ဒါပေမဲ့ ဒါကို ခဏလေးနဲ့ ငါ လုပ်နိုင်မှာ မဟုတ်ဘူး။ မနက်ဖန် ခေါင်းဆောင်ဆီ သွားရဦးမယ်။ သူက သူ့ဒဏ်ရာတွေ ကုဖို့ ငါ့ကို တစ်နေရာကို ခေါ်သွားဖို့ ပြောထားသေးတယ်။ ငါလည်း အဲဒီမှာ အခြေတည်အဆင့်ကို ကျော်ဖြတ်ဖို့ သူ ပြောတာပဲ ”
“ မင်း အမြန်မလိုရင် ငါ အခြေတည်အဆင့်ကိုရောက်ပြီး ပြန်လာမှ ပြုပြင်ပေးမယ်ကွာ။ ပြီးရင် ခေါင်းဆောင်ရခဲ့တဲ့ အသားကိုလည်း အဲဒီသင်္ဘောအသစ်မှာ ယာယီစွမ်းအင်ရင်းမြစ်အနေနဲ့ ထည့်ပေးမယ် ”