အခန်း (၄၈၆)
Vol. 49 Ch. 486
အခန်း(၄၈၆) အသက်ရှင်ရန် တိုက်ပွဲဝင်ခြင်း
ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီက လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချန်ဟွိုက်အန်သည် ဤနေရာတွင် ဆက်နေရန် အကြောင်းရင်း မမြင်တော့ပေ။
သို့သော် သူက ဆုတ်ခွာရန် ပြင်လိုက်ချိန်တွင် လူသတ်ချင်စိတ်တစ်ခုက ဒီရေလှိုင်းကြီး တစ်ခုကဲ့သို့ သူ့ထံသို့ လိမ့်ဝင်လာသည်။
"တောက်။ ဒီဘုန်းကြီးကတုံးတော့ ရူးသွားပြီ။"
ချန်ဟွိုက်အန် လှည့်ကြည့်လိုက်ရာ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ရှိနေသာ ဆရာတော် ဖာမင်ကို တွေ့လိုက်ရသည်။
ဟုတ်ပါတယ်။
ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ ပျောက်သွားပြီး သူက အတော်လေး တန်ဖိုးကြီးတဲ့ တစ်ခါသုံးမှော်လက်နက်တစ်ခုကိုလည်း သုံးလိုက်ရတဲ့ပုံပဲ။ သူ့နေရာမှာ ဘယ်သူမဆို ဒီလိုမျိုး ခံစားရမှာ။ ဒါပေမဲ့...
ဒေါသတွေကို ငါ့အပေါ်မှာ ပရမ်းပတာ ပေါက်ကွဲထုတ်လို့ မရဘူးလေ။
ဟုတ်တယ်မလား။
သို့သော် မျက်စိတစ်မှိတ်တွင်းမှာပင် ဆရာတော် ဖာမင်သည် သူ၏ရှေ့တွင် ရောက်ရှိနေပြီ ဖြစ်သည်။
"ရင်းနှီးတဲ့မျက်နှာတစ်ခုကို မြင်နေရတယ်။ ဗုဒ္ဓနဲ့ဆက်စပ်နေတဲ့ မျက်နှာတစ်ခု။ ဒီနေ့ မင်းနဲ့ကံကြမ္မာ အကြွေးကို ငါ ရှင်းရမယ်။"
ချန်ဟွိုက်အန်က လှည့်ပြီး ထွက်ပြေးလေသည်။
လခွမ်းတဲ့မှ။ ဒါက သေရေးရှင်ရေး စာရင်းရှင်းမှုတစ်ခု ဖြစ်လာတော့မှာပဲ။
သို့သော် ဆရာတော် ဖာမင်သည် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်တွင် ရှိနေပြီး အားနည်းနေသော ဗားရှင်းပင် ဖြစ်လင့်ကစား ချန်ဟွိုက်အန်၏ ရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့်နှင့် နှိုင်းယှဉ်လျှင် အလွန်တရာ အစွမ်းထက်နေသေးသည်။ ချန်ဟွိုက်အန်၏အမြင်တွင် ဆရာတော် ဖာမင်သည် သူ၏ရှေ့သို့ ချက်ချင်းနီးပါး ရောက်လာပြီး လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရသည်။
"ဗုဒ္ဓနဲ့ချည်နှောင်ခံရဖို့ မင်း ငြင်းဆန်တာလား။"
"ဒါဆိုရင် သေလိုက်တော့။"
ဆရာတော် ဖာမင်၏နောက်တွင် ဒေါသထွက်နေသော ဝရဇိန်ပုံရိပ်တစ်ခု ပေါ်လာသည်။
ဗုဒ္ဓလက်ဝါး ထုတ်လွှတ်လိုက်သည်နှင့် ဧရာမတံခါးကြီးတစ်ချပ်လို ကျယ်ပြန့်သွားပြီး ချန်ဟွိုက်အန်ထံ တွန်းကန်လာသည်။
ချန်ဟွိုက်အန်က ဦးရေပြားတွင် အေးစက်သွားသည်ကို ခံစားလိုက်ရပြီးနောက် အသက်အန္တရာယ် ကြုံတွေ့နေရမှုကြောင့် အန်ဒရီနယ်လင်များ သူ၏ခန္ဓာကိုယ်ထဲတွင် ရူးသွပ်စွာ စီးဆင်းသွားသည်။ လက်ဝါးကြီး ကျဆင်းလာသည့် အခိုက်အတန့်တွင် သူသည် ကောင်းကင်မိစ္ဆာအတတ် အတွဲ(၁)နှင့် (၂)ကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး နဂါးဝိညာဉ်က သူ့ကိုပူးကပ်သွားကာ နဂါးတစ်ပိုင်းအသွင်ကို ပြသလိုက်သည်။
"ဝုန်း။"
နဂါးတစ်ကောင်၏ ဟိန်းသံ သို့မဟုတ် မိစ္ဆာတစ်ကောင်၏ ဟိန်းဟောက်သံဟူ၍ ခွဲခြားမရနိုင်သော အော်သံတစ်ခုနှင့်အတူ သွေးရောင်မိစ္ဆာချပ်ဝတ်တန်ဆာနှင့် ရွှေရောင်နဂါးကြေးခွံများက သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ရွှေရောင်နှင့်သွေးရောင်အလင်းတန်းများက သူ့ကို ပိုးအိမ်တစ်ခုကဲ့သို့ လွှမ်းခြုံသွား၏။
ဝုန်း။
ဗုဒ္ဓလက်ဝါးကြီးက အသံတစ်ခုနှင့်အတူ ချန်ဟွိုက်အန်ကို ဝင်တိုက်မိသွားသည်။
မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး ရုတ်တရက် နိမ့်ဆင်းသွားသည်။
"အဟွတ်..." ချန်ဟွိုက်အန်သည် အတွင်းအင်္ဂါများ ပြင်းထန်စွာ ရွေ့လျားသွားသည်ကို ခံစားလိုက်ရပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ ယခုလေးတင် စုစည်းထားသော မိစ္ဆာချပ်ဝတ်တန်ဆာနှင့် နဂါးအကြေးခွံများ တစ်လက်မချင်း အက်ကွဲသွား၏။
"ဟမ်။"
ဆရာတော် ဖာမင်က အလွန်အမင်း မျက်မှောင်ကြုတ်လိုက်သည်။
သူသည် မိမိ၏လက်ဝါးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
တကယ်လို့ ခုနကအဘိုးကြီးက ပေါင်းစည်းခြင်းအဆင့်မှာ ရှိနေပြီးတော့ ငါ့ရဲ့တိုက်ခိုက်မှုကို မကာကွယ်နိုင်ဘူးဆိုရင်တော့ နားလည်ပေးလို့ ရပါတယ်။ သူ့မှာ အစောင့်အရှောက် ဒါမှမဟုတ် သူ့ကို ကာကွယ်ပေးထားတဲ့ ရတနာ တစ်ခု ရှိနေနိုင်တာပေါ့။
ဒါပေမဲ့ ရွှေရာင်အနှစ်သာရ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်က ငါ့ရဲ့လက်ဝါးရိုက်ချက်ကို ဘယ်လိုလုပ် ကာကွယ်နိုင်ခဲ့တာလဲ။
ဒါက ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်တဲ့ ဗုဒ္ဓစွမ်းအား လက်ဝါးရိုက်ချက်သက်သက် ဖြစ်နေတယ် ဆိုရင်တောင်မှပေါ့။
နှစ်တစ်ထောင်လောက် ဘာမှမလုပ်ဘဲ နေခဲ့ပြီးတဲ့နောက် ငါ့ရဲ့ကျင့်ကြံမှုနဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒီလောက်တောင် ကျဆင်းသွားခဲ့ပြီလား။
ဒါဆို ခုနက သူတော်စင် ဟွာကျင်းနဲ့ အင်အားချင်းမျှနေတဲ့ တိုက်ပွဲကို ဘယ်လို ရှင်းပြနိုင်မှာလဲ။
"ငါ လုံးဝမယုံဘူး။ ပေါင်းစည်းခြင်းအဆင့် အဘိုးကြီး ထွက်ပြေးသွားတာကို ထားလိုက်ဦး။ သာမန် ရွှေရာင်အနှစ်သာရ အလယ်အလတ်အဆင့်လေးဖြစ်တဲ့ မင်းကို ငါက မသတ်နိုင်ဘူးလား။" ဆရာတော် ဖာမင်၏ မျက်နှာက ရူးသွပ်နေပြီး မိစ္ဆာပူးကပ်နေသည့်အလား ကြမ်းတမ်းသော ဟိန်းဟောက်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏နောက်ရှိ ဒေါသထွက်နေသော ဝရဇိန်ပုံရိပ်၏ တစ်ဝက်သည် ရက္ခပုံစံသို့ ပြောင်းလဲသွား၏။ အနက်ရောင်ချီများသည် ဗုဒ္ဓအလင်းတန်းနှင့် ရောယှက်သွားပြီး သူ၏အရှိန်အဝါမှာ ပို၍ပင် ကြီးမားလာသည်။
"မဘုန်းကြီးကတုံး။" ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကိုမှီကာ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူ၏အတွင်းတွင် စူးရှသော ဓားချီစွမ်းအင်များ ရူးသွပ်စွာ စီးဆင်းနေပြီး ပေါက်ကွဲထွက်ရန် ယားယံနေသည်။ သူက အံကြိတ်ကာ အက်ကွဲနေသော ဟိန်းဟောက်သံတစ်ခု နှုတ်ခမ်းများမှ ထွက်ပေါ်လာသည်။ "ဒီနေ့ ခင်ဗျား ကျုပ်ကို သတ်လိုက်တာ ပိုကောင်းမယ်... မဟုတ်ရင်တော့ ခင်ဗျားကို အသက်ရှင်ခွင့်ရော သေခွင့်ပါ မရအောင် ကျုပ် သေချာပေါက် လုပ်မယ်။"
ချွမ်း ချွှမ်း ချွမ်း။
သူ၏ခန္ဓာကိုယ်မှ လျှံကျလာသော ဓားချီစွမ်းအင်များက ပတ်ဝန်းကျင်ရှိ မြေကြီးကို ဖရိုဖရဲဓားရာများ အဖြစ် ခုတ်ထစ်လိုက်ပြီး ကျောက်တုံးများကိုပင် ဖုန်မှုန့်များအဖြစ် ကြိတ်ချေလိုက်၏။
ဆရာတော်ဖာမင်သည် ချန်ဟွိုက်အန် ခေါင်းမော့လာသည်ကို မြင်လိုက်ရသည်။
သူတို့ မျက်လုံးချင်းဆုံသွားချိန်တွင် ဆရာတော်ဖာမင်သည် သူ၏မျက်လုံးများတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး အလိုအလျောက် မျက်လုံးမှိတ်လိုက်မိသည်။
သူ သံသယဖြစ်ပြီး မသေမချာ ဖြစ်သွား၏။ ရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့် တက်လှမ်းသူ တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် စူးရှတဲ့အကြည့်မျိုး ရှိနိုင်မှာလဲ။
အဲဒါက... ဓားအိမ်ထဲကထုတ်တော့မယ့် နတ်ဓားတစ်လက်လိုပဲ။
ဒီလို ဓားအသိ၊ ဒီလို ထက်မြက်မှုမျိုး။
အဲဒါက သေချာပေါက် ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ဓားအတတ် မဟုတ်ဘူး။
မရေမတွက်နိုင်တဲ့ အတိတ်ကသံသရာတွေမှာတောင်မှ ဘယ်သူကမှ ဒီလောက်ကြောက်စရာကောင်းတဲ့ ဓားအတတ်မျိုးကို မမြင်ဖူးခဲ့ဘူး။
ဓားဆိုတာ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ အင်မော်တယ်တာအိုနဲ့ မဟာမိုးကြိုးကျောင်းတော်ရဲ့ ဗုဒ္ဓဘာသာတာအိုတို့လို တာအိုတစ်ခုပဲ။
တာအိုက နှစ်ပေါင်းများစွာ စုဆောင်းမှုတွေကတစ်ဆင့် ဖြစ်လာတာ။ ခွန်းလွန်အင်မော်တယ်နန်းတော်နဲ့ မဟာမိုးကြိုးကျောင်းတော်တို့ရဲ့ လက်ရှိတာအိုက အကြိမ်ကြိမ် သံသရာလည်ခြင်းကနေ တည်ဆောက်ထားတာ။
ဒါပေမဲ့ ဒီလူငယ်လေးဆီက ဓားအသိမှာ တာအိုရဲ့ အရိပ်အယောင် သဲ့သဲ့လေး ပါနေတယ်။
သူက ဘယ်သူလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဆရာတော်ဖာမင် ဇဝေဇဝါ ဖြစ်နေချိန်မှာပင် ဓားအသိက ရုတ်တရက်ပင် ရပ်တန့်သွားပြီး ပြင်းထန်စွာ နောက်ဆုတ်သွားသည်။
သူခံစားခဲ့ရသမျှ အရာအားလုံးက ထင်ယောင်ထင်မှားသက်သက် ဖြစ်ခဲ့သည့်အလား အရာအားလုံး ငြိမ်သက်သွား၏။
ပြိုင်ဘက်ကင်းဓားသမား မရှိတော့။၊ သေလုမျောပါး လူငယ်လေး တစ်ယောက်သာ ရှိတော့သည်။
ထိုသို့ရုတ်တရက်ပြင်းထန်သောအပြောင်းအလဲက ဆရာတော်ဖာမင်ကို မှင်တက်သွားစေ၏။ သာမန်လူ တစ်ယောက်ရဲ့အရှိန်အဝါနဲ့ ဆရာတစ်ဆူရဲ့အရှိန်အဝါကို လူတစ်ယောက်တည်းက ဘယ်လိုလုပ် တစ်ပြိုင်တည်း ပိုင်ဆိုင်ထားနိုင်မှာလဲ။
ချန်ဟွိုက်အန်သည် ယောင်ယမ်းနေခြင်း မဟုတ်ပေ။
သူက လျှို့ဝှက်ချက် ပေါ်လွင်သွားမည်ကို ဂရုမစိုက်ဘဲ ဆရာတော်ဖာမင်နှင့် သေသည့်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်ကာ သူ၏ဦးစားပေးမှာ အသက်ရှင်ရေးသာ ဖြစ်သည်။
သူ့ကို မည်သည်က စိတ်အေးသွားစေသနည်း။
ဓားတစ်လက်ကြောင့်ပင်။
ဝီ။
ဓားမြည်သံနှင့်အတူ အနောက်ဘက်မှ ဓားတစ်လက် ရောက်လာ၏။
ဓားက လေပြင်းတစ်ချက်ကဲ့သို့ ရောက်ရှိလာသည်။
၎င်းသည် လေစီးကြောင်းများထဲတွင် လွင့်မျောနေပြီး ဆောင်းဦးရွက်လေးတစ်ရွက်ကဲ့သို့ ပါးလွှာကာ ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေသည်။
လေပြင်းထဲတွင် ဆရာတော်ဖာမင်၏ သင်္ကန်းသည် ပြင်းထန်စွာ လွင့်ခေါက်နေ၏။
ကျွတ်ခနဲ အသံနှင့်အတူ သူ၏မျက်လုံးများထဲရှိ ဗုဒ္ဓအလင်းတန်းသည် နောက်ဆုတ်သွားပြီး ရာက္ခပုံရိပ် အပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
သူ၏မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားသည်။
ဝါးခမောက်ဆောင်းထားသော အနက်ရောင်ဝတ်စုံနှင့်ဓားသမားတစ်ဦးသည် သုံးကိုက်ခန့်အကွာတွင် တိတ်တဆိတ် ရပ်နေသည်။ ပြင်းထန်သော လူသတ်ချင်စိတ် မရှိ၊ ကြီးမားလှသောဒေါသ မရှိဘဲ တည်ငြိမ်သော အကြည့်တစ်ခုသာ ရှိနေသည်။ ထိုမျက်လုံးများသည် အေးချမ်းသောရေကန်တစ်ခုကဲ့သို့ ငြိမ်သက်နေပြီး ကြယ်ပြည့်နေသော ကောင်းကင်ယံကဲ့သို့ နက်ရှိုင်းသည်။
"ဒကာကြီးက ဘယ်သူလဲ။ ဘာဖြစ်လို့ ဝင်စွက်ဖက်ရတာလဲ။" ဆရာတော်ဖာမင်၏ မျက်လုံးများက အေးစက်သွားသည်။
"မင်း ငါ့ကို သိမှာ မဟုတ်ဘူး။ ပြီးတော့ ငါလည်း မင်းကို မသိဘူး။" အနက်ရောင်ဝတ်စုံနှင့်ဓားသမား၏ အသံမှာ တည်ငြိမ်နေသော်လည်း လောကတွင်အထက်မြက်ဆုံး ဓားချီစွမ်းအင်ကဲ့သို့ နားကို ဖောက်ထွင်း၍ သွားလေသည်။ "ဒါပေမဲ့ ငါက ဘုန်းကြီးတွေကို မကြိုက်ဘူး။ လောကမှာရှိတဲ့ ဘုန်းကြီးအားလုံးက သေဖို့ ထိုက်တန်တယ်။"
ချန်ဟွိုက်အန်သည် သူတို့ကြားတွင် အကွာအဝေးအနည်းငယ် ရစေရန် အားယူ၍ ဆုတ်လိုက်ပြီးနောက် ဒဏ်ရာများကိုကုသရန် အပျက်အစီးများကိုမှီကာ တင်ပလ္လင်ခွေထိုင်လိုက်သည်။
ရောက်လာသူမှာ ရုပ်ဖျက်ထားသော ကျန်းယိပိုင်ပင်။ ခုနက သူ၏သရုပ်ကို မဖော်ပြရန် သတိပေးခဲ့သူမှာ ကျန်းယိပိုင် ဖြစ်သည်။
ယခုတွင် ချန်ဟွိုက်အန်က ပုန်းကွယ်နေပြီး ကျန်းယိပိုင် လှုပ်ရှားနေပြီဖြစ်ရာ လျှို့ဝှက်ချက်ပေါ်လွင်မည့် အန္တရာယ်သည် ကျန်းယိပိုင်ထံသို့ ကူးပြောင်းသွားသည်။
သို့သော် ကျန်းယိပိုင်၏အဆိုအရ သူ၏စွမ်းအားက ထိုအန္တရာယ်ကိုလျှော့ချရန် သူ့ကို ပိုမိုယုံကြည်မှု ရှိစေသည်ဟုဆိုသည်။
ဆရာတော်ဖာမင်က ဘာမှမပြောသော်လည်း ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူ၏လက်ဖဝါးထဲရှိ ဗုဒ္ဓအလင်းတန်းက အနက်ရောင်ဝတ်စုံနှင့် ဓားသမားထံသို့ ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ လှိမ့်ဝင်သွားသည်။
ဓားသမားက လက်တစ်ဖက်ကိုသာ ညင်သာစွာ မြှောက်လိုက်သည်။
ဆယ်ကိုက်ခန့်အကွာရှိ မြေပြင်ပေါ်တွင်ကျနေသောဓားက ဆင့်ခေါ်ရန်မလိုအပ်ဘဲ သူ၏လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။
ဓားတစ်ချက်။
ဓားတစ်ချက်တည်းသာ။
လောကတွင် ဤဓား၏အရိပ်အယောင်သာ ကျန်ရှိနေသကဲ့သို့ ဖြစ်နေ၏။
တောက်ပသော လှုပ်ရှားမှုများမရှိ၊ ရှုပ်ထွေးသော အပြောင်းအလဲများမရှိဘဲ ရှေ့သို့ ရိုးရိုးရှင်းရှင်း ဓားထိုးသွင်းလိုက်ခြင်း သက်သက်သာ။
ဆရာတော်ဖာမင်၏ ဗုဒ္ဓလက်ဝါးသည် လေထဲတွင် အေးခဲသွားပြီး သူ၏လက်ဖဝါးတွင် သွေးရောင် အက်ကွဲကြောင်း တစ်ခု ပေါ်လာ၏။
"မ…မဖြစ်နိုင်တာ။" ဆရာတော်ဖာမင်၏ မျက်လုံးများ ဒေါသကြောင့် ပြူးထွက်လာသည်။
ဒုတိယဓားချက်။
ရိုးရှင်းသော ဓားထိုးသွင်းမှုတစ်ခုသာ ဖြစ်နေဆဲဖြစ်သော်လည်း ၎င်းတွင် ယင်နှင့်ယန်တို့၏ အပြန်အလှန် ပေါ်ပေါက်လာခြင်းဟူသော နက်နဲလှသည့် အမှန်တရား ပါဝင်နေ၏။
ဆရာတော်ဖာမင်၏နောက်ရှိ ဝရဇိန်ပုံရိပ်နှင့် ရာက္ခပုံရိပ်တို့သည် တစ်ပြိုင်နက်တည်း အက်ကွဲသွားပြီး ပူဖောင်းများကဲ့သို့ ပျောက်ကွယ်သွားသည်။
"ဒကာကြီး၊ ကျေးဇူးပြုပြီး သနားညှာတာပါ။" ဆရာတော်ဖာမင်သည် မုဒြာလက်ဟန်တစ်ခုကို ဖော်ရင်း နောက်ဆုတ်သွားသည်။
တတိယဓားချက်။
ဓားသွား မရောက်လာခင်မှာပင် ဓားအသိက သူ့ထံသို့ ရောက်ရှိနေပြီဖြစ်သည်။
ဆရာတော်ဖာမင်၏ ရင်ဘတ်ပေါ်ရှိသင်္ကန်းက ပေါက်ကွဲထွက်သွားပြီး ဘယ်ပုခုံးမှ ညာဘက်ခါးအထိ စောင်းနေသော နက်ရှိုင်းသည့် ဒဏ်ရာကြီးတစ်ခုပေါ်လာကာ သွေးများ ပန်းထွက်လာသည်။
"အား။" ဘုန်းကြီးက နာကျင်စွာ အော်ဟစ်လိုက်ပြီး ယိမ်းထိုးကာ နောက်ဆုတ်သွားသည်။
သူက ဓားသမားကို ထိတ်လန့်တကြားနှင့် မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
ဒီလောကမှာ ဒီလို ဓားဆရာတစ်ဆူ ဘယ်တုန်းကများ ပေါ်လာတာလဲ။ ငါ့ရဲ့ ဂုဏ်ယူဝင့်ကြွားစရာ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံမှုက ဒီပြိုင်ဘက်ရဲ့ အရှေ့မှာ လုံးဝကို အသုံးမကျဖြစ်နေပြီးတော့ ကလေးတစ်ယောက် အရိုက်ခံရသလို ဖြစ်နေတယ်။
အခုအချိန်မှာ ငါနဲ့ သူတော်စင်ဟွာကျင်းတို့က လောကမှာ အစွမ်းအထက်ဆုံး ဖြစ်နေသင့်တာလေ...
ဟုတ်တယ်။ ဓားကျင့်ကြံသူ။
လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူတစ်ယောက်။
သူတော်စင်ဟွာကျင်းပြောခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့ပဲ။
"မင်းက တကယ်တမ်း ဘယ်သူလဲ။" ဆရာတော်ဖာမင်၏မျက်နှာ ဖြူရော်သွားပြီး သူ၏နဖူးမှ ချွေးအေးများ ကျဆင်းလာသည်။
"ဓားကျောင်းတော်က အန္တိမအကြီးအကဲပဲ။" ကျန်းယိပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဒါဆို သူက တကယ်ပဲ ဓားကျောင်းတော်ကပေါ့။
ဆရာတော်ဖာမင်တွင် တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ပေ။ သူသည် သစ်သားငါးပုံစံ မှော်လက်နက် တစ်ခုကို ရုတ်တရက်ထုတ်ယူကာ ချေမွလိုက်ရာ ၎င်းသည် သူ့ကိုရစ်ပတ်သွားသော ရွှေရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ငါ သွားပြီ။" ဘုန်းကြီး၏အသံသည် ရွှေရောင်အလင်းတန်းထဲမှ ပဲ့တင်ထပ်လာပြီး အထိတ်တလန့် ဖြစ်မှုများ ပြည့်နှက်နေ၏။
လက်တစ်ဖျပ်အတွင်းမှာပင် ဆရာတော်ဖာမင်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။
"ပြေးတာလား။" ကျန်းယိပိုင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ရွှေရောင်အလင်းတန်း ပျောက်သွားသော ဦးတည်ချက်ဆီသို့ ဓားတစ်ချက် ခုတ်လိုက်သည်။
ဓားအလင်းတန်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အဝေးမှနေ၍ ဆရာတော်ဖာမင်၏ နာကျင်စွာ အော်ဟစ်သံ ရုတ်တရက်ထွက်ပေါ်လာကာ သွေးများ လေထဲသို့ ပန်းထွက်သွားသည်။
ကျန်းယိပိုင်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဘုန်းကြီး၏ ကျင့်ကြံမှုက အမှန်တကယ်ပင် အများအပြား ကျဆင်းသွားပြီဖြစ်ကြောင်း တိတ်တဆိတ် တွေးလိုက်သည်။
ယခု ကျန်းယိပိုင်တွင် ပေါင်းစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်း ကျင့်ကြံမှုသာ ရှိနေသည်။ အကယ်၍ ဆရာတော်ဖာမင်သည် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်တွင် ရှိနေသေးပါက သူ၏နတ်ဘုရားဝိညာဉ်ကို လောင်ကျွမ်းစေလျှင်ပင် ဓားတစ်ချက်တည်းဖြင့် သုတ်သင်ခံရမည် ဖြစ်သည်။
သူက လိုက်လံဖမ်းဆီးရန် ပြင်လိုက်ချိန်တွင် အနီးအနားရှိ အခင်းအကျင်းတွင် ပုံမှန်မဟုတ်သော အခြေအနေ တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
အခင်းအကျင်းထဲရှိ သူတော်စင်ဟွာကျင်း ပြီးဆုံးသွားပြီး အပြင်သို့ ထွက်လာတော့မည် ဖြစ်သည်။
သူက အလိုအလျောက် ချန်ဟွိုက်အန်ကို ကြည့်လိုက်ရာ ချန်ဟွိုက်အန်က သူ့ကို ခေါင်းခါပြလိုက်သည်။
ဆရာတော်ဖာမင်ကို သတ်လိုက်ခြင်းက ဆရာတော်ဖာဟွေ့နှင့် ဆရာတော်ဖာမန်တို့ကိုသာ ခေါ်ဆောင်လာလိမ့်မည်ဖြစ်ပြီး မမြင်ရသောကြိုးကိုင်သူ၏ ထိန်းချုပ်မှုအောက်တွင် ဤဗုဘုန်းကြီးများသည် ပိုမို ကောက်ကျစ်လာပြီး ကိုင်တွယ်ဖြေရှင်းရန် ပိုမိုခက်ခဲလာမည်သာ။ နှိုင်းယှဉ်ကြည့်လျှင် ဆရာတော်ဖာမင်က ကိုင်တွယ်ရလွယ်ကူသော ပြိုင်ဘက်တစ်ဦးပင်
သူ့ကို အသက်ရှင်ခွင့်ပေးပြီး စောင့်ကြည့်နေခြင်းက ပိုကောင်းသည်။
ကျန်းယိပိုင်နှင့် ချန်ဟွိုက်အန်တို့ မျက်လုံးချင်းဆုံသွားသည့်အခိုက်အတန့်တွင် သူတို့အချင်းချင်း၏ အဓိပ္ပာယ်ကို နားလည်သွားကြသည်။
ပတ်ဝန်းကျင်ရှိ အခင်းအကျင်း ပျောက်ကွယ်သွားပြီး သူတော်စင်ဟွာကျင်းနှင့် ဝမ်ရှိုယီတို့၏ပုံရိပ်များ ပေါ်လာကာ သူတို့၏ အကြည့်များသည်လည်း သူတို့ဆီသို့ ရောက်ရှိလာသည်။
"စီနီယာ၊ ဘာလို့ ကျွန်တော့်ကို ကယ်ခဲ့ရတာလဲ။ ကျွန်တော့်ကို သိလို့လား။" ချန်ဟွိုက်အန်က ဟန်ဆောင်ကာ သွေးအချို့ အန်ထုတ်လိုက်သည်။
ကျန်းယိပိုင်က ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလိုက်ပြီး ချန်ဟွိုက်အန်ကို ကျောခိုင်းလိုက်သည်။ "မင်းလို အရေးမပါတဲ့ ပုရွက်ဆိတ်လေးကို ငါက ဘာလို့သိရမှာလဲ။"
သူက အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် သူ၏အသံမှာ ဆောင်းရာသီအလယ်မှ မြောက်လေလို အေးစက်နေသည်။
"ဒီနေ့ ကိစ္စက ငါ့ရဲ့ ဓားကျောင်းတော်နဲ့ ဗုဒ္ဓဂိုဏ်းကြားက ရန်ငြိုးတစ်ခုသက်သက်ပဲ။"
ချန်ဟွိုက်အန်က မှင်တက်သွားပြီး တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သည်။
ကျန်းယိပိုင်က အင်္ကျီလက်ကို ဝှေ့ယမ်းကာ ဓားပေါ်သို့ တက်လိုက်ပြီး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။