← Chapters

အခန်း (၄၈၉)

Vol. 49 Ch. 489

အခန်း (၄၈၉)

Vol. 49 Ch. 489

အခန်း(၄၈၉) မုန်တိုင်းဆင်နေပြီလား

ခွန်းလွန်အင်မော်တယ်နန်းတော်သို့ အပြန်လမ်းတွင် ချန်ဟွိုက်အန်နှင့် ဝမ်ရှိုယီတို့သည် လေဝိညာဉ်ဂိုဏ်းဆီသို့ ဦးတည်သွားသော ပို၍နှေးကွေးသည့် မိုးပျံလှတစ်စီးသို့ ပြောင်းစီးခဲ့ကြသည်။ သူတော်စင် ဟွာကျင်းနှင့် ပြင်းပြသောရမ္မက်များဖြင့် ရစ်ပတ်ခဲ့ပြီးကတည်းက ဝမ်ရှိုယီသည် လုံးဝကို ခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူက အေးစက်သွာခြင်း သို့မဟုတ် မာနကြီးသွားခြင်းတော့ မဟုတ်ပေ။

ထိုအစား ချန်ဟွိုက်အန်၏ရှေ့တွင် သူ ခေါင်းမမော့ရဲတော့ပေ။ ချန်ဟွိုက်အန်က သူ့ကို ကြည့်လိုက်တိုင်း ဝမ်ရှိုယီသည် အကြည့်ကိုအောက်ချကာ မျက်နှာလွှဲသွားလေ့ရှိပြီး ရှက်ရွံ့နေကြောင်း သိသာထင်ရှားလှသည်။

"ညီလေးဝမ်၊ အဲဒီဆေးလုံးရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။ အရှင်မနဲ့ အတူရှိနေခဲ့တော့ မင်း သိလာခဲ့ပြီမလား။ နောက်ပိုင်းကျရင် ဆေးဖော်စပ်မှုတွေ တိုးတက်ဖို့အတွက် အဲဒါက အရမ်းအရေးကြီးတယ်။" ချန်ဟွိုက်အန်က သိသိလျက်နှင့် မေးလိုက်သည်။

ဝမ်ရှိုယီက အထစ်ထစ်အငေါ့ငေါ့ဖြင့် အကျပ်ရိုက်ကာ အဖြေပေးရန် ရုန်းကန်နေရသည်။ "စီ..စီနီယာ... ဒီဘေးထွက်ဆိုးကျိုးကို ဘယ်လိုပြောရမလဲဆိုရင်..."

သူနှင့်ဟွာကျင်း၏ ရှုထောင့်မှကြည့်လျှင် တကယ့်ဘေးထွက်ဆိုးကျိုးကို လုံးဝထုတ်ပြော၍ မရပေ။ သေသည်အထိ နှုတ်ပိတ်ထားခြင်းက ပိုကောင်းပေသည်။ သို့သော်လည်း သူက ချန်ဟွိုက်အန် ဆေးဖော်စပ်ရာ ကူညီချင်သေးသည်။

နောက်ဆုံးတွင် သူက ဗြုန်းစားကြီး ပြောချလိုက်သည်: "ဘေးထွက်ဆိုးကျိုးတွေက ခန္ဓာကိုယ် အပူချိန်တက်လာတာနဲ့ စိတ်လှုပ်ရှားမှုတွေ မြင့်တက်လာတာပါ။ စီနီယာအနေနဲ့ ဒီအာနိသင်တွေကို တန်ပြန်ဖို့ စိတ်ငြိမ်စေမယ့် ပါဝင်ပစ္စည်းတချို့ကိုထည့်ရင် ကောင်းလိမ့်မယ်။ သုံးစွဲသူတွေက ဆေးသောက်ပြီးရင် ထိုက်ဆန်းတောင်လိုတည်ငြိမ်ပြီး သံမဏိလိုအေးစက်နေရင် အကောင်းဆုံးပဲ... ဘာပဲဖြစ်ဖြစ် တိုက်ပွဲဝင်ဖို့ဆိုတာ တည်ငြိမ်မှု လိုအပ်တယ်လေ။"

ချန်ဟွိုက်အန်က အတွင်းစိတ်ထဲမှာ ရယ်မောလိုက်သည်။

"စိတ်ငြိမ်စေတဲ့အာနိသင်"ကို တကယ်ပဲ ဖော်ပြနိုင်တာပဲ။

သူက ဝမ်ရှိုယီကို လက်မထောင်ပြလိုက်သည်။ "ညီလေးဝမ်၊ မင်းက ပါရမီရှင်ပဲ။ အဲဒီအတိုင်း ငါ တိုးတက်အောင် လုပ်လိုက်မယ်။"

ဝမ်ရှိုယီ သက်ပြင်းချလိုက်သည်။

ငါ့ရဲ့ကျေးဇူးရှင်ကို လှည့်စားနိုင်ခဲ့သလို ကူညီနိုင်ခဲ့တာက တကယ်ကို ကံကောင်းတာပဲ။ ဒီအပိုင်းမှာတော့ ငါက တကယ့် ပါရမီရှင်ပဲ။

သို့သော် ချန်ဟွိုက်အန် ရုတ်တရက် စကားလွှဲလိုက်သည်။ "ဒါနဲ့ မင်းနဲ့အရှင်မ အဲဒီအခင်းအကျင်းထဲမှာ ဘာတွေ ဒီလောက်ကြာအောင် လုပ်နေကြတာလဲ။ ဘာအန္တရာယ်မှတော့ မကြုံခဲ့ရဘူးမလား။"

ဝမ်ရှိုယီ၏မျက်နှာ ချက်ချင်း နီမြန်းသွားသည်။

သူက ချန်ဟွိုက်အန်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး ကြောက်ရွံ့စွာ ရယ်မောဟန်ဆောင်လိုက်သည်။ "အဟားဟား၊ စီနီယာကလည်း။ အရှင်မ ရှိနေမှတော့ ဘယ်လိုလုပ် အန္တရာယ်ရှိနိုင်မှာလဲ။ အခင်းအကျင်းက လုံးဝကို ဘေးကင်းပါတယ်။"

"ဒါဆို ဘာလို့…"

"စီနီယာ ကျွန်တော် ရှင်းပြပါရစေ။" ဝမ်ရှိုယီက လိမ်ညာရန် စိတ်ကိုခိုင်မာအောင် လုပ်လိုက်သည်။ "ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီက အလယ်အလတ်နဲ့ အနိမ့်ဆုံးအဆင့်တွေနဲ့ လုံးဝမတူပါဘူး။ ဒီအဆင့်မှာဆိုရင် သူ့ကို သဘာဝကောင်းကင်နဲ့မြေကြီးရဲ့ရတနာလို့ သတ်မှတ်လို့ရတယ်။ ဆိုလိုတာက... သူ့ဆီမှာ အသိဉာဏ်ရှိလာပြီး ထွက်ပြေးနိုင်တယ်။ အဲဒါကို ထွက်မပြေးနိုင်အောင် သခင်မကြီးက အခင်းအကျင်းကို တည်ဆောက်ခဲ့တာ။ အဲဒါကြောင့်လည်း သူရဲ့ စစ်မှန်တဲ့အနှစ်သာရတွေ ကုန်ခမ်းသွားပြီး လရိပ်ဂိုဏ်းက လူယုတ်မာတွေ ကျွန်တော်တို့ရဲ့ ရတနာကို ခိုးယူသွားနိုင်ခဲ့တာပေါ့။"

"ဪ…" ချန်ဟွိုက်အန်က တမင်သက်သက် အသံဆွဲကာ ပြောလိုက်သည်။

ထိပ်တန်းအဆင့်ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီက ခြေထောက်ပေါက်ပြီး ထွက်ပြေးနိုင်တယ် ဆိုပါလား။

ကျွတ် ကျွတ်၊ လူတွေက အကျပ်ရိုက်လာရင် ဘာမဆို တွေးတောနိုင်တာပဲ။

ဝမ်ရှိုယီက သူ ကောင်းကောင်း ဖုံးကွယ်နိုင်ခဲ့ပြီဟု ထင်နေသည်။

သူ မသိလိုက်သည်မှာ သူ၏မျက်နှာသည် မျောက်ဖင်ကဲ့သို့ နီရဲနေပြီး သူ တစ်ခုခု ဖုံးကွယ်နေသည်ကို မည်သူမဆို သိနိုင်နေခြင်းးပင်။ ချန်ဟွိုက်အန်သည် လူငယ်လေး တကယ်စိတ်မဆိုးသွားခင် စနောက်ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ ခဏသွားပြီး ကျင့်ကြံလိုက်ဦးမယ်။ လေဝိညာဉ်ဂိုဏ်းနားရောက်ရင် ငါ့ကို လာခေါ်လိုက်။"

ဤသို့ပြောပြီးနောက် သူက မိုးပျံလှေ၏ သီးသန့်အခန်းငယ်ထဲသို့ ဝင်သွားသည်။

တံခါး ပိတ်သွား၏။

ထိုအခါမှသာ ဝမ်ရှိုယီ လုံးဝ စိတ်အေးသွားတော့သည်။

"စီနီယာ တစ်နေ့တခြား ပိုကြောက်စရာ ကောင်းလာပြီ။"

သူ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။

ယခုမှ သူ၏ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေကြောင်း သတိပြုမိသည်။

"အခုတော့ စီနီယာနဲ့ စကားပြောတာတောင် ငါ့အတွေးတွေ ပေါက်ကြားသွားတော့မလို ခံစားရတယ်.။ငါ သူ့နားမှာ အရမ်း သတိထားမှရမယ်။ အခင်းအကျင်းထဲမှာ ဖြစ်ခဲ့တာတွေကို လုံးဝ အသိခံလို့ မဖြစ်ဘူး။"

အခင်းအကျင်းထဲမှ မြင်ကွင်းများကို ပြန်လည်တွေးမိရင်း...

ဝမ်ရှိုယီ၏အတွေးများ တစ်ဖန် လွင့်မျောသွားပြန်သည်။

အခန်းငယ်ထဲတွင်မူ ချန်ဟွိုက်အန်က ချင်းယွန်ဘုံသို့ ဝင်ရောက်ရန် သူ၏ဦးထုပ်ကို ဆောင်းထားပြီး ဖြစ်သည်။

တောင်တန်းတစ်သောင်းမှ မိစ္ဆာမျိုးနွယ်များ၏ကျူးကျော်မှု နီးကပ်လာသဖြင့် လရိပ်ဂိုဏ်း၏ အန္တိမအကြီးအကဲ တစ်ဦးအနေဖြင့် မိစ္ဆာများကို ရင်ဆိုင်ရာတွင် တပည့်များ၏ယုံကြည်မှု တိုးတက်စေရန် သူကိုယ်တိုင် ပြင်ဆင်မှုများကို ကြီးကြပ်ရန် လိုအပ်ပေသည်။

"ဘိုးဘေးကြီး၊ ဒါက ထိပ်တန်းအဆင့်ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီပါ။"

ဂိုဏ်းချုပ်၏ခန်းမဆောင်တွင် လျူယွမ်ချင်းသည် ခိုးယူလာသော ရွှေရောင်သလင်းကျောက်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာဆက်သလိုက်သည်။

လရိပ်ဂိုဏ်း၏ အရေးပါသောအကြီးအကဲများနှင့် တာဝန်ခံများအားလုံး စုဝေးနေပြီး တန်ဖိုးကြီးလှသော ထိုအရာပေါ်သို့ သူတို့၏ သိချင်စိတ်ပြင်းပြသောအကြည့်များ စူးစိုက်နေကြသည်။

ချန်ဟွိုက်အန်က ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို လက်ခံယူလိုက်သည်။

ထိုအရာကို ချင်းယွန်ဘုံတွင် စိုက်ပျိုးလို့ရမရ သူ သိချင်နေခဲ့သည်။

သို့သော် သူ၏ ပုံရိပ်ယောင်ကောင်မလေးဂိမ်းမှ အသိပေးချက်က အရင်ရောက်လာသည်။

[ငွေကြေးအသစ် တွေ့ရှိပါသည်။ ငွေကြေးစနစ် ပြောင်းလဲနေပါသည်... ၃၊ ၂၊ ၁၊ ပြောင်းလဲခြင်း ပြီးဆုံးပါပြီ]

[ကစားသူ၏ အကျိုးစီးပွားကို ကာကွယ်ရန် ဂိမ်းသည် သင့်ထံတွင်ကျန်ရှိနေသော မူလငွေကြေးများ၏ အမှန်တကယ်တန်ဖိုးအပေါ် အခြေခံ၍ ငွေကြေးအသစ်သို့ ပြောင်းလဲပေးလိုက်ပါပြီ]

သုံးစက္ကန့်တည်းနဲ့ ပြောင်းလဲသွားတာ။

ငါတို့လူမျိုးတွေရဲ့ အလုပ်တွင်ကျယ်မှုက ကြမ်းလှချည်လား။

ချန်ဟွိုက်အန်က နှုတ်ခမ်းများ တွန့်သွားသည်။

သူ၏ ပစ္စည်းသိုလှောင်ခန်းကို စစ်ဆေးလိုက်သည်။

အမှန်တကယ်ပင်။ သူ၏ မူလပိုင်ဆိုင်မှု ၈ထရီလီယံသည် အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်း (၃၀၀)ကျော်အဖြစ်သာ ပြောင်းလဲသွားခဲ့သည်။

ငွေထုတ်စက်များကို သူ အလွဲသုံးစားလုပ်ခဲ့ချိန်ကတည်းက ငွေကြေးများ တန်ဖိုးမရှိ ဖြစ်နေခဲ့သည်မှာ ထင်ရှားသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်း ၃၀၀နဲ့ ဘာဝယ်လို့ရမှာလဲ။

ကိုယ်ပွားကျင့်ကြံခြင်းစာမျက်နှာကို ဖွင့်လိုက်သောအခါ ရှင်းလင်းသောအဖြေတစ်ခုကို သူ ရလိုက်သည်။

အသေးစိတ်တွေကို မေ့ထားဦး။ မဟာတက်လှမ်းခြင်းအဆင့် အစောပိုင်းအဆင့် ကိုယ်ပွားကျင့်ကြံမှုကို ထိန်းသိမ်းထားဖို့ အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်း တစ်သောင်းတိတိ ကုန်ကျမှာ။

ယူနစ်ကတော့ တစ်နာရီအတွက်ပဲ။

"ဟားဟားဟားဟား။" ချန်ဟွိုက်အန် ခေါင်းကိုမော့ကာ ရူးသွပ်စွာရယ်မောလိုက်ရာ ခန်းမတစ်ခုလုံး တုန်ခါသွားသည်။

"ငါ လုပ်နိုင်ခဲ့ပြီ။ ငါ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ။"

ထိုနေရာရှိလူတိုင်း၏ အံ့အားသင့်နေသောအကြည့်များအောက် ချန်ဟွိုက်အန်က မျက်လုံးတစ်ဖက်ကို လက်ဖြင့်အုပ်ကာ ခေါင်းကို အနည်းငယ်ငုံ့လျက် ပြောလိုက်သည်:

"ကောင်းကင်ကြီးက ငါ့ရဲ့အမြင်အာရုံကို ဆက်ပြီးတော့ မဖုံးကွယ်ထားနိုင်တော့ဘူး။ မြေကြီးကလည်း ငါ့ရဲ့နှလုံးသားကို ဆက်ပြီးမမြှုပ်နှံထားနိုင်တော့ဘူး။ တောင်တန်းတစ်သောင်းက မိစ္ဆာတွေ ားလုံး ငါ့အတွက် သတ္တုလာတူးပေးရမယ်။ ဟီးဟီးဟီး။"

"ဘိုးဘေးကြီး ဘာဖြစ်သွားတာလဲ။" သတင်းမရထားသော အကြီးအကဲတစ်ဦးက ကြောက်ရွံ့စွာ မေးလိုက်သည်။

စုချီနျန်နှင့် ကျန်းမုန့်ချူးတို့မှာမူ ကျင့်သားရနေပြီဖြစ်ကာ လက်ကာပြလိုက်သည်။ "ဘိုးဘေးကြီးက လတိုင်းမှာ ဒီလို... ထူးဆန်းတဲ့နေ့ရက်တွေ ရှိတတ်တယ်။ မင်းတို့လည်း ကျင့်သားရသွားပါလိမ့်မယ်။"

"ဟားဟား၊ ဘိုးဘေးကြီးက ပျော်စရာကောင်းတဲ့တစ်ခုခုကို တွေးမိသွားလို့ပါ။"

လီချင်းရန်က ရယ်မောနေသောချန်ဟွိုက်အန်၏ ရှေ့သို့ထွက်လာပြီး အခြေအနေကို ပြေလည်စေရန် ပြုံးကာ ပြောလိုက်သည်။

"အားလုံးပဲ ခဏလောက် စောင့်ပေးကြပါ။ ဘိုးဘေးကြီးကို ပျော်ခွင့်ပေးလိုက်ပါ။"

ချန်ဟွိုက်အန်၏အောင်ပွဲခံမှု ပြီးဆုံးသွားသောအခါ ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို သိမ်းဆည်းလိုက်ပြီး ထို့နောက်တွင် ၎င်းကို ပစ္စည်းတစ်ခုအဖြစ် ပြန်ထုတ်လိုက်သည်။ မြေပြင်သို့ ချိန်ရွယ်လိုက်သောအခါ အနီရောင် "ချထား၍ မရပါ" အကွက်များ ပေါ်လာသည်။

[ကျေးဇူးပြု၍ နေရာလွတ်တစ်ခုကို ရွေးချယ်ပါ]

ဤအသိပေးချက်ကိုမြင်လိုက်ရခြင်းက ၎င်းကို ချင်းယွန်ဘုံတွင် စိုက်ပျိုး၍ရကြောင်း အတည်ပြု ပေးလိုက်သည်။

သတင်းကောင်းပဲ။

ကမ္ဘာမြေတွင်သာ ကန့်သတ်ထားမည်ဆိုလျှင် ပြဿနာတက်ပေလိမ့်မည်။ သူတော်စင်ဟွာကျင်းနှင့် ဆရာတော်ဖာမင်တို့တွင် အရင်းအမြစ်များကိုရှာဖွေရန် ကိုယ်ပိုင်နည်းလမ်းများ ရှိကြသည်။ သူတို့သည် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ ပေါ်ထွက်မည့်အချိန်ကိုပင် တိကျစွာ တွက်ချက်နိုင်သည်။ ကမ္ဘာမြေတွင် စိုက်ပျိုးခြင်းက အချိန်မရွေး ရှာတွေ့သွားနိုင်သည့် အန္တရာယ် ရှိသည်။

သို့သော် ချင်းယွန်ဘုံတွင်ဆိုလျှင်ရော။ နှစ်ပေါင်းတစ်သောင်း ကြာလျှင်ပင် ဟွာကျင်းနှင့် ဆရာတော် ဖာမင်တို့သည် ဤထိပ်တန်းအဆင့်ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ဘယ်တော့မှ ရှာတွေ့နိုင်မည် မဟုတ်ပေ။

"ဂိုဏ်းချုပ်၊ အရေးပေါ်သတင်းပါ။"

လရိပ်ဂိုဏ်းတပည့်တစ်ဦးက အပြေးဝင်လာပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။

"ရွှင်ပျော်ဂိုဏ်းက မိစ္ဆာမျိုးနွယ်ဘက် ကူးပြောင်းသွားပြီလို့ ကျွန်တော်တို့ရဲ့ သတင်းပေးတွေက သတင်းပို့လာပါတယ်။ မိစ္ဆာတွေက အခုဆိုရင် အနောက်ပိုင်းတိုက်မှာ ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။"

"ခေါင်းဆောင်ဖြစ်တဲ့ အမြီးကိုးချောင်းရဲ့ ဦးဆောင်မှုအောက်မှာ ဆန်းပိုတောင်တန်းကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ရဲ့ လရိပ်ဂိုဏ်းကို တိုက်ရိုက်တိုက်ခိုက်ဖို့လာနေတယ်လို့ သိရပါတယ်။"

"ဂိုဏ်းချုပ်၊ ဘိုးဘေးကြီး၊ မုန်တိုင်းဆင်နေပါပြီ။ မိစ္ဆာတွေက ကျွန်တော်တို့ ထင်ထားသလို အားနည်းမနေပါဘူး။ သူတို့ရဲ့ အဟုန်က တားဆီးမရနိုင်လောက်အောင် ဖြစ်နေတယ်။"

ခန်းမထဲရှိအကြီးအကဲများ အချင်းချင်းမျက်နှာချင်းဆိုင် ကြည့်လိုက်ပြီး လီချင်းရန်နှင့် ချန်ဟွိုက်အန်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

"မိစ္ဆာတွေက ဘာလို့ ငါတို့ရဲ့ လရိပ်ဂိုဏ်းကို အတင်းအကျပ် တိုက်ခိုက်ချင်နေရတာလဲဆိုတာကို မင်း သိလား။" လီချင်းရန် မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းမှာ အလွန်ဆိုးရွားသော သတင်းပင်။

လရိပ်ဂိုဏ်းကို အခုလေးတင်မှ တည်ထောင်ထားခြင်းဖြစ်ပြီး အရာအားလုံးက ဖွံ့ဖြိုးတိုးတက်ရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ သူတို့က တပည့်သစ်များတောင် စတင်လက်မခံရသေးပေ။

ယခုလိုအချိန်တွင် တောင်တန်းတစ်သောင်းမှ မိစ္ဆာမျိုးနွယ်ကို ရင်ဆိုင်ရမည်။ ထိုအခက်အခဲအဆင့်က အဓိပ္ပာယ်မရှိလောက်အောင် မြင့်မားလွန်းနေ၏

"တပည့် ကြားရသလောက်... ကြားရသလောက်တော့..."

သတင်းပို့သူသည် ချန်ဟွိုက်အန်ကို သတိထား၍ တစ်ချက်ကြည့်လိုက်ပြီးနောက် တွန့်ဆုတ်သွားသည်။

"လူသားကျင့်ကြံသူတွေက သူတို့ရဲ့ အဆင့်မြင့်ဝိညာဉ်ကြောကို ခိုးယူသွားတယ်လို့ မိစ္ဆာတွေက စွပ်စွဲထားပါတယ်။ ဒါကြောင့် သူတို့က ချင်းယွန်ဘုံကဂိုဏ်းတွေကို လက်စားချေနေတာပါ။"

"သူတို့ရဲ့ အဆင့်မြင့်ဝိညာဉ်ကြောကို ကျွန်တော်တို့ရဲ့လရိပ်ဂိုဏ်းက ခိုးသွားတယ်လို့ သူတို့က ပြောနေကြတယ်…”

…

All Chapters