အခန်း (၄၉၀)
Vol. 49 Ch. 490
အခန်း(၄၉၀) တန်ပြန်တိုက်ခိုက်မှုများ
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
အကြီးအကဲများ ရုတ်တရက် အရာအားလုံးကို နားလည်သွားကြသည်။
ဘိုးဘေးကြီးက အဆင့်မြင့်ဝိညာဉ်ကြောတွေကို ဘယ်လိုများ ထုတ်ယူနိုင်ခဲ့တာလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး။
တစ်ခုတည်း မဟုတ်ဘဲ တစ်ပြိုင်နက်တည်း လေးခုတိတိကိုလေ။
သူက မိစ္ဆာမျိုးနွယ်ရဲ့အိမ်ကို သွားပြီး လုယက်ခဲ့တာကိုး။
မိစ္ဆာမျိုးနွယ်၏ ရုတ်တရက် အကြီးအကျယ်ကျူးကျော်လာမှုအပေါ် သူတို့ မူလက ဒေါသထွက်နေခဲ့၏။
သို့သော် ယခုတော့ သူတို့၏ဒေါသတစ်ဝက်ခန့် လျော့ကျသွားပြီး... မိစ္ဆာမျိုးနွယ်၏ တိုက်ခိုက်မှုက အတိုင်းအတာတစ်ခုအထိတော့ တရားမျှတကြောင်းကိုပင် ခံစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းကမှ ဒီလိုရန်စမှုကို သည်းခံနိုင်မှာ မဟုတ်ဘူးလေ။
ချန်ဟွိုက်အန်က စုဝေးနေသောအကြီးအကဲများကို အကဲခတ်ကြည့်လိုက်ပြီး အနည်းငယ် အနေခက်သလို ခံစားလိုက်ရကာ လည်ချောင်းကို အမြန်ရှင်းလိုက်သည်။
"အဟမ်း၊ မိစ္ဆာမျိုးနွယ်ကိုရင်ဆိုင်ဖို့ဆိုရင် သူတို့ရဲ့စရိုက်တွေကို အရင်ဆုံး နားလည်ရမယ်။"
သူ မတ်မတ်ထိုင်လိုက်ပြီး သူ့ဘေးရှိလီချင်းရန်ကလည်း မူလတန်းကျောင်းသူလေးတစ်ယောက်လို လက်နှစ်ဖက်ကို ယဉ်ယဉ်ကျေးကျေးယှက်ကာ ထိုင်နေသည်။
ခန်းမထဲရှိအကြီးအကဲများက တရားထိုင်ဖျာများပေါ်တွင် တင်ပလ္လင်ခွေထိုင်နေကြပြီး အမူအရာများမှာ လေးနက်နေကြသည်။
"ဘိုးဘေးကြီးပြောတာ လုံးဝမှန်ပါတယ်။ ဒါဆို မိစ္ဆာမျိုးနွယ်ရဲ့စရိုက်တွေက ဘာတွေလဲ။" စုချီနျန်က ပထမဆုံး လက်မြှောက်ကာ မေးလိုက်သည်။
"ငါက မင်းတို့ကို မေးနေတာလေ။" ချန်ဟွိုက်အန် မျက်လုံးလှန်လိုက်၏။
ငါက ချင်းယွန်ဘုံရဲ့မိစ္ဆာမျိုးနွယ်နဲ့ တစ်ခါမှမတိုက်ခိုက်ဖူးဘူးလေ။ ဘယ်လိုလုပ် သိမှာလဲ။
တောင်တန်းတစ်သောင်းထဲက မိစ္ဆာတွေကိုမှ တကယ့်မိစ္ဆာမျိုးနွယ်လို့ ခေါ်ဆိုနိုင်တာ။ ကျန်တာတွေက သာမန်သားရဲမိစ္ဆာတွေသက်သက်ပဲ။ တော်ဝင်မျိုးနွယ်နဲ့ တောသားတွေကို နှိုင်းယှဉ်သလိုပဲလေ။
သာမန်ကျင့်ကြံသူတွေက သာမန်မိစ္ဆာတွေကို အလွယ်တကူ ချေမှုန်းနိုင်တယ်။
ဒါပေမဲ့လည်း မိစ္ဆာမျိုးနွယ်ရဲ့ တော်ဝင်သက်တော်စောင့်တွေကို ရင်ဆိုင်ရရင်တော့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး။
စစ်မှန်တဲ့မိစ္ဆာမျိုးနွယ်မှာ သွေးမျိုးဆက်နဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ ရှိတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို အထင်သေးလို့ မရဘူး။
"ဘိုးဘေးကြီး၊ ကျွန်တော်လည်း တောင်တန်းတစ်သောင်းက မိစ္ဆာမျိုးနွယ်နဲ့ တစ်ခါမှမတိုက်ခိုက်ဖူးဘူး..." စုချီနျန်က ခေါင်းကုတ်လိုက်သည်။
"ဒါဆို ဘယ်သူ သိလဲ။"
ချန်ဟွိုက်အန်က မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အကြီးအကဲများအားလုံးသည် စာမေးခံရတော့မည့် ကျောင်းသားများကဲ့သို့ ခေါင်းငုံ့သွားကြသည်။
"ဘယ်သူမှ မသိဘူးလား။" ချန်ဟွိုက်အန်က ဒေါသတကြီး ရယ်မောလိုက်သည်။ "ဒါဆိုရင် ငါတို့က ဘယ်လိုလုပ် သွားတိုက်ရမှာလဲ။"
"ဆရာ၊ စိတ်မဆိုးပါနဲ့။" လီချင်းရန်က ချန်ဟွိုက်အန်၏လက်ကို အနောက်ဘက်တွင် တိတ်တဆိတ် ဆုပ်ကိုင်ထားပြီး တိုးတိုးလေး ပြောသည်။ "ဒီမှာ မိစ္ဆာတပည့်တစ်ယောက်ရှိတယ် မဟုတ်ဘူးလား။ မိစ္ဆာတစ်ကောင် အနေနဲ့ သူက မိစ္ဆာမျိုးနွယ်အကြောင်း သိလောက်တယ်။ သူ့ကို မေးကြည့်လို့ရမယ်ထင်တယ်။"
ချန်ဟွိုက်အန် စဉ်းစားကြည့်ရာ မှန်သည်ဟု ယူဆလိုက်သည်။
တပည့်တစ်ဦးကို စွန်းဝူခုန်းအား သွားခေါ်ခိုင်းလိုက်သည်။
"ဘိုးဘေးကြီး။"
စွန်းဝူခုန်းက အနည်းငယ် သပ်ရပ်မှုမရှိသောတပည့်၏ အရိုအသေပြုခြင်းကို လုပ်ဆောင်လိုက်သည်။
သူ ဂိုဏ်းကို ပထမဆုံးဝင်ရောက်လာချိန်နှင့် နှိုင်းယှဉ်လျှင် ယခု သူ့ထံတွင် တက်ကြွမှုအရှိန်အဝါတစ်ခု ပါရှိနေသည်။ လရိပ်ဂိုဏ်းဝတ်စုံနှင့် လုံးဝကွက်တိမကျသော်လည်း သေသေချာချာ ဝတ်ဆင်ထား၏။
ခါးကိုင်းနေပြီး လက်ကိုရင်ဘတ်ဆီသို့ အကျင့်ပါနေသလို ဆွဲထားတတ်သည့် မျောက်၏ အရိုင်းစရိုက် အချို့ကို သူ ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ယခင်က လက်အောက်ခံလို ပြုမူတတ်သော အကျင့်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ဝူခုန်း၊ တောင်တန်းတစ်သောင်းက မိစ္ဆာမျိုးနွယ်တွေ ငါတို့ရဲ့ လရိပ်ဂိုဏ်းကို တိုက်ခိုက်တော့မယ်။ မင်း... ဘယ်လိုထင်လဲ။" ချန်ဟွိုက်အန်က မျက်လုံးများကို ကျဉ်းလိုက်သည်။
ဝူခုန်းကလည်း မိစ္ဆာ တစ်ကောင်လေ။
သူက သူ့ရဲ့မိစ္ဆာအချင်းချင်းအပေါ် သစ္စာစောင့်သိမှု ခံစားနေရမလား။
ဤစကားကို ကြားသောအခါ စွန်းဝူခုန်း ခဏတာ မှင်တက်သွားပြီးနောက် ဒေါသထွက်လာသည်။ "သူတို့ ဘယ်လိုများ ရဲရတာလဲ။ ကျွန်တော်တို့လရိပ်ဂိုဏ်းကို ထိတဲ့သူ၊ ကျွန်တော်ရဲ့ စီနီယာအစ်ကို၊ အစ်မတွေကို အန္တရာယ်ပြုတဲ့သူတိုင်း ကျွန်တော်အလောင်းကို အရင် ကျော်သွားရလိမ့်မယ်။"
"မင်းကိုယ်တိုင်က မိစ္ဆာတစ်ကောင်ပဲလေ။ ငါတို့ မိစ္ဆာမျိုးနွယ်ကိုတိုက်ခိုက်ဖို့အတွက် တကယ်ပဲ ကူညီဖို့ ဆန္ဒရှိရဲ့လား။"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် စွန်းခုန်းက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။ "ဘိုးဘေးကြီး၊ အသားစိမ်းစားပြီးသွေးသောက်တဲ့မိစ္ဆာတွေ ရှိပါတယ်။ အကြောင်းမဲ့သတ်ဖြတ်တဲ့ မိစ္ဆာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ကျင့်တရားကိုကျင့်ကြံပြီး မဟာတာအိုကိုရှာဖွေတဲ့ မိစ္ဆာတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ တတိယအမျိုးအစားဖြစ်ဖို့ ရွေးချယ်ထားတာပါ။ ကျွန်တော့်ရဲ့လမ်းစဉ်က ဖြောင့်မတ်မှန်ကန်ရမယ်။ သူတစ်ပါးရဲ့ ဒုက္ခဆင်းရဲတွေအပေါ်မှာ တည်ဆောက်ထားတာ မဖြစ်သင့်ပါဘူး။"
"ကောင်းပြီလေ။" ချန်ဟွိုက်အန် အတွင်းစိတ်မှ ခေါင်းညိတ်လိုက်သည်။
ဒီမျောက်ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာအသိအမြင်က တကယ်ကို အထင်ကြီးစရာကောင်းလောက်အောင် မြင့်မားတာပဲ။
ပူးပေါင်းထားတဲ့ လူသားကျင့်ကြံသူတွေက မိစ္ဆာမျိုးနွယ်ကို တောင်တန်းတစ်သောင်းထဲ မောင်းထုတ်ခဲ့တဲ့ အကြောင်းရင်းက သူတို့ရဲ့ အမွေဆက်ခံထားတဲ့သွေးမျိုးဆက်တွေနဲ့ အတတ်တွေက အများအားဖြင့် ရိုင်းစိုင်းပြီး ရက်စက်ကြလို့ပဲ။ သူတို့က အားနည်းသူတွေကို အကြွင်းမဲ့အနိုင်ကျင့်တာနဲ့ သွေးမျိုးဆက်အရ ဖိနှိပ်တာတွေကို အလေးထားကြတယ်။
သူတို့က မိသားစုသံယောဇဉ်ဆိုတာကို မသိဘူး။ အချစ်နဲ့အမုန်းဆိုတာကိုလည်း မသိဘူး။
သူတို့ရဲ့ ဘဝတွေက ကြီးစိုးတာ၊ သတ်ဖြတ်တာနဲ့ လုယက်တာတွေနဲ့ပဲ ဖွဲ့စည်းထားတယ်။
ဒီလိုအရိုင်းအစိုင်းသဘာဝက သူတို့ကို လူသားတွေအတွက် သည်းမခံနိုင်စရာ ဖြစ်စေခဲ့တယ်။
သို့သော် ကောင်းကင်ကြီးက သက်ရှိအားလုံးကို မျက်နှာသာပေး၏။ လုံးဝအမြစ်ပြတ်သုတ်သင်နိုင်သော အခိုက်အတန့်တွင် ပူးပေါင်းထားသော လူသားကျင့်ကြံသူများက နောက်ဆုံးတွင် သနားညှာတာမှု ပြသခဲ့ပြီး တောင်တန်းတစ်သောင်း၏ အနက်ရှိုင်းဆုံးနေရာများကို မိစ္ဆာမျိုးနွယ်နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့သည်။
ထောင်စုနှစ်များစွာ၊ သို့မဟုတ် နှစ်တစ်သောင်း ကြာသည်အထိပင်။
မိစ္ဆာမျိုးနွယ်များကို တောင်တန်းတစ်သောင်း၏ အလယ်ဗဟိုမှကျော်လွန်၍ ခြေလှမ်းခြင်းကို တားမြစ်ထားခဲ့သည်။
အချိန်များ ကုန်လွန်သွားပြီး အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မိစ္ဆာမျိုးနွယ်ကိုဖိနှိပ်ထားခဲ့သော အစွမ်းထက်ဆုံးလူသား ကျင့်ကြံသူများက အင်မော်တယ်အဖြစ် တက်လှမ်းသွားကြပြီ၊ သို့မဟုတ် သေဆုံးသွားကြလေပြီ။
ယခုအခါတွင် ငါးဦးပင် မရှိတော့ဘဲ သူတို့အားလုံးမှာလည်း ခြေရာလက်ရာမကျန် ပျောက်ကွယ် သွားခဲ့ကြလေပြီ။
မိစ္ဆာစစ်တပ် ပြန်လည်ရောက်ရှိလာချိန်တွင် သူတို့၏ တားဆီးမရနိုင်သော ပြင်းထန်သည့်တိုက်ခိုက်မှုကို မည်သူကများ တားဆီးနိုင်မည်နည်း။
"ဘိုးဘေးကြီး၊ မိစ္ဆာမျိုးနွယ်မှာ အခုလောလောဆယ် မဟာပဏ္ဍိတ ငါးပါး ရှိပြီးတော့ အားလုံးက မဟာတက်လှမ်းခြင်းအဆင့်မှာ ရှိပါတယ်။" စွန်းဝူခုန်းက ပြန်တွေးကာ ပြောသည်။ "ပြီးတော့ မိစ္ဆာဘုရင်တွေနဲ့ စစ်သူကြီးတွေလည်း အများကြီး ရှိပါသေးတယ်။ အကြောက်စရာအကောင်းဆုံးအချက်ကတော့ သူတို့ရဲ့ အရေအတွက် အားသာချက်ပါပဲ။"
သာမန်မိစ္ဆာများက ပုံမှန်အားဖြင့် ကျင့်ကြံသူများကို မယှဉ်နိုင်ပေ။
သို့သော် သွေးမျိုးဆက်နှင့် ကျင့်ကြံခြင်းအတတ်များရှိသော မိစ္ဆာများက လူသားကျင့်ကြံသူများကို နှစ်ယောက် တစ်ယောက်၊ တစ်ယောက်ချင်းစီပင် ယှဉ်တိုက်နိုင်တယ်။ ထို့ပြင် ထိုမိစ္ဆာများက သားရဲပုံစံနှင့်ချည်း ရှိနေခြင်း မဟုတ်ပေ။ အများစုက လူသားအသွင်အပြင်များပါသော လူသားပုံစံအဖြစ် ကျင့်ကြံထားကြသည်။
"တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ။" ချန်ဟွိုက်အန်က သူ့မေးစေ့ကို ပွတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။
ဒါဆိုရင် မိစ္ဆာမျိုးနွယ်မှာ အုပ်စုလိုက်တိုက်ခိုက်တဲ့ ဗျူဟာတွေရော၊ တစ်ဦးချင်း စွမ်းအားတွေပါ ရှိနေတာပေါ့။
သူတို့က ပြီးပြည့်စုံတဲ့ ဘက်စုံသုံးစစ်သည်တော်တွေ မဟုတ်ဘူးလား။
လက်တွေ့ကတော့ ကွာခြားရမှာပေါ့။
မိစ္ဆာတွေက ဒီလောက်အစွမ်းထက်နေရင် ဘာလို့ လူသားပုံစံအဖြစ် ကျင့်ကြံကြမှာလဲ။ အကြောင်းပြချက် တစ်ခုခု ရှိရမှာပေါ့။ သူတို့က ဒီလောက်အံ့ဩစရာကောင်းနေရင် ဘာလို့ သူတို့ရဲ့ မူလမိစ္ဆာခန္ဓာကိုယ်တွေကိုပဲ မသုံးကြတာလဲ။
အကြီးအကဲများ၏အမူအရာများ မှောင်မိုက်သွားပြီး စိတ်ဓာတ်ကျဆင်းသွားမှုက ထင်ရှားနေသည်။
၎င်းကိုမြင်သောအခါ လီချင်းရန်က နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး မျောက်ကို အမြန်မေးလိုက်သည်။ "မိစ္ဆာမျိုးနွယ်မှာ အားနည်းချက်တွေရှိလား။"
"ရှိတယ်။ ရှိပါတယ်။" မျောက်က ခေါင်းညိတ်လိုက်သည်။ "သူတို့ဆီမှာ ကျင့်ကြံခြင်းအတတ်တွေ ရှိပေမယ့် အများစုက ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ရေး အတတ်တွေပါ။ တော်တော်လေး ခေတ်နောက်ကျတယ်။ မိစ္ဆာအများစုက မှော်ပညာတွေကို မသုံးတတ်ဘူး။ ခွန်အားသက်သက်ကိုပဲ သုံးတာ။"
"အဲဒါက ဘယ်လိုလုပ် အားနည်းချက်ဖြစ်မှာလဲ..." လီချင်းရန် မျက်မှောင်ကြုတ်လိုက်သည်။
ကြီးမားတဲ့ခွန်အားဆိုတာ အားသာချက်တစ်ခု မဟုတ်ဘူးလား။
"ငါထင်တာ မမှားဘူးဆိုရင်…" ချန်ဟွိုက်အန်က ဝင်ပြောပြီး ခေါင်းခါပြလိုက်သည်၊ "မိစ္ဆာအများစုမှာ ခွန်အားပဲရှိပြီး ဦးနှောက်မရှိဘူး။ ဒါကြောင့် သူတို့တွေက အဆောင်တွေ မလုပ်တတ်ဘူး။ ဓားဓာတ်လုံးတွေ မဖန်တီးတတ်ဘူး။ ဆေးလုံးတွေ မဖော်စပ်တတ်ဘူး။ ပြီးတော့ အခြေခံအားဖြင့် အခင်းအကျင်းတွေကို ဘယ်လို ချိုးဖျက်ရမလဲဆိုတာကိုလည်း နားမလည်ကြဘူး။"
"ဒါကြောင့် သူတို့ရဲ့ခွန်အားနဲ့ မဖျက်ဆီးနိုင်တဲ့ ဘယ်အခင်းအကျင်းမဆို သူတို့ကို ထောင်ချောက်ဆင်ပြီး သတ်ပစ်လိမ့်မယ်... ငါပြောတာ မှန်လား။"
"အတိအကျပါပဲ။" စွန်းဝူခုန်းက အထင်ကြီးလေးစားစွာ လက်အုပ်ချီလိုက်သည်။ "ဘိုးဘေးကြီးဆိုတဲ့ အတိုင်းပါပဲ။ စကားလုံး အနည်းငယ်လေးကနေ နက်ရှိုင်းတဲ့အမှန်တရားတွေကို ခွဲခြားသိမြင်နိုင်တာ။"
"ဒါဆိုရင် ကျူးကျော်မှုကို တန်ပြန်မယ့်နည်းလမ်းက ရှင်းနေပြီ။"
ချန်ဟွိုက်အန် မတ်တတ်ရပ်ကာ ကြေညာလိုက်သည်။
"ကျန်းမုန့်ချူး၊ လီကျစ်ဖျင်၊ လျူယွမ်ချင်း။ ဆန်းပိုတောင်တန်းမှာ အခင်းအကျင်းတွေကို အခုချက်ချင်း သွားတည်ဆောက်ကြ။ အဲဒီက ကြမ်းတမ်းတဲ့မြေမျက်နှာသွင်ပြင်က မိစ္ဆာစစ်တပ်ကို ခြုံခိုတိုက်ခိုက်ဖို့အတွက် ပြီးပြည့်စုံတယ်။"
"အမိန့်အတိုင်းပါ၊ ဘိုးဘေးကြီး။" သူတို့သုံးဦးက ချက်ချင်းပင် အမိန့်ကို လက်ခံလိုက်ကြသည်။
"ရှန်းထျန်ကော။" ချန်ဟွိုက်အန်က လူအုပ်ထဲရှိ လက်နက်ကျောင်းဆောင်၏ အကြီးအကဲကို ကြည့်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ အနက်ရောင်သေတ္တာရှည်ကြီး တစ်ခုကို ထုတ်ယူလိုက်သည်။
"ဘိုးဘေးကြီး၊ ဒါကဘာလဲ။" ရှန်းထျန်ကောက ကြမ်းပြင်ပေါ်ရှိ အနက်ရောင်သေတ္တာကြီးကို မှင်တက်စွာ စိုက်ကြည့်နေသည်။
"ဒါက စက်အမြောက်ပဲ။ တာမီနေတာ M134လို့လည်း ခေါ်တယ်။" ချန်ဟွိုက်အန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းမှာ ချင်းယွန်ဘုံဗားရှင်းတစ်ခု ဖန်တီးဖို့ တစ်ရက် အချိန်ရှိတယ်။ လုပ်နိုင်မလား။"
"ဪ။" သူက သေတ္တာအပေါ်သို့ ဝိညာဉ်ကျောက်စိမ်း အိတ်တစ်အိတ်ကို ပစ်ချလိုက်သည်။ "ဒါကို စွမ်းအင်အရင်းအမြစ်အနေနဲ့ သုံးလိုက်။"
သူက ထိပ်တန်းအဆင့်ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ကမ္ဘာငယ်ထဲတွင် သိမ်းထားရန် စီစဉ်ထားသည်။ မိစ္ဆာများက သူ၏ ချင်းယွန်ဘုံ တာမီနေတာကို သိမ်းဆည်းမိသွားသည့်အခါတွင် သူတို့ သုံး၍မရအောင်ပင်။
ဟဲဟဲဟဲ။
အနက်ရောင်သေတ္တာကို မြင်သောအခါ ရှန်းထျန်ကော၏မျက်လုံးများ တောက်ပသွားသည်။ သူက မတ်မတ်ရပ်လိုက်သည်။ "ဘိုးဘေးကြီး၊ ပြီးမြောက်အောင် ကျွန်တော် အာမခံပါတယ်။”