← Chapters

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း (၃၇၁) အကျဥ်းထောင်၏ ည

​"အားးး... လုပ်ဟေ့... အစွမ်းကုန် လုပ်ကြဟေ့"

​"ငါတို့ ချမ်းသာပြီ...တကယ်ကြီးကို ချမ်းသာသွားပြီကွ"

​"ညီအစ်ကိုတို့... အစွမ်းကုန်တူးကြ... ဒါက တကယ့် ငွေသားတွေပဲ"

​လူတိုင်းက အားဆေးထိုးခံလိုက်ရသည့်အလား သူတို့၏ ပင်ပန်းနွမ်းနယ်မှုများကို လုံးဝမေ့လျော့သွားကြပြီး လက်မောင်းအင်္ကျီများကို ခေါက်တင်ကာ အလုပ်စလုပ်ကြတော့သည်။

​ဤကြယ်တာရာအမြုတေကျောက်များ၏ တန်ဖိုးကို သူတို့အားလုံး ကောင်းကောင်းကြီး သဘောပေါက်ထားကြ၏။

​ဒါက ကြယ်တာရာ အာကာသယာဉ်တွေအတွက် အဓိက စွမ်းအင်ပေးစွမ်းနိုင်တဲ့ စွမ်းအင်မြင့် သတ္တုရိုင်းပင်။

​ဤမျှ နည်းပညာအဆင့်မြင့်မားလှသည့် ကမ္ဘာကြီးတွင်ပင် ၎င်းက အကြွင်းမဲ့ ခိုင်မာသော ငွေကြေးတစ်ခု ဖြစ်ပေသည်။

​ဒါက ရွှေတောင်ကြီးတစ်ခုကို တူးဖော်ရတာနဲ့ ဘာမှမကွာခြားလှချေ။

​လူတိုင်းက အစွမ်းကုန် ကြိုးစားကြပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကလည်း ပိုမို၍ အချိတ်အဆက်မိလာကာ သတ္တုတူးသည့် ချွင်... ချွင်...ဆိုသည့်အသံများက အခန်းတစ်ခုလုံး၌ ပဲ့တင်ထပ်နေခဲ့သည်။

​အရွယ်အစား အမျိုးမျိုးရှိသော်လည်း ဆွဲဆောင်မှုရှိလှသည့် အပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ကြယ်တာရာအမြုတေကျောက်များမှာ ကျောက်လွှာများကြားမှ တစ်တုံးပြီးတစ်တုံး ထွက်ပေါ်လာကာ နောက်ဆုံးတွင် တစ်နေရာတည်း၌ ပုံကျလာလေသည်။

​ညနေ ၄ နာရီခွဲတွင် ကျန်းယဲ့က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်းကို ရပ်တန့်ရန် အချက်ပြလိုက်၏။

​"အချိန်ပြည့်ခါနီးနေပြီ။ ရှင်းလင်းပြီး ပြန်ဖို့ ပြင်ကြရအောင်..."

​တူးဖော်ခြင်းတွင် နစ်မြုပ်နေပြီး ခွန်အားတွေ အပြည့်ဖြစ်နေသည့် အဖွဲ့သားများက ယင်းကို ကြားသည့်အခါ ရပ်တန့်လိုက်ကြသော်လည်း သူတို့၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသေး၏။

​ကျန်းယဲ့က ညွှန်ကြားလိုက်သည်။ "အားလုံးပဲ... အပိုအလိုမရှိစေနဲ့။ အရင်ဆုံး ကိုယ်အပ်ရမယ့် ကြယ်တာရာ အမြုတေကျောက် ၁၀၀ ကျင်ကို အိတ်ထဲထည့်ကြ။ ကျန်တဲ့ဟာတွေ အားလုံးကို ဒီမှာ လာစုထား..."

​လူတိုင်းက ချက်ချင်း လှုပ်ရှားလိုက်ကြပြီး အရွယ်အစား အမျိုးမျိုးရှိသည့် ကြယ်တာရာ အမြုတေကျောက်များကို အကျဥ်းထောင်မှ ဝေပေးထားသည့် သတ္တုရိုင်းအိတ်များထဲသို့ ကျွမ်းကျင်စွာ ထည့်လိုက်ကြရာ စုစုပေါင်း အလေးချိန်မှာ အတိအကျ ၁၀၀ ကျင်ပြည့်သွားချေသည်။

​ထို့နောက် သူတို့ ပိုတူးထားမိသည့် သတ္တုရိုင်းများကို စုစည်းကာ ကျန်းယဲ့ထံသို့ ယူလာကြ၏။

​ကျန်းယဲ့က လူတစ်ယောက်ချင်းစီ ပေးအပ်သည့် အရေအတွက်ကို မှတ်သားထားလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်နှင့် ဤလေးလံလှသည့် သတ္တုရိုင်းများအားလုံး စနစ်၏ ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းပြီး ဖြစ်သွားခဲ့သည်။

​ထို့နောက် "သွားကြစို့..." ကျန်းယဲ့က လက်ခုပ်တီးလိုက်သည်။

​အဖွဲ့သားများက ဆွဲဆောင်မှုရှိလှသည့် အပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေဆဲဖြစ်သော ဧရာမ သတ္တုကြောကြီးအား နှမြောတသစွာဖြင့် လှည့်ကြည့်လိုက်ကြ၏။

​ကျန်းယဲ့က ရယ်မောကာ ပြောလိုက်၏။ "စိတ်မပူပါနဲ့.... သတ္တုတွင်းက ထွက်ပြေးမသွားပါဘူး။ ငါတို့ မနက်ဖြန် ပြန်လာကြတာပေါ့။ မှတ်ထားကြဦး... အပြင်ရောက်သွားရင် အားလုံး ပုံမှန်အတိုင်းပဲ ဟန်ဆောင်နေကြ။ ဘယ်သူမှ မသင်္ကာဖြစ်စရာ မလုပ်နဲ့။ အထူးသဖြင့် ငါတို့ သတ္တုကြောတစ်ခုကို ရှာတွေ့ထားတယ်ဆိုတာ ဘယ်သူ့ကိုမှ အသိပေးလို့ မဖြစ်ဘူး..."

​တန်ဖိုးကြီးပစ္စည်းကို ပိုင်ဆိုင်ထားခြင်းက ပြစ်မှုတစ်ခုဖြစ်လာနိုင်သည်ဆိုသည့် သဘောတရားကို လူတိုင်းက နားလည်ထားကြရာ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ စိတ်လှုပ်ရှားနေမှုများကို ဖုံးကွယ်ကာ ပင်ပန်းနွမ်းနယ်နေသည့် သာမန်အကျဥ်းသားများနှင့် မကွဲပြားစေရန် ဟန်ဆောင်လိုက်ကြသည်။

​သူတို့အဖွဲ့ သတ္တုတွင်းထဲမှ ထွက်လာချိန်တွင် အခြားသော အကျဥ်းသားများစွာလည်း အသိုက်သို့ ပြန်လာသည့် အလုပ်သမား ပုရွက်ဆိတ်များကဲ့သို့ အရပ်မျက်နှာအသီးသီးရှိ တွင်းပေါက်များမှနေ၍ တိုးထွက်လာကြပြီး စုရပ်ဆီသို့ ပင်ပန်းနွမ်းနယ်စွာ လျှောက်သွားနေကြသည်ကို တွေ့လိုက်ရ၏။

​စုရပ်သို့ ရောက်ရှိသောအခါ လူတန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်နေပြီ ဖြစ်သည်။

​အကျဥ်းသားများက သတ္တုရိုင်းများ ပြည့်နေသည့် သူတို့၏ အိတ်များကို အလေးချိန်ချိန်တွယ်ပေးနေသည့် စက်ရုပ်ထောင်စောင့်များထံ ပေးအပ်လိုက်ကြသည်။

​စက်ရုပ်က အလေးချိန်ကို ချိန်တွယ်ပြီး အလေးချိန် ၁၀၀ ကျင်ပြည့်ကြောင်း အတည်ပြုပြီးသည်နှင့် အကျဥ်းသား၏ ဝတ်စုံပေါ်တွင် အစိမ်းရောင် တာဝန်ပြီးမြောက်သည်ဆိုသည့် သင်္ကေတတစ်ခုကို လေဆာဖြင့် အမှတ်အသား ပြုလုပ်ပေးလေသည်။

​ချက်ချင်းဆိုသလိုပင် လေထဲ၌ ဝဲပျံနေသည့် စောင့်ကြည့်စက်လုံးများမှနေ၍ ငွေဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ အကျဥ်းသားများထံတွင် သတ္တုရိုင်းများ ဖွက်ထားခြင်း ရှိမရှိကို ခေါင်းမှအစ ခြေဖျားအဆုံးတိုင် အသေးစိတ် စကင်ဖတ် စစ်ဆေးကြသည်။

​စကင်ဖတ်ပြီး မည်သည့်အရာမှ ဖွက်ထားခြင်း မရှိကြောင်း အတည်ပြုပြီးမှသာ အကျဥ်းထောင်သို့ ပြန်မည့် သယ်ယူပို့ဆောင်ရေး ယာဉ်ပျံပေါ်သို့ တက်ခွင့်ပြုချေသည်။

​ကျန်းယဲ့နှင့် သူ့အဖွဲ့က လူတန်းရှည်ကြီးထဲတွင် ရောနှောကာ အလေးချိန်ချိန်ခြင်း၊ အမှတ်အသားပြုခြင်းနှင့် စကင်ဖတ်ခြင်းတို့ကို အစီအစဉ်တကျ ပြီးမြောက်ခဲ့ပြီး စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြ၏။

​သူတို့ ယာဉ်ပျံပေါ်သို့ တက်ရန် တန်းစီနေစဥ်မှာပင် အနောက်ဘက်မှနေ၍ ထိတ်လန့်တကြားနှင့် စိတ်ပျက်အားငယ်စွာ တောင်းပန်နေသည့် အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

​"ဟင့်အင်း... ကျေးဇူးပြုပြီး... ကျွန်တော့်ကို နောက်တစ်ခါ အခွင့်အရေးပေးပါ။ မနက်ဖြန်ကျရင် အကြွေးဆပ်ပါ့မယ်... ကျေးဇူးပြုပြီး..."

​လူအုပ်ကြီးက အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ကြရာ မြေပြင်ပေါ်၌ လဲကျနေသည့် ပိန်ပိန်ပါးပါးနှင့် ရုပ်ရည်နုနယ်သည့် အကျဥ်းသားတစ်ယောက်ကို တွေ့လိုက်ရ၏။

​သူ၏ သတ္တုရိုင်းအိတ်က ပိန်လိန်နေပြီး ၁၀၀ ကျင်တောင် မပြည့်သည်မှာ သိသာလှသည်။

​နောက်ခဏ၌ စက်ရုပ်ထောင်စောင့်တစ်ရုပ်က သူ၏ ရင်ဘတ်ပေါ်ရှိ ဝတ်စုံပေါ်တွင် လေဆာကို အသုံးပြုကာ စူးရှသည့် သွေးနီရောင် လက်ဝါးရာသင်္ကေတတစ်ခုကို ရက်စက်စွာ ခတ်နှိပ်လိုက်လေသည်။

​သေဒဏ်ပေးခံလိုက်ရသကဲ့သို့ ဖြစ်နေသည့် ထိုသင်္ကေတ၏ အဓိပ္ပာယ်မှာ ဒီည အကျဥ်းထောင်သို့ ပြန်ရောက်သည့်အခါ သူသည် မည်သည့် စည်းမျဥ်း၏ အကာအကွယ်ကိုမှ ရရှိတော့မည် မဟုတ်ဘဲ ရမ္မက်ဆာလောင်နေသည့် အကျဥ်းသားများအားလုံးအတွက် အများပိုင်ပစ္စည်းတစ်ခု ဖြစ်သွားတော့မည်ဟူ၍ပင်။

​အကျဥ်းသားများစွာက ထိုမြင်ကွင်းကို တွေ့မြင်ခဲ့ကြပြီး သနားကြင်နာမည့်အစား သူတို့၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ညစ်ညမ်းလှသည့် အရိပ်အယောင်များပင် လင်းလက်လာကြ၏။

​တစ်စုံတစ်ယောက်က စိတ်ပျက်အားငယ်နေသည့် လူငယ်အကျဥ်းသားလေးအား ကြည့်ကာ နှုတ်ခမ်းကို ရွံရှာဖွယ်ရာ သပ်လိုက်ပြီး ညဘက် ပျော်ပါးရမည့်အချိန်ကို ကြိုတင်မျှော်လင့်နေသည့်အလား ဖြစ်နေချေသည်။

​ဤရက်စက်ကြမ်းကြုတ်လှသည့် လက်တွေ့အခြေအနေက ရိတ်သိမ်းရရှိမှုများကြောင့် အစက စိတ်အားထက်သန်နေခဲ့ကြသည့် ခရီးသွားများကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

​ကျန်းယဲ့နှင့် သူ့အဖွဲ့က ခေတ္တမျှ ရပ်တန့်သွားရာ အနီးအနားရှိ စက်ရုပ်ထောင်စောင့်များ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားလေသည်။

​"နံပါတ် ၁၅-၁၀၀၁... အချိန်ဆွဲနေတာတွေကို ရပ်လိုက်စမ်း.. ယာဉ်ပေါ် ချက်ချင်းတက်... သတိပေးချက် - အမိန့်မနာခံပါက အပြစ်ပေးခံရမည်"

​အေးစက်စက် အီလက်ထရောနစ်အသံ ထွက်ပေါ်လာပြီး စကင်ဖတ်သည့် စက်လုံးမှ အနီရောင်အလင်းတန်းက သူတို့ဆီသို့ ဦးတည်လာ၏။

​ကျန်းယဲ့က သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး "သွားကြစို့..." ဟု တိုးတိုးလေး ပြောလိုက်သည်။

​လူတိုင်းက သူတို့၏ မသက်မသာ ဖြစ်မှုများကို ဖိနှိပ်ကာ အုပ်စုနှင့် အလျင်အမြန် ပူးပေါင်းလိုက်ပြီး အပြန်ခရီးစဥ်အတွက် သယ်ယူပို့ဆောင်ရေး ယာဉ်ပျံပေါ်သို့ အောင်မြင်စွာ တက်ရောက်လိုက်ကြသည်။

​မီးရောင်မှိန်ပျပျရှိသော အခန်းတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မျက်လုံးများစွာက သူတို့ထံသို့ ကျရောက်လာ၏။

​မီကာတိုက ကျန်းယဲ့၏ ရင်ဘတ်ပေါ်ရှိ ထင်ရှားလှသော အစိမ်းရောင် တာဝန်ပြီးမြောက်သည့် သင်္ကေတကို မြင်လိုက်ရသောအခါ မနေနိုင်တော့ဘဲ "တောက်...ဒီကောင် တကယ်ပဲ ကံကောင်းသွားတာလား..." ဟု တိုးတိုးလေး ရေရွတ်လိုက်လေသည်။

​လွေ့ရှီ၏ မျက်လုံးများထဲ၌လည်း အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွား၏။ စွန့်ပစ်သတ္တုတွင်းနယ်မြေဆီသို့ ပြေးသွားသည့် ဤလူသစ်အုပ်စုက တာဝန်ကို တကယ်တမ်း ပြီးမြောက်အောင် လုပ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ သိသာလှသည်။

​ဒါးရ် တစ်ယောက်တည်းသာ သိပ်အံ့သြဟန်မပြဘဲ စဉ်းစားတွေးတောနေသည့် အမူအရာတစ်ခု ရှိနေချေသည်။

​မကြာမီမှာပင် အကျဥ်းသားအားလုံး ယာဉ်ပျံပေါ်သို့ တက်ရောက်ပြီးစီးသွားရာ ယာဉ်ပျံကြီးက အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်ကာ ဖြည်းညင်းစွာ စတင်ထွက်ခွာလာပြီး မြေကွဲချောက် သတ္တုတွင်းကြီးနှင့် ဝေးရာသို့ ဦးတည်သွားလေတော့သည်။

​နာရီဝက်ကြာပြီးနောက် အာကာသယာဉ်ပျံက နံပါတ် ၁၅ အကျဥ်းထောင်၏ ဆိုက်ရောက်ပလက်ဖောင်းပေါ်သို့ ဆင်းသက်လာ၏။

​ထို့နောက် စုမောင်းခံရသည့် သိုးအုပ်တစ်အုပ်ကဲ့သို့ အကျဥ်းသားများက စက်ရုပ်ထောင်စောင့်များ၏ စောင့်ကြည့်မှုအောက်တွင် တိတ်ဆိတ်စွာ ဆင်းလာကြပြီး လမ်းကြောင်းများကို ဖြတ်ကျော်ကာ ဧရာမ U ပုံစံ လှောင်ချိုင့်ကြီးထဲရှိ လေးလံလှသည့် သတ္တုစပ်တံခါးကြီး နောက်ကွယ်၌ ထပ်မံ၍ အပိတ်ခံလိုက်ကြရပြန်သည်။

​သူတို့ အနောက်မှ လေးလံလှသည့် အချုပ်ခန်းတံခါးက ကလစ်အသံနှင့်အတူ ပိတ်သွားရာ အပြင်လောကမှ အလင်းရောင်နှင့် ဆူညံသံများကို တားဆီးပိတ်ပင်သွားချေသည်။

​အချုပ်ခန်းတံခါး ပိတ်သွားပြီး မကြာမီမှာပင် အကျဥ်းထောင်တစ်ဝိုက်တွင် အနီရောင်အလင်းတန်းများ လင်းလက်ကာ ဝဲပျံနေသည့် စောင့်ကြည့်စက်လုံးများ အားလုံးက မှေးမှိန်သွားပြီး နောက်ဆုံးတွင် လုံးဝ ပိတ်သွားသည်ကို ကျန်းယဲ့ သတိထားမိလိုက်၏။

​ဒါက တမင်သက်သက် ပိတ်ချပစ်လိုက်တာ သိသာလွန်းလှသည်။

​စောင့်ကြည့်စနစ်များ ပိတ်သွားသည့် အခိုက်အတန့်မှာပင် တစ်နေ့လုံး ဖိနှိပ်ချုပ်ချယ်ခံထားရသည့် အကျဥ်းထောင်ကြီးက ယမ်းအိုးကြီးတစ်အိုး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားကြတော့သည်။ အရပ်မျက်နှာအသီးသီးမှ ကြီးမားလှသည့် အောင်ပွဲခံသံများ၊ လေချွန်သံများနှင့် ထူးဆန်းသည့် အော်ဟစ်သံများ ထွက်ပေါ်လာကာ U ပုံစံ ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားလေသည်။

​အချုပ်ခန်း တံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာကာ အကျဥ်းသားများက လှောင်ချိုင့်ထဲမှ လွတ်လာသည့် သားရဲများကဲ့သို့ စင်္ကြံလမ်းပေါ်သို့ တိုးထွက်လာကြ၏။ သူတို့ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာပေါ်တွင် ပုံပျက်နေသည့် စိတ်လှုပ်ရှားမှုနှင့် လွတ်မြောက်သွားသည့် ခံစားချက်မျိုး ရှိနေကြပြီး သူတို့၏ မျက်လုံးများက အောက်ဘက်ရှိ နေရာများကို လောဘတကြီး စကင်ဖတ်နေကာ အထူးသဖြင့် လူသစ်အကျဥ်းသားများထံတွင် ရပ်တန့်နေကြသည်။

​အပြင်ဘက်မှ ဆူညံသံများကို ကြားသည့်အခါ မီကာတိုက မကောင်းဆိုးဝါးဆန်ကာ လှောင်ပြောင်ဝမ်းသာနေသည့် အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။

​သူက နံရံကိုမှီကာ မျက်လုံးမှိတ်ထားဆဲဖြစ်သည့် ကျန်းယဲ့အား တစ်ချက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ သတိပေးလိုက်၏။ "ဟေ့... လူသစ်... မင်း ကြားလား။ ဘော့စ်တေလာက မင်းကို ခေါ်နေပြီ..လူသစ်တွေအားလုံး အောက်ဆင်းပြီး ဂါရဝပြုကြရလိမ့်မယ်။ မင်း လိမ်လိမ်မာမာနေဖို့ ငါ အကြံပေးချင်တယ်။ ဘော့စ်တေလာကို သွားပြီး ဒေါသထွက်အောင် မလုပ်နဲ့..မဟုတ်ရင် မင်း နောင်တရလိမ့်မယ်"

​ကျန်းယဲ့က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ အေးစက်စက် အကြည့်က မီကာတို၏ မျက်နှာပေါ်သို့ ကျရောက်သွားချေသည်။

​မီကာတို၏ အပြုံးက ချက်ချင်းပင် အေးခဲသွားရသည်။ သူက နောက်သို့ တွန့်ဆုတ်သွားကာ ပြောမည့်စကားများပင် လည်ချောင်းထဲ၌ တစ်ဆို့သွားပြီး ခေါင်းငိုက်စိုက်ကျကာ အသံတစ်သံမျှပင် ထပ်မထွက်ရဲတော့ချေ။

အခန်း ၃၇၁ပြီး၏။

All Chapters