← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း (၃၇၂) မျက်စိကျခံရသော ကျန်းယဲ့

​ကျန်းယဲ့က မတ်တပ်ရပ်လိုက်ပြီး အချုပ်ခန်းတံခါး၏ သံတိုင်များဆီသို့ လျှောက်သွားကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။

​ပထမထပ် အလယ်ရှိ ကွင်းပြင်ထဲ၌ အကြောက်တရားများ လွှမ်းမိုးနေသည့် မျက်နှာများနှင့် လူသစ်အကျဉ်းသား ဒါဇင်အနည်းငယ်ခန့်မှာ ဟိုတစ်စုဒီတစ်စု ရပ်နေခဲ့ကြသည်။

​ပတ်လည်ရှိ စင်္ကြံလမ်းများတွင်မူ ပွဲကြည့်နေသည့် အကျဉ်းသားဟောင်းများဖြင့် ပြည့်နှက်နေပြီး သွေးထွက်သံယိုပွဲများကို ကြည့်ရှုနေသည့် ပရိသတ်များကဲ့သို့ ထူးဆန်းသည့် အော်ဟစ်သံများနှင့် လှောင်ပြောင်သံမျိုးစုံကို ပြုလုပ်နေကြလေသည်။

​ပတ်ဝန်းကျင်ရှိ လူသစ်များစွာမှာ သူတို့၏ ကိုယ်ပိုင်အချုပ်ခန်း သို့မဟုတ် ဘေးခန်းများမှ အကျဉ်းသားဟောင်းများ၏ တွန်းထိုးဆွဲငင်မှုဖြင့် ပထမထပ်သို့ ခေါ်ဆောင်ခံခဲ့ကြရသည်။

​စုချန်၊ ခုန်တယ်ကျွင်းနှင့် အခြားသော ခရီးသွားများလည်း သူတို့၏ သက်ဆိုင်ရာ အချုပ်ခန်းများမှ ထွက်လာကြပြီး အောက်ဘက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ဖြူရော်သွားကြရသည်။

​သူတို့က ကျန်းယဲ့လည်း လှေကားမှ ဆင်းလာသည်ကို မြင်လိုက်ရသောအခါ အားကိုးရာထောက်တိုင်ကြီးကို ရှာတွေ့သွားသည့်အလား သူ၏ အနောက်တွင် စုရုံးလာကြ၏။

​ဤအခိုက်အတန့်တွင် U ပုံစံ အကျဉ်းထောင်ကြီး တစ်ခုလုံးက ဧရာမ စက်ဝိုင်းပုံစံ ကဇာတ်ရုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိနေချေသည်။

​ပထမထပ် အလယ်ရှိ ကွင်းပြင်က ဇာတ်ခုံတစ်ခုအဖြစ် တည်ရှိနေပြီး ဒုတိယထပ်၊ တတိယထပ်မှသည် ဆယ့်လေးထပ်မြောက်အထိ စင်္ကြံလမ်းများတွင်မူ သိပ်သည်းစွာ စုပြုံနေသည့် အကျဉ်းသားများဖြင့် ပြည့်နှက်နေကာ သူတို့အားလုံး၏ မျက်လုံးများက အောက်ဘက်ရှိ မြင်ကွင်းဆီသို့သာ စူးစိုက်နေခဲ့ကြသည်။

​ကွင်းပြင်၏ အလယ်ဗဟို၌ ရိုးရှင်းသော်လည်း ခိုင်ခံ့လှသည့် သတ္တုကုလားထိုင်တစ်လုံး ရှိနေသည်။

​ထိုကုလားထိုင်ပေါ်တွင် ထိုင်နေသူမှာ ဖုထစ်နေသည့် ကြွက်သားများ ပြည့်နှက်နေသော ခန္ဓာကိုယ်ပိုင်ရှင် အလွန်တရာ တောင့်တင်းထွားကျိုင်းလှသည့် လူတစ်ယောက်ပင်။

​သူ၏ မျက်နှာက ကြမ်းကြုတ်ရက်စက်ပုံပေါ်ပြီး မျက်နှာပေါ်ရှိ ကြက်ခြေခတ်ပုံစံ အမာရွတ်ကြီးက သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ကို ပိုမိုဆိုးရွားစေနေခဲ့သည်။

​ပတ်ဝန်းကျင်ရှိ အကျဉ်းသားများစွာနှင့် မတူဘဲ သူသည် အေးစက်စက် အလင်းရောင်များ တလက်လက်တောက်နေသည့် စက်လက်တုဖြစ်နေသော ညာဘက်လက်မှလွဲ၍ ကျန်ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးနှင့်သားဖြင့် ဖွဲ့စည်းထားသည့် ပြီးပြည့်စုံသော ကျန်းမာရေးရှိသူတစ်ယောက် ဖြစ်သည်။

​ဤအကျဉ်းထောင်ထဲတွင် ဤအရာကပင် အာဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုနေခြင်း ဖြစ်၏။

​တေလာက ခြေချိတ်ထိုင်လိုက်ပြီး သူ့ရှေ့ရှိ တုန်ယင်နေကြသော လူသစ်အုပ်စုအား အကဲခတ်သည့် အကြည့်ဖြင့် စကင်ဖတ်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာချေသည်။

​တစ်ချိန်တည်းမှာပင် ဒဏ်ရာများ ပြည့်နှက်နေပြီး သနားစရာကောင်းသည့် အခြေအနေဖြစ်နေသော အကျဉ်းသားဟောင်း ငါးယောက်ကို အခြားအကျဉ်းသားများက သေနေသည့် ခွေးများကဲ့သို့ လူအုပ်ထဲမှ ဆွဲထုတ်လာကြပြီး တေလာ၏ ရှေ့ရှိ ကွင်းပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။

​ထိုလူငါးယောက်စလုံး၏ အကျဉ်းထောင်ဝတ်စုံများပေါ်တွင် စူးရှလှသည့် သွေးနီရောင် လက်ဝါးရာများ ရိုက်နှိပ်ခံထားရ၏။

​ထိုလူငါးယောက်စလုံးမှာ သစ်ရွက်များကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်နေကြလေသည်။

​အတော်အသင့် ရုပ်ရည်သန့်သော်လည်း ပိန်ပါးပါး လူငယ်လေးတစ်ယောက်က ဒူးထောက်လိုက်ပြီး မျက်ရည်များ စီးကျကာ တေလာအား ဦးညွှတ်လျက် သနားညှာတာရန် တောင်းပန်လိုက်၏။

​"ဘော့စ်တေလာ... ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အခွင့်အရေးပေးပါ။ ကျွန်တော်... ကျွန်တော် ဆက်မခံနိုင်တော့ဘူး။ ဒီနေ့သာ ဒါမျိုး ထပ်ဖြစ်ရင်... ကျွန်တော် သေလိမ့်မယ်... တကယ် သေသွားလိမ့်မယ်..."

​သူ၏ အသက်ကို ကယ်တင်ရန်အတွက် သူက အရှက်ကင်းမဲ့စွာဖြင့်ပင် တောင်းပန်လိုက်၏။ "ဘော့စ်တေလာ... ကျေးဇူးပြုပြီး သနားပါ။ ကျွန်တော်... ကျွန်တော် ဘော့စ်ကိုပဲ အလုပ်အကျွေးပြုပါ့မယ်။ ကတိပေးပါတယ်... ဘော့စ် သဘောကျအောင် ကျွန်တော် လုပ်ပေးပါ့မယ်... ကျေးဇူးပြုပြီး..."

​တေလာက သူ့အား တစ်ချက်ကြည့်လိုက်ရာ ညစ်ပတ်သည့် အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖုံးကွယ်ထားခြင်းမရှိသော ရွံရှာမှုများ သူ၏ မျက်လုံးများထဲ၌ လက်သွားပြီး စိတ်မရှည်စွာဖြင့် လက်ခါပြလိုက်လေသည်။

​ပုံမှန်အားဖြင့်ဆိုလျှင်တော့ သူသည် ဤကဲ့သို့သော အရာမျိုးကို ကစားရန် အနည်းငယ် စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်သော်လည်း ယနေ့ ရောက်လာသည့် အသားလတ်လတ်ဆတ်ဆတ် လူသစ်အုပ်စုထဲတွင် ပိုမိုကောင်းမွန်သည့် အရည်အသွေးရှိသူများ ပါဝင်နေသည်မှာ သိသာလှရာ သူက ဤအဆင့်နိမ့်ပစ္စည်းများကို သဘာဝကျကျပင် အထင်သေးသွားခဲ့သည်။

​တေလာ၏ အမူအရာကြောင့် ထပ်မံ၍ မထိန်းချုပ်နိုင်တော့သည့် အကျဉ်းသားများက သွေးနံ့ရသည့် ခွေးအုပ်များကဲ့သို့ ရှေ့သို့ အုံခဲသွားကြပြီး လူငယ်လေး၏ သနားစရာကောင်းသော အော်ဟစ်ရုန်းကန်မှုများကို လျစ်လျူရှုကာ အမှောင်ထုထဲရှိ အချုပ်ခန်းများထဲသို့ ကြမ်းတမ်းစွာ ဆွဲခေါ်သွားကြတော့သည်။

​ရင်ဘတ်ပေါ်တွင် အနီရောင်လက်ဝါးရာများ ခတ်နှိပ်ခံထားရသည့် အခြားသော အကျဉ်းသားဟောင်း လေးယောက်မှာလည်း သူတို့၏ စိတ်ပျက်အားငယ်ဖွယ် အော်ဟစ်သံများကြားမှ လူအုပ်စုအမျိုးမျိုး၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ကြရ၏။

​သူတို့ကို ဆွဲခေါ်သွားသည့် အရပ်မျက်နှာဆီမှ ကြက်သီးထဖွယ် အော်ဟစ်သံများနှင့် မကောင်းဆိုးဝါးဆန်ဆန် ရယ်မောသံများကို သဲ့သဲ့လေး ကြားနေရဆဲပင်။

​စိတ်မရှည်သည့် အကျဉ်းသားအချို့က နောက်မှလိုက်သွားကြသော်လည်း အများစုမှာ နေရာမှာပင် ကျန်ရစ်နေခဲ့ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ပိုမိုပြင်းထန်သည့် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်နေမှုများ ပေါ်လွင်နေချေသည်။

​သူတို့က လာမည့် ဟင်းလျာအဓိကကို ပို၍ စိတ်ဝင်စားနေကြသည်မှာ သိသာလှသည်။

​တေလာ၏ အတားအဆီးမရှိဘဲ ပိုင်စိုးပိုင်နက်ပြုလိုသည့် အကြည့်များက ကျန်းယဲ့နှင့် သူ့အဖွဲ့အပေါ်သို့ ကျရောက်သွားပြီး နောက်ဆုံးတွင် ကျန်းယဲ့ထံ၌ ရပ်တန့်သွားခဲ့သည်။

​သူက ကြည့်လေလေ ပို၍ ကျေနပ်လေလေဖြစ်လာပြီး သူ၏ မျက်လုံးများထဲ၌ ဖုံးကွယ်ထားခြင်းမရှိသည့် လောဘနှင့် ရမ္မက်ဆန္ဒများ ပေါ်လွင်နေ၏။

​ထိုအကြည့်အောက်တွင် ကျန်းယဲ့က ပျို့အန်ချင်စိတ်တစ်ခု လွှမ်းမိုးလာသည်ကို ခံစားလိုက်ရပြီး ပြင်းထန်လှသည့် ရွံရှာမှုများက သူ၏ ခေါင်းထဲသို့ တိုးဝင်လာကာ နဖူးပေါ်ရှိ သွေးကြောများပင် ထောင်တက်လာရသည်။

​တေလာ၏ စတိုင်ကို ရင်းနှီးကျွမ်းဝင်နေကြသည့် အကျဉ်းသားဟောင်းများက သူ၏ အမူအရာကို မြင်လိုက်ရသောအခါ ပိုမိုကျယ်လောင်သည့် ရယ်မောသံများနှင့် လေချွန်သံများ ထွက်ပေါ်လာကြ၏။

​ဘော့စ်တေလာက အဆွဲဆောင်နိုင်ဆုံး လူသစ်လေးကို မျက်စိကျသွားပြီဆိုတာ သူတို့ ကောင်းကောင်းကြီး သိနေကြသည်။

​တေလာက တုတ်ခိုင်လှသည့် လက်ညှိုးဖြင့် ကျန်းယဲ့အား ညွှန်ပြလိုက်ပြီး သူ၏ လေသံတွင် အထက်စီးဆန်ကာ အမိန့်ပေးလိုသည့် အရိပ်အယောင်များ ပါဝင်နေချေသည်။ "မင်း.....နာမည် ဘယ်လိုခေါ်လဲ..."

​ကျန်းယဲ့က လုံးဝ မကြားသည့်အလား မျက်ခွံကိုပင် ပင့်မကြည့်ဘဲ တေလာအား လုံးဝ လျစ်လျူရှုထားလိုက်သည်။

​ထိုအပြုမူကြောင့် တေလာ၏ မျက်နှာက ချက်ချင်းပင် မှောင်မိုက်သွားရတော့၏။

​သူ၏ ဘေးတွင် ရပ်နေသည့် ထပ်တူ တောင့်တင်းထွားကျိုင်းပြီး ကြမ်းကြုတ်သည့် လက်ပါးစေ နှစ်ယောက်က ချက်ချင်း နားလည်သွားကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ကြပြီး ရှေ့သို့ ထွက်လာကာ ကျန်းယဲ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့ကြသည်။

​တေလာက ရွံရှာဖွယ်ကောင်းလှသည့် ရင်းနှီးမှုများ ပြည့်နှက်နေသော လေသံဖြင့် ဂရုတစိုက်သတိပေးရန် မမေ့ခဲ့ချေ။ "ညင်ညင်သာသာ လုပ်ကြစမ်းပါ... သူ့မျက်နှာလေး အနာတရဖြစ်သွားအောင် မလုပ်နဲ့..."

​ထိုစကားများက စနက်ကြိုးတစ်ခုကို မီးရှို့လိုက်သကဲ့သို့ပင်။ ကျန်းယဲ့က ဒေါသတရားများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရပြီး ပစ္စည်းတစ်ခုလို အကဲဖြတ်ခံနေရသည့် ရွံရှာဖွယ်ခံစားချက်က အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။

​ထိုလက်ပါးစေနှစ်ယောက် ကျန်းယဲ့အနီးသို့ မရောက်မီမှာပင် ယန်ကန်းနှင့် မော့ကျဲတို့က သံမဏိမျှော်စင်ကြီးများကဲ့သို့ သူ့ရှေ့တွင် ဝင်ရပ်လိုက်ကြပြီး သူတို့၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေကြ၏။

​"ဖယ်စမ်း..." တေလာ၏ လက်ပါးစေက အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် လက်သီးဖြင့် ထိုးချလိုက်လေသည်။

​တိုက်ပွဲက ချက်ချင်းပင် ပေါက်ကွဲဖြစ်ပေါ်လာ၏။

​သို့သော်လည်း စောင့်ကြည့်နေကြသည့် အကျဉ်းသားများအားလုံး အံ့အားသင့်သွားရသည်မှာ မညီမျှဘူးဟု ထင်ရသည့် ဤတိုက်ပွဲက မထင်မှတ်ထားလောက်အောင် အလျင်အမြန်ပင် ပြီးဆုံးသွားခြင်းပင်။

​ယန်ကန်းနှင့် မော့ကျဲတို့က လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလိုက်ကြပြီး သူတို့၏ လက်သီးချက်များနှင့် ကန်ချက်များက စူးရှသည့် လေခွင်းသံများနှင့်အတူ ထွက်ပေါ်လာ၏။ သူတို့၏ လှုပ်ရှားမှုများက တိုတောင်းပြီး ထိရောက်ကာ တိုက်ခိုက်မှုတိုင်းက ပြိုင်ဘက်၏ အသက်အန္တရာယ်ရှိသည့် နေရာများဆီသို့ တိကျစွာ ထိမှန်သွားကြသည်။

​အသက်အနည်းငယ် ရှူသွင်း ရှူထုတ်ချိန်အတွင်းမှာပင် နံပါတ် ၁၅ အကျဉ်းထောင်၌ နာမည်ဆိုးဖြင့် ကျော်ကြားကာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅၀ အတွင်း ဝင်သည့် တေလာ၏ အယုံကြည်ရဆုံး လက်ပါးစေနှစ်ယောက်မှာ မြေပြင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာ လူးလွန့်နေကြပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားကြချေပြီ။

​ဆူညံနေသည့် အကျဉ်းထောင်ကြီးက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး လူတိုင်းက ထိုမြင်ကွင်းကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

​တေလာ၏ လက်အောက်ရှိ ထိုနှစ်ယောက်မှာ အသေးအမွှားလေးများ မဟုတ်ကြချေ။ အသက်စွန့်ရဲသည့် လူဆိုးလူမိုက် လေးငါးထောင်ခန့်ရှိသော ဤအကျဉ်းထောင်ထဲတွင် ထိပ်ဆုံး အယောက် ၅၀ အတွင်း ဝင်သည်ဆိုခြင်းမှာ သူတို့က သေချာပေါက် ထိပ်တန်း တိုက်ခိုက်ရေးသမားများ ဖြစ်နေခြင်းပင်။

​သို့သော် သူတို့က ဤလူသစ်နှစ်ယောက်ရှေ့တွင်မူ လုံးဝ အကူအညီမဲ့နေခဲ့ကြ၏။

​ကျန်းယဲ့က တိကျသည့် အဆင့်သတ်မှတ်ချက်များကို မသိသော်ငြားလည်း ယင်းက သူ၏ အထင်သေးမှုကို ဖော်ပြရန် ဟန့်တားမနေခဲ့ချေ။

​သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှုများ ရှိနေပြီး မြေပြင်ပေါ်ရှိ အသုံးမကျသည့် ထိုနှစ်ယောက်အား တစ်ချက်ကြည့်လိုက်ကာ နောက်ဆုံးတွင် မျက်နှာပျက်နေသည့် တေလာထံသို့ အကြည့်ရောက်သွားလေသည်။ သူ၏ အေးစက်စက် လေသံက အကျဉ်းထောင်ထဲ၌ ပဲ့တင်ထပ်သွား၏။

​"ဒီလို အသုံးမကျတဲ့ လက်အောက်ငယ်သားတွေနဲ့ မင်းက ဘော့စ် လုပ်ရဲသေးတာလား။ မင်းရဲ့ ဘော့စ်ရာထူးက ရေနဲ့ လုပ်ထားတာလား။ နည်းနည်းလေး ထိလိုက်တာနဲ့ ကွဲသွားတာပဲ..."

​တေလာက သူ၏ ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်လိုက်ရာ သူ၏ အရပ်မြင့်မြင့်ကြီးက နက်ရှိုင်းသည့် အရိပ်ကြီးတစ်ခုကို ကျရောက်သွားစေသည်။

​သူ၏ လေသံက ရေခဲတမျှ အေးစက်နေပြီး ဖုံးကွယ်ထားခြင်းမရှိသည့် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။ "ဟွန့်.... ကြည့်ရတာ ငါ တကယ်ပဲ ပညာပေးဖို့ လိုနေပြီ ထင်တယ်"

​ပညာပေးမယ်ဆိုသည့် စကားကို ကြားလိုက်ရချိန်၌ ကျန်းယဲ့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကြက်သီးများပင် ထသွားရသည်။

​တေလာက ကျန်းယဲ့ဆီသို့ တည်ငြိမ်စွာ လျှောက်လာရာ သူ၏ ခြေလှမ်းတိုင်းတွင် အားကောင်းလှသည့် ဖိအားများ ပါဝင်နေချေသည်။

​ထို့နောက် သူက လက်နှစ်ဖက်ကို ပွတ်သပ်ကာ လက်ဆစ်များကို ချိုးလိုက်ပြီး သူ၏ မျက်လုံးများက ကျန်းယဲ့အပေါ် ကြမ်းကြုတ်ရက်စက်ကာ အဆိပ်ပြင်းသည့် အကြည့်များဖြင့် စူးစိုက်နေခဲ့သည်။

​တေလာ ကိုယ်တိုင် လှုပ်ရှားလာသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ အကျဉ်းသားများက အောင်ပွဲခံ အော်ဟစ်လိုက်ကြ၏။ သူတို့ ဖိနှိပ်ထားသည့် စိတ်လှုပ်ရှားမှုများက မီးတောင်တစ်ခုလို ပေါက်ကွဲထွက်လာပြီး နားကွဲမတတ် ဟိန်းဟောက်သံများနှင့် လေချွန်သံများက လေထုထဲ၌ ပြည့်နှက်သွားတော့သည်။

​တစ်စုံတစ်ယောက်က "သူ့ကို သတ်ပစ်..." ဟု အော်ဟစ်လိုက်ရာ ထိုအော်သံက လူတိုင်းထံသို့ လျင်မြန်စွာ ကူးစက်သွားချေသည်။ ဖရိုဖရဲဖြစ်နေသည့် ကြွေးကြော်သံများက တဖြည်းဖြည်း တညီတညွတ်တည်း ဖြစ်လာကာ အကျဉ်းထောင် တစ်ခုလုံး၌ ပဲ့တင်ထပ်နေတော့၏။

​"သူ့ကို သတ်... သူ့ကို သတ်... သူ့ကို သတ်"

​ဟိန်းဟောက်သံများက ပိုပိုပြီး ကျယ်လောင်လာကာ အမိုးအထိတိုင် ထိုးဖောက်သွားပြီး ကြမ်းတမ်းရက်စက်ကာ သွေးဆာနေသည့် လေထုများ ပြည့်နှက်သွားလေတော့သည်။

အခန်း ၃၇၂ပြီး၏။

All Chapters