← Chapters

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း (၃၇၃) နံပါတ် ၁၅အကျဥ်းထောင်၏ ကမ္ဘာကြီး ပြောင်းလဲသွားပြီ

​ကျန်းယဲ့၏ဘေးတွင် ရပ်နေသော ယန်ကန်းက ယင်းကို မြင်လိုက်ရသောအခါ ကိုယ်လုံးတင်းမာသွားပြီး တားဆီးရန် ရှေ့သို့တိုးမည်ပြုသော်လည်း ကျန်းယဲ့က သူ၏ပခုံးကို ညင်သာစွာ ဖိချလိုက်သည်။

​ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လူသားပုံစံ မကောင်းဆိုးဝါးကြီးတစ်ကောင်နှင့် တူနေသော တေလာအား မျက်နှာချင်းဆိုင်လိုက်၏။

​သူတို့နှစ်ဦးကြား အကွာအဝေး သုံးမီတာခန့်သာ ကွာဝေးတော့ချိန်၌ သူတို့နှစ်ယောက်က လုံးဝနီးပါး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

​တေလာက မည်သည့် အပိုဟန်ရေးပြမှုမျှ မပါဝင်သော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည့် ခွန်အားများ ပြည့်နှက်နေသော တည့်ထိုးလက်သီးတစ်ချက်ကို ထိုးချလိုက်လေသည်။ လေဟာနယ်ကိုပင် ဆုတ်ဖြဲသွားသကဲ့သို့ စူးရှသော လေခွင်းသံကြီးနှင့်အတူ ကျန်းယဲ့၏ မျက်နှာဆီသို့ ဦးတည်လာခဲ့သည်။

​လက်သီး၏ အရှိန်က အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် ကျန်းယဲ့၏ နဖူးပေါ်ရှိ ဆံပင်များပင် နောက်သို့ လွင့်ထွက်သွားရ၏။

​သို့သော် ကျန်းယဲ့က ပေါ့ပေါ့ပါးပါးပင် ဘေးသို့ အနည်းငယ် စောင်းရှောင်လိုက်ရာ သူ၏ လှုပ်ရှားမှုက ရေစီးကြောင်းတစ်ခုလို သဘာဝကျပြီး ပြင်းထန်လှသည့် တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ ရှောင်တိမ်းသွားနိုင်ခဲ့သည်။

​တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်သီးက အမြောက်ဆံတစ်ခုကဲ့သို့ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် တေလာ၏ နှာခေါင်းဆီသို့ ထိုးနှက်လိုက်သည်။

​တေလာက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခေါင်းကို စောင်းကာ ရှောင်တိမ်းလိုက်ရာ ထိုလက်သီးက သူ၏ ပါးပြင်ကို ပွတ်တိုက်သွားခဲ့၏။

​ထိုတိုတောင်းလှသည့် အပြန်အလှန် တိုက်ခိုက်မှုအတွင်းမှာပင် သူ၏ ပြိုင်ဘက်က မည်မျှ အစွမ်းထက်ကြောင်း ကျန်းယဲ့ သဘောပေါက်သွားချေသည်။

​သူက ကြယ်တာရာ အထက်တန်းစားခန္ဓာကိုယ်ကို အသုံးပြုထားရာ အမြန်နှုန်း၊ ခွန်အားနှင့် တုံ့ပြန်နိုင်စွမ်းတို့မှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေပေသည်။ သို့သော်လည်း သူ၏ ပြိုင်ဘက်က ဤမျှ လွယ်ကူစွာ ရှောင်တိမ်းကာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ သူ၏ စစ်မှန်ပြီး ကြီးမားလှသည့် ကိုယ်ပိုင်ခွန်အားကြောင့်ပင်။

​ဒီကောင်က တော်တော်လေး ကိုင်တွယ်ရခက်မယ့်ကောင်ပဲ...

​"ဘုန်း..."

​လုံးဝနီးပါး တစ်ပြိုင်နက်တည်းမှာပင် သူတို့နှစ်ယောက်က ခြေထောက်များကို အချိတ်အဆက်မိမိ မြှောက်ကာ ကန်ထုတ်လိုက်ကြရာ သူတို့၏ ခြေသလုံးများက သံမဏိကြာပွတ်များကဲ့သို့ ရိုက်ခတ်သွားပြီး အသားချင်း ရိုက်မိသည့် ဘုန်းဆိုသော တုံးတိတိအသံကြီး ထွက်ပေါ်လာကာ ရိုက်ခတ်မှုအရှိန်ကြောင့် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များပင် လွင့်ထသွားရသည်။

​ထို့နောက် ဖြစ်ပွားလာသည့် တိုက်ပွဲက မျက်စိနောက်လောက်အောင် မြန်ဆန်လွန်းလှသည်။

​ကွင်းပြင်အလယ်၌ လူရိပ်နှစ်ခုက အကြိမ်ကြိမ် ဖြတ်သန်းသွားလိုက်၊ ခွဲထွက်သွားလိုက်ဖြင့် သူတို့၏ လက်သီးများနှင့် ခြေထောက်များက အဆက်မပြတ် ရိုက်ခတ်နေကြပြီး ပုံရိပ်ယောင်များပင် ကျန်ရစ်နေခဲ့၏။

​တိုက်ခိုက်မှုတိုင်းက ရက်စက်ကြမ်းကြုတ်လှပြီး လည်ချောင်း၊ နှလုံးနှင့် နားထင်စသည့် အသက်အန္တရာယ်ရှိသော နေရာများဆီသို့ မည်သည့် ညှာတာမှုမျှမပါဘဲ အသေအလဲ ဦးတည်နေခဲ့ကြသည်။

​တိုက်ပွဲကြာလာသည်နှင့်အမျှ ကျန်းယဲ့ ပိုမို၍ အံ့အားသင့်လာရသည်။ သူ၏ ပြိုင်ဘက်က တိုက်ခိုက်ရေးတွင် အလွန်တရာ အတွေ့အကြုံရင့်ကျက်ပြီး ကျွမ်းကျင်ပိုင်နိုင်သော လှုပ်ရှားမှုများရှိကာ အံ့မခန်း ခွန်အားများကို ပိုင်ဆိုင်ထား၏။ ထိပ်တိုက် ရင်ဆိုင်ရိုက်ခတ်မှု အနည်းငယ်ကြောင့်ပင် ကျန်းယဲ့၏ လက်မောင်းများ ထုံကျင်လာရသည်။

​သို့သော် တေလာ၏ အံ့အားသင့်မှုက ကျန်းယဲ့ထက် အဆပေါင်းများစွာ ပိုနေခဲ့သည်ကို သူ မသိခဲ့ချေ။

​ဤမောက်မာနေသည့် ကောင်လေးကို အလွယ်တကူ နှိမ်နင်းပြီး ပညာပေးနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း တစ်ဖက်လူက ဤမျှ သွက်လက်မြန်ဆန်ကာ အပြင်အမြင်ထက် အများကြီး သာလွန်သည့် ခွန်အားများရှိပြီး မယုံနိုင်လောက်အောင် ကြံ့ခိုင်သည့် ခန္ဓာကိုယ်ဖြင့် သူ့အား တစ်ပန်းမှမရှုံးဘဲ ရင်ပေါင်တန်း ယှဉ်တိုက်နိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

​ဒါက ပညာပေးဖို့ လိုအပ်နေတဲ့ အသားလတ်လတ်ဆတ်ဆတ်လေး တစ်ခုမှ မဟုတ်တာ....

​ဒါက သိုးရေခြုံထားတဲ့ ကျားတစ်ကောင် ဖြစ်နေတာ အသိသာကြီးပဲကွ....

​မူလက လှောင်ပြောင်ပြီး ရက်စက်ကြမ်းကြုတ်နေခဲ့သည့် တေလာ၏ အကြည့်များက တဖြည်းဖြည်း လေးနက်လာပြီး သူ၏ အထင်သေးမှုများအားလုံးကို ရုပ်သိမ်းလိုက်လေသည်။

​သူ၏ အာဏာကို ပြသမည့် ဤတိုက်ပွဲက သူ မျှော်မှန်းထားသည်ထက် အများကြီး ပိုမိုခက်ခဲနေပုံရသည်။

​နောက်ထပ် လက်သီးတစ်ချက် အပြန်အလှန် ထိုးနှက်ပြီးနောက် သူတို့နှစ်ယောက်စလုံးက တွန်းကန်အားကို အသုံးပြုကာ တစ်ပြိုင်နက်တည်း နောက်သို့ ဆုတ်လိုက်ကြပြီး ခြေလှမ်းအနည်းငယ်အကွာ၌ တည်ငြိမ်စွာ ရပ်တန့်လိုက်ကြ၏။ လေးလံသည့် လေထုကြီး လွှမ်းမိုးနေလျက် သူတို့ အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။

​ကျန်းယဲ့က အနည်းငယ် ထုံကျင်နေသည့် လက်ကောက်ဝတ်ကို ခါလိုက်ရင်း ဘာဖြစ်နေသလဲဆိုတာကို သဘောပေါက်သွား၏။

​ကြယ်တာရာ အထက်တန်းစား ခန္ဓာကိုယ်ကိုချည်း သုံးနေမည်ဆိုလျှင် ဤအတွေ့အကြုံရင့်ကျက်လှသည့် ကောင်ကို အမြန်ဆုံး အနိုင်ယူရန် အားစိုက်ထုတ်ရလိမ့်မည် ဖြစ်သည်။

​ဤကိစ္စအတွက် သူ အချိန်ထပ်မဖြုန်းချင်တော့သလို ထိုရွံရှာဖွယ် အကြည့်ဖြင့် တစ်စက္ကန့်လေးတောင် ထပ်အကြည့်မခံချင်တော့ချေ။

​ပုံမှန်ခန္ဓာကိုယ်နဲ့ အလုပ်မဖြစ်မှတော့ ငါအဆင့်မြင့်ဗားရှင်းကို သုံးတာကို လာအပြစ်မတင်နဲ့တော့...

​ကျန်းယဲ့က စိတ်ထဲမှ တွေးလိုက်သည်နှင့် စနစ်ထဲရှိ ပိုမိုမြင့်မားသော တိုက်ခိုက်ရေးခန္ဓာကိုယ်တစ်ခုကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

​ထို့နောက် သူတို့နှစ်ဦး နောက်တစ်ကြိမ် တစ်ယောက်ဆီသို့ တစ်ယောက် ပြေးဝင်သွားကြချိန်၌ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ကြောင်း တေလာ ထိတ်လန့်စွာ တွေ့ရှိလိုက်ရ၏။

​ကျန်းယဲ့၏ အမြန်နှုန်းက ယုံကြည်နိုင်စရာ မရှိလောက်အောင် အဆင့်တစ်ခုအထိ ရုတ်တရက် မြင့်တက်သွားချေသည်။

​သူ၏ လှုပ်ရှားမှုများက တစ္ဆေတစ်ကောင်ကဲ့သို့ မြန်ဆန်လွန်းလှပြီး ပုံရိပ်ယောင်များပင် ကျန်ရစ်နေခဲ့၏။

​သူ တိတိကျကျ ဖမ်းဆုပ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည့် တိုက်ခိုက်မှု လမ်းကြောင်းများက ယခုအခါ ဝေဝါးသွားခဲ့ပြီ ဖြစ်သည်။ ပြိုင်ဘက်၏ လက်သီးများနှင့် ခြေထောက်များက အရပ်မျက်နှာ အသီးသီးမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသကဲ့သို့ ဖြစ်နေပြီး အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် သူ့အနေဖြင့် ထိရောက်စွာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။

​ဤအခိုက်အတန့်တွင် ကျန်းယဲ့သည် ဆန်းကြယ်လှသော တိုက်ခိုက်ရေး အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။

​သူ၏ အာရုံခံနိုင်စွမ်းထဲတွင် မူလက မြန်ဆန်လှသည့် တေလာ၏ တိုက်ခိုက်မှုများက အနှေးပြကွက်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပြီး သိမ်မွေ့သည့် လှုပ်ရှားမှုတိုင်း၊ ကြွက်သား အားပြုမှုနှင့် သူ၏ မျက်လုံးထဲမှ အပြောင်းအလဲများကိုပင် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။

​တေလာ၏ တိုက်ခိုက်မှုများအားလုံးကို သူ လွယ်ကူစွာ ကာကွယ်ကာ ရှောင်တိမ်းနိုင်ရုံသာမက ပြိုင်ဘက်၏ အားဟောင်းကုန်ခမ်းပြီး အားသစ်မဖြစ်ပေါ်လာသေးသည့် အခိုက်အတန့် ဟာကွက်ကိုပါ တိကျစွာ ရှာဖွေနိုင်ပြီး တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ခဲ့၏။

​အကြွင်းမဲ့ အမြန်နှုန်းနှင့် သာလွန်လှသည့် ကြိုတင်ခန့်မှန်းနိုင်စွမ်းတို့ကြောင့် တိုက်ပွဲအခြေအနေက ချက်ချင်းပင် ပြောင်းပြန်လန်သွားတော့သည်။

​တေလာ၏ မျက်စိရှေ့တွင် ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် သူ၏ ရင်ဘတ်၊ ဗိုက်နှင့် ပါးပြင်တို့မှနေ၍ အလွန်အမင်း ပြင်းထန်လှသော နာကျင်မှုများကို ခံစားလိုက်ရ၏။

​သူ ဂုဏ်ယူဝံ့ကြွားခဲ့သည့် ကာကွယ်မှုနှင့် တန်ပြန်တိုက်ခိုက်မှုများက ပြိုင်ဘက်၏ မုန်တိုင်းဆန်သော တိုက်ခိုက်မှုများအောက်တွင် အလွန်တရာ ဖြူရော်ပြီး အစွမ်းအစမဲ့လွန်းနေချေသည်။

​သူက အသက်အန္တရာယ်ရှိသည့် နေရာများကိုသာ အသည်းအသန် ကာကွယ်နေရပြီး တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာနေရကာ အတိုက်ခံရရုံသာ တတ်နိုင်သည့် အခြေအနေထဲသို့ လုံးလုံးလျားလျား ကျရောက်သွားချေပြီ။

​"ဘုန်း ဘုန်း ဘုန်း..."

​လက်သီးများနှင့် ခြေထောက်များက အသားကို ထိမှန်သည့် တုံးတိတိ အသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

​ပတ်ဝန်းကျင်၌ ရူးသွပ်စွာ အော်ဟစ်နေခဲ့ကြသည့် အကျဥ်းသားများက ရုတ်တရက် တိတ်ဆိတ်သွားကြလေသည်။

​လူတိုင်းက မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် သူတို့ရှေ့ရှိ ပြောင်းပြန်လန်သွားသော မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြ၏။

​နံပါတ် ၁၅ အကျဥ်းထောင်တွင် အပြင်းထန်ဆုံးသူအဖြစ် အငြင်းပွားဖွယ်မရှိ သတ်မှတ်ခံထားရသော တေလာသည် အလှလေးဟု ထင်ရသည့် လူသစ်တစ်ယောက်၏ ရက်ရက်စက်စက် ရိုက်နှက်မှုကို ခံနေရခြင်းပင်။

​ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း....

​တစ်ဖက်သတ် ပညာပေးမှု အချီအတော်များများ အပြီးတွင် ကျန်းယဲ့က ဟာကွက်တစ်ခုကို အမိအရဖမ်းကာ အားပြင်းလှသည့် အထက်ပိုင်းကန်ချက်တစ်ခုဖြင့် တေလာ၏ ဘေးနံရိုးကို ပြင်းထန်စွာ ကန်ချလိုက်သည်။

​"ဂျွတ်..." ကြည်လင်ပြတ်သားလှသည့် အရိုးကျိုးသံကြီး ထွက်ပေါ်လာ၏။

​ထို့နောက် တေလာ၏ ဧရာမခန္ဓာကိုယ်ကြီးက ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်သို့ လွင့်စင်သွားကာ အေးစက်မာကျောလှသည့် မြေပြင်ပေါ်သို့ ဘုန်းဆိုသည့် အသံကြီးနှင့်အတူ ပြင်းထန်စွာ ပြုတ်ကျသွားလေတော့သည်။

​သူက ရုန်းကန်ကာ ထရန် ကြိုးစားလိုက်သော်လည်း ကျန်းယဲ့၏ ပုံရိပ်က အရိပ်တစ်ခုလို အနီးသို့ ရောက်ရှိနေပြီဖြစ်ကာ ခြေတစ်ဖက်က ကြီးမားလှသည့် အားအင်များဖြင့် သူ၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်၏။

​"အဟွတ်...."

​တောင်ကြီးတစ်လုံး ဖိချခံလိုက်ရသကဲ့သို့ တေလာ ခံစားလိုက်ရပြီး သူ၏ အတွင်းကလီစာများပင် နေရာရွေ့သွားသလို ဖြစ်သွားကာ အနည်းငယ်မျှ ထူမတ်နိုင်ခဲ့သည့် သူ၏ ခန္ဓာကိုယ်မှာ အတင်းအကျပ် ဖိနင်းခံလိုက်ရပြန်သည်။ သူ၏ မျက်နှာက မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားပြီး ကျိုးကြေသွားသည့် သွားများနှင့်အတူ သွေးတစ်လုတ်ကို အန်ချလိုက်ရကာ ခုခံနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားချေသည်။

​သို့သော် ကျန်းယဲ့က မရပ်တန့်ခဲ့ပေ။ ဖိနပ်ရာများ ထင်နေပြီး ဝက်ခေါင်းတစ်လုံးလို ဖူးရောင်နေသည့် တေလာ၏ မျက်နှာပေါ်သို့ သူ၏ ခြေထောက်ဖြင့် ဖိကြိတ်ထားရင်း ကျိန်ဆဲလိုက်လေသည်။

​"ငါ့ကို အဲဒီလို ရွံစရာကောင်းတဲ့ အကြည့်မျိုးနဲ့ ကြည့်လို့ရမလားဆိုတာ မင်းကို သင်ပေးရသေးတာပေါ့..."

​"ငါ ဘယ်လိုလူလဲဆိုတာ ပြမယ်..."

​"ငါ့ကို ပညာပေးမယ်... ဟုတ်လား။ မင်းရဲ့ ဘိုးဘေးတွေကိုပါ ငါက ပညာပေးပစ်လိုက်မယ်ကွ... "

​ကျန်းယဲ့က ရင်ထဲမှ ဒေါသများ အတော်လေး လျော့ကျသွားသည်အထိ ရိုက်နှက်ပြီးမှ ရပ်တန့်လိုက်ကာ အနည်းငယ် ညောင်းညာနေသည့် သူ၏ ခြေလက်များကို လှုပ်ရှားလိုက်သည်။

​ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ရေခဲတမျှ အေးစက်ကာ သင်တုန်းဓားကဲ့သို့ ထက်မြက်လှသည့် အကြည့်များဖြင့် အခန်းထဲရှိ အကျဥ်းသား တစ်ယောက်ချင်းစီကို ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်၏။

​အကျဥ်းထောင်တစ်ခုလုံး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားချေသည်။ သူ၏ အကြည့်နှင့် ဆုံမိသူတိုင်းက အလိုအလျောက်ပင် ခေါင်းငုံ့သွားကြပြီး အချို့က အကြည့်လွှဲသွားကြကာ သူ့ကို ရင်ဆိုင်မကြည့်ရဲကြချေ။

​ကျန်းယဲ့၏ လေသံက မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိလာလေသည်။

​"အားလုံး နားထောင်ထား... ငါ ဒီထောင်ထဲမှာ ရှိနေသရွေ့ မင်းတို့ရဲ့ ညစ်ပတ်တဲ့ အတွေးတွေ၊ မျက်လုံးတွေကို ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားတာ ကောင်းလိမ့်မယ်။ ငါ့ကိုဖြစ်ဖြစ်.... ငါ့လူတွေကိုဖြစ်ဖြစ် အဲဒီလို ရွံစရာကောင်းတဲ့ မျက်လုံးတွေနဲ့ ထပ်ကြည့်ရဲတဲ့ကောင် ရှိရင်တော့..."

​သူက သွေးသံရဲရဲဖြင့် စုတ်ပြတ်သတ်နေသည့် တေလာ၏ မျက်နှာအား ခြေထောက်ဖြင့် ထပ်မံ၍ ပြင်းပြင်းထန်ထန် ဖိကြိတ်လိုက်ပြန်သည်။

​"ငါက သူ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်..."

​"ငါ ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်...."

​သူ၏ ခြိမ်းခြောက်မှုကို ပိုမိုခိုင်မာစေရန် သူက တေလာ၏ မျက်နှာကို နောက်တစ်ချက် ပြင်းထန်စွာ ကန်လိုက်ပြန်၏။

​"အ့..." တေလာထံမှ နာကျင်စွာ ညည်းတွားသံ ထွက်ပေါ်လာခဲ့သည်။

​နံပါတ် ၁၅ အကျဥ်းထောင် တစ်ခုလုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

​ကျန်းယဲ့၏ အေးစက်စက်အသံနှင့် တေလာ၏ တိုးညှင်းသည့် ညည်းတွားသံများသာ ထွက်ပေါ်နေလေသည်။

​ဤအခိုက်အတန့်၌ နံပါတ် ၁၅ အကျဥ်းထောင်၏ ကမ္ဘာကြီးက ပြောင်းလဲသွားပြီဖြစ်ကြောင်း အကျဥ်းသားများအားလုံး နားလည်သဘောပေါက်သွားကြရသည်။

အခန်း ၃၇၃ပြီး၏။

All Chapters