အခန်း ၃၇၄
Vol. 38 Ch. 374
အခန်း (၃၇၄) ကျော်ကြားလာသော ဂုဏ်သတင်း
မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ လဲကျနေသော တေလာအား ကျန်းယဲ့က အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ လှေကားဆီသို့ လျှောက်သွားလိုက်သည်။
ယန်ကန်းနှင့် မော့ကျဲတို့အပါအဝင် ခရီးသွားများကလည်း သူ့အား ဝန်းရံကာ အနောက်မှ ချက်ချင်း ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။
သူတို့ ရှေ့သို့ လျှောက်လှမ်းသွားသည်နှင့်အမျှ စင်္ကြံလမ်းတွင် ပြည့်နှက်နေသော အကျဉ်းသားများဟာ ဒီရေလှိုင်းများကဲ့သို့ ဘေးသို့ဖယ်ပေးလိုက်ကြပြီး ကျယ်ဝန်းသော လမ်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
ကျန်းယဲ့၏ အကြည့်နှင့် ဆုံမိသည့် အကျဉ်းသားတိုင်းက အလိုအလျောက် ခေါင်းငုံ့သွားကြပြီး သူတို့၏ မျက်နှာများထက်တွင် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်နေခဲ့ကြသည်။ ထို့နောက် သူတို့က တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြကာ တုန်ယင်နေသော်လည်း ရှင်းလင်းသည့် အသံများဖြင့် အော်ဟစ်လိုက်ကြ၏။
"အစ်ကိုကြီး...."
"အစ်ကိုကြီး...."
အစပိုင်းတွင် အခေါ်အဝေါ်များက အနည်းငယ် ရှုပ်ထွေးနေသော်လည်း လျင်မြန်စွာပင် တစ်သံတည်းအဖြစ် ပေါင်းစည်းသွားချေသည်။
ပထမထပ်မှ သူတို့ရှိနေသည့် အထပ်အထိ သူ၏ အကြည့်ကျရောက်ရာ နေရာတိုင်းရှိ အကျဉ်းသားများက အရိုအသေပေးကာ အစ်ကိုကြီးဟု အော်ဟစ်လိုက်ကြသည်။
ထိုအသံကြီးက ယူပုံသဏ္ဍာန်ရှိသော အကျဉ်းထောင်ကြီးတစ်ခုလုံး၌ ပဲ့တင်ထပ်သွားပြီး အကြွင်းမဲ့ လက်အောက်ခံခြင်း အငွေ့အသက်များကို သယ်ဆောင်သွားချေသည်။ ဤအချိန်၌ မည်သည့် ကြေညာချက်မှ မလိုဘဲ အမှတ်(၁၅) အကျဉ်းထောင်၏ ခေါင်းဆောင်နေရာက အပြောင်းအလဲ ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ကျန်းယဲ့က သူတို့ အကျဉ်းထောင်ထဲ၌ ခြေကုပ်ယူနိုင်ရန်နှင့် အခြားသူများ၏ အနိုင်ကျင့်စော်ကားမှုမှ ကင်းဝေးစေရန် အကြမ်းတမ်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းကို အသုံးပြုခဲ့ခြင်းပင်။
သူက အစ်ကိုကြီး ဖြစ်လာရန် ဂရုမစိုက်ခဲ့ချေ။ သူ ဂရုစိုက်သည်က သူနှင့် သူ့လူများ၏ နောက်ကျောအား အချိန်တိုင်း စောင့်ကြည့်ခံနေရခြင်းမှ ကင်းဝေးရန်သာ ဖြစ်သည်။ ကျန်းယဲ့က ထိုလူများ၏ အကြည့်များကို တွေးကြည့်ရုံဖြင့်ပင် ရွံရှာမိလေသည်။
တစ်ချိန်တည်းမှာပင်... ထောင်မှူး၏ ရုံးခန်းအတွင်း၌။
ထောင်မှူးက သူ့ရှေ့ရှိ ဖန်သားပြင်ပေါ်မှ မိခင်ကမ္ဘာ၏ ထောက်လှမ်းရေးဌာနမှ ပေးပို့လာသည့် နောက်ဆုံးရ အချက်အလက်များကို စိုက်ကြည့်နေပြီး သူ၏ မျက်ခုံးများက တွန့်ချိုးနေခဲ့သည်။ ဖန်သားပြင်ပေါ်ရှိ အချက်အလက်များက ရိုးရှင်းလှပြီး ကျန်းယဲ့နှင့် အခြားလူ ၅၁ ယောက်တို့၏ နောက်ခံရာဇဝင်များကို အတည်ပြုပေးထားချေသည်။
သူတို့အားလုံးက တန်ခိုးအာဏာကြီးမားသည့် မြို့စားကြီးတစ်ဦးအား ပြစ်မှားမိသဖြင့် လုပ်ကြံခံရကာ ဤနေရာသို့ ပြည်နှင်ဒဏ်ပေးခံရသည့် အင်အားမဲ့ သာမန်အရပ်သားများသာ ဖြစ်ကြ၏။
"မဖြစ်နိုင်ဘူး..." ထောင်မှူးက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားရသည်။
တကယ်လို့ သူက သာမန်လူတစ်ယောက်သာဆိုရင် ဘယ်လိုလုပ်ပြီး ဒီလောက် ပြီးပြည့်စုံတဲ့ သဘာဝခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်မှာလဲ။ ကြယ်တာရာခေတ်ကြီးထဲမှာ ဒါက မှူးမတ်အထက်တန်းစားတွေသာ ရရှိနိုင်တဲ့ အခွင့်ထူးတစ်ခုရဲ့ သင်္ကေတလို ဖြစ်နေသည်မဟုတ်ပါလော။
သာမန်အရပ်သား အချို့က ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်နိုင်သည်ဆိုဦးတော့ လူငါးဆယ့်တစ်ယောက်လုံး တစ်ပြိုင်နက်တည်း ပေါ်လာရန်ဆိုသည်မှာ အလွန်ပင် မဖြစ်နိုင်လှချေ။
သူ တွေးလေတွေးလေ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရလေလေပင်။
"ထောက်လှမ်းရေးဌာနက သေချာ မစုံစမ်းခဲ့တာများလား... ဒါမှမဟုတ် ထောက်လှမ်းရေးကတောင် မဖော်ထုတ်နိုင်တဲ့ ပိုပြီးနက်နဲတဲ့ လျှို့ဝှက်ချက်တစ်ခုက ဒီလူစုနောက်ကွယ်မှာ ရှိနေတာလား...."
ထိုအချိန်၌ ရုံးခန်း၏ လေးလံလှသော သတ္တုစပ်တံခါးအား ခေါက်သံတစ်ခု ထွက်ပေါ်လာ၏။ ထောင်မှူးက ဖန်သားပြင်မှ အကြည့်ကို လွှဲလိုက်ပြီး ဩရှရှအသံဖြင့် "ဝင်ခဲ့..." ဟု ပြောလိုက်သည်။
အမှတ်(၁၅) အကျဉ်းထောင်၏ တာဝန်ခံအရာရှိက ဝင်လာပြီး ရိုသေစွာ အရိုအသေပေးလိုက်ပြီးနောက် တင်ပြလိုက်၏။ "ထောင်မှူးကြီး... ထောင်ထဲမှာ အာဏာအပြောင်းအလဲ ဖြစ်သွားပါပြီ... တေလာက အကျဉ်းသားသစ်တစ်ယောက်ရဲ့ အနိုင်ယူတာကို ခံလိုက်ရပါတယ်..."
ထောင်မှူးက မော့ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများ၌ စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု လက်ဖြာသွားခဲ့သည်။ "အို... ဘယ်သူက အာဏာသိမ်းလိုက်တာလဲ..."
အရာရှိက ဖြေလိုက်၏။ "ကျန်းယဲ့လို့ ခေါ်တဲ့ အကျဉ်းသားသစ်ပါ ခင်ဗျာ..."
"ကျန်းယဲ့..."
ထောင်မှူး၏ မျက်ဆန်များက ချက်ချင်း ကျဉ်းမြောင်းသွားလေသည်။ သူ၏ အကြည့်က ဖန်သားပြင်ပေါ်ရှိ ကျန်းယဲ့၏ သာမန်အရပ်သားဆိုသည့် အချက်အလက်များထံ ပြန်ရောက်သွားပြီး ယခုလေးတင် ရရှိထားသည့် အစီရင်ခံစာကို ပြန်လည်စဥ်းစားလိုက်သည်။
အကျဉ်းထောင်အတွင်းရှိ ထိပ်တန်းတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည့် တေလာအား အနိုင်ယူနိုင်သူက မည်သို့လုပ်၍ သာမန်အရပ်သားတစ်ယောက် ဖြစ်နိုင်မည်နည်း။
တကယ်လို့ သူတို့က သာမန်အရပ်သားတွေဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အကောင်းပကတိအတိုင်း ထိန်းသိမ်းထားနိုင်ဖို့ ဘယ်ကနေ သယံဇာတတွေ ရလာခဲ့တာလဲ။ တေလာကို အပြည့်အဝ ဖိနှိပ်နိုင်တဲ့ အင်အားတွေကိုရော သူ ဘယ်ကရလာခဲ့တာလဲ။ ဒါက လုံးဝကို ယုတ္တိမရှိဘူး....
ထောင်မှူးက သူ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏ စိတ်ထဲ၌ ဖြစ်တန်စွမ်းပေါင်းများစွာက ယှက်နွှယ်ကာ ပြေးလွှားနေခဲ့သည်။
ထောက်လှမ်းရေးသတင်းက မှားယွင်းနေတာလား။ တစ်စုံတစ်ယောက်ကများ ဒီလူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို တမင်သက်သက် လုပ်ကြံဖန်တီးထားတာလား။ ဒါမှမဟုတ် သူတို့ဆီမှာ ကြီးမားလှတဲ့ မသိနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပြီး မြို့စားကြီးဝစ်ကတောင် အသုံးချခံ နယ်ရုပ်လေးတစ်ရုပ် ဖြစ်နေတာများလား။
အရာရှိက ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ညွှန်ကြားချက်များကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ထောင်မှူး၏ မျက်ဝန်းများတွင် အလင်းရောင်တစ်ခု လက်ဖြာသွားကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ ထို့နောက် သူက ဩရှရှအသံဖြင့် အမိန့်ပေးလိုက်သည်။ "ဒီလူစုကို စောင့်ကြည့်ဖို့ လူတွေ ထပ်လွှတ်လိုက်... အထူးသဖြင့် အဲ့ဒီ ကျန်းယဲ့ဆိုတဲ့ကောင်ကို သေချာစောင့်ကြည့်ရမယ်... သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ငါ့ဆီ ချက်ချင်း အစီရင်ခံရမယ်..."
"ဟုတ်ကဲ့ပါ ထောင်မှူးကြီး..."
အရာရှိက မတ်တတ်ရပ်ကာ အမိန့်ကို ခံယူလိုက်ပြီးနောက် လှည့်ကာ ရုံးခန်းထဲမှ အမြန် ထွက်သွားချေသည်။
နောက်တစ်နေ့၌ အကျဉ်းခန်းတံခါးများ ဖွင့်ရန် ခေါင်းလောင်းသံ မြည်လာချိန်တွင် အမှတ်(၁၅) အကျဉ်းထောင်က ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေခဲ့သည်။ မည်သည့် အကျဉ်းသားကမှ သူတို့၏ အခန်းထဲမှ ထွက်မလာရဲကြဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြပုံရ၏။
ကျန်းယဲ့က အမှတ် ၇၇၇ အခန်းတံခါးကို တွန်းဖွင့်ကာ ထွက်လာသည့်အချိန်ကျမှသာ စင်္ကြံလမ်းတစ်လျှောက်ရှိ အခန်းတံခါးများက အချက်ပေးချက်တစ်ခု ရလိုက်သကဲ့သို့ တစ်ပေါက်ပြီးတစ်ပေါက် ပွင့်လာခဲ့ကြသည်။
ထို့နောက် အကျဉ်းသားများက သတိထားကာ အပြင်သို့ ထွက်ကြည့်လိုက်ကြပြီး ကျန်းယဲ့၏ ပုံရိပ်ကို မြင်တွေ့လိုက်ရမှသာ သူ၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာရဲကြတော့သည်။ သို့သော် သူတို့အားလုံးက ရိုသေလေးစားမှုဖြင့် အကွာအဝေးတစ်ခုကို ထိန်းထားကြပြီး အလွန်နီးကပ်စွာ မကပ်ရဲကြချေ။
ကျန်းယဲ့က ခရီးသွား ငါးဆယ်ကို ဦးဆောင်ကာ စားသောက်ဆောင်ဆီသို့ တိုက်ရိုက် ထွက်လာလိုက်သည်။
သူတို့၏ အနောက်ဘက်တွင်မူ များပြားလှသည့် အကျဉ်းသားအုပ်ကြီးက လမင်းကြီးအား ကြယ်များက ဝန်းရံထားသကဲ့သို့ အလိုအလျောက် လိုက်ပါလာကြသော်လည်း မျက်မြင်မရသည့် စည်းကမ်းနှင့် ကြောက်ရွံ့ရိုသေမှုများက လွှမ်းခြုံနေခဲ့လေသည်။
စားသောက်ဆောင်အတွင်း၌ ကျန်းယဲ့က စက်ရုပ်ထံမှ နေ့စဉ်စွမ်းအင်ဖြည့်တင်းရေးအာဟာရကို ပထမဆုံး ရယူခဲ့သည်။ ထို့နောက် အခြားအကျဉ်းသားများကဲ့သို့ ထိုင်ရန်နေရာရှာခြင်း သို့မဟုတ် အစားအစာကို ဖျောက်ထားခြင်းမျိုး မလုပ်ဘဲ သူက ချက်ချင်းလှည့်ကာ သူတို့စုဝေးရာ ရင်ပြင်ထဲမှ တိုက်ရိုက် ထွက်ခွာသွားလေသည်။
ဤအချိန်၌ သယ်ယူပို့ဆောင်ရေး အာကာသယာဉ်က ရင်ပြင်တွင် ရပ်နားထားပြီး ဖြစ်၏။ မရေမတွက်နိုင်သော ရှုပ်ထွေးသည့် အကြည့်များကြားမှ ကျန်းယဲ့က တည်ငြိမ်စွာဖြင့် အာကာသယာဉ်ပေါ်သို့ ပထမဆုံး တက်ရောက်သွားခဲ့သည်။
ရစ်ဖ်သတ္တုတွင်းသို့ ရောက်ရှိလာချိန်တွင် အကျဉ်းသားများက ပုံမှန်အတိုင်း သူတို့ ရင်းနှီးသည့် သတ္တုကြောများဆီသို့ အပြေးအလွှား သွားကြသော်လည်း အကဲခတ်တတ်သူများက ကျန်းယဲ့၏ လူငါးဆယ်အုပ်စုသည် ယမန်နေ့က စွန့်ပစ်သတ္တုတွင်းဟု သတ်မှတ်ထားသည့် နေရာဆီသို့သာ ဦးတည်သွားနေဆဲဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။
အစက ထိုနေရာတွင် ကံစမ်းကြည့်ရန် ရည်ရွယ်ထားခဲ့သည့် အဆင့်နိမ့်အကျဉ်းသားများက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ တုံ့ဆိုင်းသွားကာ ရပ်တန့်သွားကြရသည်။ သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အသစ်ခန့်အပ်ခံရသည့် အစ်ကိုကြီးအား ဒေါသထွက်စေမည်ကို စိုးရိမ်သဖြင့် ဆက်သွားသင့်မသင့် မသေချာဖြစ်နေကြ၏။
ကျန်းယဲ့က အခြားသူများ မည်သို့တွေးသည်ကို ဂရုမစိုက်ဘဲ အဖွဲ့အား ဦးဆောင်ကာ သူတို့၏ ခရီးပန်းတိုင်ဆီသို့ တိုက်ရိုက် ထွက်လာလိုက်လေသည်။
လမ်းခရီးတွင် ခုန်တယ်ကျွင်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "ဒါရိုက်တာကျန်း... မနေ့က ကျွန်တော်တို့ သောင်းကျန်းလိုက်တာ အတော်လေး ဆူညံသွားတော့ ကျွန်တော်တို့ကို စောင့်ကြည့်ပြီး စုံစမ်းဖို့ လာတဲ့သူတွေ ရှိနေမှာကို စိုးရိမ်မိတယ်... တကယ်လို့ ဒီသတ္တုတွင်းကိုများ ရှာတွေ့သွားခဲ့ရင်...."
ဝမ်ယွီဟွိုင်က ခေါင်းခါလိုက်ပြီး သုံးသပ်ပြလိုက်၏။ "ဒါရိုက်တာကျန်းက အခု အမှတ်(၁၅) အကျဉ်းထောင်ရဲ့ ခေါင်းဆောင်ဖြစ်နေပြီလေ... သူကိုယ်တိုင် ရှာတွေ့ထားတဲ့ သတ္တုကြောကိုတောင် မကာကွယ်နိုင်ရင် ခေါင်းဆောင်ဖြစ်နေတာက အဓိပ္ပာယ်မရှိတော့ဘူးပေါ့... ပြီးတော့ တခြားသူတွေ သိသွားခဲ့ရင်တောင် သူတို့က ကျွန်တော်တို့ဆီကနေ လုယူနိုင်စွမ်းရှိဖို့ လိုသေးတယ်လေ..."
ထိုစကားကို ကြားသည့်အခါ ယန်ကန်းက ပြုံးဖြီးဖြီးဖြင့် ခုန်တယ်ကျွင်း၏ ပခုံးအား ပုတ်ကာ ပြောလိုက်သည်။ "အဘိုးကြီးခုန်ရာ... အေးဆေးနေစမ်းပါ... ငါတို့က ဘယ်သူတွေလဲဆိုတာ မေ့နေပြီလား... ငါတို့က အဲ့ဒါရှိတဲ့သူတွေလေကွာ..."
သူက အဓိပ္ပာယ်ပါပါ မျက်စိမှိတ်ပြလိုက်သည်။ ထိုစကားကြောင့် လူတိုင်းက အချင်းချင်း အပြန်အလှန် ကြည့်ကာ ပြုံးလိုက်ကြ၏။
သူတို့က သာမန်ထက် လွန်ကဲတဲ့ အထောက်အကူစနစ်ကို အသုံးပြုနေကြတာလေ။ အထောက်အကူစနစ် ရှိနေပါလျက်နဲ့ ဟိုဟာကြောက် ဒီဟာကြောက် ဖြစ်နေရင်တော့ သူတို့ရဲ့ စနစ်ကို အထင်သေးရာ ကျသွားမှာပေါ့။
အဖွဲ့က ရင်းနှီးနေသည့် သတ္တုတွင်းထဲသို့ ထပ်မံဝင်ရောက်လာပြီး ကျောက်တံတိုင်းနောက်ကွယ်ရှိ နက်ပြာရောင် ကြယ်အမြုတေကျောက်ကြောကြီးကို မြင်လိုက်ရသည့်အခါ လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး ကြီးမားလှသည့် စိတ်အားထက်သန်မှုများဖြင့် တူးဖော်ရေးလုပ်ငန်းခွင်ထဲသို့ လှစ်ခနဲ ဝင်ရောက်သွားကြတော့သည်။
သို့သော်ငြားလည်း ကျန်းယဲ့နှင့် သူ၏လူများ ကြွယ်ဝချမ်းသာလာစေရန် အလုပ်ရှုပ်နေချိန်၌ပင် အမှတ်(၁၅) အကျဉ်းထောင်တွင် အာဏာအပြောင်းအလဲဖြစ်သွားပြီး ခေါင်းဆောင်သစ် ကျန်းယဲ့က တေလာအား ကြီးမားလှသည့် အင်အားဖြင့် ချေမှုန်းလိုက်ကြောင်း သတင်းက ကျယ်ပြောလှသည့် သတ္တုတွင်းဧရိယာတစ်ခုလုံး၌ တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားချေသည်။
ထိုသတင်းက ရစ်ဖ်တောင်ကြားသတ္တုတွင်းတွင် တူးဖော်နေကြသည့် အမှတ်(၁၃) နှင့် (၁၄) အကျဉ်းထောင်များမှ အကျဉ်းသားများ၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
အမှတ်(၁၃) နှင့် (၁၄) အကျဉ်းထောင်များ၏ ခေါင်းဆောင်များက တေလာ၏ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြပြီး သူတို့အချင်းချင်း ပေါ်ထင်တစ်မျိုး၊ တိတ်တဆိတ်တစ်ဖုံ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးကြရာ တေလာ၏ စွမ်းရည်ကို ရှင်းလင်းစွာ နားလည်ထားကြသူများ ဖြစ်၏။
တေလာက အကျဉ်းသားသစ်တစ်ယောက်၏ ရိုက်နှက်မှုကို ဆိုးရွားစွာ ခံလိုက်ရပြီး လုံးဝ အကူအညီမဲ့သွားကာ လူပုံလယ်တွင် ခြေဖြင့်ပင် နင်းခြေခံလိုက်ရကြောင်း ကြားလိုက်ရသည့်အခါ ထိုသူနှစ်ယောက်စလုံး ပြင်းထန်စွာ မှင်တက်သွားကြရသည်။
သူတို့က ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိကြ၏။ တကယ်လို့ သူတို့သာ တေလာနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် ရလဒ်က ငါးဆယ်ရာခိုင်နှုန်းစီသာ ရှိနိုင်ပြီး ယခုကဲ့သို့ ပြတ်သားသည့် အောင်ပွဲမျိုးကိုတော့ ဘယ်တော့မှ ရရှိနိုင်မည်မဟုတ်ချေ။
သတင်းကို လက်ခံရရှိပြီးနောက် အမှတ်(၁၃) မှ သားသတ်သမား ဟော့ခ် နှင့် အမှတ်(၁၄) မှ ကင်းမြီးကောက် ဗီရာတို့ နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်းနီးပါး တူညီသည့် ကောက်ချက်တစ်ခုကို ချလိုက်ကြသည်။ ထို ကျန်းယဲ့ဆိုသည့် အကျဉ်းသားသစ်က ခန့်မှန်း၍မရနိုင်သည့် အင်အားကို ပိုင်ဆိုင်ထားပြီး သူတို့ လုံးဝ သွားမစမ်းသင့်သည့် သူတစ်ယောက်ပင်။
ထို့နောက် ခေါင်းဆောင်နှစ်ယောက်က အံ့မခန်းကောင်းမွန်လှသည့် နားလည်မှုဖြင့် သူတို့ ယုံကြည်ရသည့် လက်အောက်ငယ်သားများကို တူညီသည့် အမိန့်တစ်ခု ပေးလိုက်ကြသည်။
"သတင်းဖြန့်လိုက်... လူတိုင်း မျက်စိရှင်ရှင်ထားကြ... အမှတ်(၁၅) အကျဉ်းထောင်က လူတွေနဲ့ တွေ့ရင်... အထူးသဖြင့် အဲ့ဒီ ကျန်းယဲ့ဆိုတဲ့ကောင်နဲ့တွေ့ရင် ခပ်ဝေးဝေးကနေ ရှောင်သွားကြ..."
"သူတို့ကို ဘယ်တော့မှ မသွားစနဲ့... ပြဿနာလည်း သွားမရှာနဲ့... အဲ့ဒီလူတွေနဲ့ ပြဿနာတက်အောင် လုပ်ရဲတဲ့ကောင်ရှိရင် ငါကိုယ်တိုင် အရင်ဆုံး သူ့ကို အသေရိုက်သတ်မယ်..."
ထိုအချိန်မှစ၍ အမှတ်(၁၃) နှင့် (၁၄) အကျဉ်းထောင်များမှ အကျဉ်းသားများက ပုံမှန်မဟုတ်ဘဲ အလွန် လိမ္မာရေးခြားရှိသွားကြပြီး အမှတ်(၁၅) အကျဉ်းထောင်နှင့် ပတ်သက်လာလျှင် ဖြစ်ပေါ်လာနိုင်သည့် ပွတ်တိုက်မှု သို့မဟုတ် ပဋိပက္ခမှန်သမျှ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြသည်။
ကျန်းယဲ့၏ ဂုဏ်သတင်းက တစ်ရက်တည်းနှင့်ပင် သတ္တုတွင်းဧရိယာတစ်ခုလုံးသို့ ကြီးကျယ်ခမ်းနားစွာ ပျံ့နှံ့သွားချေတော့သည်။
အခန်း ၃၇၄ပြီး၏။