အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄) နင်လို အဘွားကြီး...
ခြံဝင်းအပြင်ဘက်မှ စူးရှသော ဆူညံသံကို ကြားလိုက်ရသောအခါ ကျိုးချန်ယဲ့၏ မျက်မှောင်များမှာ ချက်ချင်း ကြုတ်သွားခဲ့လေ၏။
သူက လှည့်ကာ ထျန်ရှောင်ယာနှင့် အလျင်အမြန် အကြည့်ချင်းဖလှယ်လိုက်ပြီး စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်...၊
အမေထျန်က မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်လေသည်...။
"ဒီအသံက... ဘာလို့များ ရင်းနှီးသလိုဖြစ်နေရတာလဲ..."
"ဝါး... ဝါး..."
ထိုစကားမဆုံးမီမှာပင် ကျောက်ခဲလေး၏ ကျယ်လောင်သော ငိုသံကြီးက အခန်းတွင်းသို့ ပြည့်နှက်သွား ခဲ့လေတော့သည်။
ချက်ချင်းဆိုသလိုပင် အဖေထျန်က သူ့ကို ချော့မော့ရန် အပြင်းအထန် ကြိုးစားလိုက်လေသည်...။
"အိုကွယ်... မြေးလေး မငိုနဲ့... မငိုနဲ့တော့... အဘိုး ဒီမှာရှိတယ်... မကြောက်နဲ့နော်..."
သူမ၏ ချစ်လှစွာသော မြေးလေး ငိုနေသည်ကို ကြားသောအခါ အမေထျန်မှာ ခြံဝင်းအပြင်ဘက်တွင် မည်သူရှိနေသည်ကို ဂရုမစိုက်နိုင်တော့ချေ။ သူမက လှည့်ကာ အိမ်ထဲသို့ အလျင်စလို ပြေးဝင်သွားပြီး စိတ်မကောင်းစွာဖြင့် အော်ဟစ်လိုက်လေသည်...။
"ငါ့ရဲ့ ချစ်မြေးလေး... အဘွား ဒီမှာရှိတယ်နော်..."
အပြင်ဘက်မှ ဆူညံသံများ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်ကို ကြားသောအခါ ကျိုးချန်ယဲ့က သူ၏ ဇနီးဖြစ်သူအား အလျင်အမြန် ကြည့်ကာ ဩရှရှအသံဖြင့် ပြောလိုက်လေသည်...။
"မိန်းမ... မြန်မြန် အိမ်ထဲဝင်ပြီး ကလေးကို သွားကြည့်လိုက်ဦး... အပြင်မှာ ဘာဖြစ်နေလဲဆိုတာ ကိုယ် သွားကြည့်လိုက်မယ်..."
ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်ပြီး သူမ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားခဲ့လေ၏။
"ကောင်းပြီ... သမီး အရင်သွားပြီး ကလေးကို ချော့လိုက်ပါ့မယ်... သတိထားနော်... ပြဿနာမဖြစ် စေနဲ့..."
"စိတ်မပူပါနဲ့..."
ကျိုးချန်ယဲ့က ပြန်ဖြေလိုက်ပြီး သူ၏ ခြံဝင်းထဲမှ ထွက်လာခဲ့လေသည်။
သူ အပြင်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် လျူကျန့်ကော်၏ အိမ်ရှေ့တွင် လူအုပ်ကြီး စုရုံးနေပြီး ၎င်းတို့၏ လည်ပင်းများကို ဆန့်ထုတ်ကာ မြင်ကွင်းကို ကြည့်ရှုနေကြသည်ကို မြင်တွေ့လိုက်ရလေ၏။
"ဘယ်သူတွေက ဒီလောက်တောင် ဆူညံနေအောင် လုပ်နေကြတာလဲ..."
"သူတို့ကြည့်ရတာ ရင်းနှီးတဲ့ပုံ မပေါက်ဘူး... ဒီနားကလူတွေ မဟုတ်လောက်ဘူး..."
"အိုး... ငါသိပြီ..."
စောစောက လူအုပ်ထဲတွင် ပါဝင်နေသော အန်တီကြီးတစ်ဦးက တီးတိုးပြောလိုက်လေသည်...။
"ဒီသူတွေက ကျန့်ကော် မိန်းမရဲ့ အမေနဲ့ မောင်လေးလေ... သူတို့က ရှန်ဟိုင်းကနေ တကူးတက လာခဲ့ ကြတာ..."
"ဘာ..."
ဘေးနားရှိ လူက အံ့သြတကြီး အာမေဍိတ်သံပြုလိုက်ပြီး ၎င်းတို့၏ အသံကို နှိမ့်ကာ မေးလိုက်လေ သည်...။
"ဒါဆို သူတို့က ဘာကို ငြင်းခုန်နေကြတာလဲ..."
"ဘာကို ငြင်းခုန်ရမှာလဲ..."
အန်တီကြီးက မျက်လုံးပြူးကာ အရာအားလုံး သိနေသည့် လေသံဖြင့် ပြောလိုက်လေသည်...။
"သူတို့ပြောနေတာက ကျန့်ကော်ရဲ့ မိန်းမက စီစဉ်ထားတဲ့ လက်ထပ်ပွဲကနေ ထွက်ပြေးလာပြီး သူ့ရဲ့ မိသားစုကို အသိမပေးဘဲ ကျန့်ကော်နဲ့အတူ ပီကင်းကို တိတ်တဆိတ် ထွက်လာခဲ့တယ်ဆိုပဲ..."
.........။
ဤစကားကို ကြားသောအခါ ကျိုးချန်ယဲ့၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားခဲ့လေ၏။
လျူကျန့်ကော်နှင့် ဟျောင်ရှင်းရှင်းတို့အကြား ဖြစ်ပျက်ခဲ့သည်များကို အခြားသူများ မသိနိုင်သော်လည်း ဤညီအစ်ကိုများကမူ ကောင်းကောင်းကြီး သိထားကြလေသည်။
သူက အလျင်အမြန် ရှေ့သို့ တိုးဝှေ့သွားကာ ပြောလိုက်လေသည်...။
"တစ်ဆိတ်လောက် ဖယ်ပေးကြပါ ခင်ဗျာ..."
သူက လက်ဆန့်ထုတ်ကာ လူအုပ်ထဲမှ တိုးဝှေ့ဝင်ရောက်သွားလေ၏။ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွား သည်နှင့် တစ်ပြိုင်နက် ဟျောင်ရှင်းရှင်းမှာ သူမ၏ ဗိုက်ကို တင်းကျပ်စွာ ကာကွယ်ထားပြီး မျက်နှာမှာ ဖြူရော်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
သို့သော် သူမသည် မထီမဲ့မြင်ပြုဟန်ဖြင့် ရပ်နေဆဲဖြစ်ကာ သူမ၏ရှေ့ရှိ လူနှစ်ဦးအား အော်ဟစ်လိုက် လေသည်....။
"ငါ့အိမ်ထဲကနေ အခုချက်ချင်း ထွက်သွားကြ... နင်တို့နဲ့ ငါက အဆက်အသွယ် ဖြတ်ထားပြီးသား..."
ဟျောင်ရှင်းရှင်း၏ ရှေ့တွင် ရပ်နေသူများမှာ သားအမိနှစ်ဦး ဖြစ်လေ၏။ ဤစကားကို ကြားသောအခါ အဘွားကြီးမှာ ချက်ချင်းပင် ခါးထောက်ကာ ပြဿနာရှာတော့လေရာ သူမ၏ အသံမှာ အမိုးကိုပင် ဖောက်ထွက်သွားနိုင်လောက်အောင် စူးရှနေခဲ့လေတော့သည်...။
"ငါ လက်မခံဘူး... နင်က ဒီလိုမျိုး အဆက်အသွယ် ဖြတ်လိုက်လို့ ရမယ်ထင်နေလား..."
"ကျေးဇူးကန်းတဲ့ ကောင်မ... ငါက နင့်ကို ကျွေးမွေးပြုစုပြီး လိုလေသေးမရှိအောင် ကိုယ်တိုင် ပြုစု ပျိုးထောင်ပေးခဲ့တာ..."
"ဒါကို နင်က အပြင်က ကောင်တစ်ကောင်နဲ့ ပီကင်းကို ခိုးပြေးလာပြီး အခုတော့ ငါ့ကို အမေအဖြစ် ကနေတောင် စွန့်လွှတ်ချင်နေတာလား..."
သူမက ပေါင်ကိုရိုက်ကာ အသည်းအသန် ငိုကြွေးနေရင်း ရှေ့သို့ တစ်လှမ်းတိုးလာကာ ဟျောင်ရှင်းရှင်း ၏ မျက်နှာကို ရိုက်ရန် သူမ၏ လက်ကို မြှောက်လိုက်လေ၏။
ဟျောင်ရှင်းရှင်းမှာ လန့်ဖြန့်သွားကာ ဗီဇအရ မျက်လုံးကိုမှိတ်လိုက်ပြီး အနောက်သို့ ခြေနှစ်လှမ်းခန့် အလျင်အမြန် ဆုတ်လိုက်လေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ကျိုးချန်ယဲ့၏ ရင်ထဲတွင် တင်းကျပ်သွားခဲ့လေ၏။ သူက ရှေ့သို့ ပြေးထွက် သွားကာ အမျိုးသမီး၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အေးစက်စွာ အော်ဟစ် လိုက်လေသည်...။
"ရပ်လိုက်စမ်း..."
အမျိုးသမီးက သူမ၏ လက်ကို အကြမ်းပတမ်း ရုန်းထွက်လိုက်ပြီး တြိဂံပုံစံ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားကာ ကျိုးချန်ယဲ့ကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်...။
"နင်က ဘယ်သူလဲ... အပြင်လူတစ်ယောက်ဖြစ်တဲ့ နင်က ငါတို့ မိသားစုကိစ္စမှာ ဝင်ပါဖို့ ဘာအခွင့်အရေး ရှိလို့လဲ..."
ဟျောင်ရှင်းရှင်းဟူသော ထိုမိန်းမယုတ်လေးမှာ လျူမိသားစုမှ ကောင်လေးနှင့်အတူ ရှန်ဟိုင်းမှ ထွက် ပြေးသွားခဲ့ကြောင်းကို သူမ ကောင်းကောင်းကြီး သိထားလေသည်။
ရုတ်တရက် ပေါ်လာပြီး ၎င်းတို့၏ လမ်းကို ပိတ်ဆို့နေသော လူငယ်တစ်ဦးကို မြင်လိုက်ရသောအခါ သူမ သည် ကျိုးချန်ယဲ့နှင့် ဟျောင်ရှင်းရှင်းတို့ကြားသို့ တိုးဝင်သွားပြီးနောက် စူးရှသောအသံဖြင့် ချက်ချင်း အော်ဟစ်လိုက်လေသည်...။
"ဟျောင်ရှင်းရှင်း... မိန်းမပျက်မ... နင်က ပိုပိုပြီး ရဲတင်းလာပါလား... နောက်ထပ် တခြားယောက်ျား တစ်ယောက် ရှာတွေ့ထားပြန်ပြီမလား..."
"အဲ့လျူကောင်လေးက နင့်ကြောင့် ဖောက်ပြန်ခံလိုက်ရပြီဆိုတာကိုရော သိရဲ့လား..."
"ရှင်..."
ဟျောင်ရှင်းရှင်းမှာ ဒေါသကြောင့် တုန်ယင်နေပြီး သူမ၏ မျက်နှာမှာ သေသူတစ်ဦးကဲ့သို့ ဖြူဖျော့ သွားခဲ့လေတော့သည်။
သူမကို အသက်သွေးကြော ပေးခဲ့သော အမျိုးသမီးဖြစ်သည့် သူမ၏ အမေအရင်းကို စိုက်ကြည့်လိုက် ပြီး သူမ၏ အသံမှာ တုန်ယင်ကာ နာကျင်နေပြီး အော်ဟစ်လုနီးပါး ဖြစ်နေခဲ့လေသည်...။
"ကျွန်မကရော ရှင့်ရဲ့ သမီးအရင်းကော ဟုတ်ရဲ့လား...ရှင်က ဘယ်လိုလုပ် ကျွန်မကို ဒီလိုမျိုး ရွှံ့ပက်ပြီး ဆက်ဆံရက်ရတာလဲ..."
ဘေးနားတွင် ရပ်နေသော အမျိုးသားမှာ စိတ်မရှည်တော့ချေ။ သူက ဩရှရှအသံဖြင့် ချက်ချင်း မာန်မဲလိုက်လေသည်...။
"ဟျောင်ရှင်းရှင်း... နင်က အမေကို ဒီလိုမျိုး ပြောရဲတယ်ပေါ့လေ..."
"ဟျောင်ယောင်ဇူ... ပါးစပ်ပိတ်ထားစမ်း..."
ဟျောင်ရှင်းရှင်းက သူ့ကို လက်ညှိုးထိုးကာ သူမ၏ အသံမှာ ဒေါသကြောင့် တုန်ယင်နေခဲ့လေသည်...။
"နင်က ကိုယ့်အစ်မဆီကနေ သွေးစုပ်နေတဲ့ ကပ်ပါးကောင်ပဲ..."
ဟျောင်ယောင်ဇူ၏ မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး သူက ဟျောင်ရှင်းရှင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲ လိုက်လေသည်...။
"ဟျောင်ရှင်းရှင်း... မိန်းမယုတ်မ... နင်က အရိုက်ခံချင်နေတာပဲ..."
"တော်ကြတော့... ဒီနေရာကနေ ထွက်သွားကြစမ်း... ခင်ဗျားတို့ ဒီလို ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ရဲခေါ်လိုက်မယ်..."
ကျိုးချန်ယဲ့က ရှေ့သို့တက်ကာ အော်ဟစ်လိုက်လေသည်။
"ရဲခေါ်မယ်... ငါတို့ကို လာခြောက်မနေနဲ့..."
ဟျောင်ယောင်ဇူက ချက်ချင်း ပြန်လည်ချေပလိုက်လေသည်...။
"ဒါက ငါတို့ မိသားစုကိစ္စပဲ... အပြင်လူတစ်ယောက်ဖြစ်တဲ့ ခင်ဗျားက ဝင်ပါဖို့ ဘာအခွင့်အရေး ရှိလို့ လဲ..."
အမေဟျောင်က မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ပေါင်ကိုရိုက်ကာ ငိုယိုလိုက်လေသည်...။
"ဘုရားရေ... ငါက ကျေးဇူးကန်းတဲ့ ကောင်မကို မွေးထားမိတာပဲ..."
"ငါတို့က သူ့ကို ကျွေးမွေးပြုစုပြီး အဝတ်အစားတွေ ဆင်ပေးခဲ့တာ... အခု သူ ကြီးလာတော့ မိဘကို တပြားမှ မပေးဘဲ တခြားယောက်ျားတစ်ယောက်နဲ့ ခိုးပြေးသွားတယ်... ဒါက ငါတို့ကို သေတွင်းပို့ နေတာပဲ..."
ဟျောင်ရှင်းရှင်း၏ လက်သည်းများမှာ သူမ၏ လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသော်လည်း သူမက ခေါင်းမာစွာဖြင့် ကျဆင်းခွင့် မပြုခဲ့ ချေ...။
"ကျွန်မက ဘယ်တုန်းက တစ်ခြားလူနဲ့ ခိုးပြေးဖူးလို့လဲ..."
"ရှင်က ကျွန်မရဲ့ တက္ကသိုလ်ဝင်ခွင့်စာကို ဆုတ်ဖြဲပစ်ခဲ့ပြီး ဟျောင်ယောင်ဇူ လက်ထပ်နိုင်ဖို့အတွက် ကျွန်မကို ဘေးရွာက အဘိုးကြီးတစ်ယောက်ဆီ ရောင်းစားဖို့တောင် ကြိုးစားခဲ့တာလေ..."
"ကျွန်မသာ ထွက်မပြေးခဲ့ရင် တစ်သက်လုံး ရှင့်ကြောင့် ဘဝပျက်သွားဖို့ပဲ စောင့်နေရမှာလား..."
"ရှင်ပြောတဲ့ ကျွေးမွေးပြုစုတယ် ဆိုတာက ကျွန်မကို အစာမငတ်အောင်၊ အေးခဲပြီးမသေအောင်ထား တာသက်သက်ပဲ... ပြီးတော့ ကျွန်မကို ဟျောင်ယောင်ဇူအတွက် ကလေးဘဝကတည်းက ခိုင်းဖတ်တစ် ခုလို သဘောထားခဲ့တာလေ..."
"နောက်ဆုံးတော့ ကျွန်မက ရှင့်အတွက် ငွေရှာပေးရမယ့် ကိရိယာတစ်ခု ဖြစ်သွားတာလား..."
"နင်က ပြန်ပြောရဲတယ်ပေါ့လေ..."
ဟျောင်ယောင်ဇူက သူမကို ရိုက်ရန် လက်ကို မြှောက်လိုက်သော်လည်း ကျိုးချန်ယဲ့က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို အလွန်ပြင်းထန်သော အားဖြင့် ဆုပ်ကိုင်လိုက်ရာ ဟျောင် ယောင်ဇူမှာ သူ၏ လက်မောင်း ကျိုးတော့မည်ဟုပင် ခံစားလိုက်ရလေသည်။
အခြေအနေမှာ တင်းမာနေစဉ်မှာပင် ခြံဝင်းအပြင်ဘက်မှ အလျင်စလို ခြေသံများ ရုတ်တရက် ထွက် ပေါ်လာခဲ့လေသည်။
အမေထျန်သည် အလျင်စလို ပြေးထွက်လာခဲ့ပြီး ခြံဝင်းထဲတွင် ပြဿနာရှာနေသော လူနှစ်ဦးကို မြင် လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ချက်ချင်း နီရဲသွားခဲ့လေသည်။ အဟောင်းနှင့် အသစ်သော ရန်ငြိုးများ နှစ်ခုလုံးကြောင့် ဒေါသထွက်နေသဖြင့် သူမသည် အမေဟျောင်၏ နှာခေါင်းကို တည့်တည့် လက်ညှိုးထိုးကာ ချက်ချင်းပင် စတင်ကျိန်ဆဲတော့လေသည်...။
"နင်လို အဘွားကြီး... ရထားပေါ်မှာ သူများနေရာကို လုပြီး အခု ကောင်မလေးတစ်ယောက်ကို လာ အနိုင်ကျင့်နေတာလား... နင့်ကို ငါ သေအောင် ရိုက်သတ်ပစ်မယ်... အသည်းနှလုံးမရှိတဲ့ မိန်းမယုတ်..."
အမေဟျောင်က မော့ကြည့်လိုက်ရာ အမေထျန်ကို မှတ်မိသွားလေ၏။ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး နောက်ထပ်တစ်ကြိမ် ဒေါသတကြီး အော်ဟစ်လိုက်လေသည်...။
"သူများကိစ္စ ဝင်ပါတဲ့ အဘွားကြီး... ငါတို့ မိသားစုကိစ္စကို ဝင်ပါရအောင် နင်က ဘယ်သူမို့လို့လဲ..."
"ငါပြောတာကို သေချာနားထောင်ထား..."
အမေထျန်က ရှေ့သို့ တစ်လှမ်းတိုးလာကာ ကြီးမားသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လျက် ကြေညာလိုက်လေသည်...။
"ငါ ဒီနေရာမှာ ရှိနေသရွေ့ ဟျောင်ကလေးမကို ဘယ်သူကများ လက်ဖျားနဲ့တောင် ထိရဲလဲ ကြည့်ရ သေးတာပေါ့..."
သားအမိနှစ်ဦးသည် ခက်ထန်သော သဘောထားများ ရှိနေကြသည့် ထိုလူသုံးဦးကို ကြည့်ကာ အိမ်နီး ချင်းများ၏ တီးတိုးပြောဆိုသံများနှင့် လက်ညှိုးထိုးမှုများကို ကြားလိုက်ရလေသည်။ ၎င်းတို့၏ မျက်နှာ များမှာ ဖြူဖျော့သွားကာ ထို့နောက် နီရဲလာခဲ့လေ၏။
အမေဟျောင်သည် သူမ၏ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေကာ တိုးညှင်းသော အသံဖြင့် ညစ်ညမ်းစွာ ကျိန်ဆဲလိုက်လေသည်...။
"ဒါက အရမ်းလွန်လွန်းနေပြီ... လုံးဝကို လွန်လွန်းတယ်... အပြင်လူတွေနဲ့ ပေါင်းပြီး ကိုယ့်မိသားစုကို ပြန်အနိုင်ကျင့်ရဲတဲ့ ဒီလို သစ္စာဖောက်မကို ဘယ်လိုများ မွေးထားမိတာလဲနော်..."
ဟျောင်ယောင်ဇူသည် ကျိုးချန်ယဲ့၏ ဆုပ်ကိုင်ထားမှုကြောင့် နာကျင်နေဆဲဖြစ်သော သူ၏ လက် ကောက်ဝတ်ကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နှက်နေသော်လည်း သူသည် ထပ်မံတိုက်ခိုက်ရန် ရဲတင်းခြင်း မရှိတော့ချေ။
သူသည် ဟျောင်ရှင်းရှင်းကိုသာ စူးရဲစွာ စိုက်ကြည့်ပြီး ရိုင်းစိုင်းသော စကားများကို ပြောလိုက်လေ သည်...။
"မိန်းမယုတ်မ... နင် စောင့်နေလိုက်... ဒါက မပြီးသေးဘူး... သတို့သမီးကြေး တစ်ပြားမှ မလျှော့ဘူး မှတ်..."