အခန်း ၈
Vol. 1 Ch. 8
အခန်း-(၈)
"အားးးးးးး"
ညဉ့်နက်သန်းခေါင်ယံအချိန်ကြီးမှာ ရုတ်တရက်ပေါ်လာတဲ့ စူးရှရှအော်သံကြောင့် ဝမ်ပင်း အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။
သူ ကုတင်ပေါ်ကနေ ဆတ်ကနဲ ခုန်ဆင်းသွားပြီး သူ့ရဲ့ကျောပိုးအိတ်ကိုဆွဲယူကာ စစ်တပ်သုံးတူရွင်းကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အပြင်ဘက်ကို ကြည့်ရန် ပြတင်းပေါက်အနီးသို့ တိုးကပ်သွားလိုက်သည်။
အဝေးဆီမှ သူတို့ထံချဉ်းကပ်လာနေသော ပုံရိပ်နှစ်ဆယ်ခန့်ကို လရောင်အောက်တွင် သူမြင်လိုက်ရသည်။
တစ်ယောက်ယောက်က ကွမ်းရှောက်ယွဲ့ ထောင်ထားတဲ့ ထောင်ချောက်ကို နင်းမိသွားပုံရပြီး အားလုံးကလည်း ထိတ်လန့်ကြောက်ရွံ့စွာနဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ကြကာ ပတ်ဝန်းကျင်ကို ပျာပျာသလဲ အကဲခတ်နေကြတာ ဖြစ်ပါတယ်။
"ဒေါက် ဒေါက်"
" ဝမ်ပင်း မြန်မြန်ထတော့ ငါတို့ ဒီကနေ အမြန်ထွက်သွားမှရတော့မယ်"
သူ့ရဲ့အခန်းတံခါးကို လာခေါက်ပြီး ကွမ်းရှောင်ယွဲ့က သူ့ကို အလောတကြီး အော်ခေါ်နေသည်။
ဝမ်ပင်းက သူ့ရဲ့ပစ္စည်းမှန်သမျှကို အမြန်သိမ်းလိုက်ပြီး တံခါးမှာပိတ်ဆို့ထားတဲ့ ဗီဒိုကြီးကိုဖယ်ရှားကာ အခန်းတံခါးကိုဖွင့်ပေးလိုက်တယ်။
" ဘာတွေဖြစ်နေလို့လဲ "
" ကျားခေါင်းဂိုဏ်းက လူတွေရောက်နေပြီ ကျွန်မတို့ မြန်မြန်ထွက်သွားမှရမယ်"
"ဘာ .... ကျားခေါင်းဂိုဏ်းဆိုတာက ဘယ်သူတွေလဲ"
"သူတို့က ဒီနေ့ ကျွန်မတို့သတ်လိုက်တဲ့ လူနှစ်ယောက်ရဲ့ ဂိုဏ်းကပဲ။ အရင်ထွက်သွားကြရအောင်၊ နောက်မှ အခွင့်အရေးရရင် ကျွန်မရှင်းပြပါ့မယ်"
ဒီဂိုဏ်းက လက်စားချေဖို့ရောက်လာတာကို သဘောပေါက်လိုက်တဲ့အခါမှာဆော့ ဝမ်ပင်းက နှောင့်နှေးနေခြင်းမရှိတော့ဘဲ ကွမ်းရှောင်ယွဲ့ရဲ့နောက်ကို တိတ်တိတ်လေး လိုက်သွားခဲ့တယ်။
ကွမ်းရှောင်ယွဲ့မှာလည်း သူမရဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံး ပါလာသည်။
ကျားခေါင်းဂိုဏ်းကလူတွေက ကွမ်းရှောက်ယွဲ့ ဒီပတ်ဝန်းကျင်မှာ နေထိုင်မှန်းသိကြပေမဲ့ ဘယ်အဆောက်အအုံမှာ နေလဲဆိုတာကို အသေအချာ မသိကြပါဘူး။ သူတို့တွေ အဆောက်အအုံကို လာရောက်မဝိုင်းရံနိုင်ခင်မှာတင်... သူတို့နှစ်ယောက်ဟာ ညအမှောင်အောက်မှ အသာအယာ လွတ်မြောက်သွားခဲ့ကြပြီ ဖြစ်ပါတယ်။
ကမ္ဘာပျက်ကပ်ရဲ့ ညဘက်အချိန်က အမှန်တကယ်ကို အန္တရာယ်များလှတယ်။ ဘာလို့လဲဆိုတော့ ဇွန်ဘီတွေက ဘယ်အချိန်မှာပေါ်လာမလဲဆိုတာကို ဘယ်သူကမှ မသိနိုင်ဘဲ တစ်ချက်လောက်သတိလက်လွှတ်သွားတာနဲ့ အကိုက်ခံရလိုက်နိုင်လို့ပါ။
ကံကောင်းထောက်မစွာနဲ့၊ ကွမ်းရှောင်ယွဲ့က ဦးဆောင်လမ်းပြပေးခဲ့တာကြောင့် ဝမ်ပင်းက အန္တရာယ်ကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။ဒီလိုညဘက်မှာ သူ့တစ်ယောက်တည်းသာရှိနေခဲ့ရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
ဆယ်မိနစ်ကျော် လမ်းလျှောက်ခဲ့ရပြီး ကွမ်းရှောင်ယွဲ့က သူ့ကို ပျက်စီးယိုယွင်းနေတဲ့ အိမ်တစ်လုံးဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဇွန်ဘီတွေက အိမ်အပြင်ဘက်နှင့် အိမ်ထဲမှာ ရှိနေပေမယ့် ကွမ်းရှောင်ယွဲ့က ဝမ်ပင်းကို ခေါ်ဆောင်သွားပြီး ဇွန်ဘီ တွေကို ရှောင်ကာ ပြိုကျနေတဲ့ နံရံတစ်ခုပေါ် တက်စေခဲ့ပါတယ်။
"စိတ်မပူနဲ့ ၊ ပထမထပ်က လှေကားတွေ ပြိုကျနေပြီဆိုတော့ ဇွန်ဘီတွေက လုံးဝတက်မလာနိုင်ဘူး"
ဝမ်ပင်းက ဇွန်ဘီတွေရှိတဲ့အိမ်မှာနေရတာကို နည်းနည်းကြောက်နေပေမယ့် ကွမ်းရှောင်ယွဲ့ရဲ့ စကားတွေကိုကြားတော့ စိတ်သက်သာရာရသွားတယ်။ သူ့ဖုန်းရဲ့ဓာတ်မီးကိုဖွင့်ပြီး လှေကားပေါ်ထိုးကြည့်လိုက်တော့လည်း ဒုတိယထပ်ကိုတက်တဲ့လှေကားတွေက တကယ်ပြိုကျနေတယ်ဆိုတာကို အတည်ပြုလိုက်နိုင်ပြီး ဇွန်ဘီတွေတက်မလာနိုင်အောင် ကာကွယ်ပေးနိုင်နေတယ်။
"ရှင့်ဖုန်းက ပါဝါရှိနေသေးတာလား" ဝမ်ပင်းက သူ့ဖုန်းကို မီးထွန်းဖို့သုံးနေတာကိုမြင်တော့ ကွမ်းရှောင်ယွဲ့ အံ့သြသင့်စွာနဲ့ လှမ်း မေးလိုက်တယ်။ လျှပ်စစ်မီးတွေ ပြတ်တောက်သွားပြီးကတည်းက ဘယ်လျှပ်စစ်ပစ္စည်းတွေကိုမှ လုံးဝသုံးစွဲလို့ မရတော့ပါဘူး။
" ဟုတ်တယ်လေ"
" ဒါဆို ရှင့်ရဲ့ဖုန်းထဲမှာ သီချင်းတွေရော ရှိလား "
"ရှိတယ်လေ ၊ နားထောင်ချင်လို့လား"
ကွမ်းရှောင်ယွဲ့ရဲ့ စိတ်လှုပ်ရှားသွားတဲ့ ပုံစံကိုမြင်တော့ ဝမ်ပင်းက သူမရဲ့ခံစားချက်တွေကို နားလည်မိလိုက်ပြီး ဖုန်းကို သူမဆီ ပေးလိုက်တယ်။
"တ...တကယ်ပဲ သီချင်းနားထောင်လို့ရတာလား"လို့ ကွမ်းရှောင်ယွဲ့က မယုံကြည်နိုင်စွာမေးသည်။
"ရတာပေါ့... နားကြပ်လေးတပ်ပြီး နားထောင်ကြည့်လိုက်ဦး"
"ကျေးဇူးအများကြီးတင်ပါတယ်"
ကွမ်းရှောင်ယွဲ့က ဖုန်းကို စိတ်လှုပ်ရှားစွာနဲ့ယူလိုက်ပြီး ချက်ချင်းပဲ နားကြပ်တပ်ကာ တစ်ခါမှမကြားဖူးသော သီချင်းတစ်ပုဒ်ကို ရွေးချယ်ကာ ဖွင့်လိုက်သည်။
သီချင်းသံလေး စတင်ထွက်ပေါ်တာနဲ့ ကွမ်းရှောင်ယွဲ့ရဲ့ မျက်လုံးတွေကနီရဲသွားပြီး မကြာခင်မှာပဲ မျက်ရည်တွေစီးကျလာတယ်။
" ဟေး.... မငိုနဲ့လေ"
" ကျေးဇူးတင်ပါတယ်... ကျွန်မ သီချင်းသံကိုမကြားရတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီပဲ"
"ရပါတယ်။မင်း သီချင်းနားထောင်ချင်သေးတယ်ဆိုရင် နောက်တစ်ခါ ငါလာတဲ့အခါကြရင် ဖုန်းနဲ့ power bank ယူလာခဲ့ပေးမယ်"
"တကယ်လားဟင်"
"သေချာတာပေါ့"
" ကျေးဇူးတင်ပါတယ်"
"ငါပြောပြီးပြီလေ ၊ ဒီလောက်ထိ အားနာပြီး ယဉ်ကျေးနေစရာမလိုဘူးလို့"
"အင်း ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်၊ ဒီသီချင်းက အရမ်းကို လှပလွန်းတယ်"
ကွမ်းရှောင်ယွဲ့က သီချင်းကို သံစဉ်လေးအတိုင်း တိုးတိုးလေးညည်းရင်း နောက်ဆုံးတော့ အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အမူအရာကိုပြသလာသည်။
နှစ်ပေါင်းများစွာတိုင်တိုင်... သူမဟာ အလွန်အမင်း တင်းမာလှတဲ့ ပတ်ဝန်းကျင်ထဲမှာပဲ ရှင်သန်ခဲ့ရတာဖြစ်ပြီး ဇွန်ဘီတွေကိုရော ၊ လူသားအချင်းချင်းကိုပါ အမြဲတမ်း သံသယစိတ်နဲ့ ကာကွယ်စောင့်ရှောက်နေခဲ့ရတာကြောင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်လှတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။
ယခုအခါတွင် ကြာမြင့်စွာပျောက်ဆုံးနေခဲ့သော လွမ်းဆွတ်ဖွယ်ရာ သီချင်းသံစဉ်လေးကို နားထောင်ရခြင်းက သူမရဲ့နှလုံးသားကို ဖွင့်လှစ်စေနိုင်ခဲ့ပြီး သူမရဲ့ငယ်ရွယ်စဉ်ဘဝကို ပြန်အမှတ်ရစေခဲ့တယ်။
ဝမ်ပင်းက သူမကိုပြုံးကာ ကြည့်နေတာကိုမြင်တော့ ကွမ်းရှောင်ယွဲ့သည် ရှက်ရွံ့မှုကြောင့် မျက်နှာကနီရဲသွားပြီး နားကြပ်တစ်ဖက်ကို ထုတ်ယူကာ ဝမ်ပင်းကို ပေးလိုက်တယ်။ ဝမ်ပင်းက ပြုံးပြီး နားကြပ်ကိုတပ်လိုက်ကာ နှစ်ယောက်သားက နံရံကိုမှီထားပြီး သီချင်းတစ်ပုဒ်တည်းကို ပျော်ရွှင်စွာ အတူနားထောင်နေကြသည်။
"ကောင်းပြီ၊ အစ်ကိုဝမ်၊ အခုတော့ ဖုန်းကိုပိတ်ပြီး သိမ်းထားလိုက်တော့"
"ဘာဖြစ်လို့လဲ ၊ မင်းဆက်ပြီး နားမထောင်ချင်တော့ဘူးလား"
"မဟုတ်ဘူး ၊ သီချင်းဖွင့်ရင် ဖုန်းဘက်ထရီအားတွေ အများကြီး ကုန်ဆုံးသွားမှာလေ။ ကျွန်မတို့က ဖုန်းအားကို ချွေတာရမယ် မဟုတ်ဘူးလား"
"ဟုတ်သားပဲ"
ဝမ်ပင်းက သူမ ပြောတာကမှန်ကြောင်းကို သဘောပေါက်လိုက်တယ်။ ဒီတစ်ခါမှာတော့ သူက တစ်သောင်းမီလီအမ်ပီယာ အားသွင်းကိရိယာပဲ ယူလာတာဖြစ်ပြီး သူတို့သာ ဖုန်းအားကိုမချွေတာဘူးဆိုရင် ခုနစ်ရက်လောက်အထိ ခံမှာမဟုတ်ဘူး။