← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း-(၉)

‎

‎"ကဲ... အခုတော့ ကျားခေါင်းဂိုဏ်းအကြောင်းကို မင်း ငါ့ကို ပြောပြပေးနိုင်မလား"လို့ ဝမ်ပင်းကမေးလိုက်တယ်။

‎

‎"ကျားခေါင်းဂိုဏ်းက ကျွန်မတို့မြို့ရဲ့အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားတဲ့ အဓိကဂိုဏ်းလေးခုထဲက တစ်ခုပဲ။ ဂိုဏ်းရဲ့ခေါင်းဆောင်က အစ်ကိုဟူလို့ခေါ်ပြီး သူ့ရဲ့လက်အောက်မှာ လူခြောက်ဆယ်ကျော်ရှိတယ်။ သူတို့မှာက သေနတ်ဆယ်လက်ကျော်လောက် ရှိပုံရတာကြောင့် အတော်လေးတော့ ကြောက်စရာကောင်းတယ်။ အဲဒီနေ့တုန်းက ရှင့်ကိုဝိုင်းထားတဲ့ လူသုံးယောက်ကလည်း ကျားခေါင်းဂိုဏ်းကပဲလေ။ သတင်းမပြန့်သွားအောင်ဆိုပြီး အဲဒီလူကို လိုက်ဖမ်းစေချင်ခဲ့ပေမယ့် နှမြောစရာကောင်းတာက သူတို့လွတ်သွားတယ်"

‎

‎" ဒါဆို သူတို့က မင်းဘယ်မှာ နေလဲဆိုတာကို သိကြတာလား"

‎

‎"အင်း... လမ်းကြောင်း အကြမ်းဖျင်းကိုတော့ သိကြတယ်၊။ ဒါပေမယ့် နေရာအတိအကျကိုတော့ သူတို့ မသိဘူး"

‎

‎

‎"ကျားခေါင်းဂိုဏ်းရဲ့ စခန်းက ဘယ်မှာလဲ"

‎

‎

‎"အနောက်ဘက်ဧရိယာက ခုနှစ်ရောင်ခြယ်ဉယျာဉ်ရဲ့ အမြင့်ဆုံးအဆောက်အအုံမှာ ရှိတယ်။ အဲဒီအဆောက်အအုံက အရမ်းခိုင်ခံ့ပြီး အရင်ကဆို စူပါမားကတ်ကြီးတစ်ခု ရှိခဲ့ဖူးတယ်။အဲဒီအဆောက်အအုံကို သူတို့ သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာတော့ အဲဒီမှာရှိတဲ့ ပစ္စည်းအားလုံးက သူတို့အပိုင်ဖြစ်သွားတယ်"

‎

‎

‎ဒါကိုကြားတော့ ဝမ်ပင်းသည် ချက်ချင်းပဲ လက်စားချေဖို့အကြံကို ပယ်ချလိုက်တယ်။ လူခြောက်ဆယ်ကျော်ရယ် သေနတ်ဆယ်လက်ကျော်ရယ်နဲ့အဖွဲ့ဟာ သူတစ်‌ယောက်ထဲ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။

‎

‎

ကွမ်းရှောင်ယွဲ့က ‎ကျားခေါင်းဂိုဏ်းအပြင် ၊ အခြားဂိုဏ်းသုံးဂိုဏ်းနှင့်လည်း ဝမ်ပင်းကို မိတ်ဆက်ပေးခဲ့တယ်။ အရှေ့ဘက်ဧရိယာရှိ သဲမုန်တိုင်းဂိုဏ်းက အင်အားအကောင်းဆုံးဖြစ်ပြီး အစ်ကိုချင် ဦးဆောင်ကာ လူတစ်ရာကျော်နှင့် သေနတ်နှစ်ဆယ်ကျော်ရှိသည်။ နောက်တစ်ခုကတော့ မြောက်ဘက်ရှိအစ်ကိုရှောင်ဦးဆောင်သော ဧရာမ ဝက်ဝံဂိုဏ်းဖြစ်ပြီး လူတစ်ရာနီးပါးနှင့် သေနတ်တစ်ဒါဇင်ခန့်ရှိသည်။ အားအနည်းဆုံးကတော့ တောင်ဘက်ဧရိယာရှိ အစ်ကိုဖေး ဦးဆောင်သော သိန်းငှက်ဂိုဏ်းဖြစ်ပြီး လူလေးဆယ်ကျော်နှင့် သေနတ်ခုနစ်လက် သို့မဟုတ် ရှစ်လက်သာရှိသည်။ သို့သော် ၎င်းတို့ထံတွင် ဒိုင်းနမိုက်နှင့် လက်ပစ်ဗုံးအချို့လည်း ရှိသောကြောင့် အားအနည်းဆုံးဖြစ်သော်လည်း အခြားဂိုဏ်းများက ၎င်းတို့ကို မနှောင့်ယှက်ရဲကြပေ။

‎

‎

‎ဤဂိုဏ်းလေးခုက မြို့ရဲ့အစိတ်အပိုင်းတစ်ခုစီကို ထိန်းချုပ်ထားပြီး အချင်းချင်းရဲ့နယ်မြေများကို ကျူးကျော်ခြင်းမပြုခဲ့ပါ။

‎

‎

‎ဒီဂိုဏ်းလေးခုအပြင် တစ်ကိုယ်တည်း သီးသန့်နေထိုင်သူတချို့လည်း ရှိပါသေးတယ်။ သူတို့ဟာ အုပ်စုငယ်လေးတွေ စုဝေးကာနေကြတယ်။ ဒါမှမဟုတ်ရင်လည်း ကွမ်းရှောင်ယွဲ့လိုမျိုး တစ်ယောက်တည်း နေထိုင်နေကြတာပါ။မြို့ထဲက လက်ရှိလူအရေအတွက်မှာ လူတစ်ထောင်တောင် မကျန်တော့ပါဘူး။

‎

‎

‎လူပေါင်းနှစ်သန်းထဲက အများစုဟာ ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး တချို့ကတော့ တခြားနေရာတွေကို ထွက်ပြေးသွားခဲ့ကြပါတယ်။

‎

တစ်ချိန်တုန်းကဆိုရင် ‎ဒီမြို့မှာ လူဦးရေနှစ်သန်းကျော် ရှိခဲ့ပေမယ့် အခုချိန်မှာတော့ လူဦးရေက တစ်ထောင်အောက်သာ ရှိတော့တယ်ဆိုတာကိုကြားတော့ ဝမ်ပင်းမှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ဘူး။

‎

‎ကွမ်းရှောင်ယွဲ့ရဲ့ ရှင်းပြချက်တွေကို နားထောင်ပြီးနောက်မှာတော့ ဝမ်ပင်းလည်း မြို့ရဲ့အကြောင်းကို အကြမ်းဖျင်း နားလည်သွားသည်။

‎

‎"ဒါနဲ့ ၊ ဒီမြို့ထဲမှာ အဖိုးတန်ပစ္စည်းတွေ သိုလှောင်ထားတဲ့ဘဏ်မြေအောက်ခန်း ရှိမရှိကို မင်းသိလား"

‎

‎

‎"ကျွန်မလည်း သေချာမသိဘူး။ ဘဏ်ဝန်ဆောင်မှုခန်းမတွေကို ကျွန်မအရင်က သွားရှာဖွေခဲ့ဖူးတယ်။ အသုံးမဝင်တဲ့ပိုက်ဆံတချို့ကလွဲရင် ဘာမှမရှိတော့ဘူး။ ကမ္ဘာပျက်ကပ် စဖြစ်ခါစတုန်းက ဘဏ်တွေအကုန်လုံး လုယက်ခံလိုက်ရပြီး အဖိုးတန်ပစ္စည်းတွေအားလုံးလည်း ယူဆောင်သွားခံလိုက်ရတယ် ထင်တယ်။ တစ်ကယ်လို့ ရွှေတွေရှိနေသေးတဲ့နေရာတစ်ခု ရှိနေသေးတယ်ဆိုရင်တောင် အရှေ့ဘက်ဧရိယာက သဲမုန်တိုင်းဂိုဏ်းရှိတဲ့ အဆောက်အဦးပဲဖြစ်လိမ့်မယ်။ ဒါက ဒီနေရာမှာ အကြီးဆုံးဘဏ်အဆောက်အဦးတစ်ခု ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ အဲဒီမှာ ငွေသယ်တဲ့ သံချပ်ကာကားတွေကိုပါ အမြဲတမ်း သိမ်းဆည်းထားတတ်တယ်လို့ ကြားဖူးတယ်"

‎

‎"ဪ... ဒီလိုလား၊ ဒါဆိုရင်တော့ ရွှေတွေကို အဲဒီနေရာက‌ နေရွှေ့ဖို့က နည်းနည်းတော့ ဒုက္ခရောက်မယ့်ပုံပဲ"

‎

‎

‎"အဲဒီစိတ်ကူးကို လက်လျော့လိုက်ဖို့ပဲ ကျွန်မကတော့ အကြံပေးချင်တယ်။ သဲမုန်တိုင်းဂိုဏ်းကို ပေါ့ပေါ့တန်တန် သွားမဆက်ဆံသင့်ဘူး"

‎

‎"သိပါပြီ... ကဲ၊ အိပ်ကြစို့"

‎"ကောင်းပြီ"

‎

သူတို့နှစ်ယောက်က အခန်းတစ်ခန်းစီမှာ ခွဲပြီး အိပ်လိုက်ကြတယ်။ အောက်ထပ်က ဇွန်ဘီတွေရဲ့ ဟိန်းဟောက်ညည်းတွားသံတွေကို ကြားနေရတော့ ဝမ်ပင်းတစ်ယောက် အိပ်ပျော်ဖို့ ခက်ခဲနေတယ်။ တခြားနည်းလမ်းမရှိတာကြောင့် ဖုန်းကို ထုတ်ယူကာ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်းသာ အိပ်စက်ခဲ့ရတော့တယ်။

‎

‎

အဲဒီညမှာတင် ကျားခေါင်းဂိုဏ်းကလူတွေဟာ ဗီလာအိမ်ရာဧရိယာတစ်ခုလုံးရဲ့ အနှံ့အပြားကို လိုက်လံရှာဖွေခဲ့ကြပေမဲ့ သူတို့နှစ်ယောက်ကို လုံးဝ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီအပြင် သူတို့ဘက်က လူတစ်ယောက်က သေဆုံးသွားခဲ့ပြီး သုံးယောက်က ဒဏ်ရာရရှိခဲ့တာကြောင့် ဂိုဏ်းခေါင်းဆောင် အစ်ကိုဟူ တစ်ယောက် အလွန်အမင်း ဒေါသထွက်သွားခဲ့ပါတော့တယ်။

‎

‎

ကွမ်းရှောင်ယွဲ့ နှင့် ဝမ်ပင်းတို့ရဲ့ တည်နေရာကို သတင်းအချက်အလက်ပေးသူတိုင်းအား ဝိုင်နီတစ်ပုလင်းနဲ့ ဆန်တစ်အိတ် ဆုချီးမြှင့်မယ်လို့ သူက သတင်းထုတ်ပြန်ခဲ့တယ်။သီးသန့်နေထိုင်ကြတဲ့ ‎အနောက်ဘက်ခြမ်းက သူတွေဟာ ဒီသတင်းကိုကြားတော့ စိတ်လှုပ်ရှားသွားကြပါတယ်။ရိက္ခာခွဲတမ်းအဖြစ် ဆန်အိတ်တစ်အိတ်ကိုသာပေးရင်တောင် လူတစ်ယောက်ဟာ တစ်လ ဒါမှမဟုတ် နှစ်လလောက်အထိ စားသုံးနိုင်ပါတယ်။ အနီရောင်ဝိုင်ဆို ပိုပြီးတောင် လိုချင်တပ်မက်စရာကောင်းပါသေးတယ်။ အခုလို ကမ္ဘာပျက်ကပ်ကြီးထဲမှာတောါ ဝိုင်နီဆိုတာဟာ လူတိုင်းမသောက်သုံးနိုင်တဲ့ ဇိမ်ခံပစ္စည်း တစ်ခု ဖြစ်နေလို့ ဖြစ်ပါတယ်။

‎

‎

ကျားခေါင်းဂိုဏ်းရဲ့ အဖွဲ့ဝင်တွေတောင်မှ ဂိုဏ်းအတွက် ထူးချွန်တဲ့ အကျိုးဆောင်မှု ပြုလုပ်နိုင်မှသာ အဲဒီဝိုင်တစ်ပုလင်းကို ဆုလာဘ်အဖြစ် ရရှိနိုင်ကြတာ ဖြစ်ပါတယ်။

‎

‎ခဏတာအတွင်းပဲ အနောက်ဘက်ခြမ်းက သီးသန့်နေထိုင်သူအများအပြားဟာ ဆုလာဘ်ရဖို့အတွက် ကွမ်းရှောင်ယွဲ့ နှင့် ဝမ်ပင်းတို့ရဲ့ နေရာကိုရှာဖွေရန် ထွက်လာခဲ့ကြသည်။

‎မူလတုန်းကတော့ ကွမ်းရှောင်ယွဲ့သည် နောက်တစ်နေ့မှာ လက်ဝတ်ရတနာနှင့် ရွှေရှာဖို့အတွက် ဝမ်ပင်းကို ခေါ်သွားဖို့ စီစဉ်ထားပေမယ့် အောက်ထပ်က လမ်းမပေါ်မှာ လူတွေ မကြာခဏ ဖြတ်သွားနေတာကို မြင်တော့ သူမ စိုးရိမ်သွားတယ်။

‎

အရင်တုန်းကဆိုရင် လမ်းပေါ်မှာ လူတစ်ယောက်ကိုမြင်ရဖို့ဆိုတာက အလွန်ရှားပါးလှပေမဲ့ အခုတော့ ဒီမနက်ခင်းတစ်ခုတည်းမှာတင် သူတို့ရှိနေတဲ့ အဆောက်အအုံငယ်လေးရဲ့ ရှေ့ကနေ လူ ဆယ်ယောက်ထက်မက ဖြတ်သန်းသွားခဲ့ကြတာဖြစ်လို့ ဒါဟာ တကယ့်ကို ပုံမှန်မဟုတ်တဲ့ အခြေအနေ ဖြစ်နေခဲ့ပါပြီ။

‎

‎

All Chapters