အခန်း ၁၁
Vol. 2 Ch. 11
အခန်း-(၁၁)
မကြာခင်မှာပဲ လက်တွေ့ကမ္ဘာဆီကို ဝမ်ပင်းပြန်သွားရမယ့် အချိန်အပိုင်းအခြားရောက်လာခဲ့တယ်။ သူက ကွမ်းရှောင်ယွဲ့ကို အနားသို့ ခေါ်လိုက်ပြီး တည်ကြည်လေးနက်တဲ့ လေသံနဲ့ "ငါ ဒီစားစရာတွေနဲ့ သောက်စရာတွေအကုန်လုံးကို မင်းအတွက် ချန်ထားခဲ့မယ်" လို့ ပြောလိုက်တယ်။
"ဘာဖြစ်လို့လဲ... မဟုတ်တာ အစ်ကိုဝမ် ၊ တကယ်လို့ အစ်ကိုကသာ စားစရာနဲ့ ရေတွေအကုန်လုံးကို ကျွန်မဆီ ပေးခဲ့ရင် အစ်ကိုကကော ဘာစားပြီး ဘာသောက်မှာလဲ "
"အဲဒါအတွက် စိတ်မပူပါနဲ့။ အစားအစာတွေယူပြီး ပုန်းနေလိုက်။ မင်းကိုရှာဖို့ ခုနစ်ရက်အတွင်း ငါဒီကိုပြန်လာပါ့မယ်။ ခုနစ်ရက်မြောက်နေ့အထိ မင်းအသက်ရှင်နေသေးတယ်ဆိုရင်... ငါနဲ့တွေ့ဖို့ ဒီနေရာကို ပြန်လာခဲ့ဖို့ မှတ်ထားပါ "
"ဘာကြီးလဲ... အစ်ကိုဝမ်က ဘယ်သွားမလို့လဲ။ ကျွန်မကိုရော ခေါ်သွားပေးနိုင်မလား"
"စိတ်မကောင်းပါဘူး... မင်းကိုတော့ ခေါ်သွားလို့ မရဘူး။ ဒါပေမဲ့ စိတ်ချပါ ခုနစ်ရက်မြောက်နေ့မှာ ငါပြန်လာခဲ့မယ်။ ပြီးတော့ စားစရာတွေနဲ့ တခြားလိုအပ်တဲ့ ရိက္ခာပစ္စည်းတွေကိုပါ ယူလာခဲ့မယ်"
" ဒါဆိုလည်း ကောင်းပါပြီ။ အစ်ကိုဝမ်၊ လမ်းခရီးမှာ ဘေးကင်းအောင် ဂရုစိုက်ပါနော်"
"အင်း"
ဝမ်ပင်းက စားစရာနှင့် သောက်စရာအားလုံးကို ကွမ်းရှောင်ယွဲ့ဆီပေးလိုက်ပြီးနောက် သူ့အခန်းထဲကိုပြန်ဝင်သွားကာ တံခါးကို အသေအချာပိတ်လိုက်တော့တယ်။
ကွမ်းရှောင်ယွဲ့က ဝမ်ပင်းအတွက် စိုးရိမ်ပန်ပူနေမိပေမယ့် နောက်ဆုံးမှာတော့ သူ့ကိုပဲ ယုံကြည်ဖို့ ရွေးချယ်ပြီး သူမရဲ့အခန်းထဲကို ပြန်သွားလိုက်တယ်။သူမဟာ တစ်ညလုံး မျက်စိမမှိတ်ဘဲ ဝမ်ပင်းရဲ့ အခန်းထဲကနေ ထွက်ပေါ်လာမယ့် အသံဗလံမှန်သမျှကို တိတ်တဆိတ် နားစွင့်နေခဲ့မိတယ်။
တစ်ဖက်မှာတော့... အခန်းထဲပြန်ရောက်နေတဲ့ ဝမ်ပင်းသည် 'စနစ်' ပေါ်က ပြန်ရမယ့်အချိန်ရေတွက်မှုကို စူးစိုက်ကြည့်နေခဲ့တယ်။
အမှန်တော့ သူ ပြန်လာမယ့်နေရာကို ကွမ်းရှောင်ယွဲ့ကို မပြောပြသင့်ပါဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ သူမနဲ့အတူ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့... သူမအပေါ် အလွန်ကောင်းမွန်တဲ့ အထင်အမြင် ရှိသွားခဲ့ပြီး စိတ်ချအားကိုးရတဲ့သူတစ်ယောက်လို့ ခံစားလိုက်ရလို့ ဖြစ်ပါတယ်။
အဲဒီအပြင်... ကွမ်းရှောင်ယွဲ့ကို အခုလို ပြဿနာတွင်းထဲ ဆွဲသွင်းမိခဲ့တာက မိမိကြောင့်ဖြစ်တယ်လို့ သူ ခံစားနေရတာကြောင့်လည်း ပါဝင်ပါတယ်။ တကယ်လို့သာ သူနှင့်သာ မဆုံခဲ့ရင် သူမဟာ ကျားခေါင်းဂိုဏ်းရဲ့ ပစ်မှတ်ထားခြင်းကို ခံရမှာ မဟုတ်ပါဘူး။
အချိန်ပြည့်သွားတာနဲ့တစ်ပြိုင်နက် ဝမ်ပင်းဟာ လက်တွေ့ကမ္ဘာကို ပြန်ဖို့ ရွေးချယ်လိုက်ရာကနေ ကျောင်းဝင်းထဲက တောအုပ်ငယ်လေးထဲမှာ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာခဲ့ပါတော့တယ်။
သူ့ရဲ့ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် တောအုပ်ထဲမှာ ချစ်တင်းနှီးနှောနေကြတဲ့ စုံတွဲတစ်တွဲဟာ လန့်ဖျန့်သွားခဲ့ပါတယ်။ ဝမ်ပင်းလည်း သူ့ရဲ့ ကျောပိုးအိတ်ကို ဆွဲကိုင်ရင်း အဲဒီနေရာကနေ အမြန်ဆုံးပဲ ထွက်ပြေးခဲ့ရတော့တယ်။
အကွာအဝေးတစ်ခုထိကို ပြေးပြီးတဲ့နောက်တော့မှ သူက ကောင်းကင်ကိုမော့ကြည့်ပြီး သဘောကျစွာရယ်မောလိုက်သည်။
လက်တွေ့ကမ္ဘာကို ပြန်ရောက်လာတဲ့အခါတွင် ကပ်ဘေးတစ်ခုကနေ လွတ်မြောက်လာသလိုခံစားလိုက်ရပြီး စိတ်သက်သာရာရသွားသည်။
ပျက်သုဉ်းပြီးကမ္ဘာမှာ ခုနစ်ရက်ကြာနေထိုင်ရခြင်းက သူဘဝတစ်ခုလုံးကုန်ဆုံးသွားသလိုပဲ ခံစားရတယ်။ အဲဒီရက်တွေအတွင်းမှာ သူ အများကြီးသင်ယူခဲ့ရပါတယ်။ ခွန်အား၊ တည်ငြိမ်မှု၊ ဆင်ခြင်တုံတရားနှင့် ယုံကြည်မှုတွေပါ။ ဒါက တကယ့်ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခုပါ။
အဲဒီအပြင်... အခု သူ့ရဲ့ ကျောပိုးအိတ်ထဲမှာ ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ ရှိနေခဲ့ပါပြီ။ ဒါတွေကိုသာ ရောင်းချလိုက်မယ်ဆိုရင် သူဟာ ချက်ချင်းပဲ ဘီလျံနာသူဌေးကြီးတစ်ဦး ဖြစ်လာနိုင်တော့မှာပါ။
သူ့ကျောပိုးအိတ်ထဲက လက်ဝတ်ရတနာတွေအကြောင်းကို စဉ်းစားရင်း သူ့ချစ်သူမိန်းကလေး ကျောက်ချန်ကို သတိရသွားတယ်။ သူ့ဖုန်းကိုထုတ်ပြီး သူမရဲ့ဖုန်းနံပါတ်ကို နှိပ်လိုက်တယ်။သူ ရုတ်တရက် အဆမတန် ချမ်းသာကြွယ်ဝသွားတဲ့ သတင်းကို ပြောပြချင်နေသလို တန်ဖိုးအကြီးဆုံး စိန်လက်ဝတ်ရတနာ အစုံလိုက်ကိုလည်း စေ့စပ်ပွဲလက်ဆောင်အဖြစ် ပေးအပ်ချင်နေခဲ့တာ ဖြစ်ပါတယ်။
"ဟဲလို ၊ ကျောက်ချန် ကိုယ်ပြန်ရောက်ပြီ။ ဘယ်မှာလဲ ကိုယ် မင်းကို တကယ်ပဲ တွေ့ချင်နေတယ်"
"အိုး... ဝမ်ပင်း။ ကောင်းပြီလေ ကျောင်းရဲ့တောင်ဘက်ဂိတ်ရဲ့ တစ်ဖက်က Tuberose ကော်ဖီဆိုင်ကို လာခဲ့။ ငါဒီမှာ မင်းကိုစောင့်နေမယ်"
"ကောင်းပြီ၊ ကိုယ် မကြာခင်ရောက်လာမယ်"
ဖုန်းချပြီးချက်ချင်းပဲ ဝမ်ပင်းက တောင်ဘက်တံခါးရဲ့ မျက်နှာချင်းဆိုင်ရှိ Tuberose ကော်ဖီဆိုင်သို့ အလျင်အမြန် ဦးတည်သွားလိုက်သည်။
***
တစ်ချိန်တည်းမှာပဲ ကျောက်ချန်ရဲ့မျက်နှာချင်းဆိုင်မှာ ငယ်ရွယ်ချောမောပြီး အထက်တန်းလွှာ သူဌေးသားလေး တစ်ဦး ထိုင်နေသည်။
ကျောက်ချန်ရဲ့ စကားကိုကြားသောအခါတွင် ထိုလူငယ်က ခပ်အေးအေးပဲ ပြုံးလိုက်ပြီး လှမ်းမေးတယ်။
" မင်း သူ့ကို တကယ်ပဲ လမ်းခွဲစကား ပြောတော့မှာလား "
"ဟုတ်တယ် ၊ ဒီနေ့က အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောရမယ့်အချိန်ရောက်ပြီ။ ဒီနေ့ပြီးသွားရင်တော့ ကျွန်မက သူနဲ့ ဘာမှ မပတ်သက်တော့ဘူး"
"ဒါမှ ငါ့အချစ်လေးကွ ။ ငါ မင်းကို အမြဲပြောသားပဲ... အဲဒီကောင်ကို အမှိုက်ပုံးထဲ အမြန်ဆုံး ကန်ထုတ်ပစ်ပြီး ငါ့ဆီကို စောစောစီးစီး လာခဲ့ပါတော့ဆိုတာကို"
တစ်ဖက်မှာတော့ ဝမ်ပင်းဟာ ကျားခေါင်းဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးမှုကနေ အသည်းအသန် ထွက်ပြေးခဲ့ရတာဖြစ်လို့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ အဝတ်အစားတွေက ညစ်ပတ်ပေရေနေခဲ့ပြီး လမ်းဘေးက ဖြတ်သန်းသွားလာသူ အများစုကလည်း သူ့ကို ဝိုင်းပြီး ကြည့်နေခဲ့ကြတယ်။
ဝမ်ပင်းက စပ်စုသောအကြည့်များကို လျစ်လျူရှုထားပြီး Tuberose ကော်ဖီဆိုင်ကိုပဲ အလျင်အမြန်သွားလိုက်သည်။
သူ ဆိုင်တံခါးဝကို ရောက်တဲ့အခါမှာတော့ မှန်ကတစ်ဆင့် ဆိုင်ထဲသို့ လှမ်းကြည့်လိုက်ရာ ကျောက်ချန်ရဲ့ မျက်နှာချင်းဆိုင်မှာ ခန့်ညားလှတဲ့ လူငယ်တစ်ယောက် ထိုင်နေပြီး နှစ်ယောက်သားက ရယ်ရယ်မောမော စကားပြောနေကြတာကို မြင်လိုက်ရတာကြောင့် သူ ချက်ချင်းပဲ သံသယစိတ် ဝင်သွားခဲ့ရတော့တယ်။