အခန်း ၁၃
Vol. 2 Ch. 13
အခန်း-(၁၃)
ဝမ်ပင်းသည် ကော်ဖီဆိုင်ထဲကနေ ထွက်ခွာလာခဲ့ပြီးနောက်တွင် ရင်ထဲမှာ နည်းနည်းမှ စိတ်မကောင်းမဖြစ်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာက ဒီထက်မက ပိုပြီးတော့ အရေးကြီးလှတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ ရှိနေလို့ ဖြစ်ပါတယ်။
အမှန်တော့ သူက ကျောက်ချန်ကို ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ လက်ဆောင်ပေးဖို့ ကြိုတင်ပြင်ဆင်ထားခဲ့တာပါ။ဒါပေမဲ့ နှမြောစရာကောင်းတာက သူမမှာ ဒီလောက်ကောင်းတဲ့ ကံမပါဘူး။ သူမရဲ့ ရည်ရွယ်ချက်တွေကိုထုတ်ဖော်ဖို့ နောက်ထပ်တစ်ရက်ပဲ စောင့်ခဲ့ရင်တောင်မှ ဒီလည်ဆွဲက သူမအပိုင်ပဲဖြစ်သွားမှာပါ။
***
ဝမ်ပင်းက သူ့ရဲ့ အဆောင်ခန်းဆီကိုပဲ အမြန်ပြန်လာခဲ့သည်။ အဆင်ပြေစွာနဲ့ပဲ အခန်းထဲမှာက လူသူမရှိဘဲ လွတ်လပ်နေတာကြောင့် သူ ရရှိလာတဲ့ ရတနာသိုက်ကြီးကို စိတ်အေးလက်အေးနဲ့ ဖြန့်ခင်းစစ်ဆေးလို့ ရသွားခဲ့ပါတယ်။
ရေချိုးလို့အပြီးမှာတော့ အချိန်အတော်ကြာကတည်း ဝယ်ထားခဲ့တဲ့ ဝတ်စုံပြည့်ကို သူဝတ်ဆင်လိုက်သည်။
တက္ကသိုလ်နောက်ဆုံးနှစ်ကိုနီးကပ်လာချိန်မှာတော့ သူသည်လည်း အလုပ်သင် အလုပ်အကိုင်ကိုရှာဖွေနေပြီး တခြားသူတွေလိုပဲ အင်တာဗျူးအတွက် ဝတ်စုံတစ်စုံ ဝယ်ထားပါတယ်။
သူ သယ်ဆောင်လာတဲ့ လက်ဝတ်ရတနာတွေနှင့် ရွှေတုံးတွေက တစ်ကြိမ်တည်းနဲ့ အကုန်ရောင်းချပစ်ဖို့က အဆမတန် များပြားလွန်းတာကြောင့် သူက ဒီနေ့ညနေပိုင်းမှာ မြို့လယ်ကောင်က လူစည်ကားရာ လမ်းမကြီးဆီကို သွားပြီး၊ ရတနာအချို့ကို အရင်ဆုံး စမ်းသပ်ရောင်းချကြည့်ပြီး ဈေးကွက်အခြေအနေကို အကဲခတ်ဖို့ စိတ်ကူးလိုက်ပါတယ်။
***
ဝမ်ပင်းက ကျောက်မျက်ရတနာ ဆယ်လုံး ၊ လည်ဆွဲနှစ်ကုံးနှင့် ရွှေတုံး ငါးတုံးကိုယူ၍ မြို့လယ်သို့သွားရန် တက္ကစီငှားလိုက်သည်။
အဲဒီနေရာမှာတော့ နိုင်ငံတစ်ဝန်းမှာ နာမည်ကြီးလှတဲ့ ရတနာဆိုင်ကြီးတွေရဲ့ ဆိုင်ခွဲတွေ ရှိနေတာကြောင့် အဲဒီထဲက ဆိုင်တစ်ဆိုင်ဆီသို့ပဲ သူ ဝင်သွားလိုက်ပါတယ်။
"မင်းတို့ရဲ့ မန်နေဂျာ ဒီမှာရှိလား။ ကျွန်တော်က ကိစ္စတစ်ခု ဆွေးနွေးချင်လို့ပါ"
"ကျွန်မတို့ရဲ့ မန်နေဂျာကို ဘာကိစ္စနဲ့ တွေ့ချင်တာပါလဲ။ သူက အခုလောလောဆယ်မှာ တော်တော်လေး အလုပ်ရှုပ်နေပါတယ်။ကိစ္စရှိရင် ကျွန်မနဲ့လည်း စကားပြောလို့ရပါတယ်" အရောင်းဝန်ထမ်းမိန်းကလေးကတော့ ဝမ်ပင်းရဲ့ပုံစံကငယ်ရွယ်ပြီး ကောလိပ်ကျောင်းသားတစ်ယောက်လို ဝတ်စားထားတာကိုမြင်တော့ ချက်ချင်းပဲ စိတ်ဝင်စားမှုကပျောက်ကွယ်သွားပြီး ကျောင်းပွဲတစ်ခုခုအတွက် စပွန်ဆာတောင်းဖို့ ရောက်လာတာလို့ပဲ ယူဆလိုက်တယ်။ အဲဒီလိုလူမျိုးအတွက်နဲ့ မန်နေဂျာကို သူမ မနှောင့်ယှက်ရဲပါဘူး။
" ဒီကိစ္စကို မင်း ဆုံးဖြတ်ချက် မချနိုင်ပါဘူး" ဟုဘဝမ်ပင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" မောင်လေး... မင်း ဘာလိုအပ်လဲဆိုတာကိုသာ အရင်ပြောပြပါ။ ငါက အကုန်လုံးကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ် "
" အော်... တကယ်ပဲလား"
ဝမ်ပင်းက ဒေါသထွက်မနေပါဘူး။ သူက သူ့ရဲ့အိတ်ကပ်ထဲကနေ လက်မထက်အနည်းငယ်ကြီးတဲ့ ရတနာတစ်တုံးကို ထုတ်ယူပြီး ကောင်တာစားပွဲပေါ်သို့ အသာအယာ တင်လိုက်တော့သည်။
ဝန်ထမ်းမိန်းကလေးဟာ အဲဒီကျောက်မျက်ရတနာကို မြင်လိုက်ရတဲ့အခါ ဒါက ကျောက်အတု တစ်လုံးပဲ ဖြစ်ရမယ်လို့ ယူဆပြီး မထီမဲ့မြင်ပြုစွာဖြင့်ပြုံးပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။
ပြီးတော့
"မောင်လေးရေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့ လူတွေကို လိုက်ပြီး လိမ်ညာဖို့ ကြိုးစားနေရတာလဲ "
"မင်းဆုံးဖြတ်ချက်ချလို့မရဘူးလို့ ကျွန်တော်ပြောပြီးပြီပဲ။ကျွန်တော်နဲ့စကားပြောဖို့ မင်းရဲ့မန်နေဂျာကို ဖုန်းဆက်ပြီး ခေါ်လိုက်တာက အကောင်းဆုံးပဲ"
"ကျူးလျူ ဘာတွေဖြစ်နေတာလဲ" တင်းမာနေတဲ့အခြေအနေကို ခံစားမိတဲ့ ဆိုင်ရဲ့ဝန်ထမ်း နောက်ထပ်တစ်ယောက်ကမေးမြန်းဖို့ကို သူတို့ဆီ အလျင်စလိုလျှောက်လာနေတယ်။
"အစ်မဝမ် ၊ ဒီကောင်လေးက ကျွန်မတို့ဆိုင်ကိုလာပြီး ရတနာအတုတွေနဲ့ လိမ်လည်ဖို့ ကြိုးစားနေတယ်"
သူမရဲ့စကားတွေကြောင့် ပတ်ဝန်းကျင်ကဝန်ထမ်းတွေနှင့် ရတနာဆိုင်ထဲကဖောက်သည်တွေရဲ့အကြည့်က ဝမ်ပင်းဆီရောက်လာခဲ့တယ်။
ကောင်တာပေါ်က ကျောက်ကိုမြင်တော့ အစ်မဝမ်ကိုယ်တိုင်ကလည်း ဒါက အတုပဲလို့ စိတ်ထဲမှာတွေးလိုက်မိတာက အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အစစ်သာဆိုရင် ဒီကျောက်ရဲ့ အရည်အသွေးနဲ့ အရွယ်အစားအရဆိုရင် ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိမှာ ဖြစ်ပေမယ့် သူမရှေ့က လူငယ်လေးကတော့ ဒီလို တန်ဖိုးကြီးပစ္စည်းမျိုးကို ပိုင်ဆိုင်နိုင်မယ့် ပုံစံမျိုး လုံးဝ မပေါက်နေတာကြောင့် ဖြစ်ပါတယ်။
သို့သော်လည်း အစ်မဝမ်က ပိုပြီးတည်ငြိမ်ရင့်ကျက်ကာ သူမရဲ့အတွေးများကို ချက်ချင်းမဖော်ပြခဲ့ပေ။ အဲဒီအစား သူမကတော့ ကောင်တာပေါ်က ရတနာကို အသာအယာ ကောက်ယူပြီး သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်တော့တယ်။
တစ်ချက်မျှ ကြည့်လိုက်ရုံနဲ့တင် သူမကထိတ်လန့်သွားပြီး ရတနာကို ကောင်တာပေါ်သို့ ပျာပျာသလဲ ပြန်တင်လိုက်မိတော့သည်။
"မစ္စတာ ၊ ကျေးဇူးပြုပြီး ရှင့်ရဲ့ရတနာကို လုံခြုံအောင် သိမ်းဆည်းထားပါ။ ကျွန်မက မန်နေဂျာကို ချက်ချင်း ခေါ်လာခဲ့ပါ့မယ်"
ဒီလောက်တန်ဖိုးရှိတဲ့ရတနာကို သူမရဲ့လက်ထဲမှာ မကိုင်ထားရဲပါဘူး။ တကယ်လို့သာ သူမ ကိုင်ထားတုန်း တစ်ခုခု ဖြစ်သွားခဲ့ရင်တော့ သူမတစ်သက်လုံး လျော်ရင်တောင် တတ်နိုင်မှာ မဟုတ်တာကြောင့် ဖြစ်ပါတယ်။
"ဘာကြီး... အစ်မဝမ် ၊ အဲဒီကျောက်က အစစ်ကြီးလားဟင်"
ကျူးလျူရဲ့စကားကို ကြားလိုက်ရတဲ့အခါတွင် ဆိုင်ထဲကလူအားလုံးသည် အကြီးအကျယ်ထိတ်လန့်ကာ ဆွံ့အသွားခဲ့ကြရသည်။
အစ်မဝမ်ကတော့ ဘာမှပြန်မပြောဘဲ မန်နေဂျာကို ခေါ်ဖို့အတွက် ဆိုင်အနောက်ဘက်သို့ အပြေးအလွှား ဝင်သွားခဲ့ပါတော့တယ်။
ဝမ်ပင်းရဲ့ရတနာကို အတုလို့စွပ်စွဲခဲ့တဲ့ ကျူးလျူရဲ့မျက်နှာကတော့ဖြူဖျော့သွားခဲ့ပါတယ်။ သူမက ကျောက်ကို အတုဖြစ်တယ်လို့စွပ်စွဲခဲ့ပြီး ဖောက်သည်ကသာ တိုင်ကြားလိုက်ရင် ဒီလအတွက် သူမရဲ့ဘောနပ်စ်တွေ ပျောက်ဆုံးသွားမှာပါ။
ဝမ်ပင်းက ကောင်တာပေါ်ကကျောက်ကို ပြန်ယူဖို့ မလုပ်ခဲ့ပါဘူး။ သူ့မှာက ဒီလိုကျောက်မျိူးတွေ အလုံးပေါင်းများစွာရှိပြီး တစ်လုံးလောက်ကတော့ သူ့အတွက် သိပ်အရေးမကြီးပါဘူး။