← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း-(၁၆)

‎

‎ဝမ်ပင်းက အိမ်ပြန်ဖို့ တက္ကစီတစ်စီး ငှားခဲ့သည်။ အစပိုင်းမှာတော့ တက္ကစီဒရိုင်ဘာက ဝမ်ပင်းရဲ့ အိမ်ရှိရာ အလွန်ဝေးလံခေါင်ဖျားတဲ့ ကျေးလက်တောရွာဆီသို့ မသွားချင်ဘဲ ငြင်းဆန်နေခဲ့ပေမဲ့ ဝမ်ပင်းက ယွမ်တစ်သောင်း ထုတ်ပေးခဲ့ပြီးတဲ့နောက်မှာတော့ ယာဉ်မောင်းက ကားတံခါးကိုတောင် ကိုယ်တိုင် ‌ဆင်းဖွင့်ပေးခဲ့သည်။

‎

‎

ဝမ်ပင်းက ‎ကားထဲမှာပဲ သူ့မိဘတွေဆီကို ဖုန်းဆက်လိုက်ပြီး သူ့မှာ လုပ်စရာတစ်ခုခုရှိလို့ အိမ်ပြန်လာမယ်လို့ပြောကာ ညကြရင် သူ့အတွက် တံခါးဖွင့်ထားပေးဖို့ မှာလိုက်တယ်။

‎

‎သူက ညဘက်ကြီးအိမ်ပြန်လာမယ်ဆိုတာကိုကြားတော့ သူ့မိဘတွေက တစ်ခုခုမှားနေတယ်လို့ ထင်ခဲ့ကြပေမယ့် ဝမ်ပင်းကတော့ ဖုန်းနှင့်ရှင်းပြခြင်းမရှိဘဲ အိမ်ပြန်ရောက်မှ စကားပြောမယ်လို့သာပြောခဲ့သည်။

‎

‎

‎အဲဒီညမှာတော့ သူ့မိဘတွေဟာ အိပ်လို့မပျော်ဘဲ စိုးရိမ်တကြီးဖြင့် ဝမ်ပင်း အိမ်ပြန်ရောက်တဲ့အချိန် မနက် ၁ နာရီကျော်တဲ့အထိ စောင့်နေကြတယ်။

‎

‎

‎သူတို့ရဲ့သားက ရုတ်တရက်ကြီးပြန်လာတာကိုမြင်တော့ မိဘတွေက အရမ်းစိုးရိမ်ပြီး သူ့ကို ဝိုင်းကာမေးခွန်းတွေ တရစပ်မေးကြသည်။

‎

‎

‎"အမေ ၊ အဖေ ၊ ဒါက မာစတာလျိုပါ။ ညဉ့်နက်နေပြီလေ ဒါကြောင့် သူက ဒီညတော့ ကျွန်တော်တို့အိမ်မှာနေပြီး မနက်ဖြန်ကြရင် ကျွန်တော့်ကို ကျောင်းပြန်ပို့လိမ့်မယ်"

‎"ကောင်းပြီ ၊ အမေ မင်းတို့နှစ်ယောက်လုံးအတွက် အိပ်ယာသွားပြင်ပေးလိုက်မယ်"

‎

‎ဧည့်သည်ပါလာတယ်ဆိုတဲ့ စကားကြောင့်... ဝမ်ပင်းရဲ့ အမေဟာ စိုးရိမ်စိတ်တွေကို ခဏဘေးဖယ်ထားလိုက်ပြီး အိမ်ကို သေသေချာချာ အလျင်အမြန် သန့်ရှင်းရေးလုပ်ကာ အိပ်ရာပြင်ပေးခဲ့ပါတယ်။

‎

‎မာစတာလျိုကို နေရာချပေးပြီးနောက်တော့မှ ဝမ်ပင်းက မိဘများကို သူ့အခန်းထဲကိုခေါ်သွားပြီး တံခါးကို သေသေချာချာပိတ်ကာ "အမေ၊ အဖေ၊ ကျွန်တော်မှာ ပြောစရာတစ်ခုရှိတယ်။ ကျေးဇူးပြုပြီး မအော်ပါနဲ့ ၊ ဘယ်သူကမှ မကြားသွားအောင်လည်း သတိထားပါ" ဟု တိုးတိုးလေး သတိပေးလိုက်တယ်။

‎

‎

‎"ကောင်းပြီ ၊ ငါတို့သိပါတယ်။ ဘာတွေဖြစ်နေတာလဲ။ မင်းက အခုလို ပုံစံလုပ်နေတော့ အမေဖြင့် ရင်တုန်လိုက်တာ"

‎

‎" ဒီလိုပါ အဖေနဲ့အမေ... ကျွန်တော့်မှာ ထီဆုအကြီးကြီး ပေါက်သွားတယ်"

‎

‎"ဘာကြီး.. မင်းမှာ ထီပေါက်တယ်ဟုတ်လား။ ဘယ်လောက် တောင်လဲ"

‎"ယွမ်သန်းပေါင်းများစွာ"

‎

‎

‎"ဘယ်လောက် ၊ ယွမ်သန်းပေါင်းများစွာကြီးတောင် ဟုတ်လား"

‎

‎

‎"အဘွားကြီး ၊ မင်းရဲ့အသံကို တိုးထား ၊ ဘယ်သူကမှ မကြားသွားအောင် သတိထားအုံး" အဖေဖြစ်သူ ပျာပျာသလဲနဲ့ သူ့ဇနီးကို လှမ်းပြီး တားဆီးလိုက်ရတယ်။

‎

‎" ရပါတယ် ။ အဖေ မနက်ဖြန်ကြရင် ပိုက်ဆံတချို့ကို အိမ်ဆီ လွှံလိုက်မယ်။ အဲဒါကို ကောင်းမွန်တဲ့ အစားအစာတွေ၊ အဝတ်အစားတွေ ဝယ်ဖို့နဲ့ အိမ်ကို ပြန်ဆောက်ဖို့ပါ သုံးလိုက်"

‎

‎"အစားအစာနဲ့ အဝတ်အစားတွေကို မေ့ထားလိုက်၊ ဒါပေမယ့် အိမ်ကိုတော့ ပြန်ဆောက်သင့်တယ်။ ဒါမှ မင်းလည်း မိန်းမတစ်ယောက်လောက် အိမ်ပြန်ခေါ်လာနိုင်မယ်"

‎

‎

‎သူ့မိဘတွေက ပိုက်ဆံရှိတယ်ဆိုတဲ့အချက်ကို မြန်မြန်လက်ခံလိုက်တာကိုမြင်တော့ ဝမ်ပင်း ပျော်သွားတယ်။

‎

အမှန်တရားကို သူတို့ဆီ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ မဟုတ်ပေမယ့် တကယ့်ဇာတ်လမ်းက သူတို့ကို ကြောက်လန့်စေမှာကို သူကြောက်နေခဲ့တယ်။

‎

‎ညဉ့်နက်နေပြီကိုမြင်တော့ သူ့မိဘတွေက အိပ်ရာဝင်သွားကြတယ်။

‎

‎ဝမ်ပင်းရဲ့မိသားစုက ချမ်းသာပုံမပေါ်ဘူးဆိုတာ မာစတာလျို သတိထားမိတာကြောင့် သူ့ကို အံ့သြစေခဲ့ပေမယ့် သူ့မှာပိုက်ဆံရနေတာကြောင့် မေးခွန်းတွေ မမေးခဲ့ပါဘူး။

‎

‎***

‎

‎

‎နောက်တစ်နေ့မနက်တွင်တော့ ဝမ်ပင်းရဲ့မိဘများက သူ့အတွက် စားပွဲတစ်ခုပြင်ဆင်ပေးရန် စောစောထလာကြသည်။

‎

‎ဝမ်ပင်း နိုးလာသောအခါတွင် မာစတာလျိုက နိုးနေပြီးဖြစ်ကာ ဧည့်ခန်းတွင် လက်ဖက်ရည်သောက်နေပါပြီ။

‎

‎"လူငယ်လေး၊ ငါတို့တွေ အခုပဲ မြို့ကို ပြန်ကြတော့မလား"

‎

"‎လောလောဆယ် မသွားသေးဘူး ဦးလေး။ ရွာထဲမှာ အရင်လျှောက်ကြည့်လိုက်ဦးမယ်။ နေ့လည်စာစားပြီးရင်တော့ ကျွန်တော့်ကို မြို့ထဲ ပြန်ခေါ်သွားလို့ရပြီ"

‎

‎

‎"ကောင်းပြီ၊ ခဏစောင့်တာပေါ့။ တစ်ခုခုလိုအပ်ရင် ဖုန်းဆက်လိုက်"

‎ဝမ်ပင်းက သဘောတူလိုက်ပြီး ရွာထဲက ဦးလေးကျောက်ရဲ့အိမ်ကို ဦးတည်သွားလိုက်သည်။

‎

‎

သူ ဦးလေးကျောက်ကို လာရောက်ရှာဖွေရတဲ့ အကြောင်းရင်းကတော့ ရိုးရှင်းလှပါတယ်။ ကမ္ဘာပျက်ကပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ‘သေနတ်’ တစ်လက် လိုအပ်နေလို့ ဖြစ်ပါတယ်။

‎

‎ဦးလေးကျောက်က အမဲလိုက်ရတာကို ဝါသနာပါပြီး သူ့ဆီမှာက ယမ်းမှုန့်သေနတ်နှင့် လေသေနတ် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားပါတယ်။ မကြာသေးမီကနှစ်များအတွင်းတွင် အစိုးရက သေနတ်တွေကိုပိုမိုထိန်းချုပ်လာခဲ့ပြီး တောင်ပေါ်မှာ အမဲလိုက်တဲ့သွားသူတွေကလည်း အနည်းငယ်သာရှိတော့ပေမယ့် ဦးလေးကျောက်ကတော့ ရံဖန်ရံခါ အမဲလိုက်သွားလေ့ရှိသေးတာကို ဝမ်ပင်းသိနေလို့ဖြစ်ပါတယ်။

‎

‎"ဦးလေးကျောက် ၊ အိမ်မှာရှိလားဗျ"

‎

‎"အိုး... ဝမ်ပင်း မဟုတ်ဘူးလား။ အားလပ်ရက် မဟုတ်သေးဘူးလေ ၊ ဘာလို့ ရုတ်တကြီး ပြန်လာရတာလဲ"

‎

"အိမ်မှာ ကိစ္စလေးတစ်ခု ရှိလို့ ပြန်လာတာပါ ဦးလေး။ ဒါက ဦးလေးအတွက် ကျွန်တော် ယူလာပေးတဲ့ မောက်ထိုင် အရက်ကောင်း တစ်ပုလင်းပါ... ဦးလေး ကြိုက်မယ်လို့ မျှော်လင့်ပါတယ် "

‎

‎

" ဟာ... ဝမ်ပင်းရာ၊ မင်းကတော့ အားနာစရာကြီးကွာ၊ ပိုက်ဆံတွေ အများကြီး ကုန်သွားဦးမယ်။ ကဲ... အိမ်ထဲကို ဝင်လာခဲ့ဦး၊ တကယ်လို့ ငါ ကူညီပေးနိုင်မယ့် ကိစ္စမျိုးဆိုရင်တော့ အစွမ်းကုန် ကူညီပေးပါ့မယ်"

‎

‎

‎"ကျေးဇူးတင်ပါတယ် ဦးလေးကျောက်။ တကယ်တော့ ဦးလေးရဲ့လေသေနတ်ကိုဝယ်ဖို့ ကျွန်တော်ရောက်လာတာပါ"

‎

‎"ငါ့ရဲ့ လေသေနတ်ကို ဝယ်ဖို့လား။ ဝမ်ပင်း ဒါကို ဘာအတွက် လိုအပ်တာလဲ။ တရားမဝင်တဲ့ကိစ္စတွေကို ဘာကိုမှ မလုပ်ပါနဲ့"

‎"ဦးလေးကျောက် ၊ ဦးလေးက အတွေးလွန်နေတာပါ။ ကျွန်တော်က ဘွဲ့ရတော့မှာလေ အလုပ်သင်အတွက် ဝေးလံတဲ့နေရာတစ်ခုကို သွားမလို့ပါ။ အဲဒီမှာက တိရစ္ဆာန်ငယ်လေးတွေ အများကြီးရှိတယ်ကြားလို့ ကျွန်တော်နဲ့ ကျွန်တော့်အတန်းဖော်တွေက အမဲလိုက်ဖို့ သေနတ်တစ်လက် ယူသွားချင်ကြတယ်။ အဲဒါကြောင့် ဦးလေးရဲ့ လေသေနတ်ကိုဝယ်ဖို့ ဒီကို ရောက်လာတာ"

‎

‎"ဝယ်စရာမလိုပါဘူး။ မကောင်းတဲ့အရာတစ်ခုခုအတွက်သာ မသုံးဘူးဆိုရင် ငှားပေးလို့ရတယ်။ ပိုက်ဆံအကြောင်း မပြောနဲ့ကွ"

‎

‎

‎"ဦးလေး၊ ဒီတစ်သောင်းက ကျွန်တော့်အတန်းဖော်တွေ စုပြီးပေးထားတာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ"

‎

‎"အိုး...ပိုက်ဆံက အများကြီးပဲ"

‎

‎"ကျွန်တော်တို့က တစ်ရွာတည်းသား ဆွေမျိုးတွေလို ဖြစ်နေတာပဲဟာကို... ပိုက်ဆံရရင်လည်း ကိုယ့်လူတွေကိုပဲ ရစေချင်လို့ပါ ဦးလေးရာ။ ကျေးဇူးပြုပြီး ယူထားလိုက်ပါနော်"

‎

‎

‎" ကဲ... ကောင်းပါပြီ၊ မင်းက ဒီလောက်အထိ အတင်းပေးနေတာဆိုရင်တော့လည်း ငါ ယူထားလိုက်ပါ့မယ်။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားနော်... သေနတ်ကို လူတွေ မမြင်အောင် သေသေချာချာ ဝှက်ယူသွားပါ။ သေနတ်အသိမ်းခံရတာက အသေးအဖွဲကိစ္စ ဖြစ်ပေမဲ့... တကယ်လို့သာ အဖမ်းခံရပြီး ဒဏ်ငွေရိုက်ခံရတာ ၊ ထောင်ကျသွားရင်တော့ ဘယ်လိုမှ မတန်တော့ဘူးနော် "

‎

‎

‎" ဟုတ်ကဲ့ ၊ ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ကျေးဇူးတင်ပါတယ် ဦးလေးကျောက်"

‎

All Chapters