အခန်း ၁၆
Vol. 2 Ch. 16
အခန်း-(၁၆)
ဝမ်ပင်းက အိမ်ပြန်ဖို့ တက္ကစီတစ်စီး ငှားခဲ့သည်။ အစပိုင်းမှာတော့ တက္ကစီဒရိုင်ဘာက ဝမ်ပင်းရဲ့ အိမ်ရှိရာ အလွန်ဝေးလံခေါင်ဖျားတဲ့ ကျေးလက်တောရွာဆီသို့ မသွားချင်ဘဲ ငြင်းဆန်နေခဲ့ပေမဲ့ ဝမ်ပင်းက ယွမ်တစ်သောင်း ထုတ်ပေးခဲ့ပြီးတဲ့နောက်မှာတော့ ယာဉ်မောင်းက ကားတံခါးကိုတောင် ကိုယ်တိုင် ဆင်းဖွင့်ပေးခဲ့သည်။
ဝမ်ပင်းက ကားထဲမှာပဲ သူ့မိဘတွေဆီကို ဖုန်းဆက်လိုက်ပြီး သူ့မှာ လုပ်စရာတစ်ခုခုရှိလို့ အိမ်ပြန်လာမယ်လို့ပြောကာ ညကြရင် သူ့အတွက် တံခါးဖွင့်ထားပေးဖို့ မှာလိုက်တယ်။
သူက ညဘက်ကြီးအိမ်ပြန်လာမယ်ဆိုတာကိုကြားတော့ သူ့မိဘတွေက တစ်ခုခုမှားနေတယ်လို့ ထင်ခဲ့ကြပေမယ့် ဝမ်ပင်းကတော့ ဖုန်းနှင့်ရှင်းပြခြင်းမရှိဘဲ အိမ်ပြန်ရောက်မှ စကားပြောမယ်လို့သာပြောခဲ့သည်။
အဲဒီညမှာတော့ သူ့မိဘတွေဟာ အိပ်လို့မပျော်ဘဲ စိုးရိမ်တကြီးဖြင့် ဝမ်ပင်း အိမ်ပြန်ရောက်တဲ့အချိန် မနက် ၁ နာရီကျော်တဲ့အထိ စောင့်နေကြတယ်။
သူတို့ရဲ့သားက ရုတ်တရက်ကြီးပြန်လာတာကိုမြင်တော့ မိဘတွေက အရမ်းစိုးရိမ်ပြီး သူ့ကို ဝိုင်းကာမေးခွန်းတွေ တရစပ်မေးကြသည်။
"အမေ ၊ အဖေ ၊ ဒါက မာစတာလျိုပါ။ ညဉ့်နက်နေပြီလေ ဒါကြောင့် သူက ဒီညတော့ ကျွန်တော်တို့အိမ်မှာနေပြီး မနက်ဖြန်ကြရင် ကျွန်တော့်ကို ကျောင်းပြန်ပို့လိမ့်မယ်"
"ကောင်းပြီ ၊ အမေ မင်းတို့နှစ်ယောက်လုံးအတွက် အိပ်ယာသွားပြင်ပေးလိုက်မယ်"
ဧည့်သည်ပါလာတယ်ဆိုတဲ့ စကားကြောင့်... ဝမ်ပင်းရဲ့ အမေဟာ စိုးရိမ်စိတ်တွေကို ခဏဘေးဖယ်ထားလိုက်ပြီး အိမ်ကို သေသေချာချာ အလျင်အမြန် သန့်ရှင်းရေးလုပ်ကာ အိပ်ရာပြင်ပေးခဲ့ပါတယ်။
မာစတာလျိုကို နေရာချပေးပြီးနောက်တော့မှ ဝမ်ပင်းက မိဘများကို သူ့အခန်းထဲကိုခေါ်သွားပြီး တံခါးကို သေသေချာချာပိတ်ကာ "အမေ၊ အဖေ၊ ကျွန်တော်မှာ ပြောစရာတစ်ခုရှိတယ်။ ကျေးဇူးပြုပြီး မအော်ပါနဲ့ ၊ ဘယ်သူကမှ မကြားသွားအောင်လည်း သတိထားပါ" ဟု တိုးတိုးလေး သတိပေးလိုက်တယ်။
"ကောင်းပြီ ၊ ငါတို့သိပါတယ်။ ဘာတွေဖြစ်နေတာလဲ။ မင်းက အခုလို ပုံစံလုပ်နေတော့ အမေဖြင့် ရင်တုန်လိုက်တာ"
" ဒီလိုပါ အဖေနဲ့အမေ... ကျွန်တော့်မှာ ထီဆုအကြီးကြီး ပေါက်သွားတယ်"
"ဘာကြီး.. မင်းမှာ ထီပေါက်တယ်ဟုတ်လား။ ဘယ်လောက် တောင်လဲ"
"ယွမ်သန်းပေါင်းများစွာ"
"ဘယ်လောက် ၊ ယွမ်သန်းပေါင်းများစွာကြီးတောင် ဟုတ်လား"
"အဘွားကြီး ၊ မင်းရဲ့အသံကို တိုးထား ၊ ဘယ်သူကမှ မကြားသွားအောင် သတိထားအုံး" အဖေဖြစ်သူ ပျာပျာသလဲနဲ့ သူ့ဇနီးကို လှမ်းပြီး တားဆီးလိုက်ရတယ်။
" ရပါတယ် ။ အဖေ မနက်ဖြန်ကြရင် ပိုက်ဆံတချို့ကို အိမ်ဆီ လွှံလိုက်မယ်။ အဲဒါကို ကောင်းမွန်တဲ့ အစားအစာတွေ၊ အဝတ်အစားတွေ ဝယ်ဖို့နဲ့ အိမ်ကို ပြန်ဆောက်ဖို့ပါ သုံးလိုက်"
"အစားအစာနဲ့ အဝတ်အစားတွေကို မေ့ထားလိုက်၊ ဒါပေမယ့် အိမ်ကိုတော့ ပြန်ဆောက်သင့်တယ်။ ဒါမှ မင်းလည်း မိန်းမတစ်ယောက်လောက် အိမ်ပြန်ခေါ်လာနိုင်မယ်"
သူ့မိဘတွေက ပိုက်ဆံရှိတယ်ဆိုတဲ့အချက်ကို မြန်မြန်လက်ခံလိုက်တာကိုမြင်တော့ ဝမ်ပင်း ပျော်သွားတယ်။
အမှန်တရားကို သူတို့ဆီ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ မဟုတ်ပေမယ့် တကယ့်ဇာတ်လမ်းက သူတို့ကို ကြောက်လန့်စေမှာကို သူကြောက်နေခဲ့တယ်။
ညဉ့်နက်နေပြီကိုမြင်တော့ သူ့မိဘတွေက အိပ်ရာဝင်သွားကြတယ်။
ဝမ်ပင်းရဲ့မိသားစုက ချမ်းသာပုံမပေါ်ဘူးဆိုတာ မာစတာလျို သတိထားမိတာကြောင့် သူ့ကို အံ့သြစေခဲ့ပေမယ့် သူ့မှာပိုက်ဆံရနေတာကြောင့် မေးခွန်းတွေ မမေးခဲ့ပါဘူး။
***
နောက်တစ်နေ့မနက်တွင်တော့ ဝမ်ပင်းရဲ့မိဘများက သူ့အတွက် စားပွဲတစ်ခုပြင်ဆင်ပေးရန် စောစောထလာကြသည်။
ဝမ်ပင်း နိုးလာသောအခါတွင် မာစတာလျိုက နိုးနေပြီးဖြစ်ကာ ဧည့်ခန်းတွင် လက်ဖက်ရည်သောက်နေပါပြီ။
"လူငယ်လေး၊ ငါတို့တွေ အခုပဲ မြို့ကို ပြန်ကြတော့မလား"
"လောလောဆယ် မသွားသေးဘူး ဦးလေး။ ရွာထဲမှာ အရင်လျှောက်ကြည့်လိုက်ဦးမယ်။ နေ့လည်စာစားပြီးရင်တော့ ကျွန်တော့်ကို မြို့ထဲ ပြန်ခေါ်သွားလို့ရပြီ"
"ကောင်းပြီ၊ ခဏစောင့်တာပေါ့။ တစ်ခုခုလိုအပ်ရင် ဖုန်းဆက်လိုက်"
ဝမ်ပင်းက သဘောတူလိုက်ပြီး ရွာထဲက ဦးလေးကျောက်ရဲ့အိမ်ကို ဦးတည်သွားလိုက်သည်။
သူ ဦးလေးကျောက်ကို လာရောက်ရှာဖွေရတဲ့ အကြောင်းရင်းကတော့ ရိုးရှင်းလှပါတယ်။ ကမ္ဘာပျက်ကပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ‘သေနတ်’ တစ်လက် လိုအပ်နေလို့ ဖြစ်ပါတယ်။
ဦးလေးကျောက်က အမဲလိုက်ရတာကို ဝါသနာပါပြီး သူ့ဆီမှာက ယမ်းမှုန့်သေနတ်နှင့် လေသေနတ် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားပါတယ်။ မကြာသေးမီကနှစ်များအတွင်းတွင် အစိုးရက သေနတ်တွေကိုပိုမိုထိန်းချုပ်လာခဲ့ပြီး တောင်ပေါ်မှာ အမဲလိုက်တဲ့သွားသူတွေကလည်း အနည်းငယ်သာရှိတော့ပေမယ့် ဦးလေးကျောက်ကတော့ ရံဖန်ရံခါ အမဲလိုက်သွားလေ့ရှိသေးတာကို ဝမ်ပင်းသိနေလို့ဖြစ်ပါတယ်။
"ဦးလေးကျောက် ၊ အိမ်မှာရှိလားဗျ"
"အိုး... ဝမ်ပင်း မဟုတ်ဘူးလား။ အားလပ်ရက် မဟုတ်သေးဘူးလေ ၊ ဘာလို့ ရုတ်တကြီး ပြန်လာရတာလဲ"
"အိမ်မှာ ကိစ္စလေးတစ်ခု ရှိလို့ ပြန်လာတာပါ ဦးလေး။ ဒါက ဦးလေးအတွက် ကျွန်တော် ယူလာပေးတဲ့ မောက်ထိုင် အရက်ကောင်း တစ်ပုလင်းပါ... ဦးလေး ကြိုက်မယ်လို့ မျှော်လင့်ပါတယ် "
" ဟာ... ဝမ်ပင်းရာ၊ မင်းကတော့ အားနာစရာကြီးကွာ၊ ပိုက်ဆံတွေ အများကြီး ကုန်သွားဦးမယ်။ ကဲ... အိမ်ထဲကို ဝင်လာခဲ့ဦး၊ တကယ်လို့ ငါ ကူညီပေးနိုင်မယ့် ကိစ္စမျိုးဆိုရင်တော့ အစွမ်းကုန် ကူညီပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် ဦးလေးကျောက်။ တကယ်တော့ ဦးလေးရဲ့လေသေနတ်ကိုဝယ်ဖို့ ကျွန်တော်ရောက်လာတာပါ"
"ငါ့ရဲ့ လေသေနတ်ကို ဝယ်ဖို့လား။ ဝမ်ပင်း ဒါကို ဘာအတွက် လိုအပ်တာလဲ။ တရားမဝင်တဲ့ကိစ္စတွေကို ဘာကိုမှ မလုပ်ပါနဲ့"
"ဦးလေးကျောက် ၊ ဦးလေးက အတွေးလွန်နေတာပါ။ ကျွန်တော်က ဘွဲ့ရတော့မှာလေ အလုပ်သင်အတွက် ဝေးလံတဲ့နေရာတစ်ခုကို သွားမလို့ပါ။ အဲဒီမှာက တိရစ္ဆာန်ငယ်လေးတွေ အများကြီးရှိတယ်ကြားလို့ ကျွန်တော်နဲ့ ကျွန်တော့်အတန်းဖော်တွေက အမဲလိုက်ဖို့ သေနတ်တစ်လက် ယူသွားချင်ကြတယ်။ အဲဒါကြောင့် ဦးလေးရဲ့ လေသေနတ်ကိုဝယ်ဖို့ ဒီကို ရောက်လာတာ"
"ဝယ်စရာမလိုပါဘူး။ မကောင်းတဲ့အရာတစ်ခုခုအတွက်သာ မသုံးဘူးဆိုရင် ငှားပေးလို့ရတယ်။ ပိုက်ဆံအကြောင်း မပြောနဲ့ကွ"
"ဦးလေး၊ ဒီတစ်သောင်းက ကျွန်တော့်အတန်းဖော်တွေ စုပြီးပေးထားတာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
"အိုး...ပိုက်ဆံက အများကြီးပဲ"
"ကျွန်တော်တို့က တစ်ရွာတည်းသား ဆွေမျိုးတွေလို ဖြစ်နေတာပဲဟာကို... ပိုက်ဆံရရင်လည်း ကိုယ့်လူတွေကိုပဲ ရစေချင်လို့ပါ ဦးလေးရာ။ ကျေးဇူးပြုပြီး ယူထားလိုက်ပါနော်"
" ကဲ... ကောင်းပါပြီ၊ မင်းက ဒီလောက်အထိ အတင်းပေးနေတာဆိုရင်တော့လည်း ငါ ယူထားလိုက်ပါ့မယ်။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားနော်... သေနတ်ကို လူတွေ မမြင်အောင် သေသေချာချာ ဝှက်ယူသွားပါ။ သေနတ်အသိမ်းခံရတာက အသေးအဖွဲကိစ္စ ဖြစ်ပေမဲ့... တကယ်လို့သာ အဖမ်းခံရပြီး ဒဏ်ငွေရိုက်ခံရတာ ၊ ထောင်ကျသွားရင်တော့ ဘယ်လိုမှ မတန်တော့ဘူးနော် "
" ဟုတ်ကဲ့ ၊ ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ကျေးဇူးတင်ပါတယ် ဦးလေးကျောက်"