အခန်း ၁၇
Vol. 2 Ch. 17
အခန်း-(၁၇)
ဦးလေးကျောက်က ဝမ်းသာအားရပဲ ဝမ်ပင်းပေးတဲ့ပိုက်ဆံတွေကို လက်ခံလိုက်ပြီး လေသေနတ်နှင့် ကျည်ဆန်တွေကို ပါလွှဲပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် လေသေနတ်သာမရှိရင် ကျည်ဆန်တွေကလည်း သူ့အတွက် အသုံးမဝင်တော့ပါဘူး။
အိမ်ပြန်ရောက်တဲ့အခါမှာတော့ ဝမ်ပင်းသည် အရင်တုန်းက သူ့ရဲ့ မိသားစုက တောင်တွေကို ဖြိုခွဲတဲ့အခါမှာ အသုံးပြုခဲ့ကြတဲ့ စနက်တံတွေနှင့် ယမ်းကြိုးတွေကို လူမသိအောင် တိတ်တဆိတ် လိုက်လံစုဆောင်းလိုက်တော့တယ်။
အရင်ခေတ်တုန်းကဆိုရင် ကျေးလက်တောရွာတွေက အိမ်တိုင်းလိုလိုမှာ တောင်တွေဖြိုခွဲဖို့အတွက် ဒီလို စနက်တံတွေကို ကိုယ်စီ ဆောင်ထားတတ်ကြတာ ဖြစ်ပါတယ်။ ကျည်ဆန်ခွံ အရွယ်အစားလောက်သာ ရှိတဲ့ ဒီစနက်တံအသေးလေးတွေဟာ ရိုးရိုးယမ်းမည်းနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေထက် ပိုမိုပေါက်ကွဲအား ပြင်းထန်ရုံသာမကဘဲ သိမ်းဆည်းရတာလည်း အင်မတန် လွယ်ကူလှပါတယ်။
နေ့လည်စာ စားသောက်ပြီးတဲ့နောက်တွင် သူ့မိဘများရဲ့အကောင့်ထဲသို့ ယွမ်ဆယ်သန်းလွှဲပြောင်းပေးခဲ့သဖြင့် သူ့မိဘနှစ်ပါးစလုံးသည် ထိတ်လန့်သွားကြတယ်။
သို့သော်လည်း သူတို့သားရဲ့အကောင့်ထဲတွင် နောက်ထပ် ယွမ်သန်းပေါင်းများစွာရှိနေသေးတာကို မြင်သောအခါမှာတော့ ချက်ချင်းပဲ စိတ်အေးလက်အေးရှိသွားကြသည်။
သက်ကြီးရွယ်အိုစုံတွဲဟာ သူတို့ရဲ့တစ်သက်တာလုံးမှာ ဒီလောက်အထိများတဲ့ ငွေတွေကို တစ်ခါမှ မမြင်ဖူးတာကြောင့် အခုဆိုရင် ရွာထဲမှာ ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးတစ်လုံး ဆောက်လုပ်ရမလဲဆိုတာကို စိတ်ကူးယဉ်ပြီး စတင်စီမံကိန်း ချနေကြပါတော့တယ်။
ရွာသူကြီးရဲ့ အိမ်အသစ်က ငါးသိန်းကုန်ကျတာကြောင့် ရွာထဲမှာ အကောင်းဆုံးလို့ ဆိုကြပါသည်။ အခု သူတို့ရဲ့သားက သူတို့ကို ယွမ်ဆယ်သန်းတောင် ပေးထားတာဆိုတော့ သူတို့ရဲ့အိမ်က ဘယ်လောက်တောင် ဇိမ်ခံနိုင်လိုက်မလဲဆိုတာကို သူတို့ စိတ်ကူးယဉ်နေကြပါတယ်။
မိဘနှစ်ပါးကို နှုတ်ဆက် စကားပြောပြီးတဲ့နောက်မှာပဲ ဝမ်ပင်းဟာ ဆရာကြီးလျိုရဲ့ ကားကိုစီးနင်ပြီး ကျောင်းရှိရာ မြို့တော်ဆီသို့ ပြန်လာခဲ့တော့တယ်။
ကျောင်းကိုရောက်ရောက်ချင်းပဲ သူ့ရဲ့အဆောင်ဆီကို အရင်ဆုံး အပြေးသွားခဲ့သည်။အခုက အတန်းတက်နေတဲ့ အချိန်ပဲရှိသေးတော့ လူကသိပ်မရှိပါဘူး။
ဝမ်ပင်းက သေတ္တာထဲမှာဖွက်ထားတဲ့ လက်ဝတ်ရတနာတွေကို စစ်ဆေးကြည့်လိုက်တော့ အရာအားလုံးကို ကောင်းမွန်စွာ တွေ့ရှိရသဖြင့် စိတ်သက်သာရာရသွားသည်။ ထို့နောက်မှာတော့ သူယူဆောင်လာခဲ့တဲ့ လေသေနတ်နှင့် ဖောက်ခွဲရေးကိရိယာများကို ထပ်မံဝှက်ထားလိုက်ပြီး နောက်တော့မှ အောက်ထပ်သို့ အမြန်ဆင်းသွားလိုက်သည်။
ကျောင်းပြင်ပသို့ ထွက်ခွာလာပြီးနောက်တွင်တော့ ဝမ်ပင်းသည် ကျောင်းအနီးအနားမှာတင် အသစ်ဖွင့်လှစ်ထားတဲ့ လူနေတိုက်ခန်း အိမ်ရာဝင်းအသစ် တစ်ခုဆီသို့ တိုက်ရိုက် ဦးတည်လိုက်တော့တယ်။ ဒီတိုက်ခန်းတွေဟာ ဆောက်လုပ်ပြီးစီးတာနဲ့ အဆင်သင့်တက်နေရုံပဲ ဖြစ်ပေမဲ့ ဈေးနှုန်းတွေက အဆမတန် ကြီးမားလွန်းလှတာကြောင့် သာမန်လူတွေက မဝယ်ယူနိုင်ကြတာကြောင့် အခန်းအများစုက မရောင်းရသေးဘဲ လွတ်နေခဲ့တာ ဖြစ်ပါတယ်။
ယခုဆို သူ့မှာက ငွေကြေး အမြောက်အများနှင့် လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေလည်း အများကြီးရှိလာပြီဆိုတော့ ကိုယ်ပိုင် တိုက်ခန်းတစ်ခန်းလောက်ဝယ်ယူဖို့ စိတ်ကူးလိုက်သည်။
အိမ်ခြံမြေအရောင်းခန်းမထဲသို့ ဝင်လိုက်တဲ့အခါတွင် အိမ်ခြံမြေ အရောင်းကိုယ်စားလှယ်တွေက အတော်များများရှိပေမယ့် ဝယ်မယ့်သူက သိပ်မရှိပါဘူး။
အရောင်းဝန်ထမ်းတွေဟာ ဝမ်ပင်းရဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်နှင့် သူ ဝတ်ဆင်ထားတဲ့ပုံစံက သူတို့နဲ့ သိပ်မခြားနားတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့ကို အလုပ်သင်အသစ် ရောက်လာတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးလို့ပဲ ထင်မှတ်လိုက်ကြပြီး ဘယ်သူကမှ လှည့်မကြည့်ဘဲ ပစ်ပယ်ထားလိုက်ကြတော့တယ်။
ဝမ်ပင်းကတော့ ဒီလို အရောင်းပြခန်းမျိုးကို တစ်ခါမှ မရောက်ဖူးတာကြောင့် လူတွေရဲ့ အဖက်မလုပ် ဂရုမစိုက်မှုကို စိတ်ထဲမထားဘဲ၊ အခန်းပုံစံတူ မော်ဒယ်လ်ကြီးရဲ့ ရှေ့မှာ တစ်ယောက်တည်း ရပ်ကြည့်ရင်း လေ့လာနေခဲ့ပါတယ်။
ဘယ်ယူနစ်ကိုဝယ်ရမလဲ သူ စဉ်းစားနေတုန်းမှာပဲ အပြင်ကနေ ကြွယ်ဝချမ်းသာတဲ့ သူဌေးသားတစ်ဦးက ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကိုတွဲခေါ်ပြီး အရောင်းခန်းမထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီမိန်းကလေးကို မြင်လိုက်ရတဲ့အခါမှာပဲ ဝမ်ပင်းက ချက်ချင်း မှတ်မိသွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမက သူ့ရဲ့ဌာနက ကျောင်းဝင်းအလှပဂေး ဝမ်လု ဖြစ်နေလို့ပါပဲ။
ဒီနေ့မှာတော့ သခင်လေးကျောက်သည် ဝမ်လုအတွက် အခန်းတစ်ခန်းဝယ်ပေးဖို့ ရောက်လာခဲ့တာပါ။ သူက ဝမ်လုကို အတော်ကြာ လိုက်ခဲ့ရပြီး နောက်ဆုံးတော့ သူမကို အခန်းတစ်ခန်းဝယ်ပေးမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ သဘောတူလက်ခံလိုက်တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဝင်လိုက်တာနဲ့ တစ်ပြိုင်နက်ထဲ အိမ်ခြံမြေ အရောင်းဝန်ထမ်း မိန်းကလေးတစ်ဦးက ပျာပျာသလဲ ပြေးကပ်သွားပြီး လိုလေသေးမရှိတဲ့ အပြုံးမျက်နှာနဲ့ ရှင်းလင်းပြသရင်း မော်ဒယ်လ်ကြီးရဲ့ အနီးသို့ လမ်းညွှန်ခေါ်ဆောင်လာခဲ့ပါတော့တယ်။
"ဝမ်ပင်း ဒီမှာ ဘာလုပ်နေတာလဲ။ ဒီမှာ အလုပ်သင်လုပ်နေတာလား"
"လုလု၊ မင်းသူ့ကို သိလို့လား"
"ဟုတ်တယ်။ သူ့နာမည်က ဝမ်ပင်းလေ။ ပြီးတော့ ကျွန်မတို့က ဌာနအတူတူကပဲ"
"အိုး.. မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိ နေကြတာဆိုတော့ ဒီနေ့ရဲ့ဒီအရောင်းအဝယ်ကို မင်းဆီ ကိုင်တွယ်ခွင့်ပေးလိုက်မယ်။ ငါတို့အတွက် အိမ်တစ်လုံး ညွှန်းပေးပါ"
"အာ... သခင်လေး ဒါက လုပ်ထုံးလုပ်နည်း စည်းကမ်းတွေနဲ့ မညီညွတ်ဘဲ ဖြစ်သွားပါလိမ့်မယ် "
အမျိုးသမီးဝန်ထမ်းရဲ့မျက်နှာက ဖြူဖျော့သွားသည်။ နောက်ဆုံးတော့မှ သူမ ဖောက်သည်ကြီးတစ်ယောက်ကို ရှာတွေ့ခဲ့ပေမယ့် အဲဒီဖောက်သည်ကို ရုတ်တရက်ကြီး လက်လွှတ်လိုက်ရတော့မယ့် အခြေအနေမို့လို့ ရင်တုန်သွားခဲ့ရတာ ဖြစ်ပါတယ်။
"ဘာစည်းကမ်းနဲ့ မညီတာလဲ။ မင်းက ဒီမှာ အလုပ်ဆက်လုပ်ချင်သေးရဲ့လား။ ဆက်မလုပ်ချင်တော့ဘူးဆိုရင် မင်းရဲ့မန်နေဂျာကို ငါဖုန်းဆက်ပေးလိုက်မယ်"
"အာ... ဟုတ်ကဲ့၊ ကျွန်မတောင်းပန်ပါတယ် ရှင်၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"
အမျိုးသမီးဝန်ထမ်းသည် ကျောပြင်တစ်ခုလုံး ချွေးစေးတွေ ပြန်လာခဲ့ရပြီး ပျာပျာသလဲ တောင်းပန်လိုက်ရပေမဲ့... ဝမ်ပင်းအပေါ် ကြည့်တဲ့ သူမရဲ့ အကြည့်တွေကတော့ ရက်စက်ကြမ်းကြုတ်လွန်းနေပါတယ်။ သူမကတော့ စိတ်ထဲကနေ ‘ဒီကောင်လေးကသာ အခုအရောင်းအဝယ်ကို ကြားဖြတ်လုမယ်ဆိုရင်... ငါ မန်နေဂျာကို တိုင်ပြီး ဒီပစ္စည်းကို ပြန်သိမ်းခိုင်းရုံတင်မက၊ ဘာမှနားမလည်တဲ့ ဒီမျက်နှာစိမ်း အလုပ်သင်အသစ်ကိုပါ အလုပ်ကနေ ကန်ထုတ်ပစ်စေရမယ်’ လို့ ကြုံးဝါးနေမိတော့တယ်။