အခန်း ၂၃
Vol. 3 Ch. 23
အခန်း-(၂၃)
အစောင့်နှစ်ယောက်စလုံးမှာက လက်နက်ကိုင်ဆောင်ထားပြီး ဝမ်ပင်းနှင့် ကွမ်းရှောင်ယွဲ့တို့ကလည်း အထူးတပ်ဖွဲ့များ မဟုတ်သောကြောင့် အစောင့်နှစ်ယောက်ကို ရုတ်တရက် လန့်ဖျန့်မသွားစေဖို့အတွက် တိတ်တဆိတ် ရှောင်ကွင်းလိုက်ကြပြီး သူတို့ရဲ့ စကားသံတွေကို ခိုးနားထောင်နိုင်ဖို့အလို့ငှာ ဘေးနားက ကွယ်ရာတစ်နေရာမှာ လျှို့ဝှက်ပုန်းအောင်းလိုက်ကြတော့တယ်။
"ဟူးးးး ၊ အစားအစာတွေက ပိုပြီးရှားပါးလာနေပြီ"
"အမှန်ပဲ။ ငါတွက်ကြည့်ရသလောက်ဆို ဂိုဏ်းမှာ သိုလှောင်ထားတဲ့ ရိက္ခာတွေက အများဆုံး တစ်လကျော်လောက်ပဲ ခံတော့မယ်ထင်တယ်"
"ငါတို့ဂိုဏ်းက ဧရာမဝက်ဝံဂိုဏ်းကို နှိမ်နင်းနိုင်မယ်လို့ မင်းထင်လား"
"ငါတို့တွေ မလုပ်နိုင်ရင်တောင်မှ ကြိုးစားရမှာပဲ။ မဟုတ်ရင်တော့ မကြာခင်မှာပဲ ငတ်ပြီး သေကုန်ရလိမ့်မယ်ကွ"
"ဒါပေမယ့် အဲဒီ ဧရာမဝက်ဝံဂိုဏ်းက ကောင်တွေရဲ့လက်ထဲမှာ ဒိုင်းနမိုက်နဲ့ လက်ပစ်ဗုံးတွေ ရှိနေတယ်လေ ။ သူတို့ဂိုဏ်းကို ဖြိုခွင်းပစ်ဖို့က မလွယ်ဘူး။ ငါ့အမြင်ကို ပြောရရင်တော့ ငါတို့ဘာသာ အစားအစာတွေခိုးပြီး အမြန်ဆုံး ထွက်သွားတာက ပိုကောင်းမယ်လို့ ငါထင်တယ်။ ငါ့တို့ရဲ့ရိက္ခာတွေ လုံးဝမကုန်သွားခင်မှာ အခြေချနေထိုင်လို့ ရနိုင်မယ့် နေရာတစ်ခုတော့ ရှာတွေ့နိုင်တာပဲ"
" ဒီလို သစ္စာဖောက်တဲ့ စကားမျိုးကို တခြားဘယ်သူ့ကိုမှ မပြောမိစေနဲ့။ အစ်ကိုဟူသာ ကြားသွားရင် မင်းဒုက္ခရောက်လိမ့်မယ်ကွ"
"ငါသိပါတယ်။ ငါတို့က ရင်းနှီးတဲ့ ညီအစ်ကိုတွေမို့သာ ငါစိတ်ထဲတွေးမိတာကို မင်းဆီပြောပြတာပါ"
အစောင့်နှစ်ယောက်က စကားပြောနေတုန်းမှာပဲ ထိုသူတို့ရဲ့မျက်လုံးတွေက တစ်နေရာကိုသာ စိုက်ကြည့်နေခဲ့တယ်။ ဝမ်ပင်းကတော့ သူတို့ဟာ အစ်ကိုဟူရဲ့ နေထိုင်ရာအခန်းကို ဒါမှမဟုတ် ကျားခေါင်းဂိုဏ်းရဲ့ ဂိုဒေါင်ကို စောင့်ကြည့်နေတာလားလို့ တွေးလိုက်တယ်။ အစောင့်နှစ်ယောက်က စကားပြောပြီးလို့ ကင်းလှည့်တာကို ပြန်လုပ်တဲ့အခါမှ ဝမ်ပင်းက ကွမ်းရှောင်ယွဲ့ကို လက်ပြလိုက်ပြီး ထိုလျှို့ဝှက်နေရာရှိရာဆီသို့ တိတ်တဆိတ် ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။
အခန်းတွေနဲ့ သူတို့နှစ်ယောက် ပ်ိုနီးကပ်လာသည်နှင့်အမျှ ဝမ်ပင်းသည် အိမ်ခန်းရဲ့အတွင်းဖက်မှ ဟောက်သံကို လျင်မြန်စွာကြားလိုက်ရပြီး ဘေးဖက်အခန်းကိုတော့ သော့ကြီးကြီးတစ်ခုဖြင့် လုံခြုံစွာပိတ်ထားသည်။ ဤသော့ခတ်ထားသောအခန်းသည် ကျားခေါင်းဂိုဏ်းရဲ့ ရိက္ခာများကို သိမ်းဆည်းထားသည့်နေရာဖြစ်နိုင်သည်။
ကင်းလှည့်နေသောအဖွဲ့ထံမှ ကျားခေါင်းဂိုဏ်းတွင် ဂိုထောင်များစွာမရှိကြောင်းနှင့် ဧရာမဝက်ဝံဂိုဏ်းနှင့် တိုက်ပွဲဖြစ်ပွားတော့မည်ဖြစ်ကြောင်းကိုကြားခဲ့သော်လည်း ဝမ်ပင်း မစောင့်နိုင်တော့ပေ။ သူက ဂိုဏ်းနှစ်ဂိုဏ်းကို စောစီးစွာ ပဋိပက္ခဖြစ်ပြီး ပျက်စီးသွားစေလိုသည်။
ဒီလို ဖြစ်လာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကျားခေါင်းဂိုဏ်းရဲ့ ရိက္ခာပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ပါပဲ။အကယ်၍သာ သူတို့ရဲ့ ရိက္ခာပစ္စည်းတွေ အကုန်လုံးက ပျက်စီးသွားပြီဆိုတာနဲ့ ကျားခေါင်းဂိုဏ်းဟာ အသက်ရှင်သန်နိုင်ဖို့အတွက် ဧရာမဝက်ဝံဂိုဏ်းနဲ့ အသက်အန္တရာယ်ကြီးမားလှတဲ့ တိုက်ပွဲဆင်နွဲရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
သော့က အစ်ကိုဟူဆီမှာ သေချာပေါက်ရှိနေတယ်ဆိုပေမယ့် သူ့ရဲ့အခန်းတံခါးကိုပါ သော့ခတ်ထားတာကြောင့် အခန်းထဲခိုးဝင်ပြီး သော့ကိုပြန်ခိုးဖို့က မဖြစ်နိုင်တော့ပါဘူး။
ကွမ်းရှောင်ယွဲ့ကတော့ ဝမ်ပင်း ဘာကို စိုးရိမ်ပူပန်နေလဲဆိုတာကို ချက်ချင်းပဲ ရိပ်မိသွားခဲ့ဟန်နဲ့ သူမက ညင်ညင်သာသာပဲ ဝမ်ပင်းရဲ့အင်္ကျီလက်ကိုကိုင်ဆွဲလိုက်ပြီး ဂိုထောင်အခန်းတံခါးကို လက်ညှိုးထိုးပြလိုက်သည်။
သူတို့နှစ်ယောက် ဂိုထောင်တံခါးကို ရောက်သည်နှင့် ကွမ်းရှောင်ယွဲ့က သူမရဲ့အိတ်ကပ်ထဲမှ ဝါယာကြိုး အသေးလေးတစ်ချောင်းကို ဆွဲထုတ်ပြီး ဝမ်ပင်းကို ပြုံးပြလိုက်သည်။
သူမရဲ့လက်ထဲက ဝါယာကြိုးငယ်လေးကိုမြင်တော့ ဝမ်ပင်း ပြုံးလိုက်သည်။ ကွမ်းရှောင်ယွဲ့က သော့တွေကို ဘယ်လိုဖွင့်ရမလဲဆိုတာ သိလို့ ဖြစ်နိုင်မလား။
ဒီကမ္ဘာပျက်ကပ်ခေတ်ကြီးထဲမှာ ရှင်သန်ဖို့အတွက် ကွမ်းရှောင်ယွဲ့က သော့ဖွင့်နည်း အတတ်ပညာကို ခက်ခက်ခဲခဲ လေ့လာ သင်ယူခဲ့ပါတယ်။ ဒီလိုရိုးရှင်းတဲ့ ဝါယာကြိုးတစ်ချောင်းတည်းနဲ့ သော့အများကြီးကို ဖွင့်နိုင်တာမို့ ဒီဂိုထောင်ရဲ့ သော့ခလောက်ကတော့ သာမန်သော့တစ်ချောင်းလိုပါပဲ။ သော့ဖွင့်ဖို့အတွက် သူမမှာ ဆယ်စက္ကန့်တောင် အချိန်မယူလိုက်ရပါဘူး။
နှစ်ယောက်သား ပျော်ရွှင်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဂိုထောင်တံခါးကို ဂရုတစိုက်တွန်းဖွင့်ကာ အတွင်းထဲသို့ ခိုးဝင်ပြီး တံခါးကို အသာပြန်ပိတ်လိုက်ကြသည်။
ဝမ်ပင်းက သူ့ရဲ့ဖုန်းမီးကိုထွန်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဂိုထောင်ထဲမှာ ဆန် ခုနစ်အိတ် ရှစ်အိတ်နှင့် အရက်အနည်းငယ်ပဲ ကျန်တော့တယ်။ အဲဒါတွေက ကျားခေါင်းဂိုဏ်း တစ်လကျော်ကျော်လောက် ရှင်သန်နိုင်ဖို့တောင် မလုံလောက်ပါဘူး။
ဆန်နှင့် အရက်ကိုမြင်တော့ ကွမ်းရှောင်ယွဲ့ရဲ့ မျက်လုံးတွေက တောက်ပသွားသည်။ သူမရဲ့ ကျောပိုးအိတ်ထဲကို ဆန်တွေ လောင်းထည့်ချင်နေပေမယ့် ဝမ်ပင်းက သူမကိုတားလိုက်သည်။
သူနဲ့သာအတူရှိနေရင် ကွမ်းရှောင်ယွဲ့က အစားအစာတွေအတွက် စိတ်ပူနေစရာ မလိုပါဘူး။ သူတို့နှစ်ယောက် ခိုးကြောင်ခိုးဝှက်ထွက်ပြေးဖို့ လိုအပ်နေသေးတာကြောင့် ဒီပစ္စည်းတွေကို သယ်ဆောင်သွားတာက သူတို့ရဲ့လှုပ်ရှားမှုကို နှေးကွေးသွားစေရုံပါပဲ။
ဝမ်ပင်းက အရက်ပုလင်းတွေကိုဖွင့်ပြီး ဆန်အိတ်တွေပေါ်လောင်းချကာ ဖောက်ခွဲရေးကိရိယာနှစ်ခုကို ဆန်အိတ်ပုံထဲသို့ထည့်ပြီး ဖျူ့စ်များကို ချိတ်ဆက်၍ ကင်းလှည့်အဖွဲ့ ထွက်သွားသည်အထိ စောင့်ပြီးမှ မီးညှိလိုက်သည်။ ထို့နောက်မှာတော့ သူတို့သည် ဂိုထောင်ထဲက တိတ်တဆိတ် ထွက်ခွာလာကြသည်။
သူတို့နှစ်ယောက် ဒုတိယထပ်ကိုရောက်တာနဲ့ ပဉ္စမထပ်ကနေ ပေါက်ကွဲသံနှစ်ခုကို ဆက်တိုက်ကြားလိုက်ရသည်။နှစ်ယောက်သားက အကြည့်ချင်းဖလှယ်ပြီး ပထမထပ်ကို အမြန်ပြေးဆင်းသွားကြသည်။
ဒါပေမယ့် သူတို့နှစ်ယောက် ပထမထပ်ကို ရောက်တာနဲ့အပြင်ကနေ သတင်းအရ ကမန်းကတန်း ပြေးဝင်လာတဲ့ ဂိုဏ်းသားတစ်ဦးနဲ့ တိုက်မိသွားပြီး ထိုလူကို မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားစေခဲ့သည်။
"မင်းတို့က... ဘယ်သူတွေလဲ"
ထိုသူရဲ့ လက်ထဲမှာတော့ သံပိုက်တစ်ချောင်းကိုသာ တင်းတင်းကျပ်ကျပ် ကိုင်ဆောင်ထားသည်။ ဝမ်ပင်းကတော့ ဘာစကားတစ်ခွန်းမှ ပြန်မပြောဘဲ သူရဲ့လက်ထဲက ဓားကောက်ကို လွှဲယမ်းကာ ထိုလူရဲ့ ရင်ဘတ်ကို ခုတ်ချလိုက်သည်။
ထိုသူကို အလွယ်တကူ ရှင်းလင်းပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးဟာ အဆောက်အအုံရဲ့ အပြင်ဘက်ဆီသို့ အလျင်အမြန် ထွက်ပြေးသွားကြသည်။