အခန်း ၂၈
Vol. 3 Ch. 28
အခန်း-(၂၈)
ဝမ်ပင်းသည် ထိုစကားတွေ ပြောပြီးသည်နှင့် ကောင်ငယ်လေးသည် ပလတ်စတစ်အိတ်ကို အရာရှိမြောင်ထံ ပေးလိုက်သည်။
အရာရှိမြောင်သည် အိတ်ကိုဖွင့်ကြည့်လိုက်တော့ အထဲက အစားအစာတွေကြောင့် အံ့အားသင့်သွားသည်။ ကမ္ဘာပျက်ကပ် မတိုင်ခင်ကဆို ဒီပစ္စည်းတွေက အရေးမပါပေမယ့် အခုချိန်မှာတော့ ဇိမ်ခံပစ္စည်းတွေ ဖြစ်သွားပါပြီ။ သဲမုန်တိုင်းဂိုဏ်းဂိုဏ်းမှာတောင် ဒီလိုမျိုးအစားအစာတွေ မရှိလောက်ဘူး။
"ဒီအစားအစာတွေအားလုံးကို ဘယ်ကရတာလဲ"လို့ အရာရှိမြောင်က မယုံနိုင်စွာမေးလိုက်သည်။
"အဲဒါကို ခင်ဗျားတို့ စိတ်ပူစရာမလိုပါဘူး။ ပူးပေါင်းမလား မပူးပေါင်းဘူးလားဆိုတာပဲ ဖြေလိုက်။ ဒီလို အစားအစာတွေက ကျွန်တော့်ဆီမှာ အများကြီးရှိသေးတယ်။တကယ်လို့သာ ခင်ဗျားတို့ ပူးပေါင်းမယ်ဆိုရင်တော့ ကျွန်တော့်ဖက်က ဒီပစ္စည်းတွေရဲ့ ဆယ်ဆကိုပေးနိုင်တယ်"
"မင်းရဲ့ကမ်းလှမ်းချက်က ငါတို့အတွက် ဆွဲဆောင်မှုရှိပေမယ့် သဲမုန်တိုင်းဂိုဏ်းမှာ လူတစ်ရာကျော်ရှိတယ်။ သူတို့ကို ကိုင်တွယ်ဖို့ဆိုတာက လုံးဝ မလွယ်ဘူး"
"ကျွန်တော်တို့က သူတို့ကို တိုက်ရိုက်ရင်ဆိုင်ဖို့ မစီစဉ်ထားဘူး။ လင်းယုန်ဂိုဏ်းနဲ့ သူတို့ကို အချင်းချင်း တိုက်ခိုက်ခိုင်းဖို့ အကွက်ဆင်ရုံပါပဲ"
"ကျွန်မရဲ့ ဆရာက ဒဏ်ရာရနေတော့ အလွယ်တကူ မလှုပ်ရှားနိုင်ဘူး။ တခြားသူတွေမှာလည်း တိုက်ခိုက်ရေးစွမ်းရည်က မရှိဘူး။ ကျွန်မတစ်ယောက်တည်းကပဲ ရှင့်နဲ့ လိုက်တိုက်ခိုက်နေမှာ" လို့ အရာရှိမြောင်က သူမတို့အဖွဲ့ရဲ့ အခြေနေကို အမှန်တိုင်းပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ မင်းတစ်ယောက်ထဲကကို လုံလောက်နေပြီ ၊ အခုပဲ မြန်မြန်ထုပ်ပိုးပြီး ပိုလုံခြုံတဲ့နေရာရှာကြစို့။ ပြီးမှ အစီအစဉ်ကို ဆွေးနွေးကြရအောင်"လို့ ဝမ်ပင်းက ဆိုလိုက်သည်။
"ကောင်းပြီ။ အားလုံးပဲ... အဝတ်အစားတွေနဲ့ ပစ္စည်းတွေကို အမြန်ဆုံး သိမ်းဆည်းလို့ကြ... ငါတို့တွေ အခုချက်ချင်း ဒီနေရာကရွှေ့ပြောင်းကြမယ်"
အရာရှိမြောင်ရဲ့ပြတ်သားလှတဲ့ အမိန့်ပေးချက်အောက်တွင် အခြားသူများသည် အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။
သူတို့ ဖမ်းဆီးရမိထားတဲ့ တောဝက်ကြီးကိုလည်း အမဲဖျက်ပြီးသားဖြစ်တာကြောင့် အခြားသူများသည် တောဝက်အသားများကို အိတ်များထဲထည့်ကာ သယ်ဆောင်သွားခဲ့ကြသည်။
အဆောက်အအုံထဲကနေ ထွက်ခွာလာခဲ့ကြတဲ့ ဝမ်ပင်းတို့ အဖွဲ့သည် အပြင်မှာကျကျန်ခဲ့တဲ့ သဲမုန်တိုင်းဂိုဏ်းရဲ့ လက်နက်များကို ကောက်ယူရန် မမေ့ကြပေ။
အပြင်ဖက်သို့ရောက်သည်နှင့် ဝမ်ပင်းသည် ရိုင်ဖယ်နှစ်လက်ကိုကောက်ယူပြီး နောက်တော့မှ ကွမ်ရှောင်ယွဲ့ကို အပြင်ဘက်ဆီ ခေါ်ထုတ်လိုက်သည်။
"ရှောင်ယွဲ့ ၊ ဒါကို ယူလိုက်"
ကွမ်းရှောင်ယွဲ့ အပြင်ကိုထွက်လာတာနဲ့ ဝမ်ပင်းသည် သူမရဲ့လက်ထဲကို ရိုင်ဖယ်တစ်လက် ပစ်ပေးလိုက်သည်။
"ဒီသေနတ်က အားကောင်းပေမယ့် အသံအရမ်းကျယ်တယ်" လို့ ကွမ်းရှောင်ယွဲ့က ဆိုလိုက်သည်။
"ဒါဆို နှစ်ခုလုံးယူထားလိုက်"
"ကောင်းပါပြီ" လို့ ကွမ်းရှောင်ယွဲ့က ဝမ်းသာအားရ ပြန်ဖြေသည်။
"မင်းတို့က နှစ်ယောက်ပဲလား" အရာရှိမြောင်သည် ဝမ်ပင်းတို့ဘက်တွင် လူနှစ်ယောက်ပဲတွေ့ရ၍ အံ့အားတကြီးမေးလိုက်သည်။
"ဟုတ်တယ်။ အရင်က နှစ်ယောက်ပဲ ၊ အခုတော့ သုံးယောက်" လို့ ဝမ်ပင်းကးသည် အပြုံးဖျော့ဖျော့ဖြင့် ပြန်ဖြေလိုက်သည်။
အရာရှိမြောင်သည် ထောင်ချောက်ထဲ ကျသွားသလို ခံစားလိုက်ရသော်လည်း ယခုချိန်မှာတော့ သူမတို့သည် ဝမ်ပင်းရဲ့ သင်္ဘောပေါ်တွင် ရှိနေပြီဖြစ်သောကြောင့် လိုက်သွားရုံမှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ရဲအရာရှိမြောင်ရဲ့လမ်းညွှန်မှုအောက်တွင် အဖွဲ့သည် အခြေချနေထိုင်ရန် အခြားအဆောက်အအုံငယ်တစ်ခုကို ရှာတွေ့ခဲ့သည်။
အခြေချနေထိုင်ရန် နေရာအသစ်သို့ ဘေးကင်းစွာ ရောက်ရှိသွားကြပြီဆိုမှပဲ... ဝမ်ပင်းသည် သူ့ရဲ့ ကျောပိုးအိတ်အတွင်းထဲကနေ... အရသာရှိလှတဲ့ စားသောက်စရာ ရိက္ခာအမြောက်အမြားကို အရာရှိမြောင်နှင့် အခြားသူများအတွက် ထပ်မံထုတ်ယူပေးခဲ့သည်။
ထိုကဲ့သို့ အရသာရှိပုံပေါ်သော အစားအစာအထုပ်မျိုးစုံကိုမြင်တော့ လူတိုင်းရဲ့မျက်လုံးတွေသည် တောက်ပသွားပြီး ကလေးသူငယ် အချို့ဆိုရင်တော့ မအောင့်အီးနိုင်တော့ဘဲ... သွားရည်များပင် တောက်တောက်ကျလုမတတ် ဖြစ်သွားခဲ့ရရှာသည်။
" ကောင်းပြီ ၊ အားလုံးပဲ စားကြည့်ကြလေ" လို့ ဝမ်ပင်းက ပြောလိုက်သည်။
ဘယ်သူကမှ မလှုပ်ရှားကြဘဲ အရာရှိမြောင်ကိုသာ ခေါင်းဆောင်တစ်ယောက်ကိုကြည့်သလိာ အတူတကွ ကြည့်နေကြသည်။
"သွားစားကြ။ ဒါပေမယ့် တစ်ယောက်ကို တစ်ထုပ်ပဲ ယူခွင့်ရှိတယ်"အရာရှိမြောင်က ဆိုလိုက်သည်။
အရာရှိမြောင်ရဲ့ စကားကိုကြားတော့မှ လူတိုင်းသည် သူတို့မျက်စိကျနေတဲ့ အစားအစာထုပ်ကို လှမ်းယူပြီး ထုပ်ပိုးမှုကို ဆွဲဖြဲကာ အားရပါးရ စားလိုက်ကြသည်။
သူတို့စားသောက်နေတာကိုကြည့်ရင်း ကွမ်းရှောင်ယွဲ့သည် ဝမ်ပင်းက သူမကို အစားအစာ ပထမဆုံးအကြိမ်ကျွေးခဲ့တဲ့အချိန်ကို ပြန်အမှတ်ရသွားပြီး ရယ်မောမိသွားသည်။
သို့တိုင်အောင် ထိုအုပ်စုသည် ကွမ်းရှောင်ယွဲ့ရဲ့အကြည့်ကို ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်စားသောက်နေကြသည်။
"ဒါက အရမ်းအရသာရှိတယ်။ ဒီလောက်အရသာရှိတဲ့ ကြက်ခြေထောက်ကို ကျွန်တော် တစ်ခါမှ မစားဖူးဘူး"
"ဟုတ်တယ်။ ဒီအမဲသားခြောက်က အံ့သြစရာကောင်းလိုက်တာ။ အမဲသားအရသာ ဘယ်လိုလဲဆိုတာကို ငါမေ့လုနီးပါးဖြစ်နေပြီ"
"ဒါနဲ့...ဝမ်ပင်းနဲ့ ရှောင်ယွဲ့ မင်းတို့လည်းတစ်ခုခု စားကြလေ" ဟု အရာရှိမြောင်က လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်သည်။
"ကောင်းပါပြီ"
ဝမ်ပင်းက ခပ်ဖွဖွလေးပြုံးပြီး သူ့ရဲ့ အိတ်ထဲကနေ ဘီယာဗူးတစ်ဗူးကို ထုတ်ယူကာ အဖုံးကို ဖောက်ပြီး ဇိမ်ရှိလှစွာ သောက်လိုက်တော့သည်။တစ်ဖက်တွင် ကွမ်းရှောင်ယွဲ့သည်လည်း အရသာရှိတဲ့ ဂျယ်လီအထုပ်လေးကို ထုတ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်ကာ အေးဆေးစွာ စားသောက်နေခဲ့သည်။
ဝမ်ပင်းရဲ့ လက်ထဲမှာ... အမြှုပ် တစီစီ ထွက်ပေါ်နေတဲ့ ဘီယာဗူးကြီး ရှိနေတာကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ လီချန်ပင်းရဲ့ မျက်လုံးတွေက တောက်ပသွားသည်။ သူ တံတွေးကို မျိုချလိုက်ပြီး ဝမ်ပင်းကို မသက်မသာနဲ့ မေးလိုက်တယ် "ဝမ်ပင်း၊ ဘီယာဗူးတွေ ထပ်ရှိသေးလား"
"ဟားဟား... ရှိတာပေါ့ အစ်ကိုလီ။ ရော့...ဒါကိုယူလိုက်။ ဒါနဲ့.... အရာရှိမြောင် မင်းရော တစ်ဗူးလောက် လိုချင်လား" ဝမ်ပင်းသည် ပြုံးပြီး လီချန်ပင်းကို ဘီယာတစ်ဗူး ပစ်ပေးရင်း မေးလိုက်သည်။
"ဟင်... ငါ... ငါကတော့ မသောက်တော့... အော်... မဟုတ်ပါဘူး... တကယ်တော့... ငါလည်း အဲဒီဘီယာလေးကို... တစ်ဗူးလောက်လိုချင်တယ်"
အစပိုင်းမှာတော့ အရာရှိမြောင်သည် သူတို့ကို အစားအစာတွေ အများကြီးပေးပြီးတဲ့နောက်တွင် ဝမ်ပင်းဆီကနေ နောက်ထပ်တောင်းဆိုဖို့ နည်းနည်းရှက်နေခဲ့ပေမယ့် အရာရှိမြောင်သည် နှစ်ပေါင်းများစွာကြာအောင် မသောက်ခဲ့ရတာကြောင့် ငြင်းဆန်နိုင်ခြင်းမရှိပါဘူး။
ဝမ်ပင်းသည် အားရပါးရ ပြုံးပြီး အရာရှိမြောင်ထံကို နောက်ထပ် ဘီယာဗူးတစ်ဗူး ပစ်ပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဝမ်ပင်း"
"ဟားဟား... ဘာမှ အားနာမနေပါနဲ့ ရပါတယ်"
အရာရှိမြောင်သည် ဘီယာကိုယူကာ အသံမြည်အောင်ဖောက်လိုက်ပြီး မွှေးပျံ့လှတဲ့ ဘီယာရနံ့လေးကို နှာခေါင်းလေးရှုံ့ကာ အားရပါးရ အနံ့ခံလိုက်ကာ နောက်တော့မှ ဘီယာ တစ်ငုံကြီးတစ်ငုံကို အားရပါးရသောက်လိုက်သည်။
ဘီယာက သူမရဲ့ လည်ချောင်းတစ်လျှောက်ကနေ ခန္ဓာကိုယ်အတွင်းထဲသို့ စီးဝင်သွားခဲ့ရတဲ့ အခိုက်အတန့်မှာပဲ ရဲအရာရှိမြောင်သည် သူမရဲ့ဆံပင်များ ထောင်ထလာသည်အထိ နှစ်သိမ့်မှုလှိုင်းတစ်ခုက သူမအပေါ်သို့ လွှမ်းခြုံသွားတာကို ခံစားလိုက်ရသည်။ ထိုခံစားချက်က အံ့သြဖွယ်ကောင်းလှသည်။