အခန်း ၃၉၂
Vol. 40 Ch. 392
🍋 Chapter 392
မြို့တော်သို့ ရောက်ရှိနေသော ကျိုးထျန်းသည် နိုရယ်၏ စကားများမှာ အနည်းငယ် ကြွားဝါသလို ဖြစ်နေသော်လည်း ထိုမျက်လုံးဝိုင်းကြီးများကမူ ကောင်မလေးသည် လိမ်ညာနေခြင်း မဟုတ်ကြောင်း ဖော်ပြနေသည်ကို သိရှိလိုက်၏။
"ဒါဆိုရင် ငါ့ရဲ့ သူငယ်ချင်း ဖြစ်လာနိုင်တဲ့လူက ပိုတောင် နည်းသေးတယ်ဆိုတာကိုကော နင် သိရဲ့လား"
"ဒါကတော့ မတူဘူးလေ၊ ငါက အရည်အမောက် မရှိတဲ့ သူငယ်ချင်းမျိုး အများကြီးရှိတာထက်စာရင် တစ်ယောက်မှ မရှိတာကိုပဲ ပိုသဘောကျတယ်၊ မင်းမှာကတော့ တကယ်ကို မရှိတာပါ"
နိုရယ်သည် ထိုသို့ ပြောပြီးနောက် ပါးစပ်ကို ပိတ်၍ တဟိဟိ ရယ်မောလေတော့သည်။
သူမ၏ တရုတ်ဘာသာစကားက အတော်လေး တိုးတက်လာပြီ ဖြစ်သော်လည်း ကောင်းမွန်သော အကြောင်းပြချက်ကြောင့်တော့ မဟုတ်ပေ။
၎င်းတို့နှစ်ဦးသည် အတန်ကြာအောင် ဆက်လက် စကားပြောဆိုပြီးမှသာ ဖုန်းချလိုက်ကြသည်။
"နိုရယ်... မင်း ကျိုးထျန်းနဲ့ စကားပြောပြီးပြီလား"
ဖရန်စစ်သည် သမီးဖြစ်သူ၏ နောက်ဘက်မှ လျှောက်လာရင်း မေးလိုက်သည်။
အမှန်စင်စစ် သူသည် လွန်ခဲ့သည့် အချိန်ကတည်းက အခန်းတံခါးဝသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း နိုရယ် ဖုန်းပြောနေသည်ကို ကြားရသဖြင့် ဝင်မလာခဲ့ခြင်း ဖြစ်သည်။
"ဟုတ်ကဲ့... ပြောပြီးပါပြီ၊ သမီး သူ့ကို မြို့တော်မှာ ညစာတူတူစားဖို့တောင် ချိန်းလိုက်သေးတယ်"
"ကောင်းတယ်... မင်းအမေနဲ့ ငါလည်း သူ့ကို တွေ့သင့်တယ်၊ ငါတို့မိသားစုက သူ့ကို တရားဝင် ညစာဖိတ်ကျွေးနိုင်ဖို့အတွက် အချိန်တစ်ခု ညှိနှိုင်းပေးပါဦး"
"ကောင်းပါပြီ" နိုရယ်က ချက်ချင်းပင် သဘောတူလိုက်၏။
သူမ၏ အဖေသည် ဤသို့ လုပ်ဆောင်လိမ့်မည်ဟု သူမ ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ်နာရီခန့်ကပင် သူမ၏ အဖေသည် ကျိုးထျန်း ဝယ်ယူခိုင်းထားခဲ့သည့် ရှော့ပ်စကန်များ အားလုံးကို ရောင်းချပြီးစီးခဲ့သောကြောင့် ဖြစ်သည်။
ဖရန်စစ်သည် ပိုမို အမြော်အမြင်ရှိပြီး အစွဲအလမ်းကြီးသူဖြစ်ရာ စျေးနှုန်းမှာ ယူရို ၂၇၀ ဝန်းကျင် ရောက်ရှိချိန်မှသာ တဖြည်းဖြည်းချင်း ရင်းနှီးမြှုပ်နှံခဲ့ပြီး လီဗာရေ့ဂျ် ကိုလည်း ၂ ဆသာ အသုံးပြုခဲ့သည်။
ထိုသို့ ဖြစ်လင့်ကစား သူသည် ကြီးမားသော အမြတ်အစွန်းကို ရရှိခဲ့သည်။
သူသည် ဖဲလ်ထံမှ ရရှိခဲ့သည့် ယူရို ၂၄ သန်းလုံးကို ဤစတော့စျေးကွက် ကစားပွဲတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
သူသည် ကျိုးထျန်းကို အပြည့်အဝ မယုံကြည်သော်လည်း သမီးဖြစ်သူကို ယုံကြည်သဖြင့် ဤငွေများဖြင့် စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။
၎င်းတို့အားလုံး ဆုံးရှုံးသွားလျှင်ပင် သူသည် လုံးဝ မွဲပြာကျသွားမည် မဟုတ်ပေ။
ဖရန်စစ်တွင် သတ္တိအချို့ ရှိသော်လည်း အဆုံးသတ်တွင်မူ သူက ရှေးရိုးစွဲဆန်နေဆဲပင်။
အရင်းအနှီး အပါအဝင် သူသည် ယူရို သန်း ၉၀ နီးပါးခန့် ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။
အကယ်၍ သူက ထိုငွေများကို ဖဲလ်၏ ရန်ပုံငွေအဖွဲ့တွင် ထည့်သွင်းထားခဲ့လျှင်ပင် နှစ်စဉ် အကျိုးအမြတ်မှာ ၁၁ ရာခိုင်နှုန်းအောက်သာ ရှိမည်ဖြစ်ပြီး တခြားသော ရန်ပုံငွေအဖွဲ့များဆိုလျှင် ပို၍ပင် နည်းပါးပေလိမ့်မည်။
ဤသို့ တွက်ချက်ကြည့်လျှင် ကျိုးထျန်းသည် သူ့အား လမ်းကြုံ လိုက်ပါစီးနင်းခွင့် ပြုခဲ့ရုံမျှဖြင့် သူသည် ဤငွေများမှ နောင်ဆယ်စုနှစ်ပေါင်းများစွာ ကြာမှ ရရှိနိုင်မည့် အကျိုးအမြတ်များကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ရက်အနည်းငယ်နှင့် ဆယ်စုနှစ်ပေါင်းများစွာ... မည်သူမဆို ဤတွက်ချက်မှုကို သိနိုင်ပေသည်။
ဤကဲ့သို့သော အစွမ်းအစရှိသူမျိုးနှင့် မည်သို့လျှင် သူငယ်ချင်း မဖွဲ့ဘဲ နေနိုင်ပါမည်နည်း။
တစ်ချိန်တည်းမှာပင် ဤအချက်က ဖရန်စစ်၏ ယခင် ခံစားချက်မှာ မှန်ကန်ကြောင်း သက်သေပြနေပြန်သည်၊ ကျိုးထျန်းဟူသော ဤလူငယ်သည် တကယ်ပင် ထူးခြားလှပေသည်။
ဖရန်စစ်သည် ဖဲလ်နှင့် ကျိုးထျန်းအကြား ဝေခွဲမရ ဖြစ်နေခဲ့သော်လည်း နိုရယ်ကြောင့် သူသည် ကျိုးထျန်းဘက်သို့ ပိုမို ယိမ်းသွားခဲ့သည်။
ယခုမူ အရာအားလုံးက ပို၍ ကောင်းမွန်သွားခဲ့ချေပြီ၊ ဖဲလ်မှာ သွားပြီဖြစ်ပြီး သမီးဖြစ်သူ၏ အကဲခတ်မှုမှာ မှန်ကန်နေကာ သူ့ထက်ပင် ပိုမို တော်ပြနေသေးသည်။
သူ့အနေဖြင့် လက်ရှိ လုပ်ဆောင်ရမည့် ရွေးချယ်မှုမှာ ကောင်းမွန်သော ဆက်ဆံရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားရန်ဖြစ်ပြီး အထူးသဖြင့် နိုရယ် ပါဝင်ပတ်သက်နေခြင်း ဖြစ်သည်။
အကယ်၍ နောင်တွင် ကျိုးထျန်း၌ ငွေရှာနိုင်မည့် အခွင့်အလမ်းများ ရှိလာပါက သူက ၎င်းတို့မိသားစုကို ပစ်ပယ်ထားလိမ့်မည် မဟုတ်ဟု သူ ထင်မြင်မိသည်။
သို့သော် ဖရန်စစ်အတွက် တစ်ခုတည်းသော အခက်အခဲမှာ ကျိုးထျန်း၏ ကျေးဇူးကို မည်သို့ ပြန်ဆပ်ရမည်နည်း ဟူသောအချက်ပင်။
သူ ငွေကြေးများ ရရှိခဲ့သော်လည်း ထိုငွေများမှာ သမီးဖြစ်သူ၏ ဆက်ဆံရေးကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။
နိုရယ်က ကျိုးထျန်းအား ကူညီပေးခဲ့သည်မှာ သရုပ်ဆောင်ခြင်းနှင့် စကားပါးပေးခြင်းထက် မပိုရာ၊ သူ့စိတ်ထဲတွင်မူ ထိုအရာက ဤမျှများပြားသော ငွေကြေးပမာဏနှင့် မတန်တဆဟု ခံစားရသည်။
ထို့ကြောင့် ၎င်းတို့၏ ဆက်ဆံရေး မျှတစေရန်နှင့် သူငယ်ချင်းအဖြစ် ရေရှည် လက်တွဲသွားနိုင်ရန်အတွက် ဖရန်စစ်သည် လုံလောက်သော စိတ်ရင်းမှန်ကို ပြသရမည်ဟု ခံစားမိလေသည်။
...
ကျိုးထျန်းသည် ၎င်းတို့မိသားစု၏ အတွေးများကို မသိရှိသလို၊ ၎င်းတို့ အမှန်တကယ် မည်မျှအထိ အမြတ်ရသွားသည်ကိုလည်း ဂရုမစိုက်ချေ။
သူသည် သူ၏ ကိုယ်ပိုင် စာရင်းများကိုပင် မရှင်းလင်းရသေးပေ။
နောက်တစ်နေ့ နေ့လယ်ပိုင်း ရောက်မှသာ ဂျက်ဆီက ငွေများအားလုံးကို ၎င်းတို့၏ ပြည်ပအကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
ပျမ်းမျှ ဝယ်ယူစျေးမှာ ၅၅၃.၄၁ ဖြစ်ပြီး ပျမ်းမျှ ရောင်းချစျေးမှာ ၁၄၇ဖြစ်သည်။
၁၀ ဆအထိ ရှိသော လီဗာရေ့ဂျ်ကြောင့် သီအိုရီအရ စကူရိုင်းသံမဏိလုပ်ငန်းအပေါ် ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ဤရှော့ပ်ဆဲလင်း အစီအစဉ်က သူ့အတွက် တရုတ်ယွမ်ငွေ ၁၀၂.၆၂၅ ဘီလီယံအထိ အမြတ်အစွန်း ဆောင်ကြဉ်းပေးခဲ့သည်။
သူသည် မိမိနှင့် လက်တွဲဖော်များ၏ ရန်ပုံငွေများနှင့် မိမိ၏ ကိုယ်ပိုင်အရင်းအနှီး အားလုံးကို စုပေါင်းကာ ဤယွမ် ၁၄ ဘီလီယံ အရင်းအနှီးကို ရှာဖွေခဲ့ခြင်းဖြစ်ပြီး တကယ်ကို အစွမ်းကုန် တိုက်စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ၎င်းတို့အား ဆယ်ဆသော အကျိုးအမြတ် ပြန်လည်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ထိုပမာဏမှာ အနည်းငယ် လိုအပ်နေသေးသည်။
အဓိကမှာမူ ဖေး၏ ရက်စက်မှုကို သူ ကြိုတင် မခန့်မှန်းမိခြင်းကြောင့် ဖြစ်သည်၊ ထိုသူက အမြတ်အစွန်းအတွက် နိုင်ငံတော်၏ မူဝါဒကိုပင် အန္တရာယ်ပြုရန် ဝံ့ရဲခဲ့သည်။
သို့သော် ၎င်းတို့ မည်မျှပင် ကြိုးစားပမ်းစား စီစဉ်ပါစေ၊ စနစ်က ပံ့ပိုးပေးထားသည့် အဆင့်မြင့် ချမ်းသာကြွယ်ဝမှု အချက်အလက်ကတ်၏ ရှေ့မှောက်တွင်မူ အလဟဿသာ ဖြစ်ရသည်။
လင်းရှန်းဆိပ်ကမ်းသည် ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရတော့မည်ကို သိရှိရပြီးနောက် သူသည် ဤအစီအစဉ်ကို ပြတ်ပြတ်သားသား အချောသတ်ခဲ့ခြင်း ဖြစ်သည်။
မူလကမူ သူသည် ၎င်းတို့အား တဖြည်းဖြည်းချင်း သွေးစုပ်ပစ်ရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ရွှေရောင်အခွင့်အလမ်းမျိုး ရှိနေမှတော့ အသုံးမချဘဲ နေလျှင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
အခွန်များနှင့် တခြားသော စရိတ်စကများကို နုတ်ပယ်ပြီးနောက်၊ ဂျပန်နိုင်ငံမှ ငွေကြေးများ ပြန်လည်လွှဲပြောင်းခြင်း ကုန်ကျစရိတ်များကိုပါ ပေါင်းထည့်ကာ ငွေများ လုံးဝ ဘေးကင်းသွားသည့်အခါ သူ့ထံတွင် ယွမ် ၉၀ ဘီလီယံခန့် ကျန်ရှိနေရပေမည်။
...
ရက်အနည်းငယ် ကြာပြီးနောက်၊ ပေကျင်းလေဆိပ်မှ ထွက်လာသော ကျိုးထျန်းသည် ထွက်ပေါက်တွင် ကာလအတန်ကြာ မတွေ့ရတော့သည့် ဝတုတ်ကို မြင်လိုက်ရသည်။
ထိုကောင်သည် လတ်တလောတွင် အနည်းငယ် ပိန်သွားပုံရသည်။
ပါးပြင်များ ချိုင့်ဝင်နေပြီး မျက်ကွင်းများ ညိုမည်းနေကာ လွန်ခဲ့သည့်ညက ကောင်းမွန်သောအရာများကို လုပ်ဆောင်ထားခဲ့ပုံ မရချေ။
ဝတုတ်သည် အော်ဒီ A8 ကားအသစ်စက်စက် ဘေးတွင် ရပ်နေရင်း စိတ်လှုပ်ရှားစွာ လက်လှမ်းပြနေသည်။
"အသစ်ဝယ်လိုက်တာလား"
ကျိုးထျန်း လျှောက်သွားရင်း ကားကို ကြည့်လိုက်သည်။
"အေးပေါ့... ငါ အခု ချမ်းသာနေပြီလေ၊ ငါ့ရဲ့ စီးမဲ့ဟာကို အဆင့်မြှင့်ရမှာပေါ့"
ဒရိုင်ဘာက ကားပေါ်မှ ဆင်းလာပြီး သူ့နောက်ဖုံးထဲသို့ ခရီးဆောင်အိတ်များကို ထည့်ရန် ကူညီပေးခဲ့သည်။
"မင်းက တော်တော်လေး ဟန်ကြီးပန်ကြီး လုပ်တာပဲ၊ ဒီလိုမျိုး ရှေးရိုးဆန်နေတဲ့ ကားမျိုးကို မဝယ်သင့်ဘူး"
"ဟေး... ဒါကို မပြောနဲ့တော့၊ ငါ့အဖေက တော်တော်လေး အောက်ခြေကျကျ နေတတ်တာ။ တကယ်လို့ ငါက ပြိုင်ကားတစ်စီး ဒါမှမဟုတ် ပိုပြီး စျေးကြီးတဲ့အရာကို ဝယ်လိုက်ရင် သူ စိတ်ဆိုးလိမ့်မယ်"
"ဒါကြောင့် ငါက ပိုပြီး ရိုးရှင်းပုံရတဲ့ ဒီကားကိုပဲ ရွေးလိုက်တာ"
ဝတုတ်သည်လည်း မတတ်သာပုံရသည်။
သူ အော်ဒီ A8 ကို ရွေးချယ်ရခြင်းမှာ လွန်ခဲ့သည့် နှစ်များက အော်ဒီကားများကို အစိုးရဝန်ထမ်းသုံး ကားများအဖြစ် အသုံးပြုခဲ့ကြသဖြင့် သူ့မိသားစုက မည်သည့်အရာမျှ ပြောလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
"မစ္စတာဟုန်နဲ့ တခြားလူတွေ ရောက်ပြီလား"
"သူတို့က မင်းထက် စောရောက်နေကြတာ၊ ငါ သူတို့ကို သီးသန့်စားသောက်ဆိုင်တစ်ခုမှာ နားနေဖို့ စီစဉ်ပေးထားပြီးပြီ၊ ဒါက ငါ့နယ်မြေဆိုတော့ ငါပဲ ဆုံးဖြတ်ရမှာပေါ့"
"ကောင်းပါပြီ... မင်း ပြောသလိုပဲ လုပ်ပါ။ ဘာပဲဖြစ်ဖြစ် ငါကတော့ သူဌေးလို လာစားတာ၊ ငါ့ဖုန်းပဲ ယူလာခဲ့တာ၊ ပိုက်ဆံအိတ်တောင် မပါဘူး"
ကျိုးထျန်းသည် နောက်ခန်းတွင် မှီထိုင်လိုက်ပြီး ပျင်းရိစွာ သမ်းဝေလိုက်သည်။
သူ မြို့တော်တွင် လုပ်ဆောင်ရမည့် အဓိက အချက် သုံးချက် ရှိသည်၊
ငွေခွဲဝေရန်၊ လျိုမုယန်နှင့် တွေ့ဆုံရန်နှင့် နိုရယ်နှင့် ညစာစားရန်ပင်။
သူသည် ငွေခွဲဝေမည့် ကိစ္စကို အလေးအနက်ဆုံး မထားသော်လည်း တခြားလူများကမူ မစောင့်ဆိုင်းနိုင်ကြတော့ပေ။
၎င်းတို့သည် သူ့ထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိသည်နှင့် မစ္စတာဟုန်နှင့် မစ္စတာဟန်တို့သည် ရှန်ဟိုင်းသို့ လာရောက်၍ သူ့ကို ရှာဖွေရန် မစောင့်ဆိုင်းနိုင်ကြတော့ချေ။
ထို့ကြောင့် သူက ၎င်းတို့အားလုံးကို မြို့တော်သို့ ဖိတ်ခေါ်ကာ အတူတူ စားသောက်ကြရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
၎င်းတို့၏ အလုပ်ရှုပ်နေသော အချိန်ဇယားများကို ကြည့်၍ အထင်မကြီးသင့်ပေ။
ဤဘော့စ်များသည် ပုံမှန်အားဖြင့် အိမ်ပြန်ရန်ပင် အချိန်မရှိလောက်အောင် အလုပ်ရှုပ်နေကြသော်လည်း ငွေရနိုင်မည့် အခွင့်အရေးရှိကြောင်း သိလိုက်ရသည်နှင့် ယုန်ငယ်များကဲ့သို့ အရာအားလုံးကို ပစ်ပယ်ကာ မြို့တော်သို့ ပြေးလာကြတော့သည်။
၎င်းတို့သည် သူ့ထက်ပင် စော၍ ရောက်ရှိနေကြချေပြီ။
တစ်နာရီခွဲခန့် မောင်းနှင်ပြီးနောက်၊ နောက်ဆုံးတွင် ၎င်းတို့သည် တိတ်ဆိတ်လှသော လမ်းကြားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုမှာ တကယ်ကို ဆိုးရွားလှသည်၊ ရုံးဆင်းရုံးတက်ချိန် ယာဉ်ကြောပိတ်ဆို့မှုမှာ ငရဲကျသကဲ့သို့ ခံစားရပြီး ရှန်ဟိုင်းထက်ပင် ပိုမို ဆိုးရွားသေးသည်။
"ဒီနေရာပဲ၊ ဒါက အဆင့်မြင့်တဲ့လူတွေ ဖွင့်ထားတဲ့ နေရာကောင်းတစ်ခုပဲ”
“အစားအစာတွေက အရသာရှိရုံတင်မကဘဲ ပတ်ဝန်းကျင်ကလည်း ထိပ်တန်းပဲ”
“ပြီးတော့ အဓိကအချက်က ဒီနေရာကို ဝင်ဖို့ သတ်မှတ်ချက်က အရမ်းမြင့်မားတာ၊ ငါလည်း ငါ့ဦးလေးကြောင့်ပဲ ဒီမှာ စားခွင့်ရတာ"
ကျိုးထျန်းသည် ဆိုင်းဘုတ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဖူမန့်ကျဲ" ဟူသော အမည်မှာ ရိုးရှင်းပုံရသော်လည်း ဒေသတွင်း အရသာနှင့် ရှေးဟောင်းဟန်ပန်တို့ကို အပြည့်အဝ ဖော်ပြနေသည်။
အမည်က ပို၍ ရိုးရှင်းလေ၊ အနှစ်သာရက ပို၍ ရှိလေဖြစ်ရာ အထင်သေး၍ မရနိုင်ပေ။
သူသည် မြို့တော်နှင့် ရှန်ဟိုင်းအကြား အကြီးမားဆုံး ကွာခြားချက်မှာ လူတန်းစား ဖြစ်ကြောင်း နားလည်ထားသည်။
ရှန်ဟိုင်းတွင် အမြင့်ဆုံး လူတန်းစားမှာ ဘီလီယံနာများနှင့် ဒေသခံ အရာရှိများသာ ဖြစ်သည်။
သို့သော် မြို့တော်မှာမူ ကွဲပြားသည်၊ ထိုနေရာသို့ မရောက်မချင်း မိမိ၏ ရာထူးအဆင့်အတန်းကို မသိနိုင်ချေ။
ထိုအချက်က နောက်ပြောင်နေခြင်း မဟုတ်ပေ။ ဘီလီယံပေါင်းများစွာ ရှိနေလျှင်ပင် ထိုနေရာတွင် အစေခံတစ်ယောက်လို နေထိုင်ရလိမ့်မည်။
သူ ရှေ့သို့ လှမ်းကြည့်လိုက်သည့်အခါ နီရဲသော တံခါးကြီးတွင် အလျားလိုက် ခုနစ်လုံးနှင့် အဒေါင်လိုက် ကိုးလုံးရှိသော တံခါးခလုတ်များ တပ်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်မှာ မင်းသားတစ်ပါး၏ စံအိမ်တော် ပုံစံမျိုးပင်။
"ဒီနေရာရဲ့ ပိုင်ရှင်က ရာထူးအဆင့်အတန်း မြင့်မားပုံရတယ်၊ စည်းမျဉ်းတွေကိုလည်း နားလည်တယ်"
"ဧကရာဇ်မင်းမြတ် သုံးစွဲတဲ့ အလျားကိုးလုံး၊ အဒေါင်ကိုးလုံး ပုံစံကို မသုံးထားတာက သူ့ကိုယ်သူ သတိရှိကြောင်း ပြသနေတာပဲ"
"အနည်းဆုံးတော့ သူက မောက်မာပြီး အကျပ်ကိုင်တတ်သူ မဟုတ်ဘူး"
ကျိုးထျန်းသည် မြို့တော်ရှိ အချို့သော အလိုလိုက်ခံထားရသည့် လူကုံထံသားသမီးများမှာ အလွန်အမင်း ဆိုးသွမ်းကြကြောင်း ကြားသိထားဖူးသည်။
အလားတူ လူမျိုးချင်းသာ အတူတူ ပေါင်းသင်းတတ်ကြရာ၊ ဝတုတ်က ကြည့်ရသည်မှာ ဆိုးသွမ်းပုံရသော်လည်း အမှန်စင်စစ် သူသည် အလွန် အောက်ခြေကျကျ နေတတ်သူ ဖြစ်သည်။
သူ ရွေးချယ်ထားသည့် နေရာ၏ သခင်သည်လည်း မောက်မာသူတစ်ယောက် မဟုတ်တန်ရာပေ။