အခန်း ၃၉၉
Vol. 40 Ch. 399
🍋 Chapter 399
ထိုအချိန်ကျမှသာ ထိုကောင်နှစ်ယောက်သည် ဝတုတ်မှာ သာမန်အားဖြင့် အပူအပင်မရှိ ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း အမှန်စင်စစ်တွင်မူ အလွန်အမင်း ချမ်းသာကြွယ်ဝသည့် ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး ဖြစ်သည်ကို ပြန်လည်သတိရသွားကြတော့သည်။
ထိုကဲ့သို့သော လူတစ်ယောက် ဒေါသပေါက်ကွဲလာလျှင် မည်မျှအထိ သြဇာအာဏာ ပြင်းထန်နိုင်သည်ကို ခန့်မှန်းရန်ပင် မလွယ်ကူချေ။
ရန်ကျိသည် သိသိသာသာပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သော်လည်း သူ၏မျက်နှာမှာ ပြာနှမ်းနေကာ အရှုံးမပေးချေ။
သူ၏အကြံအစည်မှာ ပေါ်သွားခဲ့ပြီး သိက္ခာလည်း လူပုံအလယ်တွင် ကွာကျသွားခဲ့ရပြီဖြစ်ရာ လက်ရှိတွင် အကောင်းဆုံးရွေးချယ်မှုမှာ အမြီးကုပ်၍ ထွက်ပြေးရန်သာ ရှိတော့သည်။
သို့သော် သူ၏အတွင်းစိတ်ထဲ၌မူ အမည်မဖော်နိုင်သော ဒေါသမီးတစ်ခုက တောက်လောင်လာခဲ့၏။
ထိုအမည်မဖော်နိုင်သော ဒေါသမီးမှာ သူ၏အတိတ်က အခြေအနေများကြောင့် ဖြစ်ပေါ်လာခြင်းပင်။
အတိတ်တုန်းက သူ၏မိသားစုနောက်ခံမှာ ဝတုတ်၏ အခြေအနေနှင့် တန်းတူနီးပါး ရှိခဲ့ဖူးသည်။
ဝတုတ် လတ်တလောတွင် စည်းစိမ်ဥစ္စာများ အမြောက်အမြား ရရှိထားကြောင်း မကြားသိရမီအချိန်အထိ ရန်ကျိသည် သူ့အပေါ် ယခုကဲ့သို့ လှိုက်လှိုက်လှဲလှဲ ဆက်ဆံခဲ့ခြင်းမျိုး မရှိခဲ့ချေ။
အရာအားလုံးက ငွေကြေးကြောင့်သာ ဖြစ်သည်။
သူသည် မိမိကိုယ်မိမိ အရည်အချင်း မရှိသူတစ်ဦးဟု ဘယ်တုန်းကမှ မထင်ခဲ့ဘဲ ဖခင်ဖြစ်သူ၏ ပြဿနာများကသာ သူ့ကို ဆွဲချခဲ့ခြင်းဟု အမြဲတစေ ခံစားခဲ့ရသည်။
အကယ်၍သာ သူသည် ဝတုတ်၏ နေရာတွင် ရှိနေခဲ့ပါက ယခုအချိန်တွင် သူသည် ငွေကြေးများကို ယခုထက်ပင် ပိုမိုရှာဖွေနိုင်လိမ့်မည်ဟု တွေးတောနေခဲ့၏။
ထို့ကြောင့် သူသည် ဝတုတ်အပေါ် ဤသို့ ထောင်ချောက်ဆင်ရခြင်း၌ ရည်ရွယ်ချက်နှစ်ခု ရှိနေသည်။
ပထမတစ်ခုမှာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ်အချို့ ခိုးယူရန်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာမူ ဝတုတ်အား မိမိ၏ ထောင်ချောက်ထဲသို့ သက်ဆင်းစေရသည့် ပီတိအာရုံမှာပင် သူ၏ပင်ပန်းမှုအားလုံးကို လုံလောက်စွာ ကုစားပေးနိုင်သောကြောင့် ဖြစ်သည်။
သူသည် ကျိုးထျန်း၏စကားကို လက်ခံခြင်းမဟုတ်ဘဲ အကြောတင်းနေခြင်းသာ ဖြစ်၏။
သူ့မျက်လုံးထဲတွင် ဝတုတ်မှာ အသိပညာကင်းမဲ့ပြီး အရည်အချင်းမရှိသည့်အပြင် အစိုးရဌာနများတွင်လည်း ရာထူးရာခံ မရှိသူတစ်ဦးသာ ဖြစ်သည်။
ဤကဲ့သို့သော လူစားမျိုးက မည်သို့ဖြစ်ပြီး ဘီလီယံနှင့်ချီသော စည်းစိမ်များကို စုဆောင်းနိုင်ရပါမည်နည်း။
ထို့ပြင် သူ၏ စည်းစိမ်ဥစ္စာများ ကောင်းကင်သို့ ပျံတက်သွားခြင်းကြောင့် မြို့တော်၏ လူမှုအသိုင်းအဝိုင်းကြားတွင် ဩဇာကြီးမားသူတစ်ဦး ဖြစ်လာခဲ့ရသည်။
ယခုအခါ ချမ်းသာသည့် သူဌေးသားများနှင့် ဒုတိယမျိုးဆက် အသိုင်းအဝိုင်းအားလုံးက သူ့ကို ဝိုင်းဝန်းဖားယားနေကြပြီး လူကြီးသူမများကလည်း သူ့ကို အမွှမ်းတင် ချီးမွမ်းနေကြသည်။
ကြီးမားလှသော မိသားစုကြီးများသည် သာမန်မိသားစုများထက် လူတစ်ယောက်၏ အမြတ်အစွန်း ရှာဖွေနိုင်စွမ်းကို ပိုမို၍ တန်ဖိုးထားကြစမြဲပင်။
ဝတုတ်၏ စီးပွားရေးလုပ်ငန်းများမှာ တရားဝင်ပြီး ဥပဒေနှင့် ညီညွတ်သည့်အပြင် ရေရှည်အတွက်လည်း ဝင်ငွေ သေချာလှသဖြင့် မြို့တော်ရှိ ဩဇာအာဏာရှိသော မိသားစုကြီးများက ၎င်းတို့၏ သားသမီးများကို ဝတုတ်နှင့် ရင်းနှီးစေချင်ကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။
လွန်ခဲ့သည့် တစ်လအတွင်းမှာပင် လူအုပ်စု ငါးစု၊ ခြောက်စုခန့်က သူ့အား စီးပွားဖက်များနှင့် မိတ်ဆက်ပေးရန် လာရောက်ခဲ့ကြသေးသည်။
ထိုသူများအားလုံးမှာ အထက်တန်းလွှာသို့ တက်လှမ်းလိုကြသည့် စစ်မှန်သော ရာထူးကြီး အရာရှိကြီးများ ဖြစ်ကြ၏။
ဤကဲ့သို့သော အဆင့်အတန်းနှင့် လူနေမှုဘဝမျိုးမှာ ရန်ကျိ အလွန်အမင်း တောင့်တခဲ့ရသည့် အရာပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မိမိအနေဖြင့် ဤကဲ့သို့သော ဘဝမျိုးကို နောက်ထပ် မပိုင်ဆိုင်နိုင်တော့ကြောင်းကိုလည်း သူ၏အတွင်းစိတ်ထဲက ကောင်းမွန်စွာ သိရှိနေခဲ့သည်။
မည်မျှပင် ငြင်းပယ်နေပါစေ၊ ထိုအချက်ကို သူ အသိဆုံးပင် ဖြစ်၏။
သို့သော် ဤကဲ့သို့သော ကြီးမားလှသည့် ကွာဟချက်နှင့် ဆန့်ကျင်ဘက် အခြေအနေများကြောင့်ပင် သူ၏အတွင်းစိတ်ထဲမှ မကောင်းဆိုးဝါးကို လှုံ့ဆော်ပေးခဲ့ပြီး ယနေ့တွင် မိုက်မဲစွာ ပြုမူမိစေခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် အရာအားလုံး ပေါ်သွားခဲ့ပြီ ဖြစ်သော်လည်း သူသည် အရှုံးမပေးသေးဘဲ ခေါင်းငုံ့ရန် ငြင်းဆန်နေဆဲပင်။
"ချောင်ကျွင်းကျဲ့"
"မင်း ငါ့အပေါ် ဒီလိုမျိုး ဆက်ဆံတယ်ပေါ့၊ ကောင်းပြီ ငါ ဝန်ခံတယ်၊ မင်းက အခု အရမ်း အာဏာရှိနေတာပဲ၊ ငွေရှိလာတော့ လူတိုင်းကို မထီမဲ့မြင် လုပ်နိုင်ပြီလို့ ထင်နေတာလား"
"ကောင်းပြီ ကောင်းပြီ၊ ငါတို့ လမ်းခွဲကြတာပေါ့၊ နောက်ဆိုရင် အချင်းချင်း ဘယ်တော့မှ မဆုံကြေးပဲ"
ရန်ကျိက ခပ်ထန်ထန် ပြောလိုက်ပြီးနောက် ဘေးကနေ ပွဲကြည့်နေသည့် ကျိုးထျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"နောက်ပြီး မင်း မင်းက ပေကျင်းမှာ ရမ်းကားရဲတယ်ပေါ့၊ ငါ့ရှေ့မှာတောင် ရမ်းကားရဲသေးတာပဲ၊ မင်း စောင့်နေလိုက်၊ မင်း ဒီနေရာကို ရောက်လာမှတော့ ပြန်လှည့်သွားဖို့ မစဉ်းစားနဲ့တော့"
"ငါကလည်း ပြန်ဖို့ အစီအစဉ် မရှိသေးဘူး"
"ကောင်းတယ် အကြောတင်းနေတုန်းပဲကိုး၊ ကြည့်ရတာ မင်းက စည်းကမ်းတွေကို နားမလည်တဲ့ ကောင်ပဲ၊ နယ်မြို့လေးတွေက လာတဲ့လူတွေက တကယ်ပဲ စည်းကမ်းမရှိကြဘူး"
"ငါက ရှန်ဟိုင်းကပါ"
ကျိုးထျန်းက လေသံအေးအေးဖြင့် နောက်တစ်ကြိမ် ပြန်လည်ချေပလိုက်ပြန်သည်။
"ဟမ့် စိတ်မပူပါနဲ့၊ မင်းကို သင်ခန်းစာပေးမယ့်လူ ရှိလာပါလိမ့်မယ်"
ရန်ကျိက ထိုသို့ပြောပြီးနောက် ဘား၏ တံခါးဝဆီသို့ တိုက်ရိုက် လှည့်ထွက်သွားသည်။
ယခင်ကဆိုလျှင် ကျိုးထျန်းသည် ဤကဲ့သို့သော ခြိမ်းခြောက်မှုများကို ဂရုစိုက်မည်မဟုတ်ချေ။
သို့သော် ယခုမူ အခြေအနေများက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုနှင့် ကြုံတွေ့ရလုနီးပါး ဖြစ်ခဲ့ပြီးနောက်တွင် သူသည် ယခင်ကထက် များစွာပိုမို၍ သတိကြီးစွာ ထားလာခဲ့ပြီး မိမိအပေါ် ဤမျှအထိ မုန်းတီးနေသူအား လွယ်လွယ်ကူကူ လွှတ်ပေးရန် စိတ်ကူးမရှိတော့ချေ။
သူ လက်ဟန်ပြလိုက်ရာ အရပ်ဝတ်လဲထားသည့် သက်တော်စောင့်တစ်ဦး ရှေ့သို့ တိုးလာခဲ့သည်။
ကျိုးထျန်းက သူ၏ နားနားသို့ တိုးညင်းသော စကားအချို့ ကပ်ပြောလိုက်ပြီးနောက် သက်တော်စောင့်ဖြစ်သူလည်း အမြန် ထွက်ခွာသွားခဲ့တော့သည်။
"ဝတုတ် အားနာပါတယ်ကွာ၊ မင်းကတော့ သူ့ကို လွှတ်ပေးနိုင်ပေမဲ့ ငါကတော့ အဲဒီကောင် နောက်ထပ် မိုက်မဲတဲ့ လုပ်ရပ်မျိုး မလုပ်ရဲအောင် သေချာ စီစဉ်ထားရမယ်"
"ရပါတယ်၊ ငါ နားလည်ပါတယ်၊ မင်း လုပ်စရာရှိတာကိုသာ လုပ်ပါ၊ ငါက သူ့ကို မျက်နှာသာပေးမှာ ဆိုပေမဲ့ မင်းကတော့ သူ့ကို မျက်နှာသာပေးနေစရာ မလိုပါဘူး"
ဝတုတ်က စားပွဲထိုးကို လှမ်းခေါ်လိုက်ပြီး ဖန်ခွက်အချို့ကို ထပ်မံ ယူဆောင်ခိုင်းလိုက်သည်။
"ရော့ ငါတို့နှစ်ယောက်တည်းပဲ သောက်ကြရအောင်၊ စိတ်ပျက်စရာကောင်းတဲ့ ကောင်တွေ မရှိတော့မှ အရက်က ပိုသောက်လို့ ကောင်းသွားတယ်"
"အင်း သောက်ကြတာပေါ့၊ ဒါပေမဲ့ မင်း နောက်တစ်ခါ မိန်းကလေးတစ်ယောက်နဲ့ ဟိုတယ်ကို သွားဦးမယ်ဆိုရင်တော့ ငါ့ကို သိတယ်လို့ လျှောက်မပြောနဲ့တော့နော်"
ဝတုတ် : မင်းက ဘယ်သူလဲ
ကျိုးထျန်း :
သူ၏ အကျင့်ဟောင်းကို ပြင်ရန် မလွယ်ကူသေးချေ။
သူတို့နှစ်ဦးသည် အငွေ့အသက်ကို မြှင့်တင်ပေးမည့် မည်သည့်မိန်းကလေးကိုမျှ အနားမခေါ်တော့ဘဲ အချင်းချင်း ဖန်ခွက်ချင်း တိုက်လိုက်ကြကာ နှစ်ယောက်တည်း သောက်နေလိုက်ကြသည်။
သို့သော် အရက်အနည်းငယ် ဝင်လာပြီးနောက်တွင်မူ ၎င်းတို့သည် မိမိတို့၏ စိတ်ရင်းအမှန်များကို စတင် ဖွင့်ဟလာကြတော့သည်။
တစ်ကယ်တမ်း သူတို့နှစ်ဦးမှာ ယခုကဲ့သို့ စိတ်ချင်းချင်း ရင်ဖွင့်စကားမျိုးကို ကောင်းကောင်းမွန်မွန် မပြောဖြစ်ခဲ့ကြချေ။
"ထျန်း အေ့ ထျန်း၊ တကယ်တော့ ငါ မင်းကို တော်တော်လေး အားကျမိတယ်ကွာ၊ မိသားစု အခြေအနေလည်း ကောင်းတယ်၊ လူလည်း တော်တယ်၊ ကံလည်း ကောင်းတယ်၊ အားလုံးက ပြည့်စုံနေတာပဲ"
ဝတုတ်သည် မိမိ လှည့်စားခြင်း ခံလိုက်ရသည်ကို သိရှိသွားပြီးနောက် အတန်ငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
သူသည် ဝီစကီတစ်ပုလင်း လက်ကျန်ကို အမြန်မော့ချလိုက်သဖြင့် စကားပြောသံများပင် ဗလုံးဗထွေး ဖြစ်လာခဲ့သည်။
"မိသားစု အခြေအနေ ကောင်းတယ် ဟုတ်လား"
"မင်း ငါ့ကို နောက်နေတာလား၊ မိသားစု နောက်ခံချင်း ယှဉ်ရင် ငါက မင်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
"ငါ့မိသားစုက သာမန် အလုပ်သမား လူတန်းစားပဲ၊ မင်းကမှ တကယ့် သခင်လေးပဲဟာကို"
ကျိုးထျန်းက ပြုံးလျက် ပြောလိုက်သော်လည်း ဝတုတ်က လက်ကို အသည်းအသန် ယမ်းခါပြလိုက်သည်။
"ကောင်းတာ အစုတ်ပဲ"
"ငွေရှိတာက ကောင်းလို့လား"
"အာဏာရှိတာက ကောင်းလို့လား"
"လူတိုင်းရဲ့ အားကျခြင်းကို ခံရတာက ကောင်းလို့လား"
"တရုတ်နိုင်ငံ တစ်ဝန်းလုံးမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တာက ကောင်းလို့လား"
"မင်း ငါ့ကို ကြွားဖို့ ကြံနေတာလို့ ငါ သံသယဝင်တယ်၊ ပြီးတော့ ငါ့မှာ အထောက်အထားလည်း ရှိတယ်"
ကျိုးထျန်းက သူ၏ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်သည်။
"တော်လိုက်တော့၊ မဟုတ်ရင် ငါ မင်းကို ထိုးမိတော့မယ်"
"ဟူး မင်း နားမလည်ပါဘူးကွာ၊ ငါ ပိုင်ဆိုင်ထားတဲ့ အရာတွေကို မင်း နောက်ပိုင်းကျရင် သေချာပေါက် ရလာလိမ့်မယ်”
“ဒါပေမဲ့ မင်း ပိုင်ဆိုင်ထားတဲ့ အရာတွေကိုတော့ ငါ ဘယ်တော့မှ ပိုင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူး"
သူ့စကားကို ကြားသောအခါ ကျိုးထျန်း၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့ပြီး ခဏမျှ စဉ်းစားလိုက်မိသည်။
'ဝတုတ်က သူ့ရဲ့ မိဘတွေအကြောင်းကို ဘယ်တော့မှ ထည့်မပြောဘူး၊ ဒါပေမဲ့ သူ့ရဲ့ ဦးလေးနဲ့ အဘိုးကတော့ အမြဲတမ်း ထည့်ပြောလေ့ရှိတယ်'
'ဒါက ဟယ်ဝေရွှမ်းရဲ့ အခြေအနေလိုမျိုး သူ့မိဘတွေက နေမကောင်းဖြစ်နေတာလား၊ ဒါမှမဟုတ် ကွယ်လွန်သွားကြပြီလား'
ကျိုးထျန်းမှာ ခန့်မှန်းရုံသာ တတ်နိုင်ပြီး တိုက်ရိုက် မမေးမြန်းရဲချေ။
သို့သော် မကြာမီမှာပင် ဝတုတ်က သူ၏ အဖြေကို ထုတ်ဖော်ပေးခဲ့သည်။
"ထျန်း မင်း သိလား၊ တစ်ခါတလေကျရင် ငါ့ဦးလေးနဲ့ အဘိုးက ငါ့အပေါ်ကို အရမ်း ဂရုစိုက်လွန်းတယ်၊ အမြဲတမ်း အလိုလိုက်လွန်းလို့ ငါ့မှာ နေရထိုင်ရ ခက်လှတယ်"
"ငါ့မိဘတွေ စောစောစီးစီး ကွယ်လွန်သွားခဲ့ကြလို့ သူတို့က ငါ့ကို သနားနေကြတာလို့ အမြဲ ခံစားရတယ်၊ အဲဒါကြောင့် သူတို့က ငါ့ကို တခြားနည်းလမ်းတွေနဲ့ အစားထိုး အနှစ်နာခံ ပေးချင်နေကြတာ"
"ကိုယ့်ကို ကာကွယ်ပေးမယ့်လူ ရှိနေတာက ကောင်းပါတယ်၊ ဒါပေမဲ့ အဲဒါက ငါ့ကိုယ်ငါ ပိုပြီးတော့တောင် အထင်သေးမိစေတယ်"
ဝတုတ်က အရက်ကို တစ်ကျိုက်ကြီး ထပ်မံ မော့ချလိုက်ပြန်သည်။
"လူတစ်ယောက် မရှိတော့တဲ့အခါ အရာအားလုံးက အဓိပ္ပာယ်မဲ့သွားတာပဲ၊ ဘယ်လောက်ပဲ အစားထိုး ပေးဆပ်ပါစေ အဲဒါကို ပြောင်းလဲလို့ မရနိုင်တော့ဘူး"
"မင်း သိလား၊ ဘုရားသခင်က တကယ်ကို နောက်ပြောင်ရတာ ဝါသနာပါတာပဲ၊ လူတစ်ယောက်က ဘာလို့ ဒီအတိုင်း သေဆုံးသွားနိုင်ရတာလဲ"
"ငါ့မိဘတွေက လူတွေကို သွားရောက် ကယ်ဆယ်ခဲ့ကြတာပဲ၊ ဒါဆို ဘာဖြစ်လို့ သူတို့က ပြန်မလာခဲ့ကြတာလဲ"
ထိုသို့ ပြောဆိုနေစဉ်တွင် ဝတုတ်၏ မျက်ဝန်းထဲ၌ ကြီးမားသော ဝမ်းနည်းရိပ်များ ပေါ်ပေါက်မလာခဲ့ဘဲ နောင်တတရား အမြောက်အမြားသာ အရိပ်ထင်ကျန်နေခဲ့သည်။
"ငါ မင်းကို ပြောပြမယ်၊ ငါကတော့ ဒီတစ်သက်လုံး အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိတော့ဘူး”
“တကယ်လို့ ငါ သားသမီးတွေ ရလာပြီး ငါနဲ့ ငါ့မိန်းမမှာ တစ်ခုခု ဖြစ်ပွားခဲ့ရင် နောက်ထပ် ကလေးတစ်ယောက်က ငါ့ရဲ့ ဘဝမျိုးကို ထပ်ပြီး ကြုံတွေ့ရမှာကို ငါ အရမ်း ကြောက်တယ်"
"ဒါက တကယ်ကို ဆိုးဝါးလွန်းတယ်၊ တကယ့်ကို ဆိုးဝါးလွန်းတာ၊ ပြီးတော့ သူတို့က ငါ့ကို ပိုပြီး ဂရုစိုက်လေလေ ငါ ပိုပြီးတော့ ခံစားရလေလေပဲ”
“ဘာလို့လဲဆိုတော့ သူတို့ ငါ့ကို ဂရုစိုက်နေတာက ငါ့မိဘတွေကို ချစ်ကြလို့ဆိုတာကို ငါ သိနေလို့ပဲ"
"ဟူး ဒါတွေ ထည့်မပြောတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါ မင်းကို တကယ်ပဲ အားကျတယ်ကွာ”
“အရပ်လည်း ရှည်တယ်၊ ရုပ်လည်း ချောတယ်၊ မိန်းကလေးတွေကြားထဲမှာလည်း ရေပန်းစားတယ်၊ ပြီးတော့ မိဘတွေကလည်း သက်ရှိထင်ရှား ရှိနေသေးတယ်၊ ဒါက တကယ်ကို ကောင်းလွန်းပါတယ်"
"အင်း ဒါက တကယ်ကို ကောင်းမွန်ပါတယ်"
"ဒီလို အခြေအနေမျိုးမှာဆိုရင် မင်းက နှိမ့်ချပြီး ငါ့ကို နှစ်သိမ့်ပေးရမှာ မဟုတ်ဘူးလား"
ဝတုတ်က သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ငါက ပထမတုန်းက ငါ့ကိုယ်ငါ ဒီလောက်အထိ ကောင်းမွန်တယ်လို့ မထင်ထားမိဘူး၊ ဒါပေမဲ့ မင်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါကျတော့ ငါက ပိုပြီးတော့ သာနေသလို ခံစားရလို့ပါ"
"လစ်လိုက်တော့"
[ချောင်ကျွင်းကျဲ့ ထံမှ အချဉ်ဓာတ် +၆၉]
အချင်းချင်း စနောက်မှုများကြောင့် ဝမ်းနည်းရိပ်များမှာ လုံးဝပင် ပျောက်ကွယ်သွားခဲ့ရတော့သည်။