← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

🍅 Chapter 101

ဟုတ်ပေသည်။ ယခုအချိန်အထိ မိခင်ဖြစ်သူထံမှ မည်သည့်အရာမှ လွင့်စင်မလာခြင်းကြောင့်သာဖြစ်ရမည်။

အကယ်၍ ယခင်ကသာဆိုလျှင် ထမင်းပန်းကန်များ၊ တူများက သူ့မျက်နှာတည့်တည့်သို့ ပျံဝဲလာမည်မှာ အသေအချာပင်။

ထိုပန်းကန်များကို မဖမ်းမိဘဲ ကွဲရှသွားခဲ့လျှင်လည်း နောက်ထပ် ဆဲရေးတိုင်းထွာမှု ဒုတိယလှိုင်းကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

ပန်းကန်များနှင့် တူများအကြောင်း တွေးမိကာမှပင်။

စုန့်ကျစ်ချုံး၏ မျက်လုံးအစုံက သူ့လက်ထဲတွင် ကိုင်ထားသော သန့်ရှင်းလှပသည့် ကြွေပန်းကန်စိမ်းလေးထံ၌ မျက်တောင်မခတ်တမ်း စူးစိုက်ရပ်တန့်သွားသည်။

‘ငါတို့မိသားစုက ဘယ်အချိန်ကစပြီး ဒီလိုကြွေပန်းကန်စိမ်းမျိုးကို ဝယ်သုံးနိုင်သွားခဲ့တာပါလိမ့်'

‘ပြီးတော့……'

စုန့်ကျစ်ချုံးက အိမ်ပတ်ဝန်းကျင်သို့ မျက်စိကစားကြည့်လိုက်ရာ မိသားစုဝင်အားလုံးက သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး ခေါင်းတွင်လည်း ဆံထုံးကြိုးအသစ်လေးများကိုယ်စီ စည်းနှောင်ထားကြောင်း တွေ့လိုက်ရသည်။

ကလေးငယ်များဆိုလျှင် ဖိနပ်အသစ်စက်စက်လေးများကိုပင် စီးထားကြသေး၏။

ထိုမျှမကသေးဘဲ အရင်က ပိန်ချုံးနေခဲ့သော သူတို့၏မျက်နှာလေးများမှာလည်း အနည်းငယ် ပြည့်ဖြိုးလာကာ အားလုံးက တက်ကြွလန်းဆန်းနေကြသည်။

အထူးသဖြင့် ကလေးငယ်များမှာ အရင်ကကဲ့သို့ ညှိုးနွမ်းတက်ကြွမှုကင်းမဲ့နေသော အသွင်အပြင်များ လုံးဝပျောက်ကွယ်သွားပြီး စကားပြောရင်း ရယ်မောပျော်ရွှင်နေကြလေသည်။

ဤအပြောင်းအလဲများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေမှုက စုန့်ကျစ်ချုံးအား တိမ်တိုက်များထဲတွင် မျက်စိလည်လမ်းမှားနေသကဲ့သို့ ခံစားရစေကာ ထိုအရာများအားလုံး၏နောက်ကွယ်မှ အကြောင်းရင်းကို သူ အလွန်တရာသိချင်နေမိသည်။

‘အိမ်မှာ တကယ်တမ်း ဘာတွေဖြစ်ပျက်ခဲ့တာလဲ'

‘မိခင်ဖြစ်သူကရော ဘာကြောင့် ဒီလောက်တောင် ပြောင်းလဲသွားခဲ့ရတာလဲ'

ကလေးများက အသားတုံးလေးများကို ဖြည်းဖြည်းချင်းအရသာခံကာ ဝါးစားနေကြသည်ကို ကြည့်ခြင်းအားဖြင့် သူတို့မိသားစုအသားစားရသည်မှာ ဤသည်က ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

အရေးကြီးဆုံးအချက်က အငယ်ဆုံးသားအိမ်မှာမရှိသော်ငြား မိခင်ဖြစ်သူက ဘာတုံ့ပြန်မှုမှမရှိခြင်းပင်ဖြစ်သည်။

သူ အငယ်ဆုံးသား၏အခန်းကို သွားကြည့်ခဲ့စဉ်က ကုတင်ပေါ်တွင် ဖုန်များတက်နေသည်ကို မြင်ခဲ့ရသည်။

အငယ်ဆုံးသား အိမ်မှထွက်သွားသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ကြောင်း ထင်ရှားသော်လည်း မိခင်ဖြစ်သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရပေ။

သူ့ဇနီးနှင့် ကလေးများသာ ထိုနေရာတွင် ရှိမနေခဲ့လျှင် သူ အိမ်မှားဝင်လာမိသည်ဟုပင် ထင်မှတ်မိမည်မှာအမှန်ပင်။

အိမ်ကြီး၏အပြောင်းအလဲများက တကယ်ကို ကြီးမားလွန်းလှသဖြင့် သူ့ရင်ထဲတွင် လှိုင်းထန်နေသကဲ့သို့ ဗြောင်းဆန်နေ၏။

သို့သော်ငြား အားလုံးက ထမင်းစားနေကြပြီး မိခင်ဖြစ်သူကလည်း သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသောကြောင့် သူ မေးချင်သည့်စကားများကို မြိုသိပ်ထားလိုက်ရသည်။

ဝူယွီလန်က ဒုတိယသားဖြစ်သူ ထမင်းကိုကိုင်ထားပြီး မစားဘဲနေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ၊ မင်း အကြိုက်မဟုတ်လို့လား”

စုန့်ကျစ်ချုံး အလန့်တကြားဖြင့် ခေါင်းကို ခပ်မြန်မြန်ခါရမ်းလိုက်သည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော့်အကြိုက်ပါပဲ”

ထို့နောက် သူ ထမင်းများကို ပါးစပ်ထဲသို့ အလျင်စလို သွပ်သွင်းလိုက်တော့၏။

မိခင်ဖြစ်သူ မည်သို့ပင် အကြံအစည်များရှိနေပါစေ သူ ဗိုက်ဝအောင် အရင်စားထားဖို့တော့ လိုအပ်သေးသည်။

ထမင်းစားပြီးသွားသောအခါ စုန့်ကျစ်ချုံး ရင်ဘတ်ထဲတွင် နွေးထွေးစွာ သိမ်းဆည်းထားသော ငွေငါးချောင်းကို ထုတ်ယူလိုက်သည်။

“အမေ၊ အမေ ပေးလိုက်တဲ့ငွေတွေကို ကျွန်တော် မသုံးဖြစ်ပါဘူး၊ အကုန်လုံး ပြန်ယူလာခဲ့ပါတယ်”

လမ်းခရီးတစ်လျှောက်လုံးတွင် သူ့ သမီးလေးအား ပြန်လည်မရွေးယူရသေးကြောင်းကိုသာ စိတ်ထဲ၌ စွဲမြဲစွာ တွေးတောနေခဲ့မိ၏။

ထိုစိတ်ကြောင့် ကြေးပြားတစ်ပြားကိုပင် မသုံးရက်ဘဲ တောဟင်းရွက်များကိုသာ တူးဖော်စားသောက်ရင်း ခရီးကြမ်းကို ဖြတ်သန်းလာခဲ့ခြင်းဖြစ်သည်။

ယခုမူ သူ့သမီးလေးကိုလည်း မိခင်ဖြစ်သူက ပြန်လည်ရွေးယူပေးခဲ့ပြီဖြစ်ရာ နောင်တစ်ချိန်တွင် မိခင်ဖြစ်သူက စာရင်းလာရှင်းမည်ကို ကာကွယ်သည့်အနေဖြင့် ထိုငွေများအား အလွယ်တကူ ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဝူယွီလန်က မည်သည့်စကားမှမဆိုဘဲ ငွေများကို ပြန်ယူလိုက်သည်။

သူ မသုံးဘူးဆိုလျှင်လည်း ကောင်းပေသည်။

သူ မည်သို့သုံးရမည်ကို မသိလျှင် သူမကပဲ သူ့ကိုယ်စား သုံးပေးလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်၏။

ထိုအချိန်တွင် ကျောက်လီကျွမ်က အခွင့်ကောင်းယူ၍ ခင်ပွန်းဖြစ်သူ၏အခြေအနေကို မေးမြန်းလိုက်သည်။

“ကလေးတွေရဲ့အဖေ၊ ရှင် ဘာလို့ ဒီလောက်စောစော ပြန်ရောက်လာတာလဲ၊ မြစ်ကြောင်းတူးဖော်ရေးက သုံးနှစ်ကနေ ငါးနှစ်အထိကြာမယ်ဆို”

စုန့်ကျစ်ချုံး မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။

“အမေလေ၊ အမေက ဒဏ်ကြေးနှစ်ဆပေးပြီး ငါ့ကို ပြန်ရွေးလာခဲ့တာ”

“ဒီငွေငါးချောင်းကလည်း အမေက ရုံးတော်ကလူကိုပေးပြီး ငါ့အတွက် ခရီးစရိတ်အဖြစ် ယူလာပေးခိုင်းတာ”

သူ ဝူယွီလန်ကို ရှုပ်ထွေးသောခံစားချက်များဖြင့် စိုက်ကြည့်နေမိ၏။

မိခင်ဖြစ်သူကို သူ အမှန်တကယ် မေးချင်နေမိသည်။

နှစ်ပေါင်းများစွာ သူ့ကို လျစ်လျူရှုကာ ကြမ်းတမ်းစွာဆက်ဆံနှိပ်စက်ခဲ့ပြီး အကျိုးအမြတ်အနည်းငယ်အတွက်နှင့် အလုပ်ကြမ်းလုပ်ရန် တွန့်ဆုတ်မှုမရှိဘဲ တွန်းပို့ခဲ့သူက ယခုလိုအချိန်ကျမှ ဘာကြောင့် ဒီလောက် ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး သူ့ကို ပြန်လည်ရွေးယူပေးရသနည်းဆိုသည့် မေးခွန်းကိုပင်။

ကျောက်လီကျွမ်မှာ အံ့ဩလွန်း၍ စကားပင် ဆုံးအောင်မပြောနိုင်တော့ပေ။

“နှစ်ဆလား၊ ဒဏ်ကြေးက နှစ်ဆတောင်လား”

ထိုပမာဏက ငွေဆယ့်ခြောက်ချောင်းတောင် ဖြစ်သွားမည်မဟုတ်ပါလား။

ကျောက်လီကျွမ် ဝူယွီလန်ကို အကဲခတ်ကြည့်လိုက်သည်။

သူမ၏ယောက္ခမက ခင်ပွန်းဖြစ်သူကို ပြန်လည်ရွေးယူရန်အတွက် တိတ်တဆိတ် ဒဏ်ကြေးငွေအများကြီး ပေးဆောင်ခဲ့လိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့မိပေ။

ဆယ့်ခြောက်ချောင်းနှင့် ထိုငွေငါးချောင်းပေါင်းလိုက်လျှင် စုစုပေါင်း ငွေနှစ်ဆယ့်တစ်ချောင်းတောင် ရှိပေသည်။

လင်မယားနှစ်ယောက်လုံး၏ စူးစူးရဲရဲအကြည့်များက ပြင်းထန်လွန်းလှသဖြင့် ဝူယွီလန်အနေဖြင့် လျစ်လျူရှုထားချင်လျှင်တောင်မှ မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် သူမ ထုံးစံအတိုင်း အကြောင်းပြချက်ဟောင်းကိုသာ ထုတ်သုံးလိုက်ရတော့သည်။

“ငါ့ကို အဲဒီလိုလာမကြည့်ကြနဲ့၊ မင်းတို့အဖေကြောင့်သာမဟုတ်ရင် ငါလုပ်မှာမဟုတ်ဘူး၊ မင်းက မြစ်ကြောင်းတူးဖော်ရေးမှာ အလုပ်လုပ်ရင်း သေလုနီးပါးဖြစ်နေပြီဆိုလို့ မင်းတို့အဖေက ဘာပဲဖြစ်ဖြစ် မင်းကိုပြန်ရွေးဖို့ ငါ့ကို အိမ်မက်ထဲမှာ လာပြောတယ်၊ အဲဒီလိုမှ မလုပ်ရင် ငါသေသွားတဲ့အခါ မိသားစုထဲက ဘိုးဘေးတွေနဲ့ လာမပေါင်းခိုင်းဘူးလို့ ခြိမ်းခြောက်သွားတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ချုံး၏ရင်ထဲတွင် ဒိန်းခနဲ လှုပ်ခတ်သွားသည်။

ဖခင်ဖြစ်သူက မိခင်၏အိပ်မက်ထဲသို့ တကယ်ပဲ လာရောက်ခဲ့ခြင်းများလော။

ထိုသို့မဟုတ်လျှင် သူ အလုပ်လုပ်ရင်း သေလုမျောပါးဖြစ်နေသည်ကို မိခင်က မည်သို့သိနိုင်မည်နည်း။

သူ အပူရှပ်ပြီး အသက်ထွက်လုနီးပါး ဖြစ်နေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် မိခင်ဖြစ်သူက သူ့ကိုပြန်ရွေးရန် ငွေပေးချေလိုက်ပြီး ရုံးတော်မှလူက သူ့အား လာရောက်ရှာဖွေကာ ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။

All Chapters