အခန်း ၁၀၄
Vol. 11 Ch. 104
🍅 Chapter 104
“ဒီမှာ မင်တုံးတွေရှိပါတယ်၊ အရောင်ကိုသိရအောင် တစ်ချက်လောက် သွေးကြည့်လို့ရပါတယ်ခင်ဗျ”
ဝူယွီလန် နားထောင်ပြီးနောက် ထင်းရှူးမှိုင်းမင်နှင့် အဆင့်မြင့်မင်တို့ကို အလှည့်ကျ သွေးကြည့်လိုက်သည်။
စာပေအနုပညာနှင့် ပတ်သက်၍ အတွေ့အကြုံမရှိသူပီပီ သူမက များစွာနားမလည်လှပေ။
ထင်းရှူးမှိုင်းမင်မှာ အရောင်အနည်းငယ်ဖျော့ပြီး အနည်းငယ် မနှစ်မြို့ဖွယ် အနံ့အသက်ရှိနေသည်ကိုသာ သူမ သတိပြုမိသည်။
သို့သော် ပညာရေးကို ယခုမှ စတင်မည့်ကလေးများအတွက်တော့ ဤမျှဆိုလျှင် လုံလောက်နေပြီဖြစ်သည်။
နောက်ဆုံးတွင် ဤကလေးငယ်များ စာရေးကျင့်ကြသည့်အခါ မည်သို့သော ဗရုတ်သုတ်ခစာလုံးများ ထွက်ပေါ်လာမည်ကို မည်သူသိနိုင်မည်နည်း။
အနုပညာရသဟူ၍ ပြောပလောက်အောင် ရှိလာမည်မဟုတ်သဖြင့် ဤမျှဆိုလျှင်ပင် ကောင်းမွန်လွန်းနေပြီဖြစ်သည်။
သူမ မင်တုံးခုနစ်တုံးကို ရွေးချယ်လိုက်သည်။
ဝန်ထမ်းလေးက ပစ္စည်းများအား ဆက်လက်မိတ်ဆက်ပြသပေးနေသည်။
“ဒါတွေကတော့ စက္ကူတွေပါ၊ သာမန်လျှော်စက္ကူက တစ်ရွက်ကို ဆယ်ပြား၊
ဝါးစက္ကူက တစ်ရွက်ကို အပြားနှစ်ဆယ်နဲ့ အကြမ်းစား အဝါရောင်စက္ကူကတော့ တစ်ရွက်ကို အပြားငါးဆယ်ကနေ စတင်ပါတယ်ခင်ဗျာ”
ဝူယွီလန်မှာ အံ့သြသွားသဖြင့် လျှာသပ်လိုက်မိသည်။
သာမန်စက္ကူတစ်ရွက်ကိုပင် ဆယ်ပြားကျသင့်နေရာ သာမန်မိသားစုများမှ ကလေးငယ်များကျောင်းမတက်နိုင်ကြသည်မှာ အံ့သြစရာတော့မဟုတ်ပေ။
အိမ်တွင် ပညာသင်ကြားရန်လိုအပ်နေသော ကလေးခုနစ်ယောက်ကို တွေးတောမိကာ ဝူယွီလန်က တစ်ယောက်လျှင် စက္ကူနှစ်ဆယ်ရွက်နှုန်း တွက်ချက်လိုက်ပြီး သာမန်လျှော်စက္ကူတစ်ရာ့လေးဆယ်ရွက်ကို ဝယ်ယူလိုက်သည်။
ထို့နောက် ဝူယွီလန် မင်သွေးကျောက်ခုနစ်ခုကို ရွေးချယ်လိုက်သည်။
သူမက အလွန်အမင်း ဈေးကြီးလွန်းသည်များကို မရွေးချယ်ဘဲ တစ်ခုလျှင် ပြားနှစ်ရာတန် သာမန်မင်သွေးကျောက်များကိုသာ ဝယ်ယူလိုက်သည်။
စုစုပေါင်း ကျသင့်ငွေမှာ ငွေငါးချောင်းနှင့် ပြားကိုးရာ့ငါးဆယ်ဖြစ်သည်။ ဈေးဆစ်ပြီးနောက်တွင်ပင် ငွေငါးချောင်းနှင့် ပြားကိုးရာ ကျသင့်နေသေး၏။
မင်ကျစ်ပညာရေးကျောင်း၏တစ်နှစ်စာ ကျောင်းလခမှာ ငွေတစ်ချောင်းသာ ရှိသည်ကို ထောက်ရှုလျှင် ဤပမာဏမှာ နည်းလှသည်တော့မဟုတ်ပေ။
မင်ကျစ်ပညာရေးကျောင်းက ပြဋ္ဌာန်းစာအုပ်များကိုပင် ထောက်ပံ့ပေးထားသေးရာ ကျောင်းမှာ ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲနေသည်မှာလည်းမဆန်းလှပေ။
ဝန်ထမ်းလေး၏ယဉ်ကျေးပျူငှာသော အပြုအမူများဖြင့် လိုက်လံပို့ဆောင်မှုအောက်တွင် ဝူယွီလန်တစ်ယောက် စာအုပ်ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။
စာအုပ်ဆိုင်မှ ထွက်လာပြီးနောက် သူမ ပြီးခဲ့သည့်အကြိမ်က သွားရောက်ခဲ့သော ကုန်စုံဆိုင်ကို လိုက်လံရှာဖွေလိုက်သည်။
ပြီးခဲ့သည့်အကြိမ် ဈေးဝယ်ထွက်စဉ်က သံဒယ်အိုးတစ်လုံးဝယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း ပစ္စည်းများအများအပြား ဝယ်ယူခဲ့ရသဖြင့် လှည့်ထွက်လိုက်သည်နှင့် ထိုကိစ္စကို မေ့လျော့သွားခဲ့ခြင်းဖြစ်၏။
ဝူယွီလန်ကို ဆီးကြိုနှုတ်ဆက်လာသူမှာ အစောကဲ့သို့ပင် တက်ကြွလန်းဆန်းနေသော ကောင်မလေးပင်။
“အစ်မကြီး ရောက်လာပြီကိုး၊ ဒီနေ့ရော ဘာများဝယ်ချင်ပါသလဲရှင့်၊ ကျွန်မ ဈေးလျှော့ပေးပါ့မယ်”
ဝူယွီလန် ပြုံး၍ တုံ့ပြန်လိုက်သည်။
“နင့်အလုပ် နင် ဆက်လုပ်ပါ၊ ငါ့ဘာသာ ငါပဲ လိုက်ကြည့်လိုက်ပါ့မယ်”
ကောင်မလေးက ရွှင်လန်းစွာဖြင့် ပြန်ဖြေလာသည်။
“ဟုတ်ကဲ့ပါရှင့်”
ထိုစကားကို ကြားပြီးနောက် ကောင်မလေးက ဝူယွီလန်ကို အနှောင့်အယှက်မပေးတော့ဘဲ အခြားဈေးဝယ်သူများကို ဧည့်ခံရန် လှည့်ထွက်သွားလေသည်။
ဝူယွီလန် သံဒယ်အိုးတစ်လုံးကို ရွေးချယ်လိုက်ပြီးနောက် လက်ဖက်ရည်ပန်းကန်လုံးအစုံကိုပါ ထပ်မံရွေးချယ်လိုက်သည်။
သူမ ရွေးချယ်ပြီးစီးသွားသောအခါ ထိုပစ္စည်းများကို ကောင်တာဆီသို့ ယူဆောင်သွားလေ၏။
“သူဌေးမ၊ ဒီပစ္စည်းတွေ ဘယ်လောက်ကျမလဲဆိုတာ တွက်ပေးပါဦး”
ဆိုင်ရှင်အမျိုးသမီးမှာ အရပ်ပုပု၊ ဝဝဖိုင့်ဖိုင့်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။
ထိုစကားကို ကြားသောအခါ သူမက လက်ထဲရှိ ပေသီးခုံကို ကောက်ကိုင်လိုက်လေ၏။
“သံဒယ်အိုးက ပြားခုနစ်ရာ့နှစ်ဆယ်ပါ၊ ရှင်က ဖောက်သည်ဖြစ်နေပြီး ကျွန်မလည်း မှတ်မိနေတာဆိုတော့ ပြားခုနစ်ရာပဲ ယူပါ့မယ်၊ ဒီကြာပန်းပုံ လက်ဖက်ရည်ခွက်အစုံကတော့ နည်းနည်းပိုဈေးကြီးတယ်၊ ငါးရာ့သုံးဆယ့်ခြောက်ပြားဆိုတော့ ပြားငါးရာ့တစ်ဆယ်ပဲ ထားလိုက်ပါ၊ စုစုပေါင်း တစ်ထောင့်နှစ်ရာ့ဆယ်ပြား ကျသင့်ပါတယ်ရှင့်”
ဝူယွီလန် ခေါင်းညိတ်ပြလိုက်ပြီး ကျသင့်ငွေကို ရှင်းလင်းရန်အတွက် ငွေများ ထုတ်ပေးလိုက်သည်။
သံဒယ်အိုးနှင့် လက်ဖက်ရည်ပန်းကန်လုံးအစုံကို ကိုင်ဆောင်လျက် ကုန်စုံဆိုင်မှ ထွက်လာပြီးနောက် ဝူယွီလန်က တစ်ခဏမျှစဉ်းစားလိုက်ကာ လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုဆီသို့ ကွေ့ဝင်သွား၏။
ထို့နောက် စုတ်တံ၊ မင်၊ စက္ကူ၊ မင်သွေးကျောက်၊ သံဒယ်အိုးနှင့် လက်ဖက်ရည်ပန်းကန်လုံးအစုံတို့ကို သူမ၏ လျှို့ဝှက်ကွက်လပ်နယ်မြေထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။
လမ်းကြားလေးထဲမှ ပြန်လည်ထွက်ပေါ်လာချိန်တွင်တော့ သူမ လက်ထဲ၌ မည်သည့်ပစ္စည်းမျှရှိမနေတော့ပေ။
အိမ်တွင် အသားနှင့် ဟင်းသီးဟင်းရွက်များ မရှိတော့သည်ကို သတိရသွားသဖြင့် ဝူယွီလန်က ဝက်သုံးထပ်သားနှစ်ကျင်း သွားရောက်ဝယ်ယူလိုက်သည်။
ပုစွန်များကို မြင်တွေ့ရသောအခါ ပုစွန်နှစ်ကျင်းကိုပါ ထပ်မံဝယ်ယူခဲ့သည်။
ဟင်းချက်စရာများ ဝယ်ယူပြီးနောက် သူမက အနည်းငယ် ထပ်မံလျှောက်ကြည့်သေးသော်လည်း ဝယ်စရာမည်မည်ရရ မတွေ့ရတော့သဖြင့် အိမ်သို့ပြန်ရန် ပြင်ဆင်လိုက်စဉ်မှာပင် သူမ မျက်လုံးထောင့်မှနေ၍ လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ကို လှမ်းမြင်လိုက်ရ၏။
ထိုလက်ဝတ်ရတနာဆိုင်လေးမှာ စည်ကားလှသောဈေးကြီးထဲတွင် တည်ရှိသော်လည်း ရိုးရှင်းကာ အလှဆင်ထားခြင်းသိပ်မရှိလှပေ။
သူမ၏ချွေးမသုံးယောက်လုံး သစ်သားဆံထိုးများကိုသာ ပန်ဆင်ထားကြသည်ကို တွေးမိသွားသဖြင့် ဝူယွီလန် ခြေလှမ်းများပြန်လှည့်ကာ လက်ဝတ်ရတနာဆိုင်ထဲသို့ ဝင်ရောက်သွားလေသည်။
ဆိုင်ရှင်အမျိုးသမီးမှာ အသက်နှစ်ဆယ်ကျော်အရွယ် နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိလှသော အမျိုးသမီးတစ်ဦးဖြစ်သည်။
ဝူယွီလန်ကို မြင်သောအခါ သူမက လက်ထဲရှိစုတ်တံကို ချလိုက်သည်။
“အစ်မကြီး၊ လက်ဝတ်ရတနာလေးတွေ ကြည့်ချင်လို့လားရှင့်”
ဝူယွီလန် အကဲခတ်ကြည့်လိုက်ရာ ဆိုင်ရှင်အမျိုးသမီးမှာ ဆံထိုးပုံစံကြမ်းများကို ရေးဆွဲနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမက ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ ထိုဆံထိုးများ၏ ပုံစံကြမ်းများမှာ ရိုးရှင်းလွန်းနေပြီး ဆန်းသစ်တီထွင်မှု အားနည်းနေကြောင်းကို တွေ့ရှိလိုက်ရသည်။
ဝူယွီလန် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
“သူဌေးမက ဆံထိုးပုံစံကြမ်းတွေ ဆွဲနေတာလား”
ဝူယွီလန်၏အကြည့်များက သူမ ပန်းချီကားများပေါ်သို့ ကျရောက်သွားသည်ကို မြင်သောအခါ ဆိုင်ရှင်အမျိုးသမီးက ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။
“ဟုတ်ပါတယ် ရှင်၊ အားလပ်ချိန်မှာ ဆံထိုးပုံစံကြမ်းလေးတွေကို စမ်းသပ်ရေးဆွဲကြည့်နေတာပါ”
“တကယ်လို့ အကြံဉာဏ်ကောင်းလေးတွေ ရလာရင် ငွေနည်းနည်းရအောင် ရောင်းချလို့ရတယ်လေ”
ငွေရနိုင်သည်ဟူသောအချက်က ဝူယွီလန်၏စိတ်ဝင်စားမှုကို အကြီးအကျယ် လှုံ့ဆော်ပေးလိုက်သည်။
ရည်မှန်းချက်ကြီးမားပြီး မိသားစုဘဝ တိုးတက်ရေးအတွက် အမြဲတွေးတောနေတတ်သော သူမအတွက် ဤအရာက အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်ပေသည်။
ဝူယွီလန် မအောင့်နိုင်တော့ဘဲ ထပ်မံမေးမြန်းလိုက်သည်။
“အို၊ ဆံထိုးပုံစံကြမ်းတွေက ငွေရနိုင်လို့လား”
ဆိုင်ရှင်အမျိုးသမီးက ဝူယွီလန် စိတ်ဝင်စားနေသည်ကို မြင်သောအခါ ပြုံးလိုက်သည်။
“ရတာပေါ့ရှင်၊ အစ်မကြီး စိတ်ဝင်စားတယ်ဆိုရင် ကိုယ်တိုင် ပုံစံလေးတွေ ဆွဲကြည့်လို့ရပါတယ်၊ ပုံစံကြမ်းက လှတယ်ဆိုရင် ကျွန်မ တစ်ခါတည်းဝယ်ပေးပါ့မယ်”