အခန်း ၁၀၇
Vol. 11 Ch. 107
🍅 Chapter 107
မည်သို့ပင်ဆိုစေကာမူ ငွေဆယ့်ခြောက်ချောင်းဆိုသည်မှာ သေးငယ်သော ပမာဏမဟုတ်ချေ။
ငွေဆယ့်ခြောက်ချောင်းကို သာမန်လူတစ်ယောက်အနေဖြင့် အလွယ်တကူ ထုတ်ပေးနိုင်မည်မဟုတ်ပေ။
ဝူယွီလန်၏မျက်နှာအမူအရာမှာ တည်ငြိမ်ဟန်ဆောင်နေသော်လည်း အနည်းငယ် သဘာဝမကျသကဲ့သို့ဖြစ်နေသည်။
သူမ အလန့်တကြား ရှင်းပြလိုက်၏။
“လူကြီးမင်းတို့၊ သူလျှောက်ပြောနေတာတွေကို နားမထောင်ပါနဲ့၊ ကျွန်မက လူကြီးမင်းတို့ကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ”
သို့သော် သူမ၏အသံမှာ အနည်းငယ်တုန်ယင်နေခဲ့ရာ ဟောင်ချန်၏အမြင်တွင်မူ အပြစ်ရှိနေသောကြောင့် စိုးရိမ်ထိတ်လန့်နေခြင်း၏ လက္ခဏာတစ်ရပ်အဖြစ် မြင်တွေ့လိုက်ရသည်။
ထိုအခြေအနေကို မြင်သောအခါ ဟောင်ချန်မှာ စုန့်ကျစ်ချုံး ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်းကို ပိုယုံကြည်သွားတော့သည်။
သူမက တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ ခိုင်မာစွာပြောဆိုလိုက်၏။
“ရုံးတော်အစောင့်တို့၊ စုန့်ကျစ်ချုံးက သေချာပေါက် ထွက်ပြေးလာတာပါလို့ ကျွန်မ အာမခံရဲပါတယ်၊ သူ့ရဲ့ လှည့်စားမှုအောက်မှာ မျောမပါသွားစေနဲ့”
ထိုအခါ ဝူယွီလန် အလျင်အမြန် ချေပလိုက်သည်။
“နင် ငါ့ကို အသရေဖျက်နေတာပဲ၊ ငါ့ဆီမှာ ရုံးတော်ကပေးလိုက်တဲ့ တရားဝင် လွတ်မြောက်ခွင့်စာရွက်ရှိတယ်၊ နင်မယုံရင် အိမ်ကို လိုက်ကြည့်လို့ရတယ်”
ဟောင်ချန် လှောင်ပြောင်သရော်လိုက်၏။
“နင့်ဆီမှာ တရားဝင် လွတ်မြောက်ခွင့်စာရွက် ရှိတယ်ပေါ့၊ ကောင်းပြီလေ၊ အဲဒါကိုထုတ်ပြီး ရုံးတော်အစောင့်မင်းတွေကို ပြလိုက်ပါလား”
ဝူယွီလန် နှုတ်ဆိတ်နေလိုက်သည်။ လွတ်မြောက်ခွင့်စာရွက်မှာ စုန့်ကျစ်ချုံးထံတွင် ရှိနေသည်ဖြစ်ရာ သူမထံတွင်မရှိပေ။
သို့သော် သူမထံတွင် ရုံးတော်မှထုတ်ပေးထားသော ငွေလက်ခံရရှိကြောင်းပြေစာရှိနေသည်။
သို့တိုင် သူမက ထိုစာရွက်ကို ချက်ချင်းထုတ်မပြချင်သေးပေ။
ဟောင်ချန်က သူမအား ဤမျှလောက်အထိ ချောက်ချချင်နေသည်ဖြစ်ရာ သူမကိုယ်တိုင် သူမခြေထောက်ပေါ်ကို ကျောက်ခဲပြန်ပစ်ချမိမှန်း သိသွားချိန်တွင် မည်သို့သောမျက်နှာအမူအရာမျိုး ဖြစ်သွားမည်ကို ကြည့်ရှုချင်သေးသည်။
ရုံးတော်အစောင့်များမှာလည်း သူတို့၏တာဝန်ကို သတိရသွားကာ ပိုမိုလေးနက်သွားကြ၏။
သူတို့က ဟောင်ချန်ကိုကြည့်ကာ သတိပေးလိုက်သည်။
“ကောင်းပြီ၊ ခင်ဗျားက ဒီလိုပြောနေမှတော့ ကျွန်တော်တို့ ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်၊ ဒါပေမဲ့ သတိပေးလိုက်မယ်၊ ခင်ဗျားသာ ကျွန်တော်တို့ကို လှည့်စားရဲရင်တော့ ကျွန်တော်တို့ ရိုင်းတယ်လို့အပြစ်မတင်နဲ့”
ဟောင်ချန် ခေါင်းကို ကြက်အစာကောက်သကဲ့သို့ တရစပ်ညိတ်ပြလိုက်၏။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ရုံးတော်အစောင့်တို့ စိတ်ချပါ၊ ကျွန်မ ဘယ်တော့မှ မလှည့်စားရဲပါဘူး”
ရုံးတော်အစောင့်က ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။
“ရှေ့ကသွား”
ဟောင်ချန်က နောက်သို့လှည့်ကာ နှုတ်ခမ်းကို တွန့်ချိုးလိုက်ပြီး ဝူယွီလန်အား အောင်နိုင်သူတစ်ဦး၏ အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်သည်။
‘ဟင်း၊ နင့်ရဲ့ သားလေးကို မြန်မြန် ထွက်ပြေးခိုင်းလိုက်ပါဦး၊ သူသာ ထွက်ပြေးရဲရင်တော့ အကြီးအကျယ် ဒုက္ခရောက်တော့မှာပဲ'
ဝူယွီလန် နောက်သို့ဆုတ်သွားပြီး ထိတ်လန့်နေဟန် ဖန်တီးလိုက်သည်။
ဝူယွီလန်၏ ထိုကဲ့သို့သောအမူအရာက ဟောင်ချန်ကို များစွာ ကျေနပ်သွားစေခဲ့ပြီး ရုံးတော်အစောင့်များအား ခေါ်ဆောင်ကာ စုန့်ကျစ်ချုံးအား ဖမ်းဆီးဆွဲထုတ်ရန် စိတ်လောနေသဖြင့် ခြေလှမ်းများပင် သွက်လက်ပေါ့ပါးနေလေသည်။
သို့သော် ဟောက်ချန် လှည့်ထွက်သွားသည့်အခိုက်အတန့်တွင် ဝူယွီလန်၏မျက်နှာပေါ်ရှိ အမူအရာက ချက်ချင်းသိသိသာသာ ပြောင်းလဲသွားကြောင်းကိုမူ သူမ သတိမပြုမိခဲ့ပေ။
မူလက ရှိနေခဲ့သော ကြောက်ရွံ့ထိတ်လန့်မှုများက အရိပ်အယောင်အနည်းငယ်မျှပင် မကျန်တော့ဘဲ လုံး၀ပျောက်ကွယ်သွားခဲ့ကာ သတိမပြုမိနိုင်လောက်အောင် သိမ်မွေ့သော အပြုံးတစ်ခုက အစားထိုး နေရာယူသွားခဲ့သည်။
‘ရယ်ထားလိုက်စမ်းပါ၊ ဆက်ပြီး ရယ်ထားလိုက်စမ်းပါ၊ ခဏနေရင် နင် ရယ်နိုင်တော့မှာ မဟုတ်ဘူး'
စုန့်မိသားစုရွာ
ဟောက်ချန်တစ်ယောက် ရုံးတော်အစောင့်အချို့နှင့်အတူ ရွာထဲသို့ ပြန်လည်ဝင်ရောက်လာသည်ကို ရွာသားများ မြင်တွေ့လိုက်ရသောအခါ အားလုံးက ခေါင်းများငုံ့ကာ ရှောင်ဖယ်သွားကြသည်။
ရွာသားတစ်ဦးက တိုးတိုးတိတ်တိတ် မေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ၊ ဘယ်သူ့မိသားစုများ ဒုက္ခရောက်ပြန်ပြီလဲ”
အခြားတစ်ဦးကလည်း ခေါင်းခါပြလိုက်၏။
“မသိဘူးလေ၊ သူက ဘာလို့ ရုံးတော်အစောင့်တွေကို ဒီကိုခေါ်လာရတာလဲ”
ရွာသားများ၏ တီးတိုးပြောဆိုသံများကို ကြားသောအခါ ဟောင်ချန်က ခါးထောက်လိုက်သည်
“နင်တို့ မသိကြဘူးလား၊ စုန့်ကျစ်ချုံးက မြစ်ကြောင်းတူးဖော်ရေးကနေ ထွက်ပြေးလာတဲ့တပ်ပြေးလေ၊ သူက လမ်းတစ်ဝက်ကနေ ထွက်ပြေးလာခဲ့တာ”
သူမက ဂုဏ်ယူဝင့်ကြွားစွာ ဆက်ပြောလိုက်သည်။
“အခု ရုံးတော်အစောင့်တွေက သူ့ကိုဖမ်းဖို့ ငါနဲ့အတူလိုက်လာတာပဲ”
စုန့်ကျစ်ချုံးသာ အဖမ်းခံရပါက ဤမိသားစုတစ်ခုလုံး နောင်တွင် သူမ၏ ခြယ်လှယ်မှုအောက်သို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ရွာသားများက ဝူယွီလန်ကို ကြည့်လိုက်ကြ၏။
ဝူယွီလန်က နှုတ်ဆိတ်နေသည်ကို မြင်သောအခါ သူတို့က ဟောင်ချန်၏စကားကို အနည်းငယ် ပို၍ ယုံကြည်သွားကြသည်။
စုန့်ကျစ်ချုံးက သတင်းရသွားပြီး ထွက်ပြေးသွားမည်ကိုစိုးရိမ်သဖြင့် ဟောက်ချန်က ရုံးတော်အစောင့်များအား ရွာအစွန်ဆုံးဘက်သို့ အလျင်အမြန် ဦးဆောင်ခေါ်သွားလေသည်။
ဟောင်ချန် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းရင်း သတိပေးလိုက်၏။
“ရုံးတော်အစောင့်တို့၊ ကျွန်မတို့ မြန်မြန်သွားမှဖြစ်မယ်၊ ဒီကောင်လေးက သိပ်ပြီးကောက်ကျစ်တာ၊ သတင်းကြိုကြားထားရင် ထွက်ပြေးသွားနိုင်တယ်”
ရုံးတော်အစောင့်များမှာလည်း အလကားသက်သက် အပင်ပန်းခံ၍ လာခဲ့ရမည်ကို မလိုလားသဖြင့် သူတို့၏ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်ကြသည်။
ရွာသားများကလည်း စုန့်ကျစ်ချုံး အမှန်တကယ် ထွက်ပြေးလာခြင်း ဟုတ်မဟုတ် သိရှိလိုကြသဖြင့် အမှန်တရားကို ဖော်ထုတ်ရန် နောက်မှ လိုက်ပါသွားကြသည်။
မကြာမီမှာပင် သူတို့အားလုံး ရွာအစွန်သို့ ရောက်ရှိသွားကြ၏။
သို့သော် ဝူယွီလန်၏ခြံတံခါးကြီးမှာ ဟောင်းလောင်းပွင့်နေပြီး အတွင်းတွင် မည်သူမျှမရှိဘဲ အိမ်ကြီးမှာလည်း ဟာလာဟင်းလင်း ဖြစ်နေလေသည်။
ဟောင်ချန် မျက်လုံးပြူးကာ ရရေရွတ်လိုက်သည။
“လူတွေ ဘယ်ရောက်သွားတာလဲ”
သူမက အယောင်ယောင်အမှားမှားဖြင့် ရှာဖွေလိုက်၏။
“အားလုံး ဘယ်ကိုထွက်သွားကြတာလဲ”
ဟောင်ချန် ဝူယွီလန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ဒါ နင့်လက်ချက်ပဲ ဖြစ်ရမယ်၊ နင် တိတ်တဆိတ် သတင်းပို့လိုက်လို့ စုန့်ကျစ်ချုံးက သတင်းရပြီး ထပ်ထွက်ပြေးသွားတာပဲ ဖြစ်ရမယ်”
ဝူယွီလန် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
“နင့်ရဲ့အနောက်ကို တစ်ချက်လောက် လှည့်ကြည့်လိုက်ပါလား”
ဟောဂ်ချန်မှာ သူမအပေါ်သို့ အရိပ်မည်းကြီးတစ်ခု လွှမ်းမိုးလာသကဲ့သို့ ခံစားလိုက်ရ၏။
သူမက ခေါင်းလှည့်ကြည့်လိုက်ရာ တံစဉ်တစ်ခုကို ကိုင်ဆောင်ထားပြီး သူမအား မှုန်ကုပ်ကုပ် စိုက်ကြည့်နေသော စုန့်ကျစ်ချုံးကို မြင်တွေ့လိုက်ရသည်။
သူမက အလန့်တကြား အော်ဟစ်လိုက်လေ၏။
“အမလေးတော့”
သူမမှာ နောက်သို့ ယိုင်လဲသွားကာ မြေကြီးပေါ်သို့ ဖင်ထိုင်လျက်သား ကျသွားတော့သည်။
သူမက တုန်ယင်နေသော အသံဖြင့် အော်ပြောလိုက်သည်။
“သူ၊ သူ ဒီမှာရှိတယ်၊ သူ ဒီမှာတင်ရှိနေတယ်”
ရုံးတော်အစောင့်များကလည်း ဝိုင်းအုံလာကြ၏။
“မင်းက စုန့်ကျစ်ချုံးလား”
စုန့်ကျစ်ချုံးက မျက်ခုံးပင့်လိုက်မိသည်။
“ဟုတ်တယ်”
ဘေးနားမှ ဟောင်ချန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“မြန်မြန် သူ့ကို ဖမ်းလိုက်ကြ၊ ခဏနေရင် သူ ထွက်ပြေးသွားလိမ့်မယ်”
စုန့်ကျစ်ချုံးသာ အဖမ်းခံရပြီး ခေါ်ဆောင်သွားခြင်းခံရပါက ဤမိသားစုက သူမအပေါ် မည်ကဲ့သို့ ခက်ထန်၀ံ့ဦးမည်နည်းဆိုတာကို သူမ ကြည့်ရှုချင်သေးသည်။