← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

🍅 Chapter 108

ထိုအချိန်ရောက်လျှင် ငွေငါးချောင်းကို ပြန်ရရုံသာမက ဝူယွီလန်၏မြေးမများနှင့် သားဖြစ်သူအား ရောင်းစားထားသည့် ငွေများကိုပါ ပြန်အန်ထုတ်လာစေရန် သူမ လုပ်ဆောင်နိုင်မည်ဖြစ်၏။

သူမ တွေးတောလေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်ကာ သူမ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးရွှင်နေတော့သည်။

သို့သော် ရုံးတော်အစောင့်များမှာ အကျိုးအကြောင်းမဆီလျော်ဘဲ လူကို ချက်ချင်းဖမ်းဆီးရန် မလောကြပေ။ သူတို့က စုန့်ကျစ်ချုံးကို ကြည့်လိုက်ကြသည်။

ရုံးတော်အစောင့်တစ်ဦးက မေးမြန်းလိုက်လေ၏။

“ဒီအဘွားကြီးက မင်း အရင်က မြစ်ကြောင်းတူးဖော်ရေးမှာ ပါဝင်ခဲ့ပေမဲ့ လမ်းတစ်ဝက်ကနေ ထွက်ပြေးလာခဲ့တယ်လို့ ပြောနေတယ်၊ အဲဒါအမှန်ပဲလား”

စုန့်ကျစ်ချုံးက ဘေးနားရှိ ဝူယွီလန်ကို နားမလည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများဖြင့် အချက်ပြလိုက်သည်။

‘အမေက ဒီရုံးတော်အစောင့်တွေကို သေချာ မရှင်းပြခဲ့ဘူးလား'

ဝူယွီလန် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

“ငါ ခုနကပဲ လူကြီးမင်းတို့ကို ရှင်းပြခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့က ငါ့စကားကို မယုံကြဘူးလေ”

သူမအနေဖြင့် သက်သေပြရန်အတွက် ရုံးတော်မှပေးထားသော ငွေလက်ခံရရှိကြောင်းပြေစာကို အလွယ်တကူ ထုတ်ပြနိုင်၏။

သို့သော်လည်း ဟောင်ချန်က ဤမျှလောက်အထိ အပင်ပန်းခံ၍ ဒုက္ခရှာထားခြင်းဖြစ်ရာ သူမကို မျှော်လင့်ချက်လေးနည်းနည်းလောက် မပေးလိုက်ပါက နှမြောစရာကောင်းနေပေလိမ့်မည်။

ငွေကောက်ခံသည့်အခါ ရုံးတော်မှ ပြေစာစာရွက်များကို အမြဲထုတ်ပေးလေ့ရှိသည်ဖြစ်ရာ မိခင်ဖြစ်သူက ထိုကိစ္စအား သေချာရှင်းမပြနိုင်ခဲ့ဘူးဆိုသည်ကို စုန့်ကျစ်ချုံး သိပ်မယုံကြည်နိုင်သဖြင့် မျက်ခုံးပင့်လိုက်မိသည်။

‘ကောင်းပြီလေ၊ အမေက မဖြေရှင်းချင်ဘူးဆိုမှတော့ ငါကိုယ်တိုင်ပဲ ရှင်းပြလိုက်တော့မယ်'

စုန့်ကျစ်ချုံး ရုံးတော်အစောင့်များကို တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ကျွန်တော် ထွက်ပြေးလာတာမဟုတ်ပါဘူး၊ ကျွန်တော့် အမေက ဒဏ်ကြေး ငွေဆယ့်ခြောက်ချောင်းပေးပြီး ကျွန်တော့်ကို ကိုယ်တိုင်ကိုယ်ကျ ပြန်ရွေးလာခဲ့တာပါ”

ဟောက်ချန် ကြားဖြတ်၍ အော်ဟစ်လိုက်သည်။

“ဖွီး၊ ပါးစပ်ကပြောတာသက်သက်က သက်သေမဖြစ်နိုင်ပါဘူး၊ ရုံးတော်အစောင့်တို့၊ ဒီကောင်လေးကို မယုံပါနဲ့၊ သူက သိပ်ကောက်ကျစ်တာ၊ သူက လူကြီးမင်းတို့ကို လှောင်ပြောင်ရဲရင် ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမပစ်ရမယ်”

သူမ၏အသံ မကျယ်လောင်မည်ကို စိုးရိမ်သဖြင့် ဟောက်ချန်က ပါးစပ်ကြီးကို ပြဲနေအောင်ဟ၍ ပြောဆိုနေလေသည်။

သို့သော် သူမ၏ပါးစပ်မှ ထွက်လာသော တံတွေးစက်များနှင့်တကွ ဆိုးရွားလှသော အနံ့အသက်များကြောင့် အနီးအနားတွင် ရပ်နေသော ရုံးတော်အစောင့်များမှာ ပျို့အန်ချင်စိတ်များပင် ဖြစ်ပေါ်လာကြ၏။

ခေါင်းဆောင်ဖြစ်သူ ရုံးတော်အစောင့်က ဆက်လက်သည်းမခံနိုင်တော့ဘဲ အော်ဟစ်ငေါက်ငမ်းလိုက်လေတော့၏။

“ခင်ဗျား၊ ပါးစပ်ပိတ်ထားစမ်း”

ဟောက်ချန် သူမပါးစပ်ကို အုပ်ကာ မျက်နှာချိုသွေး၍ ပြုံးပြလိုက်သည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ကျွန်မ ပါးစပ်ပိတ်ထားပါ့မယ်၊ ကျွန်မ ပါးစပ်ပိတ်ထားပါ့မယ်”

ရုံးတော်အစောင့်က ဟောက်ချန်နှင့် ခပ်ဝေးဝေးသို့ ရွှေ့သွားလိုက်ပြီးနောက် စုန့်ကျစ်ချုံးအား ကြည့်ကာ လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။

“မင်းက မင်းအမေကိုယ်တိုင် ဒဏ်ကြေးပေးပြီး ပြန်ရွေးလာတာလို့ ပြောတယ်ဆိုတော့ မင်း ဆီမှာ သက်သေအထောက်အထားတစ်ခုခုရှိလား”

စုန့်ကျစ်ချုံး ရင်ဘတ်ထဲမှ လွတ်မြောက်ခွင့်စာရွက်ကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

“လူကြီးမင်းတို့၊ ဒါကို တစ်ချက်လောက်ကြည့်ပေးပါ”

ရုံးတော်အစောင့်က စာရွက်ကိုယူ၍ အတွင်းရှိအကြောင်းအရာများအား ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဟောင်ချန်က လည်ပင်းကို ဆန့်ထုတ်၍ အော်ဟစ်လိုက်သည်။

“အတု၊ အဲဒါ အတုဖြစ်ရမယ်၊ အဲဒါ အတုလုပ်ထားတာပဲ၊ လူကြီးမင်းတို့ လှည့်စားမခံရစေနဲ့နော်”

ရုံးတော်အစောင့်က စာရွက်ပေါ်ရှိ ရုံးတော်၏ တရားဝင်တံဆိပ်တုံးကို မြင်တွေ့လိုက်ရပြီး သေချာစစ်ဆေးကြည့်ရှုပြီးနောက်တွင်တော့ ထိုစာရွက်မှာ တရားဝင် လွတ်မြောက်ခွင့်စာရွက် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်၏။

“တစ်ခုက အတုဖြစ်နိုင်ပေမဲ့ နှစ်ခုလုံးတော့ အတုမဖြစ်နိုင်ဘူးမလား”

ဝူယွီလန်က သူမ ရင်ဘတ်ထဲမှ ငွေလက်ခံရရှိကြောင်း ပြေစာစာရွက်ကို ထုတ်ယူရင်း ပြောလိုက်သည်။

ရုံးတော်အစောင့်က ဝူယွီလန်ကို နားလည်ရခက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ရုံးတော်ကထုတ်ပေးထားတဲ့ ပြေစာရှိနေရက်နဲ့ ဘာလို့ စောစောကတည်းက ထုတ်မပြတာလဲ”

ဝူယွီလန် အရေးမစိုက်သည့်ဟန်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

“လူကြီးမင်းတို့မှ မမေးတာကိုး၊ စောစောကတည်းက ကျွန်မ ရှင်းပြခဲ့ပါသေးတယ်၊ ဒါပေမဲ့ လူကြီးမင်းတို့က ကျွန်မကိုမယုံဘဲ သူ့စကားကိုပဲ ယုံခဲ့တာလေ”

သူတို့၏ စကားပြောသံများကို ကြားသောအခါ ဟောင်ချန်၏မျက်နှာအမူအရာမှာ တဖြည်းဖြည်း အရုပ်ဆိုးအကျည်းတန်လာတော့သည်။

“ဘယ်၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“အဲဒီ ငွေဆယ့်ခြောက်ချောင်းကို သူက ဘယ်လိုလုပ် အကုန်ခံရက်မှာလဲ”

စုန့်ကျစ်ချုံးကလည်း မိခင်ဖြစ်သူက ငွေဆယ့်ခြောက်ချောင်းကို အဘယ်ကြောင့်များ အကုန်ခံခဲ့ရသနည်းဆိုသည်ကို အလွန်သိချင်နေမိသည်။

အရင်တုန်းကဆိုလျှင် သူမက သူ့အတွက် ကြေးပြားတစ်ပြားကိုပင် အကုန်ခံမည့်သူမျိုး မဟုတ်ပေ။

ရုံးတော်အစောင့်က ဟောင်ချန်ကို ဒေါသတကြီးဖြင့် လှမ်းအော်လိုက်သည်။

“အမှန်တရားက ဒီလိုဖြစ်နေတာကို၊ အဘွားကြီးဟောင်၊ ခင်ဗျားကများ ကျွန်တော်တို့ကို အရူးလုပ်ရဲတယ်ပေါ့လေ”

အလကားသက်သက် အပင်ပန်းခံ၍ လာခဲ့ရသဖြင့် ရုံးတော်အစောင့်များမှာ အလွန်အမင်း ဒေါသထွက်သွားတော့သည်။

မြစ်ကြောင်းတူးဖော်ရေးအတွက် လူသစ်စုဆောင်းရန် အချိန်မရ၍ အလျင်လိုနေရသည့်ကြားထဲမှ ဤမျှလောက်အထိ အချိန်ကုန်လူပန်းခံကာ ရောက်လာခဲ့ပြီးမှ အလကားသက်သက်ဖြစ်သွားရရာ သူ မည်သို့ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

အခြေအနေမဟန်တော့ကြောင်း ရိပ်မိသွားသောအခါ ဟောက်ချန် ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။

“ရုံးတော်အစောင့်တို့၊ ကျွန်မလည်း ဘာတွေဖြစ်သွားမှန်း မသိတော့ပါဘူး”

“အဲဒါက ဒီအဘွားကြီး ဝူယွီလန်ရဲ့လက်ချက်ပဲဖြစ်ရမယ်၊ သူက ကျွန်မတို့ကို တမင်တကာ လှည့်စားနေတာ”

“ဟုတ်တယ် ရုံးတော်အစောင့်တို့၊ မြန်မြန် သူ့ကို ရိုက်နှက်ဆုံးမလိုက်ပါ”

ရုံးတော်အစောင့်များမှာ အရူးများမဟုတ်ကြပေ။ ပြဿနာအား မည်သူက စတင်ဖန်တီးခဲ့သနည်းဆိုသည်ကို သူတို့ အလွန်ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားကြသည်။

“အဘွားကြီးဟောင်၊ ခင်ဗျားက အကြောင်းမဲ့သက်သက် ပြဿနာရှာပြီး တခြားသူတွေကို အသရေဖျက်နေတာပဲ၊ ခင်ဗျားရဲ့ အပြစ်ကို ခင်ဗျားသိရဲ့လား”

ဟောင်ချန် မျက်နှာချိုသွေးကာ အတင်းပြုံးပြလိုက်သည်။

“လူကြီးမင်း၊ ကျွန်၊ ကျွန်မက ဒီကောင်လေး တကယ်ပဲ ထွက်ပြေးလာတာလို့ ထင်မိလို့ပါ၊ ရုံးတော်အစောင့်တို့ လူစုဆောင်းရတာ မလွယ်ကူဘူးလို့ တွေးမိလို့ တာဝန်တွေကို ကူညီထမ်းပိုးပေးချင်တဲ့ စေတနာနဲ့ပါ”

ရုံးတော်အစောင့်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

“ဟမ့်၊ ခင်ဗျားကြောင့် ငါတို့ရဲ့ တစ်မနက်ခင်းလုံး အချိန်ကုန်သွားရပြီ၊ ဒီမနက်ပိုင်းလေးမှာတင် ငါတို့ လူတော်တော်များများကို စုဆောင်းလို့ရနိုင်တယ်”

“မင်းတို့နှစ်ယောက် သူ့ကို ချုပ်ထားလိုက်၊ တခြားသူတွေ မှတ်လောက်သားလောက်ဖြစ်သွားအောင် ကြိမ်ဒဏ်အချက်နှစ်ဆယ်ရိုက်စမ်း”

ရုံးတော်အစောင့်နှစ်ဦးက ဟောက်ချန်ကို ချုပ်ကိုင်ထားလိုက်ကြသည်။

အပြစ်ပေးရန်အတွက် ခုံတန်းလျား သို့မဟုတ် ကြိမ်လုံးမရှိသဖြင့် မည်သို့အပြစ်ပေးရမည်ကို အခက်တွေ့နေစဉ်မှာပင် ခုံတန်းလျားတစ်ခုနှင့် ထမ်းပိုးတစ်ချောင်းက ရုတ်တရက် ရောက်ရှိလာလေသည်။

ဝူယွီလန် သူမ၏ချွေးမအကြီးဆုံးကို ခုံတန်းလျားနှင့် ထမ်းပိုးချပေးရန် အမိန့်ပေးလိုက်ခြင်းဖြစ်၏။

All Chapters