အခန်း ၃၁၁
Vol. 32 Ch. 311
📗 Chapter 311
ယဲ့ရှောင်ရှောင် ဟက်ဟက်ပက်ပက် ရယ်မောမိသွားသည်။
“တကယ်တိုက်ပွဲဝင်တာကို ပြောတာမဟုတ်ပါဘူး ဆရာကြီးရဲ့၊ ဘယ်သူပိုသာမလဲ အနိုင် အရှုံးပေါ်တဲ့အထိ ယှဉ်ပြိုင်တာကို ပြောတာပါ”
စုန့်ကွမ်းကျင့်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
“ဪ ‘အဲ့ကိစ္စ’ကို ပြောတာလား၊ ငါသေချာစဉ်းစားပြီးသွားပြီ၊ ပြိုင်ပွဲရဲ့ ရလဒ်က အဲ့လောက်ကြီး အရေးမပါတော့ဘူး၊ ဘာပဲဖြစ်ဖြစ် ရမ်သဲ့ထန်ကို တကယ်တိုးတက်မြင့်မားလာအောင် လုပ်နိုင်ခဲ့တဲ့လူက ငါတစ်ယောက်တည်းပဲ ရှိတယ်၊ တခြားလူတွေက ဘာအမြော်အမြင်မှ မရှိကြဘူး၊ သူတို့ကိုသာ အားကိုးရမယ်ဆိုရင် ရမ်သဲ့ထန်ရဲ့ တပည့်သားတွေအကုန် အခုလောက်ဆို ငတ်သေနေလောက်ပြီ၊ ပြီးတော့ နင်အရင်က ပြောဖူးတဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကိစ္စကိုလည်း ကောရှမ့်က စီစဉ်ပြီးပြီမဟုတ်ဘူးလား၊ နောက်နောင် ရမ်သဲ့ထန်ရဲ့ နာမည်ကို သုံးချင်တယ်ဆိုရင် ငါတို့ကို ပိုက်ဆံပေးမှရမယ်”
ယဲ့ရှောင်ရှောင် ပို၍ပင် ရယ်မောမိသည်။ ဆရာဖြစ်သူက ဤမျှအထိ အခြေအနေနှင့် လိုက်လျောညီထွေးဖြစ်အောင် နေတတ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
“ဆရာကြီး အဲ့လိုတွေးပေးနိုင်တာ ကောင်းပါတယ်”
စုန့်ကွမ်းကျင့်က ဆက်ပြောသည်။
“ဒါပေမယ့် သူတို့ကို ဖိတ်စာတွေ ပို့ထားပြီးပြီနော်၊ တပည့်ခံယူပွဲကို အမြန်ဆုံး ကျင်းပဖို့လိုတယ်၊ သူတို့ရဲ့ ကိုယ်ပိုင် တပည့်တွေကို ခေါ်လာတဲ့အခါကျရင် နည်းနည်းပုန်ကန်တာမျိုး ဖြစ်လာနိုင်တယ်”
ဆရာဖြစ်သူ၏ ဆိုလိုရင်းကို ယဲ့ရှောင်ရှောင် နားလည်ပါသည်။
“သမီးနားလည်ပါတယ်၊ သမီးက ဘယ်သူ့ကိုမှ မကြောက်ဘူး၊ ပြိုင်ပွဲတစ်ခုဖြစ်လာမယ်ဆိုရင်တောင် ဘယ်သူ့ကိုမှ မရှုံးစေရဘူး”
စုန့်ကွမ်းကျင့်သည် တပည့်ဖြစ်သူကို ကြည့်ရင်း အားရကျေနပ်စွာ ခေါင်းညိတ်လိုက်ပါသည်။
အမှန်ပင်။ ပြိုင်ပွဲကို အလေးအနက်မထားသည်မှာ မှန်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် စိတ်ခေါ်မှုများကိုလည်း ကြောက်ရွံ့နေမည် မဟုတ်ချေ။
ထိုအတွေးဖြင့်ပင် စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင် ဖတ်ရှုရန်အတွက် စာအုပ်နှစ်အုပ်ကို ထပ်မံ ထုတ်ပေးလိုက်တော့သည်။
ယဲ့ရှောင်ရှောင်: “…”
--- --- ---
ထိုအချိန်တွင် အရှေ့မြောက်ပိုင်းဒေသ၌ မဆုတ်မနစ် ကြိုးစားအားထုတ်မှုများကြောင့် ယဲ့ချန်းချင့်နှင့် သူ၏အဖွဲ့တို့ နောက်ဆုံးတွင် သတ္တုတွင်းသစ် တူးဖော်မှု ပြီးစီးသွားခဲ့ကြပါပြီ။
ပထမဆုံး တူးဖော်ရရှိသည့် သတ္တုရိုင်းများကို စမ်းသပ်ဖို့အတွက် ပေးပို့ထားခဲ့ပြီဖြစ်ကာ ထွက်ပေါ်လာသော ရလဒ်မှာလည်း စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
၎င်းမှာ သံသတ္တုတွင်းတစ်ခု ဖြစ်နေလေတော့သည်။
ထို့အပြင် တွင်းတူးဖော်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ဤနေရာရှိ သတ္တုကြောမှာ အလွန်သိပ်သည်း ကြွယ်ဝလှကြောင်း အတည်ပြုနိုင်ခဲ့သည်။
လက်ရှိ တူးဖော်မှုနှုန်းထားအရဆိုလျှင် ထွက်ကုန်များကို နောက်နှစ်တွင် စတင်ရောင်းချနိုင်တော့မည်ဖြစ်ကာ ယဲ့ချန်းချင့် အရင်းကြေဖို့ မခက်ခဲနိုင်တော့ပေ။
နောက်ဆုံးတော့ ယဲ့ချန်းချင့် စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်ပါပြီ။
ဤရက်ပိုင်းများအတွင်း တောင်ပေါ်ရှိ ယာယီအမိုးပြားတဲလေးများတွင်သာ အိပ်စက်ခဲ့ရသဖြင့် တစ်ကိုယ်လုံး ခြေအဆုံး ဖုန်မှုန့်သဲမှုန့်များဖြင့် ပေပွနေရသည်။
ယခုအခါ သတ္တုတွင်းနယ်မြေရှိ အခြေအနေများ တည်ငြိမ်သွားပြီဖြစ်၍ အိမ်သို့ ပြန်နိုင်တော့မည်ဖြစ်သည်။
သတ္တုတွင်း၏ ဒုတိယတာဝန်ခံထံသို့ တာဝန်များ လွှဲပြောင်းပေးပြီးနောက် ယဲ့ချန်းချင့် အိမ်ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်သောအခါ အိမ်ဝင်းထဲတွင် ကစားနေသည့် ကလေးနှစ်ဦးကို အရင်ဆုံး မြင်လိုက်ရပါသည်။
ယဲ့ပေါင်ချန်းလေးကလည်း အိမ်ထဲဝင်လာသည့် ယဲ့ချန်းချင့်ကို လှမ်းမြင်လိုက်သည်။
“ဖေဖေ! ဖေဖေ!”
ယဲ့ပေါင်ယွမ်လေးလည်း ကျောင်းစတက်နေရပြီဖြစ်ကာ ကျန်းမာဝဖြိုးပြီး ချစ်စရာကောင်းသော ကလေးလေးတစ်ဦး ဖြစ်လာခဲ့ပါပြီ။
ကလေးနှစ်ယောက်စလုံး ယဲ့ချန်းချင့်ထံ ပြေးလွှားလာကြသော်လည်း သူ့ကို လာမထိနိုင်ခင် ယဲ့ချန်းချင့်က လှမ်းတားလိုက်သည်။
“ဖေဖေက ညစ်ပတ်နေတာ၊ အနားမကပ်နဲ့နော်”
ကလေးများပါ ညစ်ပတ်သွားကြလျှင် လျှော်စရာအဝတ် ပိုများလာရုံသာ ရှိလိမ့်မည်။
ယဲ့ပေါင်ချန်းလေးနှင့် ယဲ့ပေါင်ယွမ်လေးတို့ နှစ်ယောက်စလုံး မျက်တောင်တဖျပ်ဖျပ် ခတ်လျက် အဖေဖြစ်သူကို သနားကမား မျက်နှာလေးများဖြင့် ကြည့်နေကြသည်။
သားနှစ်ဦး၏ အမူအရာလေးများကြောင့် ယဲ့ချန်းချင့်၏ နှလုံးသားလည်း အရည်ပျော်ကျသွားခဲ့ရပါသည်။
“ဖေဖေ အိမ်ထဲဝင်ပြီး အဝတ်အစားလဲပြီးတာနဲ့ သားတို့ကို ဖက်ပါ့မယ်”
“ဟုတ်ကဲ့!”
ကလေးနှစ်ယောက် ချက်ချင်းပင် ပြန်လည်ပျော်ရွှင်သွားကြသည်။
အိမ်ထဲတွင် မြောင်စွေ့ဖန်းနှင့် ကျန်းရွှယ်တို့နှစ်ဦး အိမ်မှုကိစ္စများဖြင့် အလုပ်များနေကြပါသည်။
ယဲ့ချန်းချင့် ပြန်ရောက်လာသည်ကို မြင်သောအခါ ကျန်းရွှယ်သည် သူ့ထံအပြေးအလွှားသွားကာ ကြိုဆိုလိုက်သည်။
ဇနီးမောင်နှံနှစ်ဦး မတွေ့ရသည်မှာ တစ်လနီးပါးခန့်ရှိပြီဖြစ်ရာ အိမ်ထောင်သက်ရင့်နေပြီဖြစ်သော်လည်း တစ်ဦးကိုတစ်ဦး အလွန်လွမ်းဆွတ်သတိရနေကြပါသည်။
မြောင်စွေ့ဖန်းကလည်း နားလည်မှုဖြင့် သူတို့နှစ်ဦး စကားပြောနိုင်ရန် အခန်းထဲမှ ရှောင်ပေးလိုက်သည်။
ယဲ့ချန်းချင့် ရေမိုးချိုး၊ အဝတ်အစားလဲပြီး အခန်းထဲမှ ပြန်ထွက်လာသည့်အခါမှ မြောင်စွေ့ဖန်း စကားပြောလိုက်သည်။
“ရှောင်ရှောင်နဲ့ လုဟန်ချွမ်တို့ မင်္ဂလာဆောင်ကြတော့မယ်၊ အဲ့အချိန်ကျရင် အမေတို့ တစ်မိသားစုလုံးကို ပေကျင်းလာဖို့ ခေါ်နေတာ”
ယဲ့ချန်းချင့်: “ဒါညီမလေးရဲ့ ဘဝအတွက် အရေးကြီးတဲ့ မှတ်ကျောက်တစ်ခုပဲဟာ၊ ကျွန်တော်တို့ ဖြစ်အောင် သွားရမှာပေါ့”
မြောင်စွေ့ဖန်းက ရှင်းပြသည်။
“အမေစဉ်းစားထားတာတော့ အမေတို့ မိသားစုရယ်၊ နင့်ဦးလေးအကြီးဆုံးတို့ မိသားစုရယ်၊ အဘိုးအဘွားတွေရယ်ပဲ သွားကြမလားလို့၊ တခြားဆွေမျိုးတွေကတော့ ရှောင်ရှောင်တို့ ဇနီးမောင်နှံနှစ်ယောက် အချိန်အားမှ ရွာပြန်လာပြီး ဧည့်ခံပွဲ ကျင်းပပေးလို့ရတယ်လေ”
ယဲ့ချန်းချင့် ခေတ္တ စဉ်းစားကြည့်လိုက်သည်။
ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ တွဲနေကြသည်မှာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ သူတို့နှစ်ဦး လမ်းခွဲသွားကြမည်ကို မိသားစုက အမြဲမပြတ် စိုးရိမ်ပူပန်နေခဲ့ရသည်။
“ရှောင်ရှောင်ပျော်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်”
ရှောင်ရှောင်သည်လည်း အခြားဆွေမျိုးအသိုင်းအဝိုင်းများနှင့် ရင်းနှီးမှု သိပ်ရှိမည်မဟုတ်ချေ။
မြောင်စွေ့ဖန်းက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ အဲ့တာဆို အချိန်ကျရင် အမေတို့အားလုံး သွားကြမယ်နော်၊ ပေကျင်းကို ရထားစီးသွားရင် အဆင်ပြေပါတယ်”
ယခင်တစ်ခေါက် ပေကျင်းသို့ မြောင်စွေ့ဖန်း သွားရောက်စဉ်က ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့ရခြင်းဖြစ်၍ သူမ၏ စိတ်အခြေအနေက ယခုကဲ့သို့ လန်းဆန်းပေါ့ပါးနေခြင်း မရှိပေ။
ယခုတစ်ကြိမ် ပေကျင်းသို့ ရောက်ရှိသွားသည့်အခါတွင်မူ သူမ၏ မြေးကလေးများကိုပါ ခေါ်ဆောင်ကာ သေသေချာချာ လည်ပတ်အပန်းဖြေရန် ရည်ရွယ်ထားပါသည်။
ကျန်းရွှယ်ကလည်း ဝင်ပြောသည်။
“ရှောင်ရှောင်တောင် အိမ်ထောင်ပြုတော့မှာပဲ၊ ဟိုမှာ မင်္ဂလာဆောင်ပြီးရင် နေဖို့အိမ်ကော အသင့်ဖြစ်ပြီလားမသိဘူး၊ သမီးတို့ဖက်က သူ့အတွက် ခန်းဝင်ပစ္စည်းတွေ ပြင်ဆင်သွားသင့်တယ်နော်”
မြောင်စွေ့ဖန်းလည်း ထိုအချက်ကို စဉ်းစားထားပြီးပါပြီ။ သို့သော် ယခင်တစ်ခေါက် ရှောင်ရှောင် ဖုန်းဆက်စဉ်က အရာရာကို ရှင်းရှင်းလင်းလင်း ပြောကြားထားသည်။
“ရှောင်ရှောင်က ပြောတယ်၊ သူ့မှာ အိမ်တစ်လုံးနဲ့ ကားတစ်စီး အသင့်ရှိပြီးသားတဲ့၊ လက်ထပ်ပြီးရင် နေမယ့် အိမ်ဝင်းကိုလည်း အခု အစကနေ ပြန်ပြုပြင်ထားတယ်လို့ ပြောတယ်၊ အဲ့ဒီအိမ်ဝင်း အသင့်ဖြစ်တာနဲ့ အမေတို့ကို အဲ့မှာ ခေါ်ထားချင်တာတဲ့”
သို့သော်လည်း ဇာတိမြေကို ရာသက်ပန် စွန့်ခွာဖို့ဟူသည်မှာ မြောင်စွေ့ဖန်းအတွက် မဖြစ်နိုင်လှပေ။ ဤနေရာတွင် သံယောဇဉ်တွယ်စရာများ များပြားလှသည်။ တစ်မိသားစုလုံး ပေကျင်းသို့ ပြောင်းရွှေ့မှသာ ဖြစ်နိုင်ပါလိမ့်မည်။
ကျန်းရွှယ်က ဆိုသည်။
“သမီးတို့ ရက်ပိုင်းလောက်ပဲနေပြီး ပြန်လာမှာပေါ့၊ ဟိုမှာတစ်သက်လုံးနေမှာမှ မဟုတ်တာ၊ ပေကျင်းမှာ ဟိုတယ်တွေလည်း အများကြီး ရှိတယ်လို့ကြားတယ်၊ ဟိုတယ်တစ်ခုခုမှာ တည်းလို့ရတာပဲ”
ယဲ့ချန်းချင့်က ကန့်ကွက်သည်။
“ရှောင်ရှောင်က လုံးဝ သဘောတူမှာ မဟုတ်ဘူးနော်၊ ပြီးတော့ တတိယညီလည်း ပေကျင်းမှာပဲရှိတယ်၊ သူ့အိမ်ကလည်း အကြီးကြီးပဲ”
ကျန်းရွှယ်သည် ယဲ့ချန်းနင်၏ ဗီလာအိမ်ကြီးကိုတစ်ခါမှ မမြင်ဖူးပေ။ သို့သော် အခန်းပေါင်း ဆယ်နှင့်ချီပြီး ရှိသဖြင့် တစ်မိသားစုလုံး သက်တောင့်သက်သာ နေထိုင်နိုင်သည်ဟု ကြားဖူးပါသည်။
မြောင်စွေ့ဖန်းက အတည်ပြုလိုက်သည်။
“ပေကျင်းကိုတကယ်ရောက်မှ ဘာဆက်လုပ်ကြမလဲ တိုင်ပင်ကြတာပေါ့၊ ရှောင်ရှောင်ရဲ့ ခန်းဝင်ပစ္စည်းကိစ္စကိုတော့ ငါနည်းနည်းလောက် စဉ်းစားဦးမယ်”
ဤခေတ်အခါတွင် အပ်ချုပ်စက်၊ တီဗွီအစရှိသည့် ပစ္စည်းများက အလွန်ခေတ်စားနေသည်မှာ မှန်သော်လည်း ရှောင်ရှောင်၏ အိမ်တွင် ထိုကဲ့သို့အရာများ လုံးဝ လိုအပ်နေမည် မဟုတ်ချေ။
ယခင်ခေတ်က သမီးမိန်းကလေးတစ်ဦးကို အိမ်ထောင်ချပေးသည့်အခါ လက်ကောက် သို့မဟတု် နားကပ်တစ်စုံကို လက်ဆောင်ပေးတတ်ကြသည့် အလေ့အထအား မြောင်စွေ့ဖန်း ပြန်လည်အမှတ်ရသွားခဲ့ပါသည်။
ယခုအခါ သူမတို့ မိသားစုတွင် ငွေရှိနေပြီဖြစ်၍ ရှောင်ရှောင့်အတွက် ကိုယ်ပိုင်ဒီဇိုင်းနှင့် ရွှေလက်ကောက်အစစ်တစ်စုံကို ပြုလုပ်ပေးရန်မှာ မခက်ခဲလှပေ။
၎င်းမှာ သယ်ယူဖို့ လွယ်ကူသည့်အပြင် သူမ၏ မိခင်မေတ္တာကိုလည်း လှလှပပ ဖော်ပြနိုင်ပါလိမ့်မည်။
ထို့ကြောင့် သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့ကို ကြည့်ကာ မြောင်စွေ့ဖန်း ပြောလိုက်သည်။
“ခန်းဝင်ပစ္စည်းကို ငါပဲ စီစဉ်လိုက်ပဲ၊ ဘာမှစိတ်မပူကြနဲ့”
ကျန်းရွှယ်: “ကျေးဇူးတင်ပါတယ် အမေ”
သို့သော် ရှောင်ရှောင်၏ အစ်ကိုကြီးနှင့် ယောင်းမအကြီးဆုံးဖြစ်သည့်အလျောက် ယဲ့ချန်းချင့်နှင့် ကျန်းရွှယ်တို့ လင်မယားသည်လည်း တစ်စုံတစ်ခု ထောက်ပံ့ပေးသင့်သည်ဟု ခံစားရပါသည်။
သေသေချာချာ တွေးတောပြီးနောက် အချိန်ကျသည့်အခါ လက်ဖွဲ့ငွေများကိုသာ ရက်ရက်ရောရော ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ရှောင်ရှောင်သည် ဇာတိမြေတွင် အချိန်အကြာကြီး နေထိုင်ခဲ့ဖူးခြင်းမရှိသဖြင့် ရိုးရိုးသားသားဆိုရလျှင် သူမ မည်သည့် ရုပ်ဝတ္ထုပစ္စည်းများကို ကြိုက်နှစ်သက်တတ်သည်ကို သူတို့အတိအကျ မသိရှိကြပေ။
ချွေးမဖြစ်သူ၏ စကားကို ကြားပြီး မြောင်စွေ့ဖန်း အပြုံးဖြင့် ခေါင်းညိတ်လိုက်ပါသည်။
တစ်ချိန်တည်းမှာပင် ယဲ့ချန်းရှန့်နှင့် ဝမ်ပေါင်နျန်တို့၏ အားလပ်ရက် ခရီးစဉ်လည်း အဆုံးသတ်ချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်ကာ တက္ကသိုလ်သို့ ပြန်ကြရပါတော့မည်။
“စတုတ္ထအစ်ကိုတို့ အတန်းတွေက စက်တင်ဘာလမှ စမှာ မဟုတ်ဘူးလား၊ အချိန်တွေ အများကြီး ကျန်သေးတာကို”
ယဲ့ရှောင်ရှောင်က သူတို့ကို ခဏလောက်ဆက်နေဖို့ တိုက်တွန်းခဲ့သေးသည်။
ယဲ့ချန်းရှန့်က ရှင်းပြသည်။
“ငါတို့နှစ်ယောက်စလုံးက မဟာတန်းတက်ဖို့ ကျောင်းမှာပဲ ဆက်နေရမှာ၊ ပါမောက္ခတွေကလည်း သတ်မှတ်ပြီးသွားပြီ၊ အတန်းတွေ တရားဝင် မစသေးဘူးဆိုပေမယ့် ပါမောက္ခတွေဆီကို စောစောပြန်ပြီး ကူညီစရာရှိတာ ကူညီပေးရင်း ကြိုတင် ပြင်ဆင်ထားချင်လို့ပါ”
ဝမ်ပေါင်နျန်ကလည်း ထောက်ခံသည်။
“အမှန်ပဲ၊ ငါတို့ ကျောင်းကို စောစောပြန်မှဖြစ်မယ်”
အမှန်ဆိုရလျှင် ဝမ်ပေါင်နျန်တစ်ယောက် လွန်ခဲ့သော ရက်များက ဤနေရာတွင် အလကားနေ အလကားစားရင်း အလေလိုက်နေခဲ့ရသည်ကို အလွန်ပင် အားနာနေမိပါပြီ။
ယဲ့ချန်းရှန့်၏ အစ်ကိုနှင့် ညီမတို့က သဘောအလွန်ကောင်းကြသည်။ ရုပ်ရည် ချောမောကြရုံသာမကဘဲ စိတ်သဘောထားကလည်း အတိုင်းထက်အလွန် ကောင်းမွန်ကြပါသည်။
ဝမ်ပေါင်နျန် တစ်ပြားတစ်ချပ်မှ သုံးစွဲစရာမလိုဘဲ ပေကျင်းတစ်မြို့လုံးကို လည်ပတ်ခွင့်ရခဲ့သဖြင့် ရင်ထဲတွင် အားနာစိတ်များ ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်နေမိပါပြီ။
ယဲ့ရှောင်ရှောင်ကဆိုသည်။
“ဒါပေမယ့် သမီးရဲ့ မင်္ဂလာဆောင်လည်း မကြာခင် ကျင်းပတော့မှာနော်၊ စတုတ္ထအစ်ကို ကျိန်းသေပေါက် ပြန်လာရမယ် ကြားလား”
ယဲ့ချန်းရှန့်က ယဲ့ရှောင်ရှောင်၏ ဆံပင်လေးများကို ပွတ်သပ်လျက် နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
“ပြန်လာမှာပေါ့”
ယဲ့ချန်းရှန့် မပြန်မီ ယဲ့ချန်းနင်သည် မုန့်ဖိုးအချို့နှင့် သူ့ကုမ္ပဏီမှ ထုတ်လုပ်ထားသော အဝတ်အစားအချို့ကို ယဲ့ချန်းရှန့်နှင့် ဝမ်ပေါင်နျန်တို့ နှစ်ဦးစလုံးအတွက် လက်ဆောင်ထည့်ပေးလိုက်ပါသေးသည်။
ဝမ်ပေါင်နျန်က အထပ်ထပ်အခါခါ ကျေးဇူးတင်နေမိသည်။ ဤအဝတ်အစားများကြောင့် နောက်ထပ် ၂ နှစ်စာလောက် သူအဝတ်အစား ဝယ်စရာလိုအပ်တော့မည် မဟုတ်ချေ။
ဤသည်မှာ ယဲ့ချန်းရှန့်၏အစ်ကို မည်မျှ ရက်ရောတတ်ကြောင်း သက်သေပြနေသည့် အချက်ပင်။
ယဲ့ချန်းရှန့်တို့ ပြန်သွားကြသောအခါ ယဲ့ရှောင်ရှောင်လည်း ရမ်သဲ့ထန်တွင် ပုံမှန်အတိုင်း အလုပ်ဆက်လုပ်ခဲ့ပါသည်။
အလုပ်ထဲသို့ စိတ်ရောက်သွားသည်နှင့် သူမသည် လက်ထပ်ပြီးခါစ ဇနီးအသစ်စက်စက်လေးတစ်ဦး ဖြစ်သည်ကိုပင် လုံးဝမေ့လျော့သွားခဲ့ရတော့သည်။
ရမ်သဲ့ထန်၌ ရှုကျမ့်ဝမ်နှင့် မတော်တဆ တွေ့ဆုံမိသည့် အချိန်ထိပင်။
ရှုကျမ့်ဝမ်နှင့် မတွေ့ဆုံရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဟု ယဲ့ရှောင်ရှောင် ခံစားနေရပြီး ရုတ်တရက် ပြန်လည် တွေ့ဆုံလိုက်သည့်အခါတွင်လည်း ရင်ထဲသုန်မှုန်ထိုင်းမှိုင်းသော ခံစားချက်တစခု ဖြစ်ပေါ်လာခဲ့သည်။
ဤဆေးခန်းသို့ ရှုကျမ့်ဝမ် လာခဲ့ရခြင်းမှာ ရုပ်မြင်သံကြားဌာနက ရမ်သဲ့ထန်အကြောင်း အထူးအင်တာဗျူးအစီအစဉ် ပြုလုပ်လိုသောကြောင့်ဖြစ်ပြီး တရုတ်ရိုးရာဆေးပညာ အဆင့်အတန်းကိုလည်း မြှင့်တင်ပေးဖို့ ရည်ရွယ်ပါသည်။
ဤလုပ်ဆောင်ချက်မှာ မကြာသေးမီက အစိုးရထုတ်ပြန်ထားသည့် မူဝါဒများနှင့် လုံးဝ ကိုက်ညီမှု ရှိနေသည်။ သို့မဟုတ်ပါက ရုပ်မြင်သံကြားဌာနတစ်ခုအနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ဤကဲ့သို့ အလကား ကြော်ငြာပေးလိမ့်မည် မဟုတ်ချေ။