အခန်း ၃၁၂
Vol. 32 Ch. 312
📗 Chapter 312
“မတွေ့ရတာကြာပြီ ရှောင်ရှောင်”
ရှုကျမ့်ဝမ်ဘက်မှ ဦးစွာ နှုတ်ဆက်လိုက်လေသည်။
ရှောင်ရှောင်ကို မြင်လိုက်ရသည်နှင့် သူ့မျက်ဝန်းများထဲ အထင်ကြီး လေးစားမှုများဖြင့် ပြည့်နှက်သွားခဲ့ရပါသည်။ မတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်ကာ သူမ ယခင်ကထက်ပင် ပိုမိုလှပလာသည်ဟု ခံစားရသည်။
သူတို့နှစ်ဦး အချင်းချင်း သိကျွမ်းကြသည်ကို မြင်သောအခါ မန်နေဂျာမာကလည်း ကြားထဲမှ ဝင်ပြောပေးလိုက်သည်။
“ဪ သတင်းထောက်ရှုနဲ့ ဒေါက်တာယဲ့တို့က မိတ်ဆွေတွေလား! ကောင်းတာပေါ့ဗျာ! ဒေါက်တာယဲ့က ကျုပ်တို့ ရမ်သဲ့ထန်မှာ ထူးချွန်ထက်မြက်တဲ့ တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ယောက်ပဲ၊ မေးချင်တာမှန်သမျှ သူ့ကို မေးလို့ ရတယ်”
ရှုကျမ့်ဝမ်က ခေါင်းညိတ်သည်။ သူအဓိက အင်တာဗျူးချင်သည်မှာ ဆရာကြီး စုန့်ကွမ်းကျင့် ဖြစ်သော်ငြား ယဲ့ရှောင်ရှောင်အား အင်တာဗျူးနိုင်မည်ဆိုလျှင်လည်း မဆိုးရွားလှပေ။
ငယ်ရွယ်လှပသည့် တရုတ်တိုင်းရင်းဆေးပညာရှင်လေးတစ်ဦးကို လူတိုင်းက ပိုမို စိတ်ဝင်စားကြပါလိမ့်မည်။
ထို့အပြင် ဆရာကြီး စုန့်ကွမ်းကျင့်ကလည်း အင်တာဗျူးဖြေဖို့ ပြတ်ပြတ်သားသား ငြင်းဆန်ထားသည်။
ယဲ့ရှောင်ရှောင်လည်း ရှုကျမ့်ဝမ်အား ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်နှုတ်ဆက်လိုက်ပါသည်။
“မတွေ့ရတာ ကြာပြီ”
အမှန်တွင်မူ ရှုကျမ့်ဝမ်နှင့် စကားပြောဆိုဆက်ဆံဖို့ သူမတွင် စိတ်ကူးမရှိပေ။
ရှုကျမ့်ဝမ်သည် ယခင်ကထက် ပိုမိုရင့်ကျက်လာပြီး ယခင်ကကဲ့သို့ မာနထောင်လွှားခြင်း မရှိတော့သော်လည်း တစ်ချိန်က သူပိုင်ဆိုင်ခဲ့ဖူးသည့် ဆွဲဆောင်မှုများကိုလည်း ဆုံးရှုံးသွားခဲ့ရပုံပေါ်ပါသည်။
ဤွသည်မှာ အမျိုးသားများ အိမ်ထောင်ကျပြီးနောက် ပြောင်းလဲသွားတတ်သည့် သဘာဝပင် ဖြစ်ပေလိမ့်မည်။
“အင်တာဗျူးတစ်ခုလောက် မြန်မြန်လေးလုပ်လို့ရမလား”
ယဲ့ရှောင်ရှောင်က ယဉ်ယဉ်ကျေးကျေးပင် ငြင်းဆန်လိုက်သည်။
“ကျွန်မက ရမ်သဲ့ထန်မှာ အလုပ်ဝင်ခါစဆိုတော့ သင်ယူစရာတွေ အများကြီးရှိသေးတယ်၊ အင်တာဗျူး မေးချင်တာဆိုရင် ကျွန်မတို့ဆေးခန်းရဲ့ ဝါရင့်ဆရာကြီးတွေနဲ့ မိတ်ဆက်ပေးလို့ရပါတယ်”
ယဲ့ရှောင်ရှောင်နှင့် ရမ်သဲ့ထန်တို့အကြားက နက်ရှိုင်းသည့် ဆက်နွယ်မှုအကြောင်းကို မသိသည့် ရှုကျမ့်ဝမ်မှာ ယဲ့ရှောင်ရှောင်တစ်ယောက် ဘွဲ့ရပြီး ဤနေရာတွင် အလုပ်တာဝန်ကျခြင်းသာ ဖြစ်မည်ဟု ယူဆလိုက်ပါသည်။
“အဓိက အင်တာဗျူးကိုတော့ ဆေးခန်းက ဝါရင့်ဆရာကြီးတွေနဲ့ပဲ လုပ်ပါ့မယ်၊ ရှောင်ရှောင်က ဘေးကနေ မေးခွန်းနည်းနည်းလောက် ဝင်ဖြေပေးရင် ရပြီလေ၊ ဘယ်လိုသဘောရလဲ”
ထိုသို့ဆိုလျှင်တော့ သူမအတွက် ပြဿနာမရှိချေ။ ရမ်သဲ့ထန်အား လူသိများအောင် ပရိုမိုးရှင်းဆင်းပေးချင်သဖြင့် ယဲ့ရှောင်ရှောင်ကူညီပေးရန် သဘောတူလိုက်တော့သည်။
ရှုကျမ့်ဝမ်က အဖွဲ့သားများကို ရိုက်ကူးရေးအတွက် အမြန်ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။
ဆေးခန်း၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် မဖြစ်စေရန်အတွက် မွန်းတည့်၍ အနားယူချိန်ရောက်ခါမှ အင်တာဗျူးကို စတင်ရန် စီစဉ်လိုက်ကြသည်။
ယဲ့ရှောင်ရှောင်ကလည်း သတင်းထောက်၏ မေးခွန်းများကို ဖြေကြားပေးရန် ဝါရင့်ဆရာကြီးများအား ဖိတ်ကြားပေးဖို့အတွက် မန်နေဂျာမာအား ညွှန်ကြားလိုက်ပါသည်။
မန်နေဂျာမာက မေးသည်။
“ဒေါက်တာယဲ့၊ တကယ် ကင်မရာရှေ့ မထွက်ချင်ဘူးလား”
သူမ၏ ရုပ်ရည်သွင်ပြင်ကို ကင်မရာရှေ့တွင် အသုံးမချလျှင် နှမြောစရာကောင်းပါလိမ့်မည်။
ယဲ့ရှောင်ရှောင်က ခေါင်းခါသည်။
“ကျွန်မ အင်တာဗျူးဖြေရမယ်ဆိုရင်တောင် အခုက အချိန်ကောင်း မဟုတ်သေးဘူး၊ လူတွေက ကျွန်မ မျက်နှာကို မြင်ရင် တရုတ်တိုင်းရင်းဆေးပညာနဲ့ ပတ်သက်တဲ့အကြောင်းထက် တခြားအရာတွေဆီကိုပဲ အာရုံရောက်သွားကြလိမ့်မယ်”
သူမ၏ မျက်စိကျစရာကောင်းသော အသွင်အပြင်ကြောင့် မလိုအပ်သည့် အတင်းအဖျင်းစကားသံများ ထွက်ပေါ်လာမည်ကို ယဲ့ရှောင်ရှောင် စိတ်ပူမိပါသည်။
ထို့ကြောင့် ဓာတ်ပုံအရိုက်ခံရန်ပင် ငြင်းဆန်ခဲ့သည်။ သတင်းထောက်များ ဆောင်းပါးကို မည်သို့မည်ပုံ ရေးသားမည်ကတော့ စောင့်ကြည့်ရပါဦးမည်။
အင်တာဗျူးပြီးဆုံးသွားသောအခါ အဖွဲ့သားများအားလုံး ပစ္စည်းများသိမ်းဆည်းလျက် ထွက်ခွာသွားခဲ့ကြသည်။ ရှုကျမ့်ဝမ်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပါသည်။
“ကိစ္စတစ်ခုခု ရှိသေးလို့လား”
ရှုကျမ့်ဝမ်၏ တွန့်ဆုတ်နေသော အမူအရာကို မြင်ကာ ယဲ့ရှောင်ရှောင် မေးမြန်းလိုက်သည်။
ထိုအခါ ရှုကျမ့်ဝမ်က ကမ်းလှမ်းလိုက်လေသည်။
“အချိန်ရရင် နေ့လယ်စာအတူတူသွားစားကြမလား”
ယဲ့ရှောင်ရှောင် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“နေပါစေ၊ နေ့လယ်ကျရင် ကျွန်မ အလုပ်ရှိသေးတယ်၊ ဒါနဲ့ ကျွန်မ မင်္ဂလာဆောင်တော့မှာကို ရှင်လည်း သိပြီးလောက်ပြီပေါ့၊ မင်္ဂလာပွဲကို တက်ရောက်ဖို့ ရှင့်ကိုဖိတ်ပါတယ်၊ အဲ့ကျမှ ရှင်ကြိုက်သလောက် စားလို့ရတယ်”
တစ်ချိန်က ရှုကျမ့်ဝမ်အပေါ် စိတ်ဝင်စားခဲ့ဖူးသည်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်သာဖြစ်သည်။ ယခုလက်ရှိ ယဲ့ရှောင်ရှောင်ကမူ ရှုကျမ့်ဝမ်နှင့်ပတ်သက်၍ မည်သည့်ခံစားချက်မှ မရှိတော့ချေ။
သူမ၏ ပွင့်လင်းပြီး သူစိမ်းဆန်သော အမူအရာကို မြင်သောအခါ ရှုကျမ့်ဝမ်၏ ရင်ထဲ စိတ်ခံစားချက်များ ရှုပ်ထွေးသွားခဲ့ရပါသည်။
“သေချာစဉ်းစားပြီးပြီလား၊ အိမ်ထောင်ပြုတယ်ဆိုတာ ပေါ့ပေါ့တန်တန် ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူးနော်”
ယဲ့ရှောင်ရှောင်: “ဒါပေါ့၊ ကျွန်မတို့ လက်ထပ်စာချုပ်တောင် ချုပ်ပြီးပြီ”
ရှုကျမ့်ဝမ်: “…”
“ဒါဆို နှုတ်ဆက်ပါတယ်နော်၊ ကျွန်မ အလုပ်လုပ်စရာလေး ရှိသေးလို့ လိုက်မပို့တော့ဘူး”
ယဲ့ရှောင်ရှောင် နှုတ်ဆက်စကားဆိုကာ ပြတ်ပြတ်သားသား လှည့်ထွက်သွားခဲ့တော့သည်။
ဩဂုတ်လအကုန်တွင် ယဲ့ရှောင်ရှောင်၏ အိမ်ဝင်းလေးအား အချောသတ် ပြုပြင်ပြီးစီးသွားခဲ့ပါပြီ။
အတွင်းပိုင်း အလှဆင်မှုများ ပြီးဆုံးသွားပြီဖြစ်ကာ ပရိဘောဂအများစုလည်း ရောက်ရှိလာခဲ့ပါပြီ။ လျှပ်စစ် အသုံးအဆောင်ပစ္စည်းအချို့ ဝယ်ယူရန်သာ ကျန်ရှိတော့သည်။
အိမ်၏ အတွင်းပိုင်း အလှဆင်မှုအတွက် ကုမ္ပဏီတစ်ခုကို ဟန်ရှင်းက ကူညီရွေးချယ်ပေးခဲ့သည်။
ယခု ပြုပြင်မွမ်းမံမှုများ ပြီးစီးသွားသည့်အခါတွင် ဤအိမ်ဝင်း၏ ပထမဆုံး ဧည့်သည်တော်မှာ ဟန်ရှင်းပင် ဖြစ်လာခဲ့သည်။
“ဘယ်လိုလဲ၊ စိတ်တိုင်းကျရဲ့လား”
ဟန်ရှင်းက ချီးကျူးခံချင်နေသော ခွေးပေါက်လေးတစ်ကောင်ပမာ မျှော်လင့်တကြီး မေးလိုက်သည်။
“အရမ်းလှပါတယ်၊ ပင်ပန်းသွားပြီ၊ ကျေးဇူးပါ”
ဟန်ရှင်းကို ယဲ့ရှောင်ရှောင် မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း ယခင်ကကဲ့သို့ တက်ကြွလန်းဆန်းနေဆဲပင်။
ဟန်ရှင်းက လက်ယမ်းပြလိုက်သည်။
“ဘာကိုပင်ပန်းရမှာလဲ၊ ဒီအိမ်ကိုမြန်မြန်ဆောက်ပြီးမှ နင်တို့နှစ်ယောက် မြန်မြန် လက်ထပ်နိုင်မှာပေါ့၊ ဒါနဲ့ အစ်ကိုလုက ဘာဖြစ်နေလို့လဲ၊ မင်္ဂလာအိမ်ကို ဘာလို့ နင်က ဝယ်ရတာလဲ”
လုဟန်ချွမ်၏ လုပ်ရပ်များကို ဟန်ရှင်းလုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။ လုဟန်ချွမ်ကဲ့သို့ လူမျိုးက ဤကဲ့သို့ သိတတ်နားလည်သော ဇနီးမျိုးလေးကို ပိုင်ဆိုင်နိုင်ခဲ့သည်မှာ ယုံကြည်ချင်စရာ မကောင်းလှပေ။
ယဲ့ရှောင်ရှောင်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
“ဒီနေရာလေးကို ကျွန်မ သဘောကျလို့ ကျွန်မဖာသာ ဝယ်လိုက်တာလေ၊ ပြီးတော့ ဝယ်တုန်းက လုဟန်ချွမ်နဲ့တောင် မတိုင်ပင်ခဲ့ဘူး”
ဟန်ရှင်းက လက်မထောင်ပြသည်။
“နင်ပဲ အဲ့လိုလုပ်နိုင်စွမ်းရှိတာ၊ တခြားသူတွေသာဆို အစ်ကိုလုကို အဲ့လိုအချိုးမျိုး ချိုးရဲမှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်: “အစ်ကိုဟန်ရှင်းကကော ဘယ်လိုလဲ၊ ကျွန်မ မှတ်မိတာသာ မမှားရင် အစ်ကို့ကို မိန်းမရှာဖို့ အဘိုးဟန် နားပူနားဆာလုပ်နေတာ ကြာပြီမဟုတ်ဘူးလား၊ အခုထိ သတင်းကောင်း မကြားရသေးဘူးလား”
ဟန်ရှင်း နည်းနည်းလေးမှ ပြောင်းလဲမသွားသေးသည်ကို ကြည့်ရင်း ယခုချိန်ထိ တစ်ကိုယ်တည်းသမား ဖြစ်နေလောက်သည်ဟု ယဲ့ရှောင်ရှောင် ခန့်မှန်းလိုက်သည်။
ဟန်ရှင်းက ပခုံးတွန့်လျက် စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
“ချစ်သူရှာဖို့ဆိုတာ လွယ်တဲ့ကိစ္စလား၊ ငါ့ကို ကြိုက်တဲ့လူတွေက ငါကြိုက်တဲ့ ပုံစံမျိုးမဟုတ်ဘူး၊ ငါကြိုက်တဲ့လူကလည်း ငါ့ကို ပြန်မကြိုက်ဘူး”
ယဲ့ရှောင်ရှောင် ပြုံးသွားသည်။
“အဲ့တာဆို ရှင်ကြိုက်တဲ့လူ ရှိတယ်ပေါ့!”
ဟန်ရှင်း သုန်သုန်မှုန်မှုန်နှင့် ခေါင်းညိတ်လိုက်သည်။ မေးမြန်းသူက လုဟန်ချွမ်ဆိုလျှင် သူ ဝန်မခံမိလောက်ပေ။
သို့သော် ယဲ့ရှောင်ရှောင်၏ အပြုံးက နွေးထွေးသဖြင့် လူတိုင်းကို စိတ်သက်သာရာ ရစေပါသည်။
“အခုထိ ပိုးပန်းနေရတုန်းပဲ”
ယဲ့ရှောင်ရှောင် မျက်ခုံးပင့်လိုက်သည်။
“ဒါဆိုလည်း ကြိုးစားထား! ကံကောင်းပါစေ”
ယဲ့ရှောင်ရှောင်အား လုဟန်ချွမ် မည်သို့ ပိုးပန်းခဲ့သည်ကို ဟန်ရှင်း မေးမြန်းချင်မိပါသည်။ သို့သော် သေချာပြန်စဉ်းစားကြည့်မှ မေးစရာပင် လိုမည်မထင်ချေ။
လုဟန်ချွမ်၏ ရုပ်ရည်မျိုးကို ယှဉ်နိုင်သူဟူ၍ များများစားစား မရှိနိုင်ပေ။
“လျှပ်စစ်ပစ္စည်းတွေ ဝယ်ဖို့ ငါကူညီပေးရဦးမလား”
ယဲ့ရှောင်ရှောင်က ကန့်ကွက်သည်။
“နေပါစေ၊ ကျွန်မဖာသာပဲ သွားရွေးလိုက်မယ်”
ဟန်ရှင်း: “ဟုတ်ပြီ၊ အကူအညီလိုတာရှိရင် ငါ့ကို ဆက်သွယ်လိုက်”
ယဲ့ရှောင်ရှောင်သည် သူ့ကို နေ့လယ်စာ လိုက်ကျွေးချင်သော်လည်း ဟန်ရှင်းက အလုပ်မအားသဖြင့် စောစော ပြန်သွားရသည်။
အိမ်ဝင်းရှိ အခန်းဖွဲ့စည်းပုံများကို ခေတ္တကြည့်ရှုပြီးနောက် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများဝယ်ယူဖို့ ယဲ့ရှောင်ရှောင် အသင့်ပြင်လိုက်ပါသည်။
“ရှောင်ရှောင်၊ အိမ်အတွက် လျှပ်စစ်ပစ္စည်းတွေ ဝယ်ဖို့ ကြံနေတာလား၊ အမေ လိုက်ခဲ့ပြီး ကူရွေးပေးမယ်လေ”
အိမ်ဝင်းအား ပြုပြင်ရင်း အလုပ်များနေသည့် ယဲ့ရှောင်ရှောင်အကြောင်း ကြားမိသဖြင့် ယွင်ချန်းရှို့က ဖုန်းဆက်လာပါသည်။
“ဟုတ်ကဲ့အမေ၊ အဲ့တာဆို အိမ်ဝင်းကို အရင်လာကြည့်လိုက်ပါလား၊ ပြီးမှ သမီးတို့နှစ်ယောက် အတူတူဈေးဝယ်ထွက်ကြတာပေါ”
“ဟုတ်ပြီ ဟုတ်ပြီ၊ ခဏနေရင် အမေလာခေါ်မယ်”
ယွင်ချန်းရှို့သည် သူမ၏ ယာဉ်မောင်းနှင့်အတူ ထွက်လာပြီး ယဲ့ရှောင်ရှောင်အား သွားခေါ်လိုက်ပါသည်။ ရောက်လက်စနှင့် ယဲ့ရှောင်ရှောင်၏ အိမ်ဝင်းလေးကိုလည်း ဝင်ကြည့်ခဲ့သေးသည်။
ဤနေရာတွင် ယဲ့ရှောင်ရှောင် အိမ်တစ်လုံး ဆောက်လုပ်နေသည်ဟု သူမ မကြာသေးခင်ကမှ ကြားသိခဲ့ရခြင်း ဖြစ်ပါသည်။
ဤနေရာသို့ ရောက်ရှိလာသောအခါ အိမ်ကို အထူးတလည် လိုက်ရှာနေရန်ပင် မလိုအပ်ချေ။ ပတ်ဝန်းကျင်ရှိ အိမ်ဟောင်းများအကြားတွင် ဤအိမ်ဝင်းကြီး တစ်ခုတည်းကသာ သစ်လွင်ထင်ရှား ပေါ်လွင်နေပါသည်။
အိမ်ဝင်းကို ရှေးဟောင်းတရုတ်ရိုးရာ စတုရန်းအိမ်ဝင်းပုံစံဖြင့် ပြန်လည်ဆောက်လုပ်ထားခြင်း ဖြစ်ပြီး အသုံးပြုထားသော ကုန်ကြမ်းများမှာလည်း အရည်အသွေး ကောင်းမွန်လှပေသည်။
ရှေ့ဂိတ်တံခါးကြီးကို တွန်းဖွင့်လိုက်သည်နှင့် ကျယ်ဝန်းလှသော အိမ်ဝင်းကြီးအား မြင်လိုက်ရသည်။
ယဲ့ရှောင်ရှောင် အိမ်ထဲတွင် အခန်းများ၏ အကျယ်အဝန်းကို တိုင်းတာနေစဉ် အပြင်ဘက်မှ အသံကြားရသဖြင့် ပြေးထွက်လာခဲ့သည်။
“အမေ!”
“ရှောင်ရှောင်၊ အိမ်ဝင်းလေးက အရမ်းလှတာပဲ၊ ဟိုဘက်က နေရာလွတ်ကြီးမှာ ဘာဆောက်ဖို့ စီစဉ်ထားတာလဲ”
“အဲ့မှာ ပန်းပင်တွေ၊ ဆေးပင်တွေ စိုက်ဖို့ နေကာခန်းတစ်ခု ဆောက်မှာလေ”
ယွင်ချန်းရှို့က နွေးနွေးထွေးထွေး ပြုံးလိုက်သည်။
“အကြံကောင်းလေးပဲ၊ လူငယ်တွေက တကယ်အမြော်အမြင်ရှိကြတယ်”
အခန်းများကို ဝင်ရောက်စစ်ဆေးကြည့်သောအခါတွင်လည်း ပရိဘောဂများကိုပင် သေသေသပ်သပ် နေရာချထားပြီးပြီ ဖြစ်မှန်း ယွင်ချန်းရှို့ တွေ့လိုက်ရပါသည်။
“အိမ်အပြင်အဆင်က အကုန်လုံးနီးပါးတောင် ပြီးနေပြီပဲ၊ သမီးတစ်ယောက်တည်း အကုန်စီစဉ်လိုက်တာပေါ့ ဟုတ်လား၊ အမေတို့ ဘာမှတောင် မကူညီလိုက်ရဘူး”
ယဲ့ရှောင်ရှောင်က ရှင်းပြသည်။
“ဆောက်လုပ်ရေးကုမ္ပဏီတွေကို လုဟန်ချွမ် ရှာပေးခဲ့တာပါ အမေရဲ့”
ယွင်ချန်းရှို့: “ဒါပေါ့ လုပ်ပေးရမှာပေါ့၊ သမီးလည်း နေ့တိုင်း ဆေးခန်းက အလုပ်တွေနဲ့တင် ပင်ပန်းနေရတာပဲဥစ္စာ၊ အိမ်ဆောက်တာကို လာကြီးကြပ်ဖို့ အချိန်ဘယ်ရှိပါ့မလဲ၊ ဒီက ပတ်ဝန်းကျင်လေးက တော်တော် အေးချမ်းတာပဲ၊ အိမ်ဟောင်းတွေ ဆိုပေမယ့် အိမ်နီးနားချင်းတွေအားလုံးက ပေကျင်းမြို့ခံစစ်စစ်တွေပဲ၊ ပြီးတော့ သမီးရဲ့ ဆရာကြီးနဲ့ ရမ်သဲ့ထန်တို့နဲ့လည်း နီးတယ်၊ ကိုယ်ပိုင်အိမ်ဝင်းတစ်ခုနဲ့ နေရတာ တိုက်ခန်းမှာ နေရတာထက် ပိုကောင်းပါတယ်”
ယဲ့ရှောင်ရှောင်က ယွင်ချန်းရှို့နှင့် လက်မောင်းချင်း လာချိတ်ကာ ပြောလိုက်သည်။
“သမီးလည်း အမေနဲ့အတွေးတူတယ်”
ထို့နောက် ယွင်ချန်းရှို့သည် ယဲ့ရှောင်ရှောင်အား ပေကျင်းမြို့ရှိ အကြီးမားဆုံး ကုန်တိုက်ကြီးထံသို့ ခေါ်ဆောင်သွားခဲ့ပါသည်။
ကုန်တိုက်သို့ရောက်သောအခါ တွေ့သမျှ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတိုင်းကို ရှောင်ရှောင်၏ အိမ်သို့ ဝယ်ပို့ပေးဖို့ ကြံစည်နေလေသည်။
ယဲ့ရှောင်ရှောင်က တောင်းတောင်းပန်ပန် တားနေရသည်။
“အမေ အမေ! အဲ့လောက်အများကြီး တကယ်ဝယ်စရာမလိုပါဘူး”
ယွင်ချန်းရှို့က လက်မခံပေ။
“အနည်းဆုံးတော့ ရေခဲသေတ္တာ၊ တီဗွီ၊ အဝတ်လျှော်စက်တွေ ရှိမှ ဖြစ်မှာပေါ့၊ နှစ်ယောက်စလုံးက အလုပ်ကိုယ်စီနဲ့ အားတာမဟုတ်ဘူး၊ အဝတ်ကို လက်နဲ့လျှော်ဖို့ အချိန်ဘယ်ရပါ့မလဲ”